မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လူများ၏ အရေးစိုက်ခြင်းကို ခံနေရပါသည်။ သူတို့သွားလေရာနေရာတိုင်းတွင်၊ လူများက သူတို့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြပါသည်။
အော့သည် သူတို့လာခဲ့တုန်းက လမ်းအတိုင်း မပြန်တော့ဘဲ၊ အခြားလမ်းတစ်ခုမှ သွားပါသည်။ သူတို့အဖွဲ့တွင် လူပေါင်းများစွာ ပါဝင်နေသောကြောင့်၊ သူတို့မျိုးနွယ်စုသည် အခြားသော မျိုးနွယ်စုများထက် ပို၍ပင် အင်အားတောင့်တင်းသည်။ အခုခရီးစဉ်သည် သူတို့မြစ်ကြမ်းပြင်ကို ဖြတ်သန်းခဲ့ပြီး အမိမြေသို့ ပြန်လာစဉ်တုန်းကခရီးစဉ်နှင့်ပင် အတူတူ ဖြစ်နေသည်။
အခြားသောလူများကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် နေရာရွှေ့ပြောင်းပြီဟု
ထင်နေကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုအကြောင်းများကို လျှို့ဝှက်ထားချင်သော်လည်း၊ လျှို့ဝှက်ထား၍ မရတော့ပါ။ အခြားသော မျိုးနွယ်စုဝင်များက ကုန်များဖလှယ်ရင်း၊ သူတို့အကြောင်းများကို ပြောဆိုနေကြသည်။
“သိပြီးပြီလား… မီးတောက်ဦးချိုမျိုးနွယ်စုတွေ နေရာပြောင်းကြပြန်ပြီ” အဝေးမှလာသော ကုန်သည်တစ်ယောက်က ပြောလိုက်သည်။
“နေရာပြောင်းပြန်ပြီ ဟုတ်လား… သူတို့ကို ဟိုတလောက တွေ့လိုက်တာတော့ သူတို့အဖွဲ့က လူသိပ်မများပါဘူး… ငါထင်တာတော့ သူတို့က တခြားမျိုးနွယ်စုတစ်ခုခုကို စစ်ကြေညာတော့မယ့်ပုံနဲ့ တူနေတယ်” တစ်ယောက်က ပြောလိုက်သည်။
“သိပ်မများဘူးဟုတ်လား… ဘာလိုမများရမှာ
လဲဟ… ငါမြင်လိုက်တဲ့ထဲမှာ လူအိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေလည်းပါတယ်… ငါတို့မျိုးနွယ်စုရှေ့က ဖြတ်သွားကြတာ ဆိုပါတော့”
“လူအိုတွေနဲ့ ကလေးတွေ ဟုတ်လား… ငါတော့ မမြင်မိပါဘူး”
“ငါပြောတာအမှန်ပဲ… ငါရေကြည့်တာတော့ အားလုံးပေါင်း ၅၀၀၀လောက်ရှိမယ်… ငါတို့မျိုးနွယ်စုဝင်တွေ ထက်လူပိုများတာတော့ အမှန်ပဲ”
“ဘာ… ငါးထောင် ဟုတ်လား…မင်းတို့မှားနေပြီ ထင်တယ်”
“ကျွန်တော်က မှားလေ့မှားထရှိတဲ့လူမဟုတ်ဘူး”
“မင်းပြောတာကို ငါမယုံဘူး… မင်းတို့မျိုးနွယ်စုနတ်ရုပ်ကို တိုင်တည်ပြီး ကျိန်ပြောရဲလား”
“ရတယ်လေ… ကျိန်ပြမယ်”
အားလုံးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို ပြောဆိုနေကြသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ သူတို့ စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ဆက်သွားနေကြသည်။ အခြားလူများက သူတို့အကြောင်းများပြောဆိုနေကြသည်များကို အရေးမလုပ်ကြပါ။ သူတို့တွင် သူတို့ အလုပ်နှင့် သူတို့ ရှုပ်နေကြသဖြင့်၊ ကောလဟာလများကို နားထောင်နေရန် အချိန်မရပါ။
