မြို့တော်ဆေးရုံ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရပြီးနောက် ထိုလူနှစ်ဦးမှာ မျက်နှာပျက်ယွင်းသွားကြလေ၏။ သူတို့က ဤဆေးရုံအနေဖြင့် အခွင့်အရေးကို အသုံးမချတတ်ကြောင်းနှင့် ဆေးရုံအတွက် ပိုက်ဆံ မချွေတာတတ်ကြောင်း ပြောဆိုသွားခဲ့ကြသည်။
သို့သော်လည်း သူတို့က လက်လျှော့ရန် စိတ်ကူးမရှိကြသေးပါချေ။
ဆေးရုံ၏ ယုံကြည်မှုကို ရရှိစေရန်အတွက် မနက်ဖြန်တွင် နောက်ထပ် ဆေးဝါးနမူနာများစွာ ယူဆောင်လာဦးမည်ဟု ဆိုသွားကြသေးသည်။
ကြည့်ရသည်မှာ ဤဆေးဝါး စက်ရုံက ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေပုံရပေသည်။
ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေခြင်းကြောင့် သာမန်ဆေးဝါးစက်ရုံငယ်လေးတစ်ခု မဟုတ်ကြောင်း သိနိုင်သည်။
သို့ဖြစ်၍ စုန့်ရှီးယန်က သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးအား ယနေ့ညတွင် ထိုသူနှစ်ဦးအား သေသေချာချာ စောင့်ကြည့်ရန် မှာလိုက်လေသည်။
အကယ်၍ သူတို့က တည်းခိုခန်းတွင် မအိပ်ဘဲ တစ်စုံတစ်ဦးနှင့် သွားရောက် တွေ့ဆုံမည်ဆိုပါက သူ့အား ချက်ချင်း လာရောက် အကြောင်းကြားရန် ပြောထားခဲ့သည်။
ထိုအကြောင်းကို တွေးမိချိန်တွင် စုန့်ရှီးယန်တစ်ယောက် ဆေးဝါးစက်ရုံအတွက် စိုးရိမ်နေကြသော လင်းကျန်းအန်းနှင့် လင်းရန်တို့အား သတိပေးစကား ပြောချင်သော်လည်း သူကိုယ်သူ ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ဤသည်မှာ သူ၏ တာဝန်သာ ဖြစ်ပေသည်။ လင်းရန်မှာ သူ၏ဇနီး ဖြစ်နေလျှင်ပင် တပ်၏ စည်းကမ်းများကို လိုက်နာရမည်ဖြစ်၍ တာဝန်နှင့် ပတ်သက်သောကိစ္စများကို သတိလက်လွတ် ဖွင့်ဟ၍မရပါချေ။
သို့ဖြစ်၍ နောက်ဆုံးတွင် သူ့အနေဖြင့် သူတို့နှစ်ဦးကို အရိပ်အမြွက်မျှသာ ပြောနိုင်ခဲ့သည်။
“ဒီလို ဆေးဝါးစက်ရုံမျိုးက ရေရှည် သွားနိုင်မှာ မဟုတ်ဘူး၊ အခြေအနေကိုပဲ စောင့်ကြည့်ကြတာပေါ့၊ အရမ်းလည်း စိတ်မပူပါနဲ့ဦး..
