သူက အခန်းထဲမှ အခြေအနေကို မြင်ချိန်တွင် အံ့အားသင့်သွားသကဲ့သို့ ဟန်ဆောင်လိုက်ပြီး မေးလာခဲ့သည်။
“ဒေါက်တာတုန်.. ကျွန်တော်ရောက်လာတာ အနှောင့်အယှက်များ ဖြစ်သွားလား”
“မဟုတ်တာ... ရှောင်ကျိုး၊ မင်း ဘာကိစ္စရှိလို့လဲ၊ တစ်ခုခုလိုအပ်လို့လား”
“အိုး... ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဆရာ့ကို စကားနည်းနည်းလောက် ပြောချင်လို့ပါ၊ ဒါပေမဲ့ အခု အခြေအနေကို ကြည့်ရတာတော့ ကျွန်တော့်ရဲ့ ကိစ္စအသေးအမွှားလေးတွေကို နောက်မှပဲ ပြောပါတော့မယ်”
ဒေါက်တာတုန်က ထိုစကားကို ကြားလျှင် ထပ်မံ၍မတိုက်တွန်းခဲ့တော့ပေ။ ထိုအစား ကျိုးကျယ်ပင်းလည်း ရောက်ရှိနေပြီဖြစ်သောကြောင့် သူ ခေါင်းခဲနေရသည့် ကိစ္စကို ပြောပြရန် အမြန်လှမ်းခေါ်လိုက်လေ၏။
“ဒီရဲဘော်နှစ်ယောက်က အတော်လေး ဇွဲကောင်းကြတယ်၊ မနေ့ကလည်း ငါပြောစရာစကားတွေ အကုန်ပြောပြီးသလောက်ရှိပြီ၊ ဒါတောင် သူတို့က အခုထိ လက်မလျှော့ကြသေးဘူး၊ ဟင်း.. ငါတော့ ထပ်ပြီး မပြောချင်တော့ဘူး၊ ရှောင်ကျိုး... မင်းပဲ သူတို့ကို ပြောပြလိုက်ပါဦး”
ဒေါက်တာတုန်အနေဖြင့် ကျိုးကျယ်ပင်းအား သူတို့ကို တိုက်ရိုက် နှင်ထုတ်ခိုင်းစေချင်နေခြင်းသာ ဖြစ်ပေ၏။ မည်သို့ပင်ဖြစ်စေ သူသည်က ထိုမျှအထိ အင်အားမရှိတော့ပါချေ။
ကျိုးကျယ်ပင်းအတွက်တော့ ဤအခွင့်အရေးကိုသာ လိုအပ်နေခြင်း ဖြစ်သည်။ သူက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ထိုလူနှစ်ဦးဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည်။
“ရဲဘော်တို့... ဒီနေ့ရော ဘာများ ပြောစရာ ရှိသေးလို့လဲ”
ထိုလူနှစ်ဦးမှာ မတိုင်မီက ဒေါက်တာတုန်၏ တုံ့ပြန်မှုကို မြင်တွေ့ထားရသောကြောင့် ဤကိစ္စက ဖြစ်နိုင်ခြေ မရှိတော့ဟုတွေးတောကာ စိုးရိမ်ပူပန်နေခဲ့ရသည်။
သို့သော်လည်း ဤနေရာသို့ ရောက်ရှိနေပြီဖြစ်၍ တစ်ကြိမ်လောက်တော့ အစွမ်းကုန် ကြိုးစားကြည့်ရပေဦးမည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မြို့ပြဆေးရုံနှင့် အမှန်တကယ်ပင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဦးစွာ ပြောလာခဲ့ကြပြန်သည်။
အပိုစကားများကို ယဥ်ကျေးစွာပြောဆိုပြီးနောက်တွင်မှသာ အဓိကအချက်ကို ချပြလိုက်လေတော့၏။
“ကျွန်တော်တို့ ဒီဈေးနှုန်းနဲ့ ပေးဖို့ အဆင်သင့်ပါပဲ၊ ဒီဈေးမျိုးကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ ဘယ်နေရာမှာမှ ရနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ဒေါက်တာလေးအနေနဲ့ သေသေချာချာ စဉ်းစားပေးစေချင်ပါတယ်!”