သားရဲများပျော်စံရာမြေသို့ ရောက်လာသောအခါ၊ ကျန်းလော်တို့သည် စိတ်ထဲတွင် ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုနေရာသည် သူတို့နှလုံးသားများ၏ ဝိညာဉ်ပင် ဖြစ်သည်။ ထိုနေရာကို သူတို့သည် အခုမှ ရောက်ဖူးသော်လည်း၊ သူတို့စိတ်ထဲတွင် လုံခြုံနွေးထွေးသလို ခံစားနေရသည်။ သူတို့ကိုယ်ထဲမှနတ်စွမ်းအင်များကလည်း နိုးထလာကြပြီး၊ အရေပြားများပေါ်တွင် နတ်အမှတ်အသားများပေါ်ထွက်လာပါသည်။
သူတို့သည် ကျန်းလော်နှင့်သူ့လူများ၏ နတ်အမှတ်အသားများကို မြင်ဖူးနေကြသော်လည်း၊ အော့နှင့် ကျန်သူများသည် ထိုနတ်အမှတ်အသားများကို မြင်ရသောအခါ မအံ့ဩဘဲ မနေနိုင်တော့ပါ။ ထိုသို့ ဖြစ်ပေါ်လာခြင်းမှာ မီးမျိုးစေ့ကြောင့်များလား။ မီးမျိုးစေ့များမရှိသူများကတော့ နက်မှောင်သော နတ်အမှတ်အသားများကို ပိုင်ဆိုင်ထားကြသည်။ အော့တို့၏ နတ်အမှတ်အသားများသည် ကျန်းလော်တို့၏ နတ်အမှတ်အသားများလောက် တောက်ပမှုမရှိပေ။ ရှောက်ရွှမ်ကတော့ ချွင်းချက်တစ်ခု ဖြစ်သည်။ အခုတော့ အော့နှင့်ကျန်သူများသည် ကျန်းလော်တို့ကိုကြည့်ပြီးနောက် သူတို့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များကို လေးစားသွားသည်။ ကျန်းလော်တို့သည် သူတို့ထက် ပို၍ အစွမ်းထက်သည် မဟုတ်ပါလား။
ထိုအဖြစ်မတိုင်ခင်တွင် ၊ အော့က မီးမျိုးစေ့ ထွက်ပေါ်လာသည့်အကြောင်းကို ကြားသောအခါ သိပ်မယုံကြည်ခဲ့ပါ။ သို့သော် တဖြည်းဖြည်းနှင့်
ကျန်းလော်သည် ထိုအကြောင်းကို လက်ခံလာခဲ့သည်။ မီးမျိုးစေ့ထွက်ပေါ်လာပြီးနောက်။ စစ်သည်တော်များသည် စွမ်းအားများ ပိုတိုးပွားလာခဲ့သည်။ ထိုကဲ့သို့ စွမ်းအင်မျိုးကို မလိုချင်သူရှိမည် မဟုတ်ပေ။
ထိုအချိန်တွင်ပင်၊ သားရဲတို့ပျော်စံရာမြေအပြင်ဘက်တွင်၊ ဝမ်ရှစ်မျိုးနွယ်စုသည် သူတို့လူများကို စုဆောင်းနေပါသည်။
ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် အော့က လူပေါင်းများစွာနှင့် ကြောက်မက်ဖွယ်သားရဲများကို ခေါ်လာကြောင်း သတင်းရထားသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား တိုက်ခိုက်လျှင် ကောင်းမလားစဉ်းစားနေပါသည်။ တောအုပ်ထဲမှ ထွက်ခွာလာသူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ တစ်ဝက်လောက် ရှိသည်။ ဝမ်ရှစ်သည် သူတို့အနေနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ဝက်လောက်ကိုတော့ အနိုင်တိုက်လောက်မည်ဟု မျှော်လင့်ထားသည်။
ကန္တာရထဲမှ စစ်ပွဲပြီးနောက်တွင်၊ လူတချို့က ထွက်ပြေးလွတ်မြောက်သွားသည်။ ထိုလူများထဲတွင် တစ်ချိန်က ဝမ်ရှစ်မျိုးနွယ်စုဝင်များနှင့် လက်တွဲခဲ့ဖူးသော ကျွန်ပိုင်ရှင်များလည်း ပါပါသည်။ ထိုလူများကြောင့်သာ ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် လက်ရှိအခြေအနေကို ရောက်လာခြင်း ဖြစ်သည်။
