“ဘာဆက်လုပ်ကြမလဲ”
“နောက်တစ်ခါတိုက်ဦးမလား”
“တကယ်လို့…နေပါဦး ခဏစောင့်ကြည့်ကြတာပေါ့”
ဘုရင့်မြို့တော်မှ စစ်သည်တော်များသည် အက်ကွဲနေသော မြေပြင်ပေါ်တွင် စီတန်းပြီး ရပ်နေကြသည်။ မီးတောက်ဘီလူးကြီးပျောက်ကွယ်သွားသော်လည်း၊ မီးတောက်များကတော့ ရှောက်ရွှမ်၏ကိုယ်ကို ပတ်ထားဆဲပင် ဖြစ်သည်။ နောက်တကြိမ် မီးတောက်ဘီလူးကြီးပေါ်မလာနိုင်ဘူးဟု ဘယ်သူမှ မပြောနိုင်ပါ။
အားလုံးက ရှောက်ရွှမ်ကို ကြောက်လန့်တကြားဝိုင်းကြည့်နေကြသည်။ ထိုအဖြစ်မျိုးမှာ ထူးခြား
လှပြီး၊ ကြောက်စရာလည်း ကောင်းလှသည်။ ထိုအဖြစ်များသည် တခဏတာအချိန်အတွင်း ဖြစ်ပေါ်သွားခြင်း ဖြစ်သည်။မီးတောက်ဘီလူးကြီးက အားလုံးကို လွှမ်းခြုံသွားသလို ဖြစ်သွားပါသည်။ အားလုံးသည် မီးတောက်ကြီးဆီမှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်များကို ခံစားမိပါသည်။
“အဲဒါဘာဖြစ်တာလဲ” ယိကျုံးက ဘေးက ကောင်မလေးကို မေးလိုက်သည်။
“မသိဘူး” ယိကျုံးသည် မောပန်းနေသလို ကြောက်လည်းကြောက်နေပါသည်။ သူသည် အစော်ကားခံလိုက်ရသလို ခံစားနေရသည်။ သူတို့သည် မီးတောက်ဘီလူးကြီးကို အနီးကပ်မမြင်လိုက်ရသော်လည်း၊ သူ့စိတ်ထဲကတော့ ခံစားသိရှိလိုက်သည်။ သူသည် အခုအချိန်တွင် ဗေဒင်တွက်ရန်အသာထားဦး၊ သူသည် သာမန်ကိစ္စလေးများကိုပင် အာရုံမစိုက်နိုင်တော့ပါ။
ထိုအချိန်ထိတော့ ဘာမှမဖြစ်သေးပါ။ အခြားတစ်ဖက်တွင်တော့၊ ပြိုင်ဘက်များသည် ဆုတ်ခွာသွားခြင်းမပြုသေးသည်ကို သိသောကြောင့်၊ ရှောက်ရွှမ်သည် ကျန်းချန်းတို့ဆီသို့ လျှောက်သွားသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အတော်ဝေးဝေးသို့ ခရီးပေါက်လာပြီဖြစ်သည်။ သူတို့သည် ခဏဆက်ပြီးသွားလိုက်လျှင် ကန္တရအစွန်နားသို့ ရောက်တော့မည် ဖြစ်သည်။
“သွားကြမယ်” ရှောက်ရွှမ်သည် ကြက်သေသေနေသော သူ့လူများအား လှမ်းခေါ်လိုက်သည်။
“ရှောက်ရွှမ်…အဲဒါဘာဖြစ်နေတာလဲ…အဲဒါ ဘိုးဘေးတွေရဲ့ စွမ်းအားလား… အဲဒီလို အစွမ်းမျိုးနောက်တခါ ထုတ်လို့ ရသေးလား” ကျန်းချန်းက ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ သူသာ ထိုစွမ်းအင်မျိုးကို ထုတ်နိုင်မည်ဆိုပါက၊ သူတို့သည် ဘုရင့်မြို့တော်မှ စစ်သည်တော်များကို ကြောက်နေရန် မလိုတော့ပါ။
