မီးဖိုချောင်ဘက်တွင်တော့..
လင်းရန်တစ်ယောက် စုန့်ရှီးယန်အား လှမ်းခေါ်လိုက်ရုံသာရှိသေးသော်လည်း နောက်တစ်စက္ကန့်တွင်ပင် တစ်ဖက်လူက သူမ၏ ဘေးနားသို့ ရောက်ရှိလာသောကြောင့် အနည်းငယ်အံ့ဩသွားရသည်။
“ဘာလို့ ဒီလောက်မြန်မြန် ရောက်လာတာလဲ”
စုန့်ရှီးယန် ရှက်ရွံ့သွားရလေ၏။ သူ့အနေဖြင့် လင်းကျန်းအန်းနှင့် အတူဆက်မနေရဲသောကြောင့် အမြန်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်မခံချင်ခဲ့ပါချေ။
“ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့ ကိုယ် ဘာတွေ ကူသယ်ပေးရမလဲ၊ ချက်စရာတွေ ရှိသေးရင်တော့ ခဏနေမှပဲ အကုန် သယ်ပေးမယ်လေ”
သူသည်က အခန်းထဲသို့ စောစော ပြန်ဝင်ရမည့်အစား နောက်ကျမှသာ ဝင်ချင်နေခဲ့သည်။
သူ၏ ထူးဆန်းသောအမူအရာကြောင့် လင်းရန် အတော်လေး သံသယဝင်သွားခဲ့ရသည်။
သို့သော်လည်း စုန့်ရှီးယန်က ဤသို့ ဖြစ်ရသည့်အကြောင်းပြချက်ကို သူမ ခန့်မှန်းနိုင်ပေသည်။
သူမက တစ်ဖက်လူကို မျက်စောင်းထိုးပြီး ပြောလိုက်လေ၏။
“အဖေက ရှင့်ကို ကိုက်စားပစ်မှာ ကျနေတာပဲ!”
စုန့်ရှီးယန်က စိတ်ထဲမှသာ တိတ်တဆိတ် ညည်းညူနေမိသည်။
စားတော့ မစားပါဘူး။ ဒါပေမဲ့ လူကို စားမပစ်ရုံနဲ့ အဆင်ပြေတယ်လို့ မဆိုလိုဘူးလေ။
သူသည်က လင်းရန်နှင့် လက်ထပ်ထားသော်လည်း လင်းကျန်းအန်းနှင့် သူ၏ကြားတွင်တစ်ခုခုဖြစ်ခဲ့လျှင် လင်းရန်က သူမ၏ ဖခင်ဘက်မှသာ သေချာပေါက် ရပ်တည်မည်ဖြစ်ကြောင်း စုန့်ရှီးယန် ကောင်းစွာ သိရှိထားပေသည်။
ထို့ကြောင့် ယောက္ခမဖြစ်သူ၏ ငြိုငြင်မှုကို မခံရစေရန်အတွက် သူ၏ ရှေ့တွင် တစ်ဦးတည်း ရှိနေရမည့် အခြေအနေကို အတတ်နိုင်ဆုံး လျှော့ချနေခြင်းဖြစ်ပေ၏။
နောက်ဆုံးတွင် စုန့်ရှီးယန်က လင်းရန်နှင့်အတူ ဧည့်ခန်းသို့ ပြန်လည် ရောက်လာခဲ့သည်။
လင်းကျန်းအန်းမှာ စိတ်အခြေအနေ ကောင်းမွန်နေသော်လည်း စုန့်ရှီးယန်က သမီးဖြစ်သူ၏ နောက်မှ ပျင်းရိစွာလိုက်ပါလာသည်ကို မြင်ချိန်တွင် ဒေါသအနည်းငယ် ထွက်သွားရပြန်သည်။
“အဖေ .. ဒီရက်ပိုင်း အရမ်း အလုပ်များနေလို့လား၊ ဘာလို့ အရင်ကထက် ပိန်သွားသလိုခံစားနေရတာလဲ”
ဟင်းပွဲများကို စားပွဲပေါ်တွင် တင်ပြီးနောက် လင်းရန်နှင့် စုန့်ရှီးယန်တို့လည်း ဝင်ထိုင်လိုက်ကြလေသည်။
သို့သော် လင်းရန်က လင်းကျန်းအန်းအား ကြည့်လိုက်ပြီး သူ၏ အခြေအနေက သိပ်မကောင်းကြောင်းကို သတိပြုမိလိုက်ပေသည်။
သူက ပိန်သွားရုံသာမက သူ၏ မျက်နှာအမူအရာမှာလည်း ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိနေခဲ့ပေ။
“အဖေ..အိမ်မှာ ကိစ္စတစ်ခုခုဖြစ်နေလို့လား”
လင်းကျန်းအန်းက ခေါင်းခါပြီး ငြင်းဆိုလိုက်သည်။
“အိမ်မှာ အရာအားလုံး အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့”
“တကယ်လား ၊ အဖေ ကိစ္စတစ်ခုလာရှိနေရင် ကျွန်မကို မလိမ်နဲ့နော်.. ကျွန်မလည်း အခု ကူညီပေးနိုင်နေပြီ”