သူတို့က ရက်ပိုင်းအတွင်းမှာပဲ ဒေဝါလီခံသွားရတာမျိုးလည်း ဖြစ်နိုင်တာပဲမလား”
မည်သို့ပင်ဖြစ်စေ ထိုစက်ရုံမှာ သူတို့၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီဖြစ်၍ နောက်ပိုင်းတွင် ဆက်လက်၍ မောက်မာနိုင်တော့မည် မဟုတ်ပါချေ။
သို့သော်လည်း လင်းရန်နှင့် လင်းကျန်းအန်းနှစ်ယောက်လုံးက စုန့်ရှီးယန်၏ စကားကို အလေးအနက် မထားခဲ့ကြပါချေ။ သူက သူတို့အား နှစ်သိမ့်ပေးနေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။
စုန့်ရှီးယန်တစ်ယောက် သူ၏ စကားများကြောင့် ထိုသားအဖနှစ်ယောက်က စိတ်သက်သာရာရသွားခြင်းမရှိကြောင်းကို မြင်ချိန်တွင် ဤတာဝန်ကို အမြန်ဆုံး ပြီးပြတ်အောင် ဖြေရှင်းရန်သာ သူကိုယ်သူ တွေးတောလိုက်ရသည်။
ထိုသို့ လုပ်ဆောင်နိုင်မှသာ ယောက္ခမဖြစ်သူ လင်းကျန်းအန်းလည်း စိတ်အေးရမည် မဟုတ်ပါလား။
ထမင်းစားပြီးချိန်တွင် လင်းကျန်းအန်းက ထိုင်နေရာမှ ထလိုက်ပြီး တည်းခိုခန်းသို့ ပြန်ရန် ပြင်ဆင်လေသည်။ ထိုအချိန် စုန့်ရှီးယန်ကလည်း ထလိုက်ပြီး ပြောလာခဲ့သည်။
“အဖေ... ကျွန်တော် လိုက်ပို့ပေးမယ်”
ထိုစကားကြောင့် လင်းရန်နှင့် လင်းကျန်းအန်းတို့နှစ်ယောက်လုံး အံ့ဩတကြီးဖြင့် စုန့်ရှီးယန်ကို လှမ်းကြည့်လိုက်ကြလေ၏။
သူတို့နှစ်ဦးလုံးက စုန့်ရှီးယန်အနေဖြင့် လင်းကျန်းအန်းနှင့် နှစ်ဦးတည်းမရှိနေရဲကြောင်းကို သိရှိထားကြသည် မဟုတ်ပါလား။
သူတို့ ထမင်းမစားမီအချိန်တွင်ပင် ယောက္ခမဖြစ်သူနှင့် နှစ်ယောက်တည်း အတူရှိသည့် အချိန် နည်းပါးစေရန် မီးဖိုချောင်ထဲတွင် အချိန်ဆွဲနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
သို့ဖြစ်၍ အဘယ်ကြောင့် ယခုအချိန်မှသာ လင်းကျန်းအန်းအား တည်းခိုခန်းအထိ လိုက်ပို့မည်ဟု ကမ်းလှမ်းလာရသနည်း။
လင်းရန်အနေဖြင့် တစ်ဖက်လူက စကားအဖြစ်သာ ပြောဆိုနေခြင်း မဟုတ်ဘဲ အမှန်တကယ်လိုက်ပို့ချင်နေကြောင်းကိုတော့ သတိမပြုမိခဲ့ချေ။
သို့သော် လင်းကျန်းအန်းကတော့ စုန့်ရှီးယန်အား တစ်ချက်ကြည့်လိုက်ပြီး သူ့အား ပြောစရာ တစ်ခုခု ရှိနေပုံရကြောင်း ရိပ်မိသွားသည်။ နောက်ဆုံးတွင် သူက ခေါင်းညိတ်ပြ၍ ပြောလိုက်လေသည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း လိုက်ပို့ပေးလိုက်၊ ရန်ရန်... မင်း တစ်ယောက်တည်း အိမ်မှာရှိနေတုန်း ဂရုစိုက်နေနော်”
“ကောင်းပါပြီ အဖေ၊ အဖေလည်း မနက်ဖြန် ခရီးထွက်ရင် ဘေးကင်းအောင် ဂရုစိုက်ဦးနော်”