သူ့ကို မျှော်လင့်တကြီးကြည့်နေကြသောမျက်လုံးများကို ပြန်ကြည့်လိုက်ပြီး၊ ရှောက်ရွှမ်က ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသက်စွာပြုံးလိုက်ရင်း “မရဘူး”ဟု ဖြေလိုက်သည်။
ခုနကစွမ်းအင်များထွက်ပေါ်လာသည်မှာ သူထင်ထားသည်ထက် အစွမ်းထက်နေပါသည်။ ထိုသို့ဖြစ်ပေါ်လာခြင်းမှာ၊ သူသည် ထိုကဲ့သို့ စွမ်းအင်မျိုးကို အစွမ်းကုန်ထုတ်မယူနိုင်သေးသောကြောင့် ဖြစ်သည်။ ရှောက်ရွှမ်သည် ခုနက မီးတောက်ဘီလူးကြီးကို ခေါ်ဆောင်လိုက်စဉ်တုန်းက၊ စွမ်းအားများကို အကုန်ထုတ်သုံးလိုက်ရပြီ ဖြစ်သည်။ အခုတော့ ရှောက်ရွှမ်သည် လမ်းလျှောက်လိုက်တိုင်း တကိုယ်လုံးနာကျင်ကိုက်ခဲနေပါသည်။ ရှောက်ရွှမ်သည် ဒုတိယတကြိမ် မီးတောက်ဘီလူးကြီးကို ခေါ်ချင်ခေါ်နိုင်လိမ့်မည်၊ သို့သော် တတိယအကြိမ်ခေါ်မည်ဆိုလျှင်တော့ သူသည် လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်ပါ။
“ဘုရင့်မြို့တော်ကလူတွေ ငါတို့နောက်ကို လိုက်လာဦးမှာလား” သုန့်ကန်းက မေးလိုက်သည်။
“ဟုတ်တယ်… အခုတော့ သူတို့က ချက်ချင်း လှုပ်ရှားဦးမှာ မဟုတ်ဘူး… ကျွန်တော်တို့က အဲဒီအခွင့်အရေးကို ယူပြီး အမြန်ဆုံးထွက်သွားကြမယ်…မဟုတ်ရင် အခြေအနေဆိုးသွားလိမ့်မယ်… ကျွန်တော်ထင်တာတော့ ဘုရင့်မြို့တော်ကလူတွေက အင်အားထပ်ဖြည့်ထားလိမ့်မယ်” ရှောက်ရွှမ်ကပြောလိုက်သည်။
“သူတို့က အင်အားထပ်ဖြည့်ဦးမယ် ဟုတ်လား” ကျန်းချန်းသာမက၊သုန့်ကန်းတို့ပါ နားမလည်နိုင်ဖြစ်သွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုကို ရှင်းလင်းရန်အတွက်နှင့်၊ ထိုမျှကြီးမားသော အင်အားကို သုံးရန်မလိုအပ်ပါ။ သူတို့၏ ဆားများနှင့် မီးလျှံသလင်းကျောက်များကို လိုချင်ရုံမျှနှင့်လည်း ထိုသို့တိုက်ခိုက်မည် မဟုတ်ပါ။ သို့သော် ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအားလုံးကို အညှိုးတကြီးနှင့်
သေကျေစေချင်နေသည်။
“ကျွန်တော်ပြောချင်တာကတော့၊ ကျွန်တော်တို့တွေ အမြန်ဆုံးသွားတာ အကောင်းဆုံးပဲ” ရှောက်ရွှမ်ကပြောလိုက်သည်။
ရန်သူများကို တားဆီးမည့်အဖွဲ့သည် နောက်တစ်နေရာတွင် ချန်ပြီးနေခဲ့ပါသည်။ သူတို့သည် ကန္တရအစွန်ကို ရောက်သောအခါ၊ လူအနည်းငယ်လောက်သာ ကျန်ခဲ့သည်ကိုတွေ့လိုက်ရသည်။ သူတိုတာဝန်မှာ ဘုရင့်မြို့တော်မှ စစ်သည်တော်များအား စောင့်ကြည့်ရန်သာဖြစ်သည်။ ရှေ့မှမျိုးနွယ်စုများသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်၊ လုံလောက်သော လူအင်အားရှိပါသည်။