အခုတော့ ကန္တာရထဲတွင် အခြေအနေများက မတည်ငြိမ်သေးပါ။ သို့သော် ပါးနပ်သူများကတော့ မကြာခင်တွင် ကျောက်ကုန်းမြို့တော်နှင့် ကန္တာရဘုရင်တို့သာ ကျန်ခဲ့တော့မည် ဖြစ်ကြောင်းကို သိထားပါသည်။ သူတို့သည် အခြားသူများအားလုံးကို ရှင်းပစ်တော့မည် ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးလာသူများသည် ဝမ်ရှစ်မျိုးနွယ်စုဝင်များဆီသို့ ရောက်လာကြခြင်း ဖြစ်သည်။
တစ်ချိန်တုန်းက သူတို့ဘိုးဘေးများသည် ဝမ်ရှစ်မျိုးနွယ်စုဝင်များအား ကူညီခဲ့ဖူးသည့်အတွက် ကျေးဇူးတင်နေမိပါသည်။
ထို့ကြောင့် အခုအချိန်တွင် သူတို့ နားစရာနေရာတစ်ခု ရခဲ့ခြင်း ဖြစ်သည်။ အခုအချိန်တွင် သူတိုသည် ကန္တာရထဲကို သွား၍မရသေးပါ။ ပြီးတော့ အခြားမျိုးနွယ်စုဝင်များက သူတို့လို ကျွန်ပိုင်ရှင်များကို အယုံအကြည်မရှိသလို၊ သူတို့ကို ဓားပြတိုက်ချင်နေသော လူများလည်း ရှိနေပါသည်။ ထို့ကြောင် သူတို့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။
အခုတော့ ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် ကျွန်ပိုင်ရှင်များအား လိုအပ်သည့် အကူအညီများကို ပေးထားသည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်များတွင် စစ်သည်တော်များအပြင်၊ ကျွန်များလည်းရှိပါသည်။ ထိုလူများသည် ရန်သူများအား ကာကွယ်မည့် ရှေ့ပြေးတပ်များ ဖြစ်သည်။
သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား တိုက်ခိုက်ရမည့် အကြံအစည်အောင်မြင်ရန် ကျွန်ပိုင်ရှင်များဆီမှ အကူအညီတချို့ကို လိုပါသည်။ ကျွန်ပိုင်ရှင်များကတော့ ကန္တာရထဲမှ အသက်လုပြီး ထွက်ပြေးလာခဲ့ရသည့်အတွက်၊
အခုလိုအချိန်တွင် သူတို့သည် စစ်ပွဲမဆင်နွှဲချင်သေးပါ။ အခုလိုအချိန်တွင် တိုက်ခိုက်မည် ဆိုပါက သူတို့သာ အထိနာမည် ဖြစ်သည်။
ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တောအုပ်ထဲတွင် နေသော မျိုးနွယ်စုဝင်များဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲသူများ ဖြစ်သောကြောင့် သူတို့အား အနိုင်ယူလိုက်လျှင်လည်း အကျိုးအမြတ်သိပ်မရှိပါ။ သူတို့နေသည့် နေရာကို အပိုင်သိမ်းပြီး ဘာလုပ်ရမည်နည်း။ သူတို့သည် သားရဲများ များပြားလွန်းသည် တောအုပ်ထဲတွင် မနေချင်ကြပါ။ သူတို့အနေနှင့် တိုက်ခိုက်ချင်သည်ဆိုလျှင်တောင်၊ ကျွန်များကို ထပ်မံစုဆောင်းရဦးမည် ဖြစ်သည်။ သူတို့ကျွန်များ ဆုံးရှုံးသွားပြီဆိုလျှင်၊ သခင်များကို ဘယ်သူက ကာကွယ်မည်နည်း။
အရင်တုန်းကဆိုလျှင်တော့၊ မျိုးနွယ်စုထဲတွင် ဆုံးဖြတ်ချက်များကို ချသူမှာ အကြီးအကဲ တစ်ယောက်သာ ဖြစ်သည်။ အကြီးအကဲကဆုံးဖြတ်လိုက်ပြီဆိုလျှင် ကျန်သူများက မကန့်ကွက်ကြ
ပါ။ သို့သော် ကျွန်ပိုင်ရှင်များ၏ အရေးကိစ္စကိုတော့ အကြီးအကဲတစ်ယောက်တည်း ဆုံးဖြတ်၍မရတော့ပါ။ ဆုံးဖြတ်ချက်များချရန်အတွက် ကျွန်ပိုင်ရှင်များ၏ အတည်ပြုချက်ကို လိုအပ်ပါသည်။ မဟုတ်လျှင် ကျွန်ပိုင်ရှင်များက ၎င်းတို့အား ဘာမှထောက်ပံ့တော့မည် မဟုတ်ပါ။