ကျိုးကျယ်ပင်းကတော့ စဉ်းစားရန် ရည်ရွယ်ချက် မရှိပါချေ။
သို့သော်လည်း တခြားလူများကို မဆိုထားနှင့်၊ ဘေးနားရှိ ဒေါက်တာတုန်ပင်လျှင် ထိုလူနှစ်ဦး ပေးလိုက်သည့် ဈေးနှုန်းကြောင့် တုန်လှုပ်သွားရလေသည်။
“ခင်ဗျားတို့ ရူးနေတာလား၊ တကယ်ပဲ ဒီလောက်အထိ နိမ့်တဲ့ဈေးနဲ့ ပေးမှာလား”
ဤဈေးနှင့်ဆိုလျှင် သူတို့ အမြတ်ရနိုင်ပါဦးမည်လား။ လမ်းခရီး သယ်ယူပို့ဆောင်စရိတ်ပင် လောက်ငမည်မဟုတ်လောက်ပေ။
ဒေါက်တာတုန် အံ့အားသင့်သွားရပြီး ဤလူနှစ်ဦးက သူတို့၏ မြို့ပြဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိရန်အတွက် ဤမျှအထိ လူမဆန်သော ဈေးနှုန်းကိုပေးလာသောကြောင့် အမှန်တကယ်ပင် ကြိုးစားအားထုတ်နေကြသည်ဟု ထင်မှတ်သွားမိ၏။
ထိုအချိန်တွင် အမြဲတစေ ခိုင်မာပြတ်သားခဲ့သော ဒေါက်တာတုန်ပင် ခဏတာ တုံ့ဆိုင်းသွားခဲ့ရလေသည်။
ကံကောင်းစွာဖြင့် သူသည်က အသိစိတ်ပြန်ဝင်လာပြီး ဤကိစ္စကို ပြန်လည် သံသယဝင်လာမိပြန်သည်။
သူတို့အနေဖြင့် ဤဈေးနှင့်ဆိုပါက အမှန်တကယ်ပင် အမြတ်ထွက်နိုင်ပါမည်လား။ ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရုံသက်သက်အတွက်ဆိုလျှင် တွက်ခြေမကိုက်လှပေ။ လုံးဝ အရှုံးပေါ်မည့် အရောင်းအဝယ်ဟုပင် ဆိုနိုင်ပေသည်။
သူတို့က ဆေးဝါးစက်ရုံ ထောင်ထားခြင်းသာဖြစ်ပြီး ပရဟိတ စက်ရုံ မဟုတ်ချေ။ ပုံမှန်လူတစ်ယောက်သည်က အမြတ် လုံးဝမထွက်မည့် အလုပ်ကို မည်သည့်အချိန်တွင်မျှ လုပ်လိမ့်မည် မဟုတ်ပေ။
အကြောင်းပြချက်မရှိဘဲ ထူးခြားနေလျှင် တစ်စုံတစ်ခုတော့ မှားနေလောက်ပေပြီ။
ထိုလူနှစ်ဦးက ဤသို့ ပြောလာသည့်အချိန်တွင် သူ့ဘက်မှ သဘောတူရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။
ယခင်က သဘောမတူချင်ခြင်းသာ ဖြစ်သော်လည်း ယခုတွင်တော့ လုံးဝ သဘောမတူရဲတော့ခြင်းသာ ဖြစ်ပေသည်။
သို့သော် မမျှော်လင့်ဘဲ သူ့ဘက်မှ သဘောမတူကြောင်းပြောရန် ပြင်နေချိန်မှာပင် ကျိုးကျယ်ပင်းက ရုတ်တရက် စကားတစ်ခွန်းကို ပြောလိုက်လေ၏။
“အိုး... ခင်ဗျားတို့က တကယ့်ကို ရိုးသားကြတာပဲ”
“ရှောင်ကျိုး?”
ဒေါက်တာတုန်က သူ့ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်မိသည်။ ဤကလေးမှာ ပုံမှန်ဆိုလျှင် အတော်လေး ထက်မြက်သူဟု ထင်ရသည်မဟုတ်ပါလား။
အဘယ်ကြောင့် ဤသို့သော အစီအစဉ်အသေးအမွှားလေးဖြင့် အရည်ဖျော်ခံလိုက်ရသနည်း။ ဤသည်က သူ့၏ ပုံစံနှင့် လုံးဝ မကိုက်ညီပါချေ။
“ဒေါက်တာတုန်... ဒီဈေးနှုန်းက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ၊ ကျွန်တော်တို့ အရင်ဆုံး စဉ်းစားကြည့်ကြရင်ရော ဘယ်လိုလဲ”
ဒေါက်တာတုန်က သူ့ကို ဖျောင်းဖျချင်နေသည်ကို မြင်လျှင် ကျိုးကျယ်ပင်းက လျင်မြန်စွာ လှည့်ကြည့်ပြီး သူ့ကို ပြုံးပြလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည်က အဓိပ္ပာယ်အပြည့်ဖြင့် ဒေါက်တာတုန်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်လေ၏။
ဒေါက်တာတုန်သည်လည်း ထိုအမူအရာကို မြင်လိုက်ရချိန်တွင် ကျိုးကျယ်ပင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး သူ့ကို တားဆီးရန် ထပ်မပြောတော့ပေ။
“ကောင်းပြီ... ဒီကိစ္စကို မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါတော့၊ ငါဘက်ကတော့ ဘယ်လိုအတွေးမျိုးမှ မရှိတော့ဘူး”
ဒေါက်တာတုန်က စကားဆက်မပြောတော့ဘဲ ဆုံးဖြတ်ပိုင်ခွင့်အားလုံးကို ကျိုးကျယ်ပင်းထံသို့ လွှဲအပ်လိုက်လေသည်။
ထိုလူနှစ်ဦးလည်း ဤသည်ကို မြင်ချိန်တွင် ချက်ချင်းပင် ပြုံးလိုက်ကြ၏။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ ကျွန်တော်တို့က တကယ်ကို စိတ်ရင်းနဲ့ ပြောတာပါ၊ ဒေါက်တာကျိုး... ကျွန်တော်တို့နဲ့ပဲ ပူးပေါင်းဆောင်ရွက်လိုက်ပါ၊ ဘာမှမဟုတ်ရင်တောင် ခဏလောက်ပဲ စမ်းကြည့်ကြည့်လေ
ကျွန်တော်တို့ ဆေးဝါးစက်ရုံက ဒေါက်တာတို့ကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး!”
