ထိုလူနှစ်ဦးသည်ကား စုန့်ဝေ့က ဤမျှအထိ အလျှော့ပေးခိုင်းသည်ကို ကြားချိန်တွင် နှမျောလာကြပြီး ဆက်လက်၍ ဖျောင်းဖျရန် ကြိုးစားကြသေးသည်။
သို့သော်လည်း စုန့်ဝေ့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်ချိန်တွင်တော့ ညွှန်ကြားချက်ကို ရိုးသားစွာ နာခံရန်သာ တတ်နိုင်ကြတော့၏။
တကယ်တမ်းတွင် သူတို့၏ စက်ရုံမှူးကလည်း ဖြေရှင်း၍မရသော ပြဿနာတစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက စုန့်ဝေ့၏ စကားကို နားထောင်ရန် မှာလိုက်လေသည်။
သူကိုယ်တိုင်ပင် ထိုသို့ပြောထားသည်ဖြစ်၍ သူတို့အနေဖြင့်လည်း နာခံရန်သာ လုပ်နိုင်ပေသည်။
ထိုလူနှစ်ဦးက အချိန်ကြာကြာ မနေခဲ့ကြဘဲ စုန့်ဝေ့ထံမှ အဖြေရရှိပြီးသည်နှင့် ပြန်လည်ထွက်ခွာသွားကြလေ၏။
အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လင်းကျန်းအန်းက ထိုလူနှစ်ဦး ထွက်ခွာသွားသည်ကို မြင်ချိန်တွင် ခေတ္တမျှ စောင့်ဆိုင်းပြီးမှ သူတို့၏နောက်သို့ လိုက်သွားခဲ့သည်။
လီရှို့လီတစ်ယောက် အစားအသောက်နှင့် ရေနွေးကြမ်းကို ပြင်ဆင်ပြီးဝင်လာချိန်တွင် ဧည့်သည်များ ပြန်သွားကြပြီဖြစ်ကြောင်း သိလိုက်ရကာ အံ့သြငွားရလေ၏။
“ဟင်.. သူတို့က ဘာလို့ ပြန်သွားကြတာလဲ၊ ခုနကပဲ ကျွေးမွေးဖို့ ပြင်ခိုင်းထားတာမဟုတ်ဘူးလား”
စုန့်ဝေ့လည်း သူမ၏စကားကို ကြားချိန်တွင် ရေတစ်ငုံလောက် သောက်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ပြန်ရင်လည်း ပြန်ပါစေပေါ့၊ ဆူညံဆူညံ လုပ်မနေနဲ့၊ သူတို့ မနက်ဖြန်ကျရင် ပြန်လာကြဦးမှာ”
မနက်ဖြန် ပြန်လာကြဦးမှာလား။
ကြည့်ရတာ ကိစ္စက မပြတ်သေးတဲ့ပုံပဲ။
လီရှို့လီတစ်ယောက် စပ်စုလိုစိတ်များ ပြင်းပြနေသော်လည်း စုန့်ဝေ့က သူမကို အမှန်အတိုင်း ပြောပြမည်မဟုတ်ကြောင်းကို သိထားသောကြောင့် နှုတ်ခမ်းကိုသာ မဲ့လိုက်ပြီး ဆက်မမေးတော့ပေ။
တစ်ဖက်တွင်လည်း စုန့်ရှီးယန်က ဤကိစ္စတွင် စုန့်ဝေ့ ပါဝင်ပတ်သက်နေကြောင်းကို တခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးအား ပြောပြလိုက်ပြီး လွန်ခဲ့သည့် လအနည်းငယ်အတွင်း စုန့်ဝေ့၏ လှုပ်ရှားမှုအချို့ကို စုံစမ်းစစ်ဆေးပေးရန် အကူအညီတောင်းခံလိုက်၏။
