ရွာသားများမှ လွဲပြီး၊ အပြင်လူများသည် ထိုသားရဲကြီးများကို မမြင်ဖူးကြပါ။ သူတို့သည် နေရာပြောင်းရွှေ့ပြီးနောက်၊ အခုမှ အပြင်ထွက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ တိရစ္ဆာန်လေးများက ပျော်ရွှင်နေကြသည်။ သူတို့သည် လူသားများနှင့် နေလာတာ ကြာပြီဖြစ်သော်လည်း၊ ထင်သလောက်မယဉ်သေးပါ။ ထိုတိရစ္ဆာန်လေးများသည် အေးစက်ပြီး စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေပါသည်။
သားရဲများပျော်စံရာမြေမှ ထွက်ခွာလာကြသော စစ်သည်တော်များမှာ အဆင့်မြင့် မျိုးနွယ်စုစစ်သည်တော်များမဟုတ်ဘဲ၊ အလယ်တန်းစစ်သည်တော်များ ဖြစ်သည်။ ထိုအရာကို မြင်သောအခါ၊ ကျန်သူများမှာ စိတ်များ ရှုပ်ထွေးသွားကြရသည်။
မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အနီးဆုံးတွင် နေထိုင်သော ဝမ်ရှစ်မျိုးနွယ်စုကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သတင်းများကို အမြဲလိုလိုကြားနေရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ တပ်တွင် ကြောက်မက်ဖွယ်သားရဲများ ပါလာသောအခါ၊ ထိုသူများသည် အံ့ဩသင့်နေကြသည်။ထိုသားရဲများကြောင့်၊ ဝမ်ရှစ်မျိုးနွယ်စုဝင်များ လွှတ်လိုက်သော သားရဲများ ပြန်မလာကြခြင်းလား။ ဝမ်ရှစ်မျိုးနွယ်စုဝင်များ၏ သားရဲများကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သားရဲများက စားပစ်လိုက်ခြင်းလား။
တောအုပ်ထဲတွင် နေရာယူထားသော ကင်းထောက်များကလည်း ထိုထူးဆန်းသော သားကောင်များ၏ အူသံများကို ကြားနေရသည်။ အရင်တုန်းကဆိုလျှင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သားရဲကြီးများနှင့် တိုးနေပြီဆိုပြီး ပျော်ရွှင်သွားကြမည်သာ ဖြစ်သည်။ အခုတော့ ထိုသားရဲကြီးများမှာ
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ မွေးထားသော သားရဲကြီးများ ဖြစ်နေကြောင်း ၎င်းတို့က သိသွားပြီ ဖြစ်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေမှာ တခြားသားရဲကြီးတွေများရှိနေဦးမလား” တောထဲတွင် သတင်းထောက်လှမ်းရန် ရောက်နေသော ဝမ်ရှစ်မျိုးနွယ်စုဝင်တစ်ယောက်က ပြောလိုက်သည်။
“မသိဘူး… ဒီကောင်တွေနေတဲ့ တောအုပ်က သားရဲကြီးတွေအများကြီးနေတဲ့ နေရာဆိုတော့ နောက်ထပ် သားရဲကြီးတွေများရှိချင်ရှိနေမှာပဲ…” မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် နောက်ထပ်သားရဲတွေ ရှိမရှိက အရေးမကြီးပါ။ သူတို့အကြီးအကဲက တိုက်ခိုက်ပါဟု အမိန့်ပေးလျှင်၊ သူကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နောက်ကျောဘက်မှ ဝင်တိုက်ခိုက်မည် သာဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခြင်းက ပိုစိတ်ချရသည် မဟုတ်ပါလား။