လင်းရန်က သံသယရှိနေဆဲ ဖြစ်ကြောင်းကို မြင်ချိန်တွင် လင်းကျန်းအန်းလည်း အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင်တော့ သမီးဖြစ်သူအား မလိမ်ညာရက်တော့ပါချေ။ သူ သက်ပြင်းချလိုက်ပြီးနောက် သူ ကြုံတွေ့နေရသော အခက်အခဲအချို့ကို ဖွင့်ဟပြောဆိုလိုက်လေသည်။
“အိမ်မှာတော့ အရာအားလုံး အဆင်ပြေတာ အမှန်ပဲ၊ ဒါပေမဲ့ စက်ရုံမှာတော့ပြဿနာ နည်းနည်း ရှိနေတယ်၊ ဒါပေမဲ့ သိပ်မကြီးပါဘူး၊ မကြာခင် ပြေလည်သွားမှာပါ”
ထို့နောက် သူက အသေးစိတ် အကြောင်းအရာများကို လင်းရန်အား ပြောပြလိုက်လေ၏။
လင်းရန်က လင်းကျန်းအန်း၏ အမြဲတစေချောမွေ့နေခဲ့သော ဆေးဝါးစက်ရုံတွင် ပြဿနာများ ပေါ်ပေါက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် စိုးရိမ်စိတ်များ များပြားလာခဲ့ရသည်။
“အဖေ.. အခု အဲဒီ ဆေးရုံနှစ်ခုနဲ့ ဆက်ပြီး ဆွေးနွေးဖို့ စိတ်ကူးရှိသေးလား”
“မရှိဘူး၊ တခြားဆေးရုံတွေကိုပဲ လိုက်ရှာပြီး နှစ်မကုန်ခင် ဆေးရုံအသစ်တစ်ခုလောက်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရအောင် ကြိုးစားကြည့်ရမှာပဲ”
လင်းကျန်းအန်း သက်ပြင်းချရင်း ပြောလိုက်လေသည်။
သို့မဟုတ်ပါက စက်ရုံရှိ အလုပ်သမား အားလုံးမှာ နှစ်သစ်ကူးတွင် စိတ်အေးရမည် မဟုတ်ပါချေ။
လင်းရန်က လင်းကျန်းအန်း၏ စကားများထဲမှ ဖိအားများကို ခံစားရသောကြောင့် စိတ်မကောင်းဖြစ်မိသွားရလေသည်။
ကိုယ်တိုင် စီးပွားရေး မလုပ်ကိုင်ဖူးပါက လူများစွာ၏ မျှော်လင့်ချက်များကို ပခုံးပေါ်တွင် ထမ်းတင်ထားရသည့် ဖိအားနှင့် တာဝန်ကို သိရှိနိုင်မည် မဟုတ်ပါချေ။
ဤဆေးဝါးစက်ရုံမှာ တပ်ဖွဲ့တစ်ခုလုံး၏ ပိုင်ဆိုင်မှု ဖြစ်နေလျှင်ပင် ကျန်ရှိသော လူများက ဤကိစ္စရပ်များကို မသိရှိကြပါချေ။
လုပ်ငန်းတိုးချဲ့ခြင်း၊ လူများနှင့် ဆက်သွယ်ခြင်းနှင့် ဖောက်သည် ရှာဖွေခြင်း အားလုံးကို လင်းကျန်းအန်း တစ်ဦးတည်းကသာ ကိုင်တွယ် ဖြေရှင်းနေရခြင်း ဖြစ်ပေ၏။
တစ်ခြားလူများသည်ကား တပ်ဖွဲ့တွင် ဆေးပင်စိုက်ပျိုးခြင်း၊ ဆေးပစ္စည်းများ စုဆောင်းခြင်းနှင့် လုပ်အားဖြင့် လုပ်ကိုင်ခြင်းများကိုသာ လုပ်ဆောင်ကြရသည်။
တခြားလူများက ကြိုးစားအားထုတ်ခြင်းမရှိဟု လင်းရန် ဆိုလိုခြင်း မဟုတ်ပါချေ။ သို့သော်လည်း လင်းကျန်းအန်း ရင်ဆိုင်နေရသော ဖိအားတို့က ပို၍ ကြီးမားလွန်းသည်ပင်။
“ဒါပေမဲ့ အဖေ... အဖေက ကျွန်မတို့ ပြည်နယ်နဲ့နီးကပ်တဲ့ တခြားပြည်နယ်တွေကို အရင်ကတည်းက သွားခဲ့ပြီးပြီမလား၊ အခု အစီအစဉ်အသစ်တွေ ထပ်လုပ်ချင်တယ်ဆိုရင် အဖေ အဝေးကြီးကို သွားနေတော့မှာပေါ့”
ဤနှစ်ဝက်အတွင်း လင်းကျန်းအန်းက နေရာအနှံ့ လှည့်ပတ်သွားနေခဲ့ရသည်။ တခြားဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရန်အတွက် အနီးမှပြည်နယ်များရှိ မည်သည့်ဆေးရုံကိုမျှ သူ လက်လွှတ်မခံခဲ့ပါချေ။