စုံစမ်းစစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာရန် ရက်အနည်းငယ် ကြာနိုင်သောကြောင့် စုန့်ရှီးယန်က ဤနှစ်ရက်အတွင်း ထိုလူနှစ်ဦးကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ပြီး၊ လက်ရှိတွင် စုန့်ဝေ့ကိုပါ ထည့်သွင်းစောင့်ကြည့်ရတော့မည်ပင်။
ညနေပိုင်းတွင် လင်းကျန်းအန်းက ကတိပေးထားသည့်အတိုင်း လင်းရန်၏ အိမ်သို့ ရောက်ရှိလာခဲ့၏။
လင်းရန်တစ်ယောက် ဖခင်ဖြစ်သူက ယနေ့ ထွက်မသွားသေးသည်ကို မြင်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူမကို အတွင်းရေးများအား ပြောပြခြင်း မရှိခဲ့ကြပေ။
လင်းကျန်းအန်းက ဤသို့သာ ရှင်းပြလိုက်လေသည်။
“အစီအစဉ်ထဲမှာ ယာယီအပြောင်းအလဲလေးတွေ ရှိနေသေးလို့ မြို့ထဲမှာ နောက်ထပ် ရက်နညားနည်းလောက် နေပြီးမှပဲ ဆုံးဖြတ်တော့မယ်”
ဖခင်ဖြစ်သူတွင် ကိုယ်ပိုင်အစီအစဉ် ရှိနေသည်ကို မြင်သောကြောင့် လင်းရန်လည်း ထပ်မံ၍ မမေးမြန်းတော့ပေ။
သို့သော်လည်း ထမင်းစားပြီးနောက် စုန့်ရှီးယန်က ဖခင်ဖြစ်သူကို တည်းခိုခန်းသို့ လိုက်ပို့ရန် ထပ်မံပြောလာသည်ကို သူမ တွေ့လိုက်ရသည်။
ထိုစကားကြောင့် လင်းရန်က စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်မိလေ၏။
ထူးဆန်းလွန်းနေပေပြီ။
ယမန်နေ့က စုန့်ရှီးယန် ပြောလာချိန်က ယဉ်ကျေးမှုအရပြောခဲ့ရုံသက်သက်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယနေ့တွင်လည်း ထိုသူက ထပ်မံ၍ လိုက်ပို့ရန် ပြင်နေပြန်သည်။
ဒါကဘာဖြစ်တာလဲ။ တစ်ကြိမ လိုက်ပို့ဖူးရုံနှင့် အကျင့်ပါသွားတာလား။
လင်းရန်၏ နားမလည်နိုင်သော အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့နှစ်ဦးလုံးက သူမကို မကြည့်ဘဲ တိတ်တဆိတ်သာ မျက်နှာလွှဲလိုက်ကြ၏။
ဟမ့်..ဒီလူနှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခုတော့ ရှိနေတာပဲ!
လင်းရန်က သူတို့နှစ်ဦးကို အဓိပ္ပာယ်အပြည့်နှင့် စိုက်ကြည့်လိုက်ပြီး စုန့်ရှီးယန် ပြန်လာသည့်အချိန်မှသာ သေသေချာချာ ‘စစ်မေး’ ရမည်ဟု ကြံစည်ထားလိုက်လေသည်။
စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့က ထမင်းစားသောက်ပြီးသည်နှင့် တည်းခိုခန်းရှိရာသို့ ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။
လမ်းသို့ရောက်လျှင် လင်းကျန်းအန်းက နေ့ခင်းပိုင်းက ထိုလူနှစ်ဦး စုန့်ဝေ့၏ အိမ်မှ ထွက်လာပြီးနောက်သွားလာလှုပ်ရှားမှုများကို စုန့်ရှီးယန်အား ပြောပြလိုက်၏။