“သူတို့ကို ကြည့်ရတာ ဘာလို့ အဲဒီလောက်
အလျင်လိုနေလဲ မသိဘူး… ဒီကောင်တွေ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်” ဝမ်ရှစ်မျိုးနွယ်စုဝင်တစ်ယောက်က ထပ်ပြောလိုက်သည်။ သူသည် ပုန်းအောင်းနေရာမှ ထွက်လာသည်။ အတိတ်တုန်းကဆိုလျှင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူ့နောက်သို့ လိုက်လာမည်သာ ဖြစ်သည်။ အခုတစ်ခေါက်တွင်တော့ ၎င်းတို့သည် သူ့နောက်သို့ လိုက်မလာကြသည့်အပြင် သူ့ကို ကြည့်ပင် မကြည့်ပါ။
“အရမ်းထူးဆန်းတာပဲ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက စစ်ကြေညာထားတယ် ထင်တယ်… ငါတော့ ကြောက်တယ်…”
“အတွေးတွေ မလွန်ပါနဲ့ကွာ…အကြီးအကဲကို သတင်းပို့စရာရှိတာပဲ ပို့လိုက်ပါ”
ဝမ်ရှစ်မျိုးနွယ်စုဝင်များ နားမလည်နိုင်ဖြစ်နေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အပြုအမူများမှာ ထူးဆန်းနေကြသည်။ ၎င်းတို့သည် လမ်းတွင် အစာစားခြင်း၊ ခဏနားခြင်းမှ
လွဲပြီး တခြားဘာမှ မလုပ်ကြဘဲ၊ တစ်နေရာသို့ ခရီးပြင်းနှင်နေကြသည်။
ဓားပြများအားလုံးကတော့ သူတို့ကို မတိုက်ခိုက်ရဲသေးပါ။ အဝေးမှ ကုန်သည်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် စကားပြောချင်သော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ကို အဖက်ပင်မလုပ်ပါ။
မျိုးနွယ်စုဝင်များအားလုံးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မြင်လိုက်ရသည်အခါ သတိနှင့်နေကြပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုက ဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ၊ သူ့ခရီးသာ သူသွားနေပါသည်။
“မီးတောက်ဦးချိုမျိုးနွဘ်စုဝင်တွေက ဘာလိုချင်တာလဲ” မုန့်မျိုးနွယ်စုကလည်း မီးတောက်ဦးချိုမျိုးနွယ်စုများ အခုလို လှုပ်ရှားရသည့်အကြောင်းရင်းကို သိချင်နေကြသည်။
လွန်ခဲ့သော ၂နှစ်က ရှောက်ရွှမ်ပျောက်သွား
သည့်အချိန်ကစပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားမျိုးနွယ်စုဝင်များနှင့် အဆက်အသွယ် ပြတ်သွားသည်။ အခြားသော မျိုးနွယ်စုများက အဖွဲ့များကို ပေါင်းစည်းပြီး ကန္တာရထဲသို့ သွားကြသော်လည်း၊ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဖိတ်ခေါ်ခြင်း မပြုပါ။ သို့သော် အခုတော့ ၎င်းတို့သည် ဘာတွေကြံစည်နေကြသနည်း။