ထိုလူနှစ်ဦးက ငယ်ရွယ်သော ဒေါက်တာ ကျိုးကျယ်ပင်းသည်က ကိုင်တွယ်ရ ပိုမိုလွယ်ကူကြောင်း ရိပ်မိသွားကြသည်။
သူက စိတ်လှုပ်ရှားသွားကြောင်းကို ပွင့်လင်းစွာ ထုတ်ပြလာခဲ့သည်ပင်။
ထို့ကြောင့် ထိုလူနှစ်ဦးက သူတို့၏ ပစ်မှတ်ကို တိုက်ရိုက် ပြောင်းလဲလိုက်ပြီး ကျိုးကျယ်ပင်းအား အစွမ်းကုန် နားချရန် စတင်ပြောဆိုလာကြလေသည်။
ကျိုးကျယ်ပင်းသည်လည်း ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားဟန် အမူအရာကို ပြသလိုက်ပြီး ထိုလူနှစ်ဦး၏ အမျိုးမျိုးသော ကြွားဝါပြောဆိုမှုများကို နားထောင်ပေးနေခဲ့လေ၏။
ထိုသူနှစ်ဦး စကားပြော၍ပြီးဆုံးသွားချိန်တွင်မှ ကျိုးကျယ်ပင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြောခဲ့သည်။
“ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားတို့ရဲ့ ဆေးဝါးစက်ရုံကို တော်တော်လေး စိတ်ဝင်စားပါတယ်၊ ဒါပေမဲ့ ဒီဆေးဝါးလုပ်ငန်းဆိုတာက အတော်လေး ကျယ်ပြန့်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ၊
ကျွန်တော့်အထင်တော့ ရဲဘော်တို့နှစ်ယောက်က အရောင်းပိုင်းကိုပဲ တာဝန်ယူထားတာ ထင်တယ်၊ တခြားအချက်အလက်တွေ ဖြစ်တဲ့ ဒီဆေးဘက်ဝင် အပင်တွေရဲ့ သဘာဝတွေနဲ့ ဆေးဖော်စပ်တဲ့အချိန် ဘယ်လိုမျိုး တွဲဖက်အသုံးပြုရမလဲ ဆိုတာတွေကိုရော ခင်ဗျားတို့ သိကြရဲ့လား”
ထိုလူနှစ်ဦးမှာ မြို့ပြဆေးရုံသို့ သုံးကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပြီးဖြစ်၍ ကျိုးကျယ်ပင်းသည်လည်း အကြိမ်တိုင်းတွင် ရှိနေခဲ့သောကြောင့် သူတို့၏ ပြောဆိုဆက်ဆံပုံများမှတစ်ဆင့် ၎င်းတို့၏ အခြေခံနှင့် အရည်အချင်းကို အကဲခတ်မိပြီး ဖြစ်ပေသည်။
ထိုသူတို့မှာ စကားအပြောအဆို ကောင်းမွန်ပြီး အရောင်းအဝယ် ကိစ္စရပ်များကိုသာ ကျွမ်းကျင်ကြပုံရသည်။ ကျန်ရှိသည့် ဆေးဝါးဆိုင်ရာ ဗဟုသုတများတွင်တော့ လုံးဝ နားမလည်ကြကြောင်းကို သူ ရိပ်မိထားလေ၏။
“အာ... အဲဒါကတော့.. ကျွန်တော်တို့က ဒီဆေးဘက်ဝင် ပစ္စည်းတွေကို အကုန်ယူလာခဲ့တာပဲ၊ အားလုံးလည်း ဒီမှာတင် ရှိနေတာပဲလေ၊ ဒေါက်တာကျိုး အနေနဲ့ တခြား ဘာများနားမလည်တာ ရှိသေးလို့လဲ”
ယခင်က တခြားဆေးရုံများသို့ သွားခဲ့ချိန်တွင် သူတို့ ယူလာသော ဆေးပစ္စည်းများကို ကြည့်ရှုပြီး ဈေးနှုန်းကို မေးမြန်းပြီးနောက်တွင် မည်သူကမျှ ထပ်မံ၍ မေးခွန်းထုတ်ခြင်း မရှိခဲ့ကြပေ။
ဒီတစ်ကြိမ်ကျမှ ကျိုးကျယ်ပင်းက ဘာလို့ ဒီလောက်တောင် မေးခွန်းတွေများနေရတာလဲ။
သူတို့၏ သံသယဖြစ်နေသော အမူအရာကို မြင်ချိန်