အားလုံးက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ ဘုရင့်မြို့တော်မှ လူများကတော့ အခုအချိန်တွင် သူတို့နောက်မှလိုက်မလာသေးဘဲ၊ အခြေအနေများတည်ငြိမ်သွားသည်အထိ စောင့်နေဆဲ ဖြစ်သည်။
“ ချောင်ချူးမြို့တော်နဲ့ ဖုန်းမြို့တော်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” ယိကျုံးက သူ့နားမှလူများကို မေးလိုက်သည်။
“မကြာခင်ပေါ့…နောက်၂ရက်လောက်ဆို ရောက်တော့မယ်…မနက်ဖြန်ညလောက် ရောက်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့” လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ့အင်္ကျီပေါ်တွင် “ချောင်”ဟူသော စာလုံးကို ရေးထိုးထားသည်။ “မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက အထင်ကြီးစရာကောင်းတာတော့ အမှန်ပဲ…ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုဆိုရင်လည်း မမှားဘူး…အထူးသဖြင့် ရှောက်ရွှမ်ဆိုတဲ့ ကောင်လေးပေါ့… အဲဒီကောင်လေးကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ”
“မင်းပြောတာမှန်တယ်… ဒီကောင်တွေက ငါတို့ ခရီးလမ်းအတွက် ဒုတိယ ဆူးညှောင့်ဖြစ်လာမှာ သေချာတယ်” ယိကျုံးက ထွက်ခွာသွားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ကြည့်ရင်း ရေရွတ်လိုက်သည်။
ချောင်မိသားစုမှ လူငယ်က သူတို့ပြောသည်များကို နားထောင်နေသည်။
“ဒုတိယဆူးညှောင့် ဟုတ်လား” ချောင်ချူးမြို့တော်သည် ဘုရင့်မြို့တော်နှင့် အဝေးဆုံးနေရာတွင်ရှိသည်။ သူသည် ဘုရင့်မြို့တော်မှလူများနှင့် တမင်လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။ သူ့လူများကတော့ မကြာခင်တွင် ရောက်လာမည် ဖြစ်သည်။ သူ့အတွက်တော့ ဆားများနှင့် မီးလျှံသလင်းကျောက်များကသာ အရေးအကြီးဆုံးဖြစ်သည်။ ကျန်သူများကလည်း ထိုသို့ ဖြစ်လိမ့်မည်ဟုထင်သော်လည်း၊ အခြေအနေများမှာ သူထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်။
မြို့ကြီး၆မြို့ထဲမှ တစ်မြို့အနေဖြင့်၊ ချောင်ချူးမျိုးနွယ်စုဝင်များ၏ ချောင်မိသားစုဝင်များသည် အခြားသောကိစ္စများကို သိပ်အရေးမထားပါ။ အခြားသော မျိုးနွယ်စုဝင်များသည် ဘုရင့်မြို့တော်ထဲတွင် နေသော်လည်း၊ ချောင်ချူးမျိုးနွယ်စုဝင်များကတော့ ချောင်ချူးမြို့တော်