ထိုသို့ဖြင့် လင်းရန်က လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့အား တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့လေသည်။
စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့က လင်းရန်၏ အိမ်နှင့် အနည်းငယ် ဝေးကွာသော နေရာသို့ ရောက်ရှိလာမှသာ ရပ်တန့်လိုက်ကြသည်။
ထို့နောက် လင်းကျန်းအန်းက စုန့်ရှီးယန်ဘက်သို့ လှည့်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
“ပြောပါဦး... မင်း ငါ့နောက်ကို လိုက်လာတာက ငါ့ကို ပြောစရာ တစ်ခုခု ရှိလို့မလား”
စုန့်ရှီးယန်သည်ကား လင်းကျန်းအန်းက သူ၏ အစီအစဉ်ကို ရိပ်မိသွားသည်ကို မအံ့ဩပါချေ။ မည်သို့ပင်ဖြစ်စေ လင်းကျန်းအန်းမှာ အမြဲတမ်း အတွေးအခေါ် နက်နဲပြီး ထက်မြက်သူတစ်ဦး ဖြစ်ကြောင်းကို သူ သိရှိထားသည် မဟုတ်ပါလား။
သူ့ဘက်မှ ထိုသို့ မေးမြန်းလာသောကြောင့် စုန့်ရှီးယန်လည်း ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ သတင်းအချက်အလက် အချို့ကို ဖွင့်ဟပြီးပြောလိုက်တော့သည်။
“အဖေ... မနက်ဖြန်ကျရင် တခြား ပြည်နယ်တွေကို အလောတကြီး မသွားဖို့ ကျွန်တော် အကြံပြုချင်တယ်၊
ပြောရရင် အဖေ ခုနက ပြောပြတဲ့ ဆေးဝါးစက်ရုံက မသင်္ကာစရာကိစ္စတွေ ရှိနေတယ်၊ ဘာမှသာ ထူးထူးခြားခြား မဖြစ်ဘူးဆိုရင် နောက်တစ်လအတွင်းမှာ အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်”
စုန့်ရှီးယန်အနေဖြင့် ဤမျှလောက်သာ ပြောဆိုနိုင်သော်လည်း လင်းကျန်းအန်း၏ ထက်မြက်မှုအရ သူ၏ စကားထဲမှအဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
သေချာပေ၏။ လင်းကျန်းအန်းသည်လည်း သူ၏ စကားကို ကြားချိန်တွင် အတော်လေး အံ့ဩသွားပုံရသည်။
“မင်း ဆိုလိုတာက...”
“အဖေ.. အခုလောလောဆယ်တော့ ကျွန်တော် ဘာမှထပ်ပြောလို့မရသေးဘူး၊ ဒါပေမဲ့ ကျွန်တော့်ကို ယုံကြည်ပေးပါ၊ ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် ကျွန်တော် ဖြေရှင်းပေးပါ့မယ်”
စုန့်ရှီးယန်က လင်းကျန်းအန်းအား တည်ငြိမ်စွာဖြင့် ကတိပေးလိုက်လေသည်။
လင်းကျန်းအန်းသည်လည်း တစ်ဖက်လူ၏မျက်နှာမှလေးနက်မှုများကိုမြင်ချိန်တွင် သူမေးမြန်းချင်သောစကားများကို ပြန်လည် မျိုသိပ်လိုက်ရလေသည်။
“ကောင်းပြီ၊ ဒါဆို ငါ မနက်ဖြန် ခရီးမထွက်တော့ဘူး၊ မြို့ပေါ်မှာ နောက်ထပ် နှစ်ရက်လောက် နေပြီး အခြေအနေကို စောင့်ကြည့်ဦးမယ်”
“ကောင်းပါပြီ အဖေ၊ ဒါဆို ကျွန်တော် အဖေ့ကို တည်းခိုခန်းအထိ လိုက်ပို့ပေးပါ့မယ်”