ထိုလူနှစ်ဦးက စုန့်ဝေ့၏အိမ်မှ ထွက်လာပြီးနောက် တခြားမည်သည်ကိုမျှ မလုပ်ဆောင်ကြသေးပေ။
သူတို့က မြို့ထဲတွင် လှည့်ပတ်သွားလာပြီးနောက် အစိုးရပိုင် စားသောက်ဆိုင်တွင် ထမင်းစားကာ တည်းခိုခန်းသို့ ပြန်သွားကြသည်။
တစ်နေကုန်နှင့် ညနေပိုင်းအထိ တည်းခိုခန်းထဲ၌သာ နေထိုင်ခဲ့ကြပြီးမှ အပြင်ထွက်၍ ထမင်းစားကာ အပေါ်ထပ်သို့ ပြန်တက်သွားခဲ့ကြပြန်သည်။
သူတို့၏ အခြေအနေအရ ကြည့်ရသည်မှာ ညဘက်တွင်လည်း ပြန်ထွက်လာရန် အခွင့်အလမ်းနည်းပါးပေသည်။
စုန့်ရှီးယန်က ထိုအကြောင်းကို ကြားသိရပြီးနောက် ပိုမို နားလည်သွားခဲ့၏။
“ကျွန်တော်တို့တွေ မနက်ဖြန် သူတို့ရဲ့လှုပ်ရှားမှုတွေကို သတိထားရမယ်၊ ဒီနေ့ သူတို့က စုန့်ဝေ့ဆီ သွားခဲ့ကြတယ်ဆိုတော့ စုန့်ဝေ့က သူတို့ကို တစ်ခုခု ညွှန်ကြားလိုက်တာ ဒါမှမဟုတ် ရှင်းပြလိုက်တာမျိုး ရှိမှာပဲ၊
အဲဒါကြောင့် မနက်ဖြန် သူတို့ ဘာလုပ်မလဲဆိုတာက အရမ်းကို အရေးကြီးတယ်”
တကယ်တမ်းတွင် စုန့်ရှီးယန် သတိပေးရန်ပင်မလိုဘဲ လင်းကျန်းအန်းကလည်း ဤသည်ကို ခန့်မှန်းမိပြီးဖြစ်၍ မနက်ဖြန်တွင် ထိုလူနှစ်ဦးကို ဆက်လက် စောင့်ကြည့်ရန် စီစဉ်ထားပြီး ဖြစ်သည်။
သို့သော်လည်း မနက်ဖြန်အတွက် အစီအစဉ်များ ရှိထားသော်ငြားလည်း စုန့်ရှီးယန်ဘက်မှ သတင်းကိုတော့ သူ စိတ်မအေးနိုင်သေးသောကြောင့် စုန့်ရှီးယန်ကို ပြောလိုက်မိလေသည်။
“စုန့်ဝေ့ဆီက သတင်းတစ်ခုခု ရလာရင် အဖေ့ကို အကြောင်းကြားပေးဦး”
ယခုအချိန်တွင် စုန့်ဝေ့က ဆေးဝါးကုမ္ပဏီနှင့် ဆက်သွယ်မှု ရှိနေကြောင်းကို သိရှိရသောကြောင့် လင်းကျန်းအန်းအနေဖြင့် အတွေးလွန်နေမိနေခြင်းလား မသိသော်လည်း၊ စုန့်ဝေ့က ဤကိစ္စတွင် ပါဝင်ပတ်သက်နေခြင်းမှာ သူနှင့် တစ်စုံတစ်ရာ ပတ်သက်နေနိုင်သည်ဟူ၍ ခံစားနေရလေ၏။
“ကောင်းပါပြီ... စုံစမ်းစစ်ဆေးမှုကနေ သတင်းရတာနဲ့ အဖေ့ကို ကျွန်တော် အကြောင်းကြားပါ့မယ်၊ ဒါဆို ကျွန်တော် အရင်ပြန်နှင့်တော့မယ်နော်၊ အဖေလည်း လမ်းမှာ ဂရုစိုက်ပါဦး”
လင်းကျန်းအန်းထံမှ ခွင့်ပြုချက်ကို ရရှိပြီးနောက် စုန့်ရှီးယန်လည်း အိမ်သို့ လှည့်ပြန်လာခဲ့လေ၏။
သို့သော်လည်း မမျှော်လင့်ဘဲ အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လင်းရန်၏ တင်းမာသောမျက်နှာဖြင့်တားဆီးခြင်းကို ခံလိုက်ရပြီး စစ်မေးခြင်း ခံရတော့သည်။
