နောက်တစ်နေ့ မနက်တွင်တော့ လင်းကျန်းအန်း ပုံမှန်ထက်စော၍ နိုးလာခဲ့သည်။
သူက ပစ္စည်းများကို အမြန်ဆုံး သိမ်းဆည်းလိုက်ပြီးနောက် အောက်ထပ်ရှိ တည်းခိုခန်း၏ ဧည့်ခန်းသို့ ဆင်းလာခဲ့လေသည်။
သူက စားပွဲထိုးနှင့် ရင်းနှီးနေသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့်စကားအနည်းငယ် သွားပြောခဲ့သည်။
သူက ယနေ့တွင် အတော်လေး အိပ်ပျော်သွားသောကြောင့် နောက်ကျမှ နိုးလာကြောင်းဦးစွာပြောခဲ့သည်။ ထို့နောက် ဧည့်ခန်းထဲတွင်လည်း တခြားလူများကို မတွေ့ရသေးသောကြောင့် အပြင်သို့ထွက်သွားကြပြီလားဟု မေးမြန်းလိုက်ပြန်၏။
စားပွဲထိုးကလည်း သူ၏ စကားကို သံသယမဝင်ပါချေ။ သူက လင်းကျန်းအန်းကို အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ရှင်ကသာ နောက်ကျမှ နိုးလာတယ်ပြောနေတာ၊ ဒီနေ့ အောက်ထပ်ကို ပထမဆုံး ဆင်းလာတဲ့သူက ရှင်ပဲလေ၊ တခြားလူတွေကတော့ အခုထိ အိပ်ရာထဲမှာ အိပ်နေကြတုန်း ထင်တယ်.. ဟားဟား”
စားပွဲထိုး၏ စကားကြောင့် လင်းကျန်းအန်းတစ်ယောက် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည်က တခြားသောလူများ၏ အခြေအနေကို ဂရုမစိုက်ပါချေ။
ထိုလူနှစ်ဦး အပြင်ထွက်သွားပြီလားဆိုသည်ကိုသာ သိလိုခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင်တော့ သူက အောက်ထပ်သို့ ပထမဆုံး ဆင်းလာသူဖြစ်ကြောင်းကို သိရှိရပြီပင်။
ဆက်လက် လုပ်ဆောင်ရမည့် တာဝန်မှာ အောက်ထပ်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းရန်နှင့် ထိုလူနှစ်ဦး ဆင်းလာသည့်အချိန်တွင် နောက်မှ လိုက်သွားရန်ပင် ဖြစ်ပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ထိုလူနှစ်ဦးလည်း နိုးလာကြပြီး ပစ္စည်းများကို ဖြည်းညင်းစွာ သိမ်းဆည်းကာ အောက်ထပ်သို့ ဆင်းလာကြလေသည်။
ထိုသူတို့ ဆင်းလာချိန်တွင် သူတို့၏ လက်ထဲ၌ အိတ်နှစ်အိတ်ကို သယ်ဆောင်လာကြ၏။
လင်းကျန်းအန်း၏ ဘေးမှ ဖြတ်သွားချိန်တွင်တော့ ထိုအိတ်ထဲမှဆေးဖက်ဝင် ပစ္စည်းများ၏ ရနံ့ကို သူ ရရှိလိုက်လေသည်။ ထို့ကြောင့် ထိုအိတ်များထဲတွင် ဆေးဝါးများရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ကြည့်ရသည်မှာ သူတို့က ယမန်နေ့ညက ပြောခဲ့သော အစီအစဉ်အတိုင်း မြို့တော်ဆေးရုံသို့ ထပ်မံ သွားကြဦးမည့်ပုံပင်။