တွင်သာ နေထိုင်ရင်း သူတို့ပိုင်သော မြေကို စောင့်ရှောက်လျက်ရှိပါသည်။ တခါတရံတွင် ၎င်းတို့သည် အနားရှိ မျိုးနွယ်စုဝင်လေးများဆီမှ အထောက်အပံ့တချို့ကို ရပါသည်။ ထိုသူများဆီမှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကိုလည်း သိရပါသည်။
“ခင်ဗျားဆိုလိုချင်တာက ပထမဆူးညှောင့်တစ်ခုရှိနေသေးတာလား…အဲဒါဘယ်သူလဲ” ချောင်မျိုးနွယ်စုဝင်က မေးလိုက်သည်။
ကျိမျိုးနွယ်စုမှ သားရေအင်္ကျီကို ဝတ်ဆင်ထားသော ကောင်မလေးအပါအဝင် အားလုံးမှာ အနားသို့ တိုးလာကြသည်။ သူတို့အားလုံးသည် ထိုပထမဆူးညှောင့်အကြောင်းကို မသိပါ။
ယိကျုံးက ဘာမှမပြောသေးပါ။ သူ့တွင် မပြောဘဲ ထိန်ချန်ထားသော လျို့ဝှက်ချက်များစွာရှိနေပါသေးသည်။ သူသည် မိသားစုထဲတွင် အရည်အချင်းအရှိဆုံးလူတစ်ယောက် ဖြစ်သလို၊ အရေးပါသော မိသားစုဝင်တစ်ယောက်လည်း
ဖြစ်သည်။ သူသိထားသော လျှို့ဝှက်ချက်များမှာ အတွင်းစည်းထဲမှ လူများသာ သိထားသော လျှို့ဝှက်ချက်များ ဖြစ်သည်။
ကောင်မလေးက တစ်ဖက်လှည့်လာပြီး၊ ယိကျုံးကိုလှမ်းဆွဲလိုက်သည်။
“ဟေ့ ကျိလု…နင်က ယိကျုံးကို ဘယ်ကို ခေါ်သွားမလို့လဲ” တစ်ယောက်က ပြောလိုက်သည်။
ကျိလုကတော့ အရေးမလုပ်ပါ။ သူမသည် တော်ဝင်မိသားစုမှ ပေါက်ဖွားလာသူတစ်ယောက် ဖြစ်သည်။ ကျိမိသားစုမှ ဆင်းသက်လာသူလည်းဖြစ်သည်။ သူမ၏ အဘိုးသည် မြို့တော်၏ အရှင်သခင်ဖြစ်သလို၊ သူမ၏ အဖေမှာလည်း မိသားစုထဲတွင် အကြီးဆုံးသားဖြစ်သည်။ သူမသည် တစ်နေ့တွင် ထီးနန်းကို ဆက်ခံရမည့်သူတစ်ယောက် ဖြစ်သောကြောင့်၊ သူမ၏ အနေအထားမှာ အတော်မြင့်သော အနေအထားဖြစ်သည်။ ထို့ပြင်သူမသည် သိထားသည်များလည်း အတော်များနေပြီ ဖြစ်သည်။
“ရှင်ဒီမှာ ပြောလို့ရတယ်လေ…ကျွန်မတို့ပဲရှိတာ … ရှင်ပြောတဲ့ ပထမဆူးညှောင့်နဲ့ ဒုတိယဆူးညှောင့်ဆိုတာ ဘာကို ပြောတာလဲ” မိန်းကလေးက မေးလိုက်သည်။
ယိကျုံးသည် ခဏလောက် စဉ်းစားလိုက်ပြီး “ လွန်ခဲ့တဲ့ နှစ်၁၀၀၀လောက်က ဘုရင့်မြို့တော်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မင်းသိလား” ဟုမေးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်၁၀၀၀ကလား…” ယိကျုံးသည် ထိုမျှကြာခဲ့ပြီဖြစ်သော အတိတ်ကအကြောင်းများကို လာပြောမည်ဟု ကျိလုက ထင်မထားပါ။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုကို လုပ်ကြံရန်အတွက် သူမသည် ဗဟုသုတကြွယ်ဝရန် လိုအပ်ပါသည်။ သူမသည် ဘိုးဘေးများ၏ မှတ်တမ်းများကိုလည်း ဖတ်ကြည့်ထားသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လွန်ခဲ့သော နှစ်၁၀၀၀လောက်ကတည်းက တည်ရှိလာသည်ဆိုခြင်းကို သိထားသည်။