ထိုဆေးရုံထဲမှ တချို့က ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပြီး တချို့မှာလည်း ငြင်းပယ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ လင်းကျန်းအန်းအနေဖြင့် ထိုနေရာများသို့ ထပ်မံသွား၍မရတော့ချေ။
သို့ဖြစ်၍ သူသည်က နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအတွက် ဆွေးနွေးလိုပါက တစ်ခါမျှ မရောက်ဖူးသေးသော မြို့သစ်များသို့ သွားရလိမ့်မည်။
ထိုခရီးက မည်မျှအထိ ဝေးကွာနိုင်မည်နည်း။ ထို့အပြင် ယခုအချိန်တွင် နှစ်သစ်ကူးရန် နီးကပ်နေပြီဖြစ်သောကြောင့် ရာသီဥတုမှာလည်း အလွန်အမင်း အေးစက်နေသောကြောင့် အပြင်ဘက်တွင် လှည့်လည်သွားလာရခြင်းက အမှန်တကယ်ပင် ပင်ပန်းဆင်းရဲပေလိမ့်မည်။
သို့သော်လည်း လင်းကျန်းအန်း၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း သိနိုင်သောကြောင့် လင်းရန်လည်း ဆက်လက်၍ မဖျောင်းဖျတော့ပါချေ။
မည်သို့ပင်ဖြစ်စေ သူမ၏ဖခင်ကဲ့သို့ တာဝန်သိစိတ် ပြင်းထန်သူတစ်ဦးအား တားဆီးရန် မဖြစ်နိုင်ကြောင်းကို သူမ သိရှိထားသည်။
“အဲဒီဆေးဝါးစက်ရုံက တကယ်ကို ဆိုးရွားတာပဲ၊ ဈေးနှုန်းတွေကို အဲဒီလောက်အထိ နှိမ်ချထားတော့ တခြားလူတွေအတွက် ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ၊ နောက်ပိုင်းကျရင်လည်း ဈေးပြန်မတက်နိုင်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”
မဟုတ်ပါက ထိုဆေးရုံများမှာလည်း သူတို့နှင့် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ပါချေ။
လင်းရန်: “ဒါပေမဲ့ သူတို့တွေ ပိုက်ဆံအလုံအလောက် ရသွားတဲ့အချိန်ကျရင် စက်ရုံကို ဆက်မဖွင့်တော့မှာကိုပဲ စိုးရိမ်ရတယ်”
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ လက်ရှိစျေးနှုန်းအပေါ် အခွင့်ကောင်းယူ၍ တခြားသော ဆေးရုံများစွာက ဆက်သွယ်ပူးပေါင်းနိုင်သည်။
လင်းကျန်းအန်းနှင့် သူ၏ စက်ရုံအနေဖြင့် တစ်ဖက်လူ၏ လုပ်ငန်းများကို လုယူရန် ကြိုးပမ်းရန်အတွက်လည်းဖြစ်နိုင်မည် မဟုတ်ပါချေ။
တစ်ဖက်လူအတွက်တော့ လက်ရှိ အခြေအနေကို အသုံးချပြီး ငွေကြေးများစွာကို ရှာဖွေနိုင်သည်။
နောက်ပိုင်းတွင်တော့ မည်သည့်ဆေးရုံကမျှ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိတော့လျှင်ပင် သူတို့အတွက် အရှုံးမရှိနိုင်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် အကြီးမားဆုံးသော ဆုံးရှုံးမှုများကို ခံစားရမည့်သူများမှာ လင်းကျန်းအန်းတို့ကဲ့သို့သော လုပ်ငန်းကို အလုယူခံလိုက်ရသည့် ဆေးဝါးစက်ရုံများသာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ လက်ထဲတွင် ဆေးဖက်ဝင် ပစ္စည်းများစွာ ကျန်ရှိနေမည်ဖြစ်ကာ ရောင်းမထွက်ပါက ဆေးပင်များက ပုပ်သိုးပျက်စီးသွားနိုင်သည်ပင်။ ဤရလဒ်မှာ သူတို့ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပါချေ။