လွန်ခဲ့သော ၂နှစ်ကစပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သိုသိုသိပ်သိပ်နေထိုင်လာခဲ့ကြသည်။ တစ်ခါတရံတွင် မျိုးနွယ်စုဝင်များကို ကန္တာရထဲသို့ စေလွှတ်သည်မှ လွဲပြီး၊ သူတို့သည် အခြားဘာလှုပ်ရှားမှုမှ မလုပ်ကြပါ။ အခုတော့ ၎င်းတို့သည် စတင်လှုပ်ရှားနေပြီဖြစ်သည်။ အခုထွက်လာသော အဖွဲ့ကို အကြီးအကဲ အော့ ကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်သည်။
သူတို့ဘာတွေ လုပ်နေကြတာလဲ။
သူတို့သည် အခြားမျိုးနွယ်စုတစ်ခုကိုများ
တိုက်ခိုက်တော့မှာလား။
ထိုအကြောင်းများကို သိထားသော မျိုးနွယ်စုများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စောင့်ကြည့်နေကြသည်။ သူတို့ စိတ်ထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အင်အားနည်းနေသည်ဟု ထင်ထားသော်လည်း၊ အခုလူစုကို မြင်သောအခါ ၎င်းတို့၏အထင်များ မှားယွင်းနေကြောင်းကို သိလိုက်ရသည်။ နောက်ဆုံးတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ သွားနေကြောင်းကို သိလိုက်ရသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကျွန်ပိုင်ရှင်များနှင့် တိုက်ခိုက်တော့မှာလား။
တချို့က သူတို့အကြောင်းကို သိချင်နေကြသည်။ တချို့ကလည်း လှောင်ချင်နေကြသည်။ တချို့ကလည်း သူတို့ဘာလုပ်မလဲဆိုတာကို ကြည့်ချင်နေကြသည်။
အကြီးအကဲအော့ကတော့ လူများက ဝိုင်းကြည့်နေသည်ကို အရေးမလုပ်ဘဲ၊ သူ့လမ်းသူ ဆက်သွားနေသည်။
တောအုပ်ထဲမှ ထွက်ခွာလာသည်မှာ ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း၊ အော့ကတော့ စိတ်များ လှုပ်ရှားနေဆဲ ဖြစ်ပါသည်။
ထိုနေ့က မီးဖိုကြီးထဲတွင် မီးမျိုးစေ့က ရှိနေဆဲပင် ဖြစ်သည်။ ထိုနေရာတွင် ဘယ်သူမှမရှိသော်လည်း၊ မီးတောက်များက မီးဖိုကြီးထဲမှ ထတောက်လာသည်။ ထိုအခါ မီးဖိုကြီးနားတွင် ရပ်နေသော နတ်ဆေးဆရာက အမိန့်တစ်ခုထုတ်လိုက်သည်။
နတ်ဆေးဆရာက သူတို့ကို အချက်၂ချက်မှာလိုက်သည်။ ပထမအချက်က ရှောက်ရွှမ် ပြန်လာတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူသည် တစ်ယောက် ပြန်လာမည် မဟုတ်ပါ။
“၂ခြမ်းကွဲနေတဲ့ မီးမျိုးစေ့ကတော့ ပြန်
ပေါင်းစည်းတော့မယ်”