“မီးတောက်ဦးချိုမျိုးနွယ်စုတွေက လွန်ခဲ့တဲ့နှစ်၁၀၀၀လောက်က သမုဒ္ဒရာတစ်ဖက်ကမ်းက လာခဲ့တယ်ဆိုတာတော့ ကျွန်မ သိတယ်” ကျိလုက ပြောလိုက်သည်။
“ထွက်သွားတဲ့လူတွေထဲမှာ ဘယ်သူတွေပါလဲ ရှင်သိလား”
“အဲဒါတော့ မသိဘူး…ကျွန်မအဖေက အဲဒီအကြောင်းကို ပြောမပြထားဖူးဘူး”
ယိကျုံးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ထွက်ခွာသွားသည့်နေရာသို့ လှမ်းကြည့်လိုက်ပြီး “ အဲဒီနှစ်တုန်းက ထွက်ခွာသွားတဲ့သူတွေက ဘုရင့်မြို့တော်က နှင်ထုတ်ခံလိုက်ရတဲ့လူတွေဆိုပါတော့… သူတို့ထဲမှာ ပါသွားတဲ့၂ယောက်က တော်တော်အရေးပါတဲ့လူတွေ…တစ်ယောက်က မုမိသားစုက မုဟန် နောက်တစ်ယောက်က ယိမိသားစုက ယိရှန်း”
“မုဟန်နှင့် ယိရှန်း ဟုတ်လား” ထိုနာမည်များကို သူမ မကြားဖူးပေ။
ယိကျုံးကဆက်ပြောသည် “အဲဒီနှစ်မှာ မုဟန်သာ အိမ်ထောင်ဦးစီးနေရာကို ရအောင် ယူနိုင်ခဲ့ရင် မုမိသားစုက လက်ရှိလူတွေနဲ့ပဲ ဖွဲ့စည်းထားမှာ… ဒါပေမဲ့ မုဟန်က အိမ်ထောင်ဦးစီးနေရာကို ရအောင် မယူနိုင်ခဲ့တော့၊ ဘုရင့်မြို့တော်ကနေ နှင်ထုတ်ခံလိုက်ရတယ်”
“ယိရှန်းကျတော့ရော”
“ယိရှန်းလား… ငါတို့ယိမိသားစုဝင်တွေရဲ့ ဘိုးဘေးမှတ်တမ်းတွေအရဆို သူ့ကို ကံဆိုးသူမောင်ရှင်လို့ ခေါ်ကြတယ်… သူမွေးလာတုန်းက ဘိုးဘေးတွေက သူ့အကြောင်းကို ဗေဒင်တွက်ကြည့်ကြတယ်… ဗေဒင်ဟောကိန်းအရဆိုရင် သူက ကံဆိုးမယ့်လူတဲ့… မိသားစုအတွက် ကြမ္မာဆိုးကို သယ်လာတဲ့လူဆိုပါတော့…ဒါပေမဲ့ ယိရှန်းက ဘေးအန္တရာယ်မကျလာအောင်တော့ ရှောင်ရှားတတ်တယ်… အတိုချုပ်ပြောရရင်တော့
သူနဲ့ ဆန့်ကျင်ဘက်လုပ်တဲ့လူတွေပဲ ကံဆိုးသွားတတ်ကြတယ်”
ထိုဖြစ်ရပ်ပြီးနောက်တွင်၊ မြို့တော်ထဲတွင် ပဍိပက္ခများစွာ ဖြစ်ပေါ်ခဲ့သည်။ ယိမိသားစုက ယိရှန်းကို သတ်ပစ်ချင်နေသော်လည်း၊ သူသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ယိကျုံးသည် ယိရှန်း၏အဖြစ်ကို ကြားသောအခါ၊ ထိုမျှ အရည်အချင်းရှိသူတစ်ယောက်သည် ကံဆိုးသူတစ်ယောက် အဖြစ်သတ်မှတ်ခံခဲ့ရခြင်းမှာ၊ သနားစရာပင် ဖြစ်သည်။ ယိရှန်းသည် ရှေးဟောင်းဂမ္ဘီရကြိုးထုံးပညာများကို တတ်မြောက်သူတစ်ယောက်ဖြစ်သည်။ နောက်ပိုင်းပေါ်သော လူများသည် ယိရှန်းလောက် ဂမ္ဘီရကြိုးထုံးပညာများကို ကျွမ်းကျင်သူမရှိပါ။