ဝမ်ရှစ်မျိုးနွယ်စု အကြီးအကဲသည် ကျွန်ပိုင်ရှင်များအား သစ္စာဖောက်ရန် ကြံစည်နေပါသည်။ သို့သော် ကျွန်ပိုင်ရှင်များသည် အလွန်ကောက်ကျစ်သော လူများ ဖြစ်ကြသည်။ သူ့အနေနှင့် မစွန့်စားရဲသေးကြောင့် ဆန္ဒများကို မျိုသိပ်ထားလိုက်ရသည်။
အခုတော့ ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်ချင်နေသော်လည်း၊ အတားအဆီးများက ရှိနေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အစုအပြုံလိုက် ပြောင်းရွှေ့သွားခြင်းသည် အရေးကြီးသည့် ကိစ္စတစ်ခုခုရှိနေသောကြောင့် ဖြစ်ရမည်။ ထိုသို့ပြောင်းရွှေ့ခြင်းက သူတို့အား မျှားခေါ်နေ
ခြင်းများလား။ထိုသို့ ဖြစ်မည်ဆိုလျှင်၊ မီးတောက်ဦးချိုမျိုးနွယ်စု၏ နောက်ခြေလှမ်းသည်၊ ဝမ်ရှိမျိုးနွယ်စုဝင်များ ဝိုင်ထားရန် ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် ထောင်ခြောက်တွင် ပိတ်မိနေတော့မည် ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ထောင်ခြောက်များသည် ကြောက်ဖို့ကောင်းသောအရာများ ဖြစ်သည်။
ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲသည် လက်သီးနှင့် ထထိုးချင်နေသော်လည်း၊ သူသည် သူတို့၏ အမြင်များကို နားထောင်ချင်နေသေးသည်။
ရက်အတော်ကြာသွားသောအခါ၊ မီးဖိုကြီးထဲမှ မီးမျိုးစေ့သည် တဖြည်းဖြည်းနှင့် စွမ်းအင်များ လျော့နည်းသွားကြောင်းကို တွေ့ကြရသည်။ ပြင်ပအားလှိုင်းကြီးတစ်ခုက မီးမျိုးစေ့ကို လာသက်ရောက်နေသလို ဖြစ်နေသည်။ အသစ်တင်မြှောက်ထားသော ဝမ်ရှစ်မျိုးနွယ်စု၏ နတ်
ဆေးဆရာက ကျွန်ပိုင်ရှင်များအား အောင်မြင်စွာ စည်းရုံးလိုက်နိုင်ပြီ ဖြစ်သည်။
သူတို့မျိုးနွယ်စု၏ မီးမျိုးစေ့ကို စွမ်းအင်များလျော့ကျအောင် လုပ်နိုင်သည်မှာ၊ သူတို့နားတွင် ရှိသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ဖြစ်နိုင်ပါသည်။
နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး၊ ကျွန်ပိုင်ရှင်များက ၎င်းတို့အား ကျွန်များထောက်ပံ့ပေးလိုက်သည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်အကြီးအကဲသည် မျိုးနွယ်စုထဲမှ စစ်သည်တော်များကို စုစည်းလိုက်သလို၊ မျိုးနွယ်စုထဲတွင် မွေးထားသော သားရဲများကိုလည်း အသင့်ပြင်ထားပါသည်။ ရက်အတော်ကြာပြင်ဆင်ပြီးသွားသောအခါ၊ ၎င်းတို့သည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
အဝေးတစ်နေရာမှ စိမ်းလန်းသော တောအုပ်ကို ငေးကြည့်ရင်း၊ ဝမ်ရှစ်မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား
သော အငွေ့အသက်များ ဖြတ်သန်းသွားသည်။ သူသည် မောက်မာသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပြောသွားသည့်“တောအုပ်ထဲကို ဝင်တဲ့လူတိုင်း သေရမယ်” ဟူသောစကားများကို မှတ်မိနေပါသည်။
“ကဲ… အခုငါတောထဲဝင်လာပြီကွာ… မင်းတို့ဘာလုပ်ကြမှာလဲ… တောထဲကို ဝင်လာရုံဝင်လာမှာ မဟုတ်ဘူး…မင်းတို့မြေပေါ်ကို ကျူးကျော်လာပြီး၊ မင်းတို့ရတနာပစ္စည်းတွေကိုပါ သိမ်းပိုက်တော့မှာ…”
တဖြည်းဖြည်းနှင့် နေဝင်ချိန်ရောက်လာပြီဖြစ်သည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ညအချိန်တွင် တိုက်ခိုက်ရန် စီစဉ်ထားပါသည်။ နေ့အချိန်ဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက အားသာနေမည်ဖြစ်သည်။ ညဘက်တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အပြင်သို့ သိပ်ထွက်လေ့မရှိကြောင်းကို ၎င်းတို့က သိထားသည်။
ဝမ်ရှစ်မျိုးနွယ်စုဝင်များ၏ သားရဲကြီးများသည် ညဘက်တွင် မြင်နိုင်စွမ်းရှိကြသည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် ညဘက်တွင် ဓားပြတိုက်လေ့ရှိကြပြီး၊ သူတို့သည် ထိုအလုပ်များကို ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော် တောအုပ်ထဲသို့ ဝင်မည်ဆိုလျှင်တော့ ယခုထက် ပိုသတိထားရမည် ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် သူတို့မွေးထားသော သားရဲကြီးများ ပါမလာပါ။ သူတို့တွင် သားရဲကြီးများပါလာမည်ဆိုလျှင်တောင်၊ ဝမ်ရှစ်မျိုးနွယ်စုဝင်များ မွေးထားသော သားရဲကြီးများနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။
“ဒီအကြံကောင်းတယ်”
“ငါ အမိန့်ပေးတာကို စောင့်နေကြနော်”
ဝမ်ရှစ်မျိုးနွယ်စုဝင် အကြီးအကဲက ကိုင်ထားသော ဓားကို မြှောက်ပြီး၊ အမိန့်ပေးရန် ပြင်နေစဉ်
မှာ၊ ကောင်းကင်ပေါ်မှ စူးရှသော ငှက်မြည်သံတစ်ခုကို ကြားလိုက်ရသည်။
“အဲဒါမီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ မွေးထားတဲ့ ငှက်ပဲ… အဲဒီငှက်က သူတို့နဲ့ အတူပါမသွားဘူးလား… မဟုတ်မှလွဲရော…” တစ်ယောက်က ပြောလိုက်သည်။
ငှက်အော်သံကို ကြားလိုက်ရပြီးနောက်၊ ဝံပုလွေတစ်ကောင်၏ အူသံများနှင့် အခြားသားရဲကြီးများ၏ အော်သံများကိုလည်း ကြားလိုက်ရသည်။
ထိုအသံများသည် တောအုပ်ထဲမှ ထွက်ပေါ်လာသော အသံများ မဟုတ်ပါ။
“အဲဒီအသံတွေက…”
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ပြန်ရောက်လာပြီ”
ဝမ်ရှစ်မျိုးနွယ်စု အကြီးအကဲက အော်လိုက်သည် “မင်းဘာလို့ အော်နေတာလဲ… သူတို့ပြန်လာလည်း ငါဂရုမစိုက်ဘူး… ငါကတော့ တိုက်မှာပဲ” ကျွန်ပိုင်ရှင်များကို သူတို့ဘက်ပါလာအောင် စည်းရုံးထားရသည်မှာ လွယ်သော ကိစ္စမဟုတ်ပါ၊ ထို့ကြောင့် ဝမ်ရှစ်အကြီးအကဲသည် လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ပါ။ သူတို့တွင် လက်ရှိလူအင်အားမှာ လူ၁၀၀၀လောက်ရှိပါသည်။