နတ်ဆေးဆရာ၏ စကားများကို ကြားလိုက်ရသောအခါ၊ အော့သည် စိတ်များလှဒပ်ရှားလာသည်။ အခုလိုအဖြစ်မျိုးဖြစ်ပေါ်လာရန်အတွက်၊ သူတို့မျိုးနွယ်စုသည် နှစ်ပေါင်းရာနှင့်ချီပြီး စောင့်လာရခြင်းဖြစ်သည်။ သူသည် အကြီးအကဲလုပ်လာသော သက်တမ်းတလျှောက်တွင်၊ အခုလောက် အရေးကြီးသော ကိစ္စများကို တခါမှ မလုပ်ဖူးပါ။ အခုတော့ ၂ခြမ်းကွဲနေသော မီးတောက်ဦးချိုမျိုးနွယ်စုသည် ပြန်လည်ပေါင်းဆုံရတော့မည် ဖြစ်သည်။ သူသေဆုံးသည့်အချိန်ရောက်လျှင်၊ သူသည် ဘိုးဘေးများကို ဂုဏ်ယူစွာ တွေ့နိုင်တော့မည် ဖြစ်သည်။
ချာတိတ်လေး အားရွှမ်ပျောက်ကွယ်သွားခြင်းမှာ ပျောက်ဆုံးနေသော မီးမျိုးစေ့၏ အခြားတဝက်ကို လိုက်ရှာနေခြင်းလား…အားရွှမ်သည် သူနှင့်အတူ လူဘယ်နှယောက်ကို ခေါ်လာမလဲ။
“အထုပ်အပိုးတွေ ပြင်ထားကြ… ဒီနေ့ကစပြီး
ကန္တာရထဲကို ဝင်ကြမယ်” အော့ကလှည့်ပြီး၊ ကျန်သူများကို လှမ်းပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် လှဲနေသော ဆီဆာကို လှမ်းကြည့်လိုက်သည်။ “အားရွှမ်ရဲ့ အနံ့လေးဘာလေး မရဘူးလား”
ဆီဆာက ခေါင်းကို ခါလိုက်သည်။ ရှောက်ရွှမ်ရှိနေသော နေရာမှာ သူနှင့် ဝေးလွန်းလှသဖြင့်၊ ဆီဆာသည် ဘာအနံ့မှ မရပါ။ သို့သော် ကန္တာရထဲတွင် တစ်ခုခုထူးခြားနေပြီဖြစ်ကြောင်းကိုတော့ ရှောက်ရွှမ်သိထားပါသည်။
အော့က အဝေးတစ်နေရာသို့လှမ်းကြည့်နေသော ဆီဆာကို ဒီအတိုင်းထားခဲ့လိုက်သည်။ ထို့နောက် အော့သည် နယ်မြေကျွမ်းကျင်သော ထွော်နှင့် စကားပြောနေသည်။ ထွော်နှင့် တိုင်ပင်သွားပြီးသောအခါ၊ မိုးမျိုးနွယ်စုဝင်များဆီသို့ သွားပြီး အစာရေစာနှင့် သောက်ရေများကို ဖြည့်တင်းကြသည်။
အခုဆိုလျှင် မိုးမျိုးနွယ်စုကို ယန်ဆွေ့က
ဦးဆောင်နေသည်။ ယန်ဆွေ့က မိုးကို ခေါ်နိုင်ခြင်းကြောင့် မျိုးနွယ်စုကို ဦးဆောင်နေခြင်း ဖြစ်သည်။ မိုးမျိုးနွယ်စုဝင်များက ယန်ဆွေ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ခဲ့သည်။ မိုးမျိုးနွယ်စုဝင်များသည် အကြီးအကဲကိုပင် ယန်ဆွေ့ကို ရိုသေသလောက် မရိုသေကြပါ။
အခုအချိန်၂နှစ်အတွင်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ လာသည့်အခါတိုင်း၊ မိုးမျိုးနွယ်စုဝင်များ၏ ရွာတွင် ၂ရက်လောက်နားလေ့ရှိသည်။ ထို့ကြောင့် ယန်ဆွေ့က ရှောက်ရွှမ်ပျောက်ဆုံးနေကြောင်းကို သိနေခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ရှောက်ရွှမ်ကို လိုက်ရှာနေသည်ကို သိရသောအခါ၊ ယန်ဆွေ့က ပျော်ရွှင်သွားသဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မိုးကျောက်တုံးအတော်များများကို ပေးလိုက်သည်။ ရာသီဥတုမှာ ပူလောင်ခြောက်သွေ့နေသည့်အချိန်တွင်၊ မိုးကျောက်တုံးများကို သုံးပြီး သောက်ရေပြုလုပ်၍ရပါသည်။ ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များခေါ်လာသော၊ သားရဲကြီးများမှာ