ထိုမျှအရည်အချင်းရှိသူတစ်ယောက်ကို ဆုံးရှုံးခဲ့ရခြင်းမှာ သနားစရာပင် ဖြစ်သည်။
“အဲဒီနှစ်တုန်းက၊ မြို့တော်ထဲမှာ ဖြစ်ခဲ့တဲ့ ပဍိပက္ခတွေကြောင့်၊ လူတွေအများကြီး သတ်ခံရ
တယ်… ထွက်ပြေးတဲ့လူတွေကလည်း ထွက်ပြေးကြတယ်ဆိုပါတော့… အဲဒီလူတွေ မုဟန်နဲ့အတူ ထွက်သွားကြတယ်လို့ ပြောကြတယ်… ယိရှန်းကလည်း သူနဲ့အတူလိုက်သွားချင်တယ်… မြို့တော်တစ်ခုလုံးမှာ ဖြစ်နေတဲ့ အခြေအနေတွေ ငြိမ်သွားတဲ့အခါမှ၊ သမုဒ္ဒရာထဲက လှိုဏ်ခေါင်းကြီးလည်း ပျောက်သွားတယ်… အဲဒီအချိန်မှာပဲ မီးတောက်ဦးချိုမျိုးနွယ်စု ပေါ်လာတယ်…အဲဒီတုန်းကတည်းက ဘုရင့်မြို့တော်က လူတွေက သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြိုးစားသေးတယ်… ဒါပေမဲ့ မြို့တော်မှာ ပြည်တွင်းစစ်ဖြစ်နေတော့ တိုက်ခိုက်ဖို့ အခွင့်မသာခဲ့ဘူး… ဒါပေမဲ့ မီးတောက်ဦးချိုမျိုးနွယ်စုတွေရဲ့ နာမည်ကို ဖျက်ဖို့ သတင်းပေါင်းစုံကို လုပ်ကြံပြီးပြောခဲ့တယ်… နောက်ဆုံးမှာတော့ မီးတောက်ဦးချိုမျိုးနွယ်စုတွေက တောအုပ်ထဲကို ဝင်သွားကြတယ်…အဲဒီလိုနဲ့ နှစ်တွေကြာသွားတော့ သူတို့အကြောင်းကို အားလုံးမေ့သွားကြရောဆိုပါတော့”
“ကျွန်မ သိပြီ” ကျိလုက သက်ပြင်းချလိုက်သည်။ ဘုရင့်မြို့တော်မှလူများသည် ဘာကြောင့်
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ပစ်မှတ်ထားသလဲ သူမသိချင်နေပါသည်။ မြေခွေးမျိုးနွယ်စုဝင် များကြောင့်လား သို့မဟုတ် မြို့တော်တံခါးဝတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကြောင့်များလား။ ထိုအကြောင်းရင်းမျှလောက်နှင့်တော့ ဘုရင့်မြို့တော်မှ လူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အသည်းအသန်ပစ်မှတ်ထားမည် မဟုတ်ပါ။
“သူတို့ဘာလို့ ချက်ခြင်း မတိုက်ကြသေးတာလဲ” ကျိလုက မေးလိုက်သည်။
“ ဘာလို့လဲဆိုတော့ ပထမအချက်က မီးတောက်ဦးချိုမျိုးနွယ်စုတွေက ဘုရင့်မြို့တော်ကို လာလေ့သိပ်မရှိဘူးလေ… ဒုတိယအချက်က ဘုရင့်မြို့တော်က လူတွေက လွယ်လွယ်နဲ့ တိုက်ခိုက်လေ့မရှိဘူး”