သို့သော် ပြန်ရောက်လာသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အရေအတွက်သည် သူတို့မျှော်လင့်ထားသည်ထက် များနေပါသည်။ ၂၀၀၀လား၊ ၃၀၀၀လား၊ ထိုထက်ပင်များနေဦးမလား သူတို့လည်း မသိပေ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အဝေးတွင်သာရှိနေသေးသော်လည်း၊ သူတို့ဆီမှာ ကြောက်မက်ဖွယ်အငွေ့အသက်များ ထွက်ပေါ်နေပါသည်။ ထို့ကြောင့် ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွဘ်စုဝင်များနှင့်
ရင်မဆိုင်ချင်ကြပါ။
“မဖြစ်နိုင်ဘူး… မသွားကြနဲ့ဦး” အဆင့်မြင့် ကျွန်တစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့နှင့်အတူ ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲလည်း ပါလာသလို၊ သူတို့ အရှင်သခင်များဆီမှ ညွှန်ကြားချက်များကိုလည်း ရထားပြီးသား ဖြစ်သည်။ တစ်ခုခုလွဲချော်သွားလျှင်လည်း၊ သူတို့သည် ချက်ချင်းနောက် ပြန်လှည့်ကြမည်သာဖြစ်သည်။ သူတို့သည် ဝမ်ရှစ်မျိုးနွယ်စုဝင်များနှင့် အတူအသေခံမည့် လူများ မဟုတ်ပေ။ သူတို့သည် ကန္တာရထဲမှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်သောကြောင့်၊ သူတို့သည် ကန္တာရထဲတွင် နောက်တကြိမ်တိုက်ခိုက်ရမည်ကို ကြောက်နေကြမည် ဖြစ်သည်။
ထိုဖြစ်ရပ်ပြီးနောက်တွင်၊ အခြားသော အဆင့်မြင့် စစ်သည်တော်များက သူတို့နှင့် တူသော အမြင်များကို ထုတ်ဖော်ပြကြသည်။
ကျွန်ပိုင်ရှင်များက သူတို့ဘက်တွင် မပါတော့
ဘဲ၊ အခြေအနေများပြောင်းလဲသွားသည်ကို သိလိုက်ရသောအခါ၊ ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲမှာ စိတ်နှလုံးထိခိုက်သွားပါသည်။
အကြီးအကဲသည် သူပြောလိုသည့် စကားများကို မျိုသိပ်ထားရသည်။ ဒေါသစိတ်ကို ထိန်းချုပ်ထားရင်း အကြီးအကဲမှာ သွေးများ အန်ထွက်တော့မလို ပင် ဖြစ်သွားပါသည်။ မျက်နှာကြီးမှာလည်း ရှုံ့မဲ့နေပြီး၊ လက်ကတော့ ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
“တိုက်ခိုက်ရမှာလား”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခုအချိန်တွင် အင်အားတောင့်တင်းနေပြီ ဖြစ်သည်။ အခုလိုအချိန်တွင် သွားတိုက်ခိုက်လျှင် သူတို့သာ အထိနာသွားမည် ဖြစ်သည်။ သူတို့တွင်တော့ လူအင်အားမှာ လျော့နည်းသွားပြီ ဖြစ်သည်။
“မတိုက်ရင်ရော…”
မတိုက်လျှင်လည်း သူ့တွင် ရှိသမျှ ဂုဏ်သိက္ခာများဆုံးရှုံးသွားမည် ဖြစ်သည်။
သို့သော် အမှန်တရားက ခါးသီးပါသည်။ ဝမ်ရှိမျိုးနွယ်စုအကြီးအကဲတွင် ရွေးစရာ မရှိတော့ပါ။
“ပြန်ကြမယ်” ဝမ်ရှစ်သည် ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။
သို့သော် အားလုံးက အခုမှ ရောက်လာသော လူများကိုကြည့်နေသောကြောင့်၊ သူပြောလိုက်သည် ကိုမကြားလိုက်ကြပါ။ တချို့လူများက သူပြောသည်ကို ကြားလိုက်သော်လည်း၊ သဲကွဲစွာ ကြားလိုက်ကြခြင်း မဟုတ်ပါ။