ကန္တာရထဲတွင် နေလေ့ရှိသော သားရဲများ မဟုတ်ကြသဖြင့်၊ သူတို့သည် ထိုပူလောင်သော ရာသီဥတုဒဏ်ကို အလူးအလဲခံနေကြရသည်။
အရည်အသွေးကောင်းမွန်သော မိုးကျောက်တုံးများမှာ အလွန်အဖိုးတန်သော်လည်း၊ ယန်ဆွေ့ကတော့ မီးတောက်ဦးချိုမျိုးနွယ်စုကို ငှားလိုက်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကသာ ပြန်မပေးဘူးဆိုပါက၊ သူတို့သည် ရင်ကွဲရမည် ဖြစ်သည်။ အခြားမျိုးနွယ်စုဝင်များဆိုပါက၊ ၎င်းတို့သည် မိုးကျောက်တုံးများကို ပေးလိုက်မည် မဟုတ်ပါ။
ယန်ဆွေ့ကတော့ ရှောက်ရွှမ်ကို ကျေးဇူးဆပ်ချင်နေသူဖြစ်သည်။ ရှောက်ရွှမ်သည် မိုးခေါ်ရာတွင် သူ့ကို ကူညီခဲ့သူမဟုတ်ပါလား။
ယန်ဆွေ့က ကုလားအုတ်များပါ ငှားလိုက်မည်ဟု ပြောသော်လည်း၊ အော့က ငြင်းလိုက်ခြင်း ဖြစ်သည်။ ကုလားအုတ်များသည် နှေးကွေးသဖြင့်၊ ကုလားအုတ်များနှင့် သွားရမည်ဆိုလျှင်
ခရီးတွင်မှာ မဟုတ်ပါ။ အော့သည် ယန်ဆွေ့က မိုးကျောက်တုံးများကို ပေးလိုက်သည့်အချိန်တွင် ယန်ဆွေ့နားတွင် ထိုင်နေသော ကောင်မလေးမှာ၊ ကြောက်လန့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ခဏနားလိုက်ပြီးသည့်နောက်တွင်၊ အော့သည် သူ၏ လူများကို ဦးဆောင်ပြီး ကန္တာရထဲသို့ ဆက်လက်ဝင်သွားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်အများစုသည် ထိုနေရာကို တခါမှ မရောက်ဖူးကြပါသည်။ ထို့ကြောင့် ထိုနားတဝိုက်မှ ရာသီဥတုနှင့် အသားကျအောင် အတော်ကျင့်ယူနေရသည်။ ရက်ပေါင်းများစွာ ကြာသွားမှသာ ထိုရာသီဥတုနှင့် အသားကျသွားကြသည်။ သို့သော် ၎င်းတို့၏ ကြောက်မက်ဖွယ်သားရဲများကတော့ ခရီးပန်းနေကြလေသည်။
“ကန္တာရထဲမှာ ဒီလောက်ပူမယ်လို့ ထင်မထားဘူး” မော့က ချွေးများကို သုတ်ရင်းပြောလိုက်သည်။ လဲ့နှင့်ထွော်တို့သာ ကန္တာရထဲ ရောက်ဖူးသူများ ဖြစ်ကြပြီး၊ သူကတော့ မရောက်ဖူးပါ။ သူတို့သာ အစာပြတ်နေသဖြင့်၊ စွတ်ရကိုပင် ကင်စား
ရန် စဉ်းစားနေကြသည်။
“ယန်ဆွေ့က မိုးကျောက်တုံးတွေကို ပေးလိုက်လို့တော်သေးတာပေါ့…မဟုတ်ရင်တော့ ဒုက္ခပဲ…” ထွော်က ဘေးဘီသို့ ကြည့်လိုက်သည်။ သူသည် နေလုံးကို ကြည့်ပြီး သွားရမည့် အရပ်မျက်နှာကို ရှာဖွေနေပါသည်။ သဲသောင်ကုန်းများမှာ အစဉ်အမြဲပြောင်းလဲနေသဖြင့်၊ သဲသောင်ကုန်းများကို ကြည့်ပြီး အရပ်မျက်နှာခွဲရမည် ဆိုလျှင်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချနိုင်မည် မဟုတ်ပါ။ “အခုလိုအချိန်မှာ၊ နားလိုက်တာအကောင်းဆုံးပဲ…မှောင်သွားမှ ခရီးဆက်ကြမယ်”