လင်းကျန်းအန်းလည်း သူတို့ တည်းခိုခန်းမှ ထွက်သွားသည်နှင့် အနောက်ဘက်မှ ဖြည်းညင်းစွာ လိုက်ပါသွားခဲ့လေသည်။
ထို့အပြင် မနေ့ညက စုန့်ရှီးယန်၏ စကားများကြောင့် လင်းကျန်းအန်းအနေဖြင့် အပြင်သို့ ထွက်လာချိန်တွင် စုန့်ရှီးယန်က အကွယ်မှ စောင့်ကြည့်နေခြင်း ရှိ၊ မရှိ သိလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေခဲ့သေးသည်။
သို့သော်လည်း လင်းကျန်းအန်း မည်သို့မျှ ရှာဖွေသည်ဖြစ်စေ စုန့်ရှီးယန်အား မတွေ့ရှိခဲ့ပါချေ။
သို့သော် သူ့စိတ်ထဲတွင် စုန့်ရှီးယန်အပေါ် အထင်ကြီး လေးစားမှုများ ပေါ်ပေါက်လာခဲ့ရလေသည်။
ကြည့်ရသည်မှာ ဤကောင်လေး၏ စွမ်းဆောင်ရည်က သာမန်လူများ လိုက်မမီနိုင်လောက်အောင်ပင် မြင့်နေခဲ့သည့်ပုံပင်။
လင်းကျန်းအန်း ထိုလူနှစ်ဦး၏ နောက်မှ လိုက်ပါသွားပြီး မကြာမီမှာပင် စုန့်ရှီးယန်သည်လည်း လမ်းထောင့်တစ်ခုမှ ထွက်လာခဲ့လေသည်။
သူ့အနေဖြင့် လင်းကျန်းအန်းက ထိုလူနှစ်ဦး၏ အကြောင်းကို သိရှိသွားပြီး နောက်မှ လိုက်သွားမည်ဟု မမျှော်လင့်ခဲ့ပါချေ။
သို့သော်လည်း သတိကြီးစွာ ထားရမည်ဖြစ်သောကြောင့် သူ့အနေဖြင့် လင်းကျန်းအန်းနှင့်အတူ သွားရောက်ပူးပေါင်း၍ နောက်မှ လိုက်သွားခြင်းမျိုးမလုပ်ခဲ့ပေ။
သူက လင်းကျန်းအန်းနှင့် အတော်လေး ဝေးကွာသော နေရာမှနေ၍သာ ထိုလူနှစ်ဦးအား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့လေသည်။
နောက်ဆုံးတွင် စုန့်ရှီးယန်သည်လည်း ထိုလူနှစ်ဦး၏ နောက်မှ မြို့တော်ဆေးရုံသို့ လိုက်ပါလာခဲ့လေသည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူက အထဲသို့ ထပ်မံ မဝင်တော့ပါချေ။ မည်သို့ပင်ဖြစ်စေ ကျိုးကျယ်ပင်း ရှိနေသရွေ့ ဤလူနှစ်ဦးက မည်သို့သော အခြေအနေမျိုး၊ မည်သို့သော လျှော့ဈေးမျိုးကို ပေးနေလျှင်ပင် မြို့တော်ဆေးရုံဘက်မှ သူတို့နှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားသည်။
ယခု စုန့်ရှီးယန် စောင့်ဆိုင်းနေသည်မှာ ထိုလူနှစ်ဦးက မြို့တော်ဆေးရုံတွင် သူတို့၏ ရည်မှန်းချက် မအောင်မြင်သည့်အချိန်တွင် မည်သို့ ဆက်လက် လုပ်ဆောင်မည်နည်းဟူသောအချက်ကိုသာ ဖြစ်လေသည်။
ယမန်နေ့က စုန့်ရှီးယန် ဤလူနှစ်ဦး၏ အခြေအနေကို စုံစမ်းခဲ့သည်။
သူတို့မှာ လုပ်ငန်းတိုးချဲ့ရန်အတွက်သာ အပြင်သို့ထွက်လာကြသူများသာဖြစ်ပြီး စက်ရုံ၏ အဓိက တာဝန်ရှိသူများ မဟုတ်ကြောင်းကို သိရှိခဲ့ရသည်။
ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို မဆွေးနွေးနိုင်သည့်အချိန်တွင် သူတို့၌ တခြားသော အရန် အစီအစဉ်များရှိနိုင်သေးသည်။
အကယ်၍ သူတို့၏ အရန်အစီအစဉ်များ အားလုံးမှာလည်း အလုပ်မဖြစ်ခဲ့လျှင် သူတို့က မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် လုံးဝ လက်လျှော့လိုက်ကြမည်လား၊ သို့မဟုတ် အကြံဉာဏ်ပေးနိုင်မည့် တခြားလူများထံသို့ ဆက်သွယ်ကြမည်လားဟူသည်ကိုကြည့်ရမည်။
ဤဆေးဝါးကုမ္ပဏီမှာ ယခုတလော ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ကို ကြည့်လျှင် သူတို့၏ ရွေးချယ်မှုမှာ ဒုတိယနည်းလမ်းသာ ဖြစ်လိမ့်မည်ဟု စုန့်ရှီးယန်ယုံကြည်သည်။
သို့ဖြစ်၍ ယခု သူ လုပ်ဆောင်ရမည့်အလုပ်မှာ ကျိုးကျယ်ပင်းက ထိုသူနှစ်ဦးအား ပြတ်သားသော အမူအရာဖြင့် ထပ်မံ ငြင်းပယ်လိုက်မည့်အချိန်ကို စောင့်ဆိုင်းရန်နှင့် ထိုအချိန်တွင် သူတို့ ရှာဖွေမည့် နည်းလမ်းကို မျက်ခြေမပြတ် လိုက်လံစောင့်ကြည့်ရန်ပင် ဖြစ်ပေသည်။
ယခုတစ်ကြိမ်တွင်လည်း ကျိုးကျယ်ပင်းမှာ စုန့်ရှီးယန်အား စိတ်မပျက်စေခဲ့ပါချေ။ နာရီဝက်ပင် မပြည့်သေးမီမှာပင် ထိုလူနှစ်ဦးက ဆဲဆိုကြိမ်းမောင်းလျက် မြို့တော်ဆေးရုံအတွင်းမှ ထွက်လာကြသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
စုန့်ရှီးယန်က ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မဲ့ပြုံးတစ်ချက်ကို ပြုံးလိုက်မိ၏။
ကိစ္စရပ်များက သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာပုံရသည်။
ထိုလူနှစ်ဦး သူဘေးမှ ဖြတ်မသွားမီမှာပင် စုန့်ရှီးယန်က သူတို့ကို ကျောခိုင်းလိုက်ပြီး သူတို့၏ စကားဝိုင်းကို အာရုံစိုက်နားထောင်လိုက်သည်။
“ဒီလူတွေက ဘာဖြစ်နေကြတာလဲ.. လောဘတက်တာလည်း အတိုင်းအတာ ရှိရဦးမှာပေါ့၊ ငါတို့က အနိမ့်ဆုံး ဈေးနှုန်းအထိ ပေးထားတာတောင် မရသေးဘူးဆိုတော့ ဘာဆက်လုပ်ရမလဲ
ငါ ဒီအတိုင်းတော့ မပြန်ချင်ဘူး၊ မဟုတ်ရင် စက်ရုံမှူး ဆူပူတာကို ခံရမယ့်အပြင် လစာလည်း အဖြတ်ခံရဦးမှာ!”
“ဒါက ငါတို့ ထင်ထားတာထက် ပိုပြီး ခက်ခဲနေသလိုပဲ၊ သူတို့က ဈေးနှုန်းကို တကယ်ကြီး ဂရုမစိုက်ကြတာလို့တောင် ထင်တယ်
မင်း ပြောကြည့်.. သူတို့က ငါတို့ရဲ့ ဆေးဝါးတွေမှာ တစ်ခုခု မှားယွင်းနေတာကိုများ ရိပ်မိသွားကြတာလား”
“ရှူး... အသံတိုးတိုးပြောစမ်းပါ!”
ထိုသူနှစ်ဦးက လေသံကို လျှော့၍ ပြောဆိုကြရင်း တဖြည်းဖြည်း ဝေးကွာသွားကြသောကြောင့် စုန့်ရှီးယန်လည်း မည်သည်ကိုမျှ ထပ်မံ မကြားရတော့ပါချေ။
စုန့်ရှီးယန်၏ နောက်တွင်ရှိနေခဲ့သော လင်းကျန်းအန်းက စုန့်ရှီးယန်ကို မြင်တွေ့နေခဲ့ပေပြီ။
သို့သော် စုန့်ရှီးယန်က တာဝန်ဖြင့် ရှိနေခြင်းဖြစ်သောကြောင့် သူက စုန့်ရှီးယန်အား စကားမပြောဘဲ တစ်ချက်သာ ကြည့်လိုက်လေ၏။
ထို့နောက် သူ့ကို ဖြတ်ကျော်၍ ထိုလူနှစ်ဦး၏ နောက်မှ ဆက်လက် လိုက်သွားခဲ့လေသည်။
စုန့်ရှီးယန်သည်လည်း ယောက္ခမဖြစ်သူ လိုက်သွားသည်ကို မြင်ချိန်တွင် အနောက်မှ ထပ်ကြပ်မကွာလိုက်သွားခဲ့ပြန်သည်။
ဆိုရလျှင် သူတို့နှစ်ဦးလုံးက ထိုဆေးဝါးစက်ရုံမှ လူနှစ်ဦးမှာ တခြားသော ကိစ္စများ မလုပ်ဆောင်မီ တည်းခိုခန်းသို့ပြန်ကာ သူတို့၏ အိတ်များကို ထားခဲ့လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် မမျှော်လင့်ဘဲ ထိုလူနှစ်ဦးက အိတ်များကို သယ်ဆောင်လျက် နေရာတစ်ခုသို့ တိုက်ရိုက်ဦးတည်သွားခဲ့ကြလေ၏။
ထိုလူနှစ်ဦးက သူတို့ သွားချင်သည့် နေရာကို ရင်းနှီးပုံမရပါချေ။ သူတို့က အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ထိုစာရွက်ပေါ်တွင် ရေးထားသော လိပ်စာကို ကြည့်ကာ လမ်းရှာဖွေနေခဲ့ကြသည်။
သူတို့ ဦးတည်သွားသော လမ်းမှာ မြို့ဆင်ခြေဖုံးဘက်သို့ ဖြစ်နေပုံရသည်။
စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့မှာလည်း မြို့လယ်မှနေရာများကို ရင်းနှီးကြသော်လည်း မြို့အစွန်ရှိ နေရာများကိုတော့ သိပ်မသိရှိကြပါချေ။ ကံကောင်းစွာဖြင့် ထိုလူနှစ်ဦးကလည်း ဤဒေသကို လုံးဝ မရင်းနှီးကြသောကြောင့် သူတို့အား မျက်ခြေပြတ်သွားမည်ကို စိုးရိမ်စရာ မရှိခဲ့ချေ။
နောက်ဆုံးတွင် ထိုလူနှစ်ဦးက တိုက်ပုကလေး တစ်လုံး၏ တံခါးဝတွင် ရပ်တန့်လိုက်ကြသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
မြို့ဆင်ခြေဖုံးတွင် အိမ်ခြေများများစားစား မရှိသောကြောင့် မြေနေရာက အလွန်ပင် ကျယ်ဝန်းပြီး တစ်အိမ်နှင့် တစ်အိမ် အကွာအဝေးမှာလည်း များစွာ ဝေးကွာနေခဲ့သည်။
သို့သော်လည်း သူတို့က မြို့ပြနေ ပြည်သူများသာ ဖြစ်ကြသောကြောင့် ဤနေရာရှိ နေထိုင်သူ အများစုမှာ နေ့ခင်းဘက်တွင် အလုပ်သွားကြရသည်။
ထို့ကြောင့် ပတ်ဝန်းကျင်က အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
ထိုလူနှစ်ဦးက အိမ်အပြင်ရှိ အိမ်နံပါတ်ကို ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် ခြံဝင်းတစ်ခု၏ တံခါးဝတွင် ရပ်တန့်လိုက်ကြလေသည်။
“ဒီနေရာလား”
“လိပ်စာသာ မှန်မယ်ဆိုရင်တော့ ဒီနေရာပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် အရင်ဆုံး တံခါးခေါက်ပြီး မေးကြည့်ကြတာပေါ့
ငါတို့သာ ဖြေရှင်းချက်တစ်ခုလောက် အမြန်မရှာနိုင်ဘူးဆိုရင် နောက်ထပ် ဆေးရုံတစ်ခုကို ဘယ်လိုလုပ်သွားနိုင်တော့မှာလဲ”
“ကောင်းပြီ... ဒါဆို ငါ တံခါးသွားခေါက်လိုက်မယ်!”
ထိုသူနှစ်ဦးထဲမှ တစ်ဦးက သူ့ရှေ့မှ တံခါးကို အားပြင်းပြင်းနဲ့ ထုလိုက်ပြီး အထဲသို့ လှမ်းအော်လိုက်လေတော့သည်။
“ရဲဘော်စုန့် ရှိလား၊ ကျွန်တော်တို့က လီကျားတပ်မဟာက လာတာပါ!”
အနီးတွင် ပုန်းအောင်းနေသော လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့မှာ ထိုလူ၏ စကားကို ကြားရချိန်တွင် ခေတ္တမျှ အံ့သြသွားကြရသည်။
အထူးသဖြင့် “ရဲဘော်စုန့်” ဟူသော စကားလုံးကြောင့်ပင်။
စုန့်မျိုးရိုး နောက်တစ်ယောက်လား။ ဒီဘက်ခေတ်မှာ စုန့်မျိုးရိုးတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။
သူတို့အနေဖြင့် တိုက်ဆိုင်မှုတစ်ခုဟုသာ ထင်မှတ်နေခဲ့သော်လည်း အထဲမှ တံခါးပွင့်လာပြီး လူတစ်ယောက် ထွက်လာချိန်တွင်တော့ နှစ်ဦးလုံး ကြောင်အမ်းသွားကြရလေတော့သည်။
ခြံဝင်းတံခါးက လျင်မြန်စွာ ပွင့်လာခဲ့ပြီးနောက် စုန့်ဝေ့ ထွက်လာခဲ့လေသည်။
စုန့်ဝေ့လား။
ဘာလို့ သူ ဖြစ်နေရတာလဲ!
“မင်းတို့ နှစ်ယောက်က.. ဘယ်သူတွေလဲ”
“ ခင်ဗျားက ရဲဘော်စုန့်မလား. ကျွန်တော်တို့ကို ဦးလေးဟွားက လွှတ်လိုက်တာပါ၊ ဦးလေးဟွားကိုတော့ ခင်ဗျား မှတ်မိမှာပါ၊ သူက...”
“သိပြီ၊ အရင်ဆုံး အထဲကိုဝင်ကြဦး ပြောစရာ ရှိတာတွေကိုတော့ အထဲရောက်မှပဲ အေးအေးဆေးဆေးပြောကြတာပေါ့!”
ထိုသို့ ပြောပြီးသည်နှင့် စုန့်ဝေ့က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
မည်သူမျှ သတိမထားမိသည်ကို မြင်ရမှသာ ထိုလူနှစ်ဦးအား အိမ်ထဲသို့ အမြန်ခေါ်သွင်းလိုက်လေ၏။
ခြံဝင်းတံခါးက ပြန်လည် ပိတ်သွားပြီး သူတို့ သုံးဦးလုံး အိမ်ထဲသို့ ဝင်သွားသည်ကို မြင်ရမှသာ စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့လည်း ပုန်းအောင်းနေသော နေရာမှ ထွက်လာခဲ့ကြသည်။
*
***