“ဘာဖြစ်တာလဲ… အကြီးအကဲ… ဘာပြောလိုက်တာလဲ” တစ်ယောက်က မေးလိုက်သည်။
“ပြန်မယ်လို့ ပြောနေတာကွ” အကြီးအကဲက ဟောက်လိုက်သည်။ သူသည် ဒေါသထွက်လွန်း၍ အော်လိုက်ပြီးသောအခါ၊ သွေးများပင်
အန်ထွက်လာလေသည်။
ထိုအခါ ကျန်သူများမှာ ဘာတခွန်းမှ မပြောရဲတော့ပါ။ သူတို့သည် အခုလို အခွင့်အရေးကို လက်လွတ်မခံချင်သော်လည်း၊ အကြီးအကဲက ပြောနေပြီဖြစ်သောကြောင့် သူတို့အနေနှင့် တိုက်ခိုက်ရန် မဖြစ်တော့ပါ။သူတို့သည် အသက်မသေချင်သေးပါ။
ထို့ကြောင့် ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အားနည်းသွားသည့်အခါမှသာတိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
သားရဲများပျော်စံရာမြေ၊ မီးတောက်ဦးချိုမျိုးနွယ်စုတို့၏ ရွာထဲတွင်…။
ဝမ်ရှစ်မျိုးနွယ်စုဝင်များသည် တိတ်တဆိတ်လှုပ်ရှားနေကြကြောင်းကို ထာ့က သတင်းများ ရထားသည်။ သူတို့သည် မီးမျိုးစေ့မှ စွမ်းအင်နှင့် အကာအကွယ်ယူထားသော်လည်း၊ မီးမျိုးစေ့ပေါ်
တွင် ပုံအပ်ပြီး အားကိုး၍မဖြစ်သေးပါ။ မီးမျိုးစေ့၏ အစွမ်းသည်လည်း အကန့်အသတ်ရှိသည်။ မီးမျိုးစေ့မှ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင်၊ ၎င်းတို့သည် စစ်ပွဲများကို ဆင်နွှဲရမည် ဖြစ်သည်။အရင်အခေါက်များတုန်းက နတ်ဆေးဆရာသည် လူများစွာကို စေလွှတ်ခဲ့သော်လည်း၊ သူတို့က သဘောမတူခဲ့ပါ။ သို့သော် နတ်ဆေးဆရာ၏ အလိုကိုတော့ မဆန့်ကျင်ခဲ့ကြပါ။
ထာ့သည် သူ့လူများအား တိုက်ပွဲအတွက် အသင့်ပြင်ထားခိုင်းလိုက်ပြီး၊ နတ်ဆေးဆရာနှင့် စကားသွားပြောပါသည်။ သူတို့အနေနှင့် လူများကို နေရာအရင်ပြောင်းရွှေ့ထားသင့်သလား။ သူတို့၏ လူအင်အားမှာ ၂ခြမ်းကွဲနေသောကြောင့်၊ တိုက်ခိုက်ရမည်မှာ လွယ်ကူမည် မဟုတ်ပါ။ အခြေအနေများက ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကို ဘယ်သူကမှ မသိပါ။
ထာ့က နတ်ဆေးဆရာကို မေးကြည့်
သော်လည်း၊ နတ်ဆေးဆရာက မီးဖိုကြီးဘေးတွင် ရပ်နေပြီး တိတ်ဆိတ်နေပါသည်။ “မလိုသေးဘူး…”
“ဒါပေမဲ့…”
ထာ့က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း၊ နတ်ဆေးဆရာက “ အခုအချိန်မှာ ဘာမှပြင်ဆင်စရာ မလိုသေးဘူး… တိုက်ပွဲက အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာတော့မှာ… ဒါပေမဲ့ ဒီနေ့တော့ ဖြစ်လာဦးမှာ မဟုတ်ဘူး”
ထာ့သည် နတ်ဆေးဆရာကို နားမလည်နိုင်ဟန်ဖြင့်ကြည့်နေပါသည်။ သို့သော် ထာ့သည် ဘာမှပြန်မပြောတော့ဘဲ၊ မီးတောက်များကိုသာ စိုက်ကြည့်နေပါသည်။
မီးဖိုကြီးထဲတွင် မီးတောက်များက လူးလွန့်နေပါသည်။ မီးတောက်များသည် တဖြည်းဖြည်း ပိုကြီးလာပြီး၊ ပို၍ တောက်ပလာပါသည်။