ထိုသူများသာ လွန်ခဲ့သော နှစ်၁၀၀၀ ကတည်းက ပေါ်ထွက်လာသူများ ဖြစ်မည်ဆိုလျှင်၊ ဟိုးအရင်ကတည်းက တိုက်ခိုက်ခဲ့မည် ဖြစ်သည်။ သို့သော် အခုတော့ နှစ်ပေါင်းရာနှင့်ချီ
ပြီး ကြာသွားပြီ ဖြစ်သောကြောင့်၊ မိသားစု၆ခုမှ မိသားစုဝင်များသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ အခုမှတော့ ဘယ်သူကမှလည်း ပြဿနာမရှာချင်တော့ပါ။ အခုသူတို့စိတ်ထဲတွင် ရှိသည်မှာ ပိုက်ဆံရှာရန်သာ ဖြစ်သည်။ ယိမိသားစုနှင့် မုမိသားစုဝင်များကြောင့်သာမဟုတ်လျှင်၊ ထိုလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို မေ့လျော့သွားမည် ဖြစ်သည်။ ဆယ်နှစ်ကြာသည့်အခါတိုင်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ဘုရင့်မြို့တော်သို့ လာသည့်အခါတိုင်း၊ ယိမိသားစုနှင့် မုမိသားစုဝင်များက ပြဿနာရှာလေ့ရှိသည်။
ကျိလုသည် ဘုရင့်မြို့တော်မှ လူများ၏ စရိုက်လက္ခဏာများအကြောင်းကို စဉ်းစားကြည့်လေ့ရှိသည်။ “နှစ်တွေ ဒီလောက်ကြာသွားပြီဆိုတော့၊ မုဟန်နဲ့ ယိမိသားစုဝင်တွေထဲက ကံဆိုးသူမောင်ရှင်ဆိုတာ သေသွားလောက်ရောပေါ့…မဟုတ်ရင် သူတို့က သားရဲဘုရင်ကြီးလောက် အစွမ်းထက်နေမှာပေါ့”
“ ငါတို့စိတ်ပူနေတာလည််း အဲဒီကိစ္စပဲ… မုဟန်က သေသွားပြီဆိုပေမယ့်… သူ့မှာ ကလေးတွေ မကျန်ခဲ့ဘူးလို့ မပြောနိုင်ဘူး… အဲဒီအချိန်ကတည်းကစပြီး မုဟန်က ရန်သူတွေကို အာဃာတတွေနဲ့ ထွက်ခွာသွားခဲ့တယ်ဆိုပါတော့… သူက ရန်သူတွေကို လက်စားချေဖို့ ပြန်လာမယ်လို့ ကျိန်ဆိုထားခဲ့တယ်… သူကိုယ်တိုင် လက်စားမချေနိုင်ရင်လည်း၊ သူ့ သားသမီးမြေးမြစ်တွေကို လွှတ်ပြီး လက်စားချေခိုင်းမယ်လို့ ပြောသွားတယ်… လျှို့ဝှက်နည်းလမ်းတစ်ခုခုကို သုံးပြီး အခုထိ အသက်ရှင်နေသေးတာဖြစ်ရင်လည်း ဖြစ်မယ်”
ဘုရင့်မြို့တော်မှ လူများသည် “စုစည်းထားသမျှ ပြိုကွဲမှာ၊ ပြိုကွဲနေသမျှ စုစည်းမှာ” ဟူသော ဟောကိန်းအကြောင်းကို သိထားပါသည်။ သို့သော် ထိုဟောကိန်းမှာ တစ်ဝက်သာရှိသေးသည်။ ထိုဟောကိန်း အပြည့်အစုံကို သိသူများမှာ ယိမိသားစုဝင်များသာ ရှိကြသည်။
နောက်ဟောကိန်းတစ်ခုမှာ “ကံဆိုးသူ
မောင်ရှင်”သည် ထိုနေရာတွင် ရှိနေသေးသည် ဆိုသော ဟောကိန်းဖြစ်သည်။