“ပြောပါဦး... ရှင်နဲ့ ကျွန်မရဲ့အဖေ ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားကြတယ်မလား၊ ရှင်တို့နှစ်ယောက် ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေကြတာလဲ၊ ကျွန်မကို ဘာမှ ပြောပြလို့ မရဘူးလား”
စုန့်ရှီးယန်အနေဖြင့် လင်းရန်၏ အာရုံခံစားမှု ဤမျှအထိ ထက်မြက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် ချက်ချင်းပင် စိတ်သက်သာရာရမှုနှင့်အတူ အကူအညီမဲ့မှုကိုပါ ခံစားလိုက်ရ၏။
သို့သော်လည်း ရည်မှန်းချက် မအောင်မြင်မချင်း လက်လျှော့မည့်ပုံမပေါ်သော လင်းရန်၏ အကြည့်များကို ကြည့်ရင်း သူ ဤသို့သာ ပြောနိုင်တော့သည်။
“ကိုယ် အဖေနဲ့အတူ ဖြေရှင်းစရာ ကိစ္စလေးတစ်ခု ရှိနေတာ၊ ဒီကိစ္စ ပြေလည်သွားတာနဲ့ ကိုယာရတို့ နှစ်ယောက်လုံးရန်ရန်ကို ပြောပြပါ့မယ်၊ ဟုတ်ပြီလား”
လင်းရန်ကလည်း အမှန်တရားကို အတင်းအကျပ် မမေးမြန်းတော့ပေ။ သူမ သိချင်သည်မှာ ၎င်းတို့နှစ်ဦးကြားတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေခြင်း ရှိ၊ မရှိ အတည်ပြုလိုရုံသာ ဖြစ်၏။ ယခုအချိန်တွင် စုန့်ရှီးယန်ထံမှ အတည်ပြုချက် ရရှိပြီးဖြစ်သောကြောင့် သူမ ထပ်မံ၍ အကျပ်ကိုင်ခြင်းမရှိတော့ပေ။
ထို့အပြင် သူမ သေသေချာချာ စဉ်းစားကြည့်ပြီးနောက် သူတို့နှစ်ဦး အတူဖြေရှင်းရမည့် အကြောင်းရင်းကို ခန့်မှန်း၍ ရနိုင်ပေသည်။
မကြာသေးမီက ဖခင်ဖြစ်သူ စိုးရိမ်ပူပန်နေရသည်မှာ ဆေးဝါးကုမ္ပဏီ၏ စီးပွားရေးကို လုယူခံနေရသည့် ကိစ္စတစ်ခုသာ ရှိပေသည်။
စုန့်ရှီးယန်၏ ယခုတစ်ခေါက် တာဝန်သည်လည်း ဤကိစ္စနှင့် ပတ်သက်နေနိုင်ခြေများသည်။
တပ်က အခု ဒေသတွင်းကိစ္စရပ်တွေကိုပါ ဝင်ရောက်ပြီးကိုင်တွယ်နေရပြီလား။ ဒါက ဘယ်လို အခြေအနေမျိုးဖြစ်နေတာလဲ။
လင်းရန်တစ်ယောက် စိတ်ရှုပ်ထွေးနေမိပြီး ဤကိစ္စကို အမြန်ဆုံး ပြေလည်သွားရန်လည်း မျှော်လင့်နေမိသည်။
နောက်တစ်နေ့တွင်တော့ လင်းကျန်းအန်း စောင့်ကြည့်နေချိန်မှာပင် ထိုလူနှစ်ဦးက ဆေးဘက်ဝင်ပစ္စည်းများကို ထပ်မံယူဆောင်ပြီး တည်းခိုခန်းမှ ဆေးရုံသို့ ထွက်ခွာသွားကြပြန်သည်။
အပြင်ဘက်တွင် စောင့်နေသော စုန့်ရှီးယန်လည်း ထိုလူနှစ်ဦး ထွက်ခွာသွားသည့် ဦးတည်ရာကို မြင်သည်နှင့် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်၏။
သူ၏ မျက်နှာအမူအရာက လေးနက်သွားပြီးနောက် ချက်ချင်းပင် ဖြတ်လမ်းမှသွားကာ ထိုလူနှစ်ဦးထက် ဦးစွာ ဆေးရုံသို့ရောက်ရှိသွားခဲ့လေသည်။