နတ်ဆေးဆရာသည် ထိုမြင်ကွင်းကိုကြည့်ပြီး မျက်ရည်များကျလာသည်။ သူသည် အော့နှင့် လိုက်မသွားသော်လည်း၊ ဖြစ်ပေါ်လာတော့မည် အခြေအနေကို သိနေပါသည်။
“နှစ်တစ်ထောင်တောင် ရှိသွားပြီ” နတ်ဆေးဆရာက သက်ပြင်းချလိုက်သည်။
လွန်ခဲ့သောနှစ်၁၀၀၀က ဆိုလျှင်၊ မီးတောက်ဦးချိုမျိုးနွယ်စုသည် ပြည့်စုံကြွယ်ဝသော မျိုးနွယ်စု တစ်ခုဖြစ်သည်။ အခုတော့ အားလုံးက သူတို့ကို မေ့သွားကြပြီ ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ၊ သဘောထားကွဲလွဲမှုများ၊ မပြည့်စုံသော မီးမျိုးစေ့၊ အခြားသော အခက်အခဲများကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တဖြည်းဖြည်း အားနည်းလာကြခြင်း ဖြစ်သည်။ ဘိုးဘေးများသည် နံရံများပေါ်တွင် ပန်းချီများကို ဆွဲခဲ့တုန်းက ဘယ်လိုခံစားရမလဲ မသိသော်လည်း၊ သူတို့၏ ဘိုးဘေးကျန်းကတော့ နောင်လာနောင်သားများသည်
မီးတောက်ဦးချိုမျိုးနွယ်စုကို ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်နိုင်မည် ဟုယုံကြည်ခဲ့သည်။
“မီးတောက်ဦးချိုမျိုးနွယ်စု အစဉ်တိုးတက်စေရမယ်” နတ်ဆေးဆရာ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။
ထို့နောက် နတ်ဆေးဆရာသည် မီးဖိုကြီးထဲမှ မီးတောက်များကိုကြည့်ပြီး ရူးသွပ်သွားသူတစ်ယောက်ပမာ တဟားဟားအော်ရယ်နေပါတော့သည်။
နတ်ဆေးဆရာဘေးတွင် ရပ်နေသော ထာ့ကတော့ အံ့ဩလွန်းသဖြင့် ကြက်သေသေသွား၏။ “အဖိုးကြီး ရူးများသွားတာလား”
မီးဖိုကြီးထဲတွင်တော့ မီးတောက်များက တောက်လောင်နေဆဲပင် ဖြစ်သည်။ ထို့နောက် လေပြည်ညှင်းများတိုက်ခတ်လာပြီး၊ မီးတောက်ဦးချို၂ဖက်က တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ထာ့ကိုယ်ပေါ်တွင် နတ်အမှတ်အသားများလည်း ပေါ်လာပါသည်။
တစ်စုံတရာကို ခံစားလိုက်ရသဖြင့်၊ ထာ့သည် တောအုပ်ထဲသို့ စိုက်ကြည့်လိုက်ပါသည်။ ထာ့သည် ငှက်အော်သံများနှင့် သားရဲများ၏ အော်မြည်သံများကို ကြားလိုက်ရသည်။ သို့သော် သူခံစားလိုက်ရသည်မှာ သားရဲများကြောင့်မဟုတ်ပါ။ ထာ့သည် အရပ်မျက်နှာတစ်ခုကို စိုက်ကြည့်နေပြီး တစ်စုံတရာကို စောင့်ကြည့်နေပါသည်။
ထာ့သာမဟုတ်၊ အားလုံး၏ စိတ်ထဲတွင်လည်း ထူးခြားမှုတစ်ခုကို ခံစားနေရပါသည်။ ထို့ကြောင့် အားလုံးသည် လုပ်လက်စအလုပ်များကို လွှတ်ချပြီး၊ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပါသည်။
ကောင်းကင်ကြီးသည် မည်းမှောင်လာပြီး၊ နေရောင်ခြည်အလင်းတန်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုအခါ ညအမှောင်တွင် မီးတောက်များက ပိုထင်ရှားလာပါသည်။
ထိုအချိန်တွင် ၎င်းတို့သည် တောအုပ်ထဲမှ ထွက်ပေါ်လာသော ခြေသံများကို ကြားလိုက်ရပြီး၊ မီးမျိုးစေ့မှ အလင်းရောင်များထွက်ပေါ်လာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ခြေသံများမှာ ပိုမိုကျယ်လောင်လာပါတော့သည်။
***