အပေါ်ယံကြည့်လျှင်တော့၊ ဘုရင့်မြို့တော်သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်မည်ဟု ထင်ရသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ပစ်မှတ်ထားနေသည်မှာ ယိမိသားစုနှင့် မုမိသားစုဝင်များဖြစ်ကြသည်။ ထိုသို့တိုက်ခိုက်ရန် တွန်းအားပေးနေသူများမှာ ယိမိသားစုဖြစ်သည်။ အခုလို အခွင့်အရေးသည်ရှားပါးအခွင့်အရေး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မြို့တော်တံခါးဝတွင် ဖြစ်ခဲ့သော ဖြစ်ရပ်ကို အခွင့်ကောင်းယူပြီး၊ မြေခွေးမျိုးနွယ်စုဝင်များကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လွန်ခဲ့သော နှစ်၁၀၀၀က လုပ်ခဲ့သည့်အတိုင်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ မကောင်းသတင်းများကို လုပ်ကြံဖန်တီးပြီး ပြောဆိုခဲ့သည်။
ရထားလုံးပေါ်တွင်ပါလာသော သခင်လေးများမှာ အပျော်လိုက်လာခြင်းဖြစ်သည်။ သို့သော် ယိ
ကျုံးကတော့ တာဝန်တစ်ခုနှင့်လာခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဂမ္ဘီရကြိုးထုံးပညာကို တကယ်တတ်မတတ်သိချင်နေသည်။ အကယ်၍ တတ်မြောက်နေသည်ဆိုပါက၊ ယိရှန်းနှင့်များ သက်ဆိုင်နေမလား။ ထိုအကြောင်းသာအမှန်ဆိုပါက၊ ယိမိသားစုသည် မီးတောက်ဦးချိုမျိုးနွယ်စုကို ရေဆုံးမြေဆုံးလိုက်တိုက်ခိုက်တော့မည် ဖြစ်သည်။
မုဟန်၊ ယိရှန်းနှင့် ကျန်သူများကြားဖြစ်ခဲ့သော ကိစ္စများသည် မြို့ကြီး၆မြို့အတွက် ဆူးညှောင်ခလုတ်တစ်ခုဖြစ်လာခဲ့သည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ဒုတိယမြောက် ဆူးချွန်များလား။ ထိုဆူးညှောင့်ကို မရှင်းရသေးဘူးဆိုလျှင်၊ သူတို့သည် ညဘက်များတွင် အိပ်ပျော်နိုင်မည် မဟုတ်ပါ။
“ဒါပေမဲ့ မီးတောက်ဦးချိုမျိုးနွယ်စုတွေက အဲဒီနေရာမှ ဘာသွားလုပ်တာလဲ… အဲဒီနေရာက အခြေချနေထိုင်လို့ ကောင်းတဲ့နေရာလည်း မဟုတ်ဘူး” ကျိလုသည် မြေပုံတစ်ချပ်ကို
ဆွဲထုတ်လိုက်သည်။ “ ဒီလမ်းအတိုင်းဆက်သွားမယ်ဆိုရင်၊ သူတို့တွေ ကမ်းရိုးတန်းကို မကြာခင် ရောက်သွားကြတော့မယ်… ငါတို့အားလုံး စုပေါင်ပြီး သူတို့နောက်ကို လိုက်မယ်ဆိုရင်လည်း၊ သူတို့တွေက ပင်လယ်ထဲကို ခုန်ချသွားကြမှာသေချာတယ်… ရှောက်ရွှမ်ဆိုတဲ့ ချာတိတ်လေးက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ဒီလိုအခြေအနေမျိုးကိုတော့ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”
“ပင်လယ်ထဲကို ခုန်ချသွားမည်” ဆိုသော စကားကိုကြားလိုက်သောအခါ၊ ယိကျုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။
***