“ရတယ်၊ ငါက ယောကျ်ားတစ်ယောက်ပဲ၊ မင်း လိုက်ပို့နေဖို့ မလိုပါဘူး.. မင်း အိမ်ကိုပဲအမြန် ပြန်လိုက်တော့၊ ရန်ရန် တစ်ယောက်တည်း အိမ်မှာရှိနေတာဆိုတော့ ငါ စိတ်မချဘူး”
နောက်ဆုံးတွင် လင်းကျန်းအန်းက စုန့်ရှီးယန်အား ပြန်ခိုင်းလိုက်ပြီး သူတစ်ဦးတည်းသာ တည်းခိုခန်းသို့ ပြန်လာခဲ့လေသည်။
သို့သော် လမ်းခရီးတွင်တော့ စုန့်ရှီးယန် ပေးခဲ့သော သတင်းအချက်အလက်များကိုသာ ထပ်ခါတလဲလဲ တွေးတောနေမိသည်။
သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ထိုဆေးဝါးစက်ရုံမှာ တချို့သော ဌာနများ၏ စောင့်ကြည့်ခြင်းကို ခံနေရပြီဖြစ်ကာ စုံစမ်းစစ်ဆေးမှုများအရလည်း ထိုစက်ရုံ၌ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့ရှိထားရခြင်းဖြစ်လိမ့်မည်။
ဆိုရလျှင် သာမန်ဆေးဝါးကုမ္ပဏီတစ်ခုအနေဖြင့် တစ်ဖက်လူများ၏ လမ်းစကို ပိတ်ပင်သည့် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့် လူတိုင်းက လမ်းစကိုချန်ထားလေ့ရှိကြသည် မဟုတ်ပါလား။
ဒီတော့ အဲဒီဆေးဝါးစက်ရုံရဲ့ နောက်ခံက ဘာတွေများရှိနေလောက်မလဲ။
လင်းကျန်းအန်းတစ်ယောက် ဆေးဝါးစက်ရုံအကြောင်းကို တွေးတောရင်းနှင့်ပင် တည်းခိုခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
တံခါးဝရှိ စားပွဲထိုးမှာ လင်းကျန်းအန်းနှင့် ရင်းနှီးနေပြီဖြစ်၍ သူ့ကို နှုတ်ဆက်လိုက်လေသည်။
“ရဲဘော်လင်း.. သမီးဖြစ်သူဆီကနေ ပြန်လာတာလား”
“ဟုတ်တယ်”
လင်းကျန်းအန်းက ရပ်တန့်လိုက်ပြီး စားပွဲထိုးနှင့် ယဉ်ကျေးစွာ စကားပြောဆိုနေခဲ့သည်။
သူတို့ စကားပြောနေချိန်မှာပင် လူနှစ်ဦးက စကားပြောနေရင်းဖြင့် တံခါးဝမှ ဝင်လာကြလေသည်။
“ငါ ပြောမယ်..မြို့တော်ဆေးရုံက အဲဒီအဘိုးကြီးကတော့ တကယ်ကို အရူးပဲ၊ ငါတို့က ဈေးနှုန်း ဒီလောက်အထိ နှိမ်ပေးထားတာတောင် မယူဘဲ ချွန်းဖုန်းဆေးဝါးစက်ရုံက ပစ္စည်းတွေကိုပဲ ယူနေသေးတယ်
ငါ စုံစမ်းကြည့်လိုက်တော့ အဲဒီစက်ရုံရဲ့ ဈေးက ငါတို့ထက် နှစ်ဆကျော်တောင် ပိုများနေတာလေ”
“သူက အရူးမဟုတ်ဘူး၊ တကယ့်ကို ဉာဏ်ကောင်းတဲ့ အဘိုးကြီးပဲ၊ ငါတို့ ဈေးနှုန်းက သက်သာနေတာကို သူ သိလို့ လောဘကြီးနေတာဖြစ်မယ်၊ သူက ငါတို့ကို ဖိအားပေးပြီး ဈေးနှုန်းကို ဒီထက် ထပ်နှိမ်ချင်နေတာပဲဖြစ်ရမယ်!”
“အာ.. မင်း ဆိုလိုတာက သူက ဈေးပိုနှိမ်ချင်လို့ ငါတို့ကို တမင် ငြင်းတာပေါ့ ဟုတ်လား၊ သေစမ်း .. ဒီ အဘိုးကြီးကတော့ တကယ့်ကို ဉာဏ်များတာပဲ!”