အော့ကလည်း ထွော်နှင့်အတွေးချင်တူပါသည်။ သို့သော် ထိုအချိန်တွင် ဆီဆာက ထလာပြီး၊ ဘေးပတ်ဝန်းကျင်ကို သတိဝီရိယနှင့် ကြည့်နေပါသည်။
“ဘာဖြစ်တာလဲ” အော့က မေးလိုက်သည်။ အခြားသော သားရဲများကတော့ ပုံမှန်သာဖြစ်သည်။
ဘာပဲဖြစ်ဖြစ်၊ သူတို့အနေနှင့် သတိထားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အော့က နောက်လှည့်ပြီး သူ့လူများကို အချက်ပြလိုက်သည်။ ထိုအခါမှ အားလုံးလည်း သတိဝင်လာကြသည်။ သူတို့သည် အနှောင့်အယှက်ပေါင်းများစွာကို ကြုံဖူးကြသူများ ဖြစ်ပြီး၊ ကန္တာရသားရဲများကိုလည်း ကြုံဖူးသူများ ဖြစ်ကြသည်။ သို့သော် အခုတခေါက်တွင်တော့ ဆီဆာ၏ အပြုအမူကသာ ထူးခြားနေပြီး၊ ကျန်သားရဲများကတော့ ပုံမှန်ပင် ဖြစ်သည်။
သို့သော် မကြာခင်တွင် သားရဲများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
သူတို့အားလုံးသည် သားရဲများ၏ အူသံများကို ကြားနေရသည်။
“ရှဲ…ရှဲ…ရှဲ”
အသံမှာ သဲများ စီးဆင်းနေသော အသံနှင့် တူ
နေပါသည်။
ထို့နောက် သူတို့လူစုရှေ့တွင် အနက်ရောင်အစက်အပြောက်ကလေးများ ပေါ်လာသည်။တဖြည်းဖြည်းနှင့် ထိုအနက်ရောင်အစက်အပြောင်လေးများသည် ပိုပိုများလာပါသည်။
“ပိုးကောင်တွေဟေ့…”
“ပိုးကောင်တွေက ဘာလို့ ရောက်လာတာလဲ”
“အားလုံး သတိထားကြဟေ့…” အော့က ဓားကို ကိုင်ထားရင်း ပြောလိုက်သည်။ ထို့နောက် ဆီဆာက ရှေ့သို့ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။
အော့က သူ့လူများအား ကန္တာရထဲသို့ ခေါ်လာသည့်အချိန်တွင်၊ ရှောက်ရွှမ်တို့က သမုဒ္ဒရာကို ဖြတ်ကူးတုန်းပင် ရှိသေးသည်။
ထိုရက်များအတွင်း ရှောက်ရွှမ်တို့သည် အသား
ခြောက်များနှင့် သီးနှံများကိုသာ စားသောက်ခဲ့ရသည်။ လွန်ခဲ့သော နှစ်က ထောင်ချီရွှေကောက်ပဲသီးနှံများကို ရိတ်သိမ်းထားခြင်းမာ အခုအချိန်တွင်တော့ အသုံးဝင်လာပြီဖြစ်သည်။ ထောင်ချီရွှေကောက်ပဲသီးနှံကို စားလိုက်ရလျှင် ကုန်ဆုံးသွားသော အားအင်များ ပြန်လည် ပြည့်ဝလာသောကြောင့် ဖြစ်သည်။ ရေကိုတော့ သူတို့သယ်ဆောင်လာသည့် သောက်ရေများအပြင်၊ ရှောက်ရွှမ်၏မိုးကျောက်တုံးမှ ရလာသော ရေများကို သောက်သုံးကြသည်။ တစ်ခါတရံတွင်တော့ ပင်လယ်မှော်များကြားတွင်၊ ပုန်းအောင်းနေသော သားကောင်လေးများကို ဖမ်းယူစားသောက်ကြသည်။
သူတို့တွင် အစာရေစာ အလုံအလောက်ပါလာသော်လည်း၊ ခရီးပြင်းနှင်လာရသည် ဖြစ်သောကြောင့် ခရီးပန်းနေကြပြီ ဖြစ်သည်။ ကလေးများ၏ ပါးပြင်များဆို နီရဲနေပြီ ဖြစ်သည်။
“မကြာခင်မှာ ရောက်တော့မှာပါ”
***