လင်းကျန်းအန်း ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။
“အင်း... အဖေလည်း ဒါကိုပဲ စိုးရိမ်နေတာ၊ ဒါကြောင့် အချိန်ရတုန်းမှာ တခြား ဆေးရုံအချို့ကို ထပ်ပြီး သွားကြည့်ဖို့ စီစဉ်ထားတယ်”
ယခု သူတို့တွင် ရှိနေသော တစ်ခုတည်းသောအားသာချက်မှာ အချိန်သာ ဖြစ်ပေသည်။ တစ်ဖက်လူက မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ အချိန်တိုအတွင်း ဆေးရုံအားလုံးကို လက်ဝါးကြီးအုပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် လင်းကျန်းအန်းအနေဖြင့် တစ်ဖက်လူ မရောက်ရှိသေးမီ ဆေးရုံတချို့သို့ အမြန်ဆုံး သွားရောက်ရပေလိမ့်မည်။
လင်းရန်သည်လည်း သူမ၏ဖခင် ပြောသကဲ့သို့ပင် တစ်ဖက်လူထက် ခြေတစ်လှမ်းဦးအောင် လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိရှိထားပေသည်။
ဖခင်နှင့် သမီးနှစ်ဦးလုံးက လင်းကျန်းအန်း၏ စက်ရုံအကြောင်းကို ပြောဆိုနေကြချိန်တွင် ဘေးနားတွင်ရှိနေသော စုန့်ရှီးယန်က အတွေးထဲတွင်နစ်မျောနေခဲ့ကာ တစ်စုံတစ်ခုကို စဉ်းစားနေခဲ့ကြောင်းကိုတော့ သတိမပြုမိခဲ့ကြပါချေ။
သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက သူ ယခုတလော စောင့်ကြည့်နေသော ဆေးဝါးစက်ရုံမှာ သူ၏ယောက္ခမ ပြောဆိုနေသည့် စက်ရုံပင် ဖြစ်ရပေမည်။
ထို့အပြင် ယနေ့ ဆေးရုံတွင် သူ မြင်တွေ့ခဲ့ရသည့်အတိုင်းဆိုပါက ထိုစက်ရုံမှ စေလွှတ်လိုက်သော လူနှစ်ဦးမှာ အမှန်တကယ်ပင် တခြားသော ဆေးရုံများသို့ ဆက်လက် သွားရောက်ရန် စီစဉ်နေခဲ့ကြလေ၏။
ယနေ့တွင်တော့ ကျိုးကျယ်ပင်း၏ ဝင်ရောက်ပါဝင်လိုက်မှုကြောင့်လည်း ဖြစ်နိုင်သည်။ ထိုလူနှစ်ဦးမှာ မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ကို မအောင်မြင်ခဲ့ပါချေ။
ထိုသူနှစ်ဦး ထွက်သွားပြီးနောက် စုန့်ရှီးယန်က ဆွေးနွေးမှု အသေးစိတ်ကို ကျိုးကျယ်ပင်းထံမှ ပြန်လည် မေးမြန်းခဲ့လေသည်။
သူတို့၏ ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် တစ်ဖက်လူက လင်းကျန်းအန်းတို့ စက်ရုံ၏ သွင်းဈေးထက် တစ်ဝက်နီးပါးအထိ စျေးလျှော့ချ၍ ကမ်းလှမ်းခဲ့ကြောင်း ကြားသိရချိန်တွင် ကျိုးကျယ်ပင်းသာမက စုန့်ရှီးယန်ပါ ကြောင်အမ်းသွားရလေသည်။
ကံကောင်းစွာဖြင့် ကျိုးကျယ်ပင်းနှင့် ဤကိစ္စကို တာဝန်ယူထားသော ဆရာဝန်ကြီး ဒေါက်တာတုန်တို့မှာ လင်းကျန်းအန်းကိုသာ ပို၍ ယုံကြည်ကြသည်။
ဆိုရလျှင် လင်းကျန်းအန်းဘက်မှအချိန်အတော်ကြာအောင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက်တွင် မည်သည့်ပြဿနာမျှ မရှိခဲ့ပေ။
လင်းကျန်းအန်းတို့ ပေးပို့တင်သွင်းလာသော ဆေးဝါးများမှာ အမြဲတစေ အရည်အသွေး ကောင်းမွန်နေတတ်သည်။
ထို့ကြောင့် တစ်ဖက်လူက ဈေးနှုန်း မည်မျှပင် နှိမ်၍ ကမ်းလှမ်းသည်ဖြစ်စေ ဒေါက်တာတုန်က ငြင်းပယ်ခဲ့ခြင်းသာဖြစ်လေ၏။
*
***