“ဒါပေမဲ့ ငါတို့ ပေးနိုင်တဲ့ အနိမ့်ဆုံး ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ၊ အဲဒီထက်ထပ်လျော့ရင်တော့ ငါတို့ စက်ရုံက အမြတ်ရနိုင်ပါဦးမလား”
ထိုသူနှစ်ဦးထဲမှ တစ်ဦးက သံသယဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
နောက်တစ်ဦးကလည်း တိကျသော အဖြေကို မပေးနိုင်ဘဲ ဤသို့သာ ပြောလိုက်လေသည်။
“ ငါလည်း မသိဘူး.. လက်ရှိ ဈေးနှုန်းအရဆိုရင်တော့ ငါတို့ အရှုံးပေါ်နေပြီလို့ ထင်တာပဲ၊ ဒါပေမဲ့ မင်း မြင်တဲ့အတိုင်းပဲလေ၊ စက်ရုံက ငါတို့ကို ပေးတဲ့ လစာက တစ်ဆင့်မှ တောင် မလျော့ဘူးမလား
ဒါဆို ပြီးတာပဲ၊ အများကြီး လျှောက်မတွေးပါနဲ့၊ မနက်ဖြန်ကျရင် ဒီမြို့တော်ဆေးရုံကိုရအောင်ထပ်ကြိုးစားကြတာပေါ့!”
ထိုလူနှစ်ဦးက စကားပြောနေရင်းဖြင့် လင်းကျန်းအန်း၏ အနောက်ဘက်မှ ဖြတ်ကျော်ကာ အပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားကြလေသည်။
လင်းကျန်းအန်းသည်ကား သူတို့၏ စကားထဲတွင် “မြို့တော်ဆေးရုံ” ဟူသော စကားလုံး ပါဝင်လာသည်နှင့် အာရုံစိုက်၍နားထောင်လိုက်မိပသည်။
ထိုလူနှစ်ဦးမှာ သူတို့၏ လုပ်ငန်းတူတစ်ဦးနှင့် ဤနေရာတွင် ဆုံတွေ့လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားကြပုံရပြီး စကားပြောဆိုရာတွင် ဖုံးကွယ်ခြင်း အနည်းကယ်မျှပင်မရှိဘဲ အရာအားလုံးကို ဖွင့်ဟပြောဆိုခဲ့ကြလေ၏။
ထိုသူတို့ အတော်လေးဝေးကွာသွားသည်အထိ ခြေသံများကို နားထောင်ပြီးနောက် လင်းကျန်းအန်းက သာမန်ကာလျှံကာအမူအရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်လျှင် ထိုသူနှစ်ဦး၏ နောက်ကျောများကို မြင်တွေ့လိုက်ရလေသည်။
ထိုသူနှစ်ဦးက ဆေးဝါးစက်ရုံမှ မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် စေလွှတ်လိုက်သော လူများ ဖြစ်နေလောက်သည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် တစ်ဖက်မှလူများနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါချေ။ တစ်ဖက်လူက သူ့ကို မသိသော်လည်း သူကတော့ တစ်ဖက်လူကို သိရှိသွားခဲ့ပေပြီ။
ရန်သူက အလင်းတွင်ရှိပြီး သူက အမှောင်တွင်ရှိနေသော ဤအခြေအနေက လင်းကျန်းအန်းအတွက် များစွာ အကျိုးရှိနေခဲ့သည်။
ထို့အပြင် စုန့်ရှီးယန်သည်လည်း ဤလူနှစ်ဦးကို စောင့်ကြည့်နေလောက်ပေသည်။
ဤတည်းခိုခန်းတွင် စုန့်ရှီးယန်တို့၏ လူများ ရှိ၊ မရှိကို သူ မသိသော်လည်း အကယ်၍ မရှိခဲ့လျှင် သူကိုယ်တိုင် ကူညီ၍ စောင့်ကြည့်ပေးနိုင်သည် မဟုတ်ပါလား။
လင်းကျန်းအန်း ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အလောတကြီး ထွက်မသွားတော့ပါချေ။ သူက ဤလူနှစ်ဦး ဆက်လုပ်မည့်အရာများကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။
…
***