သူ ဆေးရုံထဲသို့ရောက်သည်နှင့် ကျိုးကျယ်ပင်းထံသို့ တိုက်ရိုက်သွားခဲ့ပြီး သူ၏ အစီအစဉ်ကို ပြောပြလိုက်ကာ ထိုလူနှစ်ဦး မရောက်လာမီ ဆေးရုံမှ ပြန်ထွက်လာခဲ့၏။
ထိုလူနှစ်ဦး ဆေးရုံထဲသို့ ဝင်သွားသည်ကို မြင်ပြီးနောက်မှသာ အပြင်ဘက်တွင်ကျန်ခဲ့သည်် လင်းကျန်းအန်းနှင့် သွားရောက်တွေ့ဆုံလိုက်လေသည်။
“မင်း ဆေးရုံထဲကို ကြိုသွားတာက ကိစ္စတစ်ခုခု စီစဉ်ထားလို့လား”
သူ ဆေးရုံထဲမှ ပြန်ထွက်လာသည်ကို မြင်သောကြောင့် လင်းကျန်းအန်းက နားမလည်နိုင်စွာ မေးလိုက်လေ၏။
စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ လှုပ်ရှားမှုများကို လင်းကျန်းအန်းထံမှ ဖုံးကွယ်၍ မရနိုင်ကြောင်းကို သိထားသောကြောင့် ကျိုးကျယ်ပင်းအား မည်သို့ လုပ်ဆောင်ရန် မှာကြားခဲ့သည်ကို လင်းကျန်းအန်းအား ပြောပြလိုက်လေ၏။
ထိုအကြောင်းကို ကြားရချိန်တွင် လင်းကျန်းအန်းက စုန့်ရှီးယန်အား ရှားရှားပါးပါး ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“ဒါက အကြံကောင်းပဲ”
စုန့်ရှီးယန်မှာလည်း ယောက္ခမဖြစ်သူထံမှ အသိအမှတ်ပြုမှုကို ရရှိခဲ့သောကြောင့် အလွန်ပင် ကျေနပ်သွားရ၏။
“တခြား ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူးဆိုရင်တော့ ကျွန်တော်တို့တွေ စုန့်ဝေ့ကို လူမြင်ကွင်းမှာပဲ ဖမ်းဆီးနိုင်တော့မှာပါ”
လင်းကျန်းအန်းလည်း သူနှင့် စကားပြောရင်းဖြင့် ထိုမြင်ကွင်းကို စတင် မျှော်လင့်နေမိခဲ့သည်။
ထိုအချိန်တွင် ဆေးရုံတွင်ရှိနေသော ဒေါက်တာတုန်၏ ရုံးခန်း၌ ...
သူတို့၏ ဆေးရုံမှ ငြင်းပယ်ခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံထားရသော လူများ ထပ်မံ ပေါ်လာသည်ကို မြင်ချိန်တွင် ဒေါက်တာတုန်မှာ ၎င်းတို့နှင့် ငြင်းခုံရန် အင်အားပင် မရှိတော့သကဲ့သို့ ခံစားလိုက်ရ၏။
“ခင်ဗျားတို့ နှစ်ယောက် ဘာလို့ ဒီကို ထပ်ရောက်လာပြန်တာလဲ၊ ကျွန်တော်တို့ ဆေးရုံက ဆေးဝါးစက်ရုံပြောင်းဖို့ အစီအစဉ် မရှိဘူးလို့ သေသေချာချာပြောထားပြီးပြီ မဟုတ်ဘူးလား”
ဒေါက်တာတုန်က ထိုလူနှစ်ဦးကို ထပ်မံမောင်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် ကျိုးကျယ်ပင်းက တံခါးဝတွင် ရုတ်တရက် ပေါ်လာလေသည်။
သူက တံခါးကိုခေါက်ကာ အထဲသို့ လှမ်းဝင်လာခဲ့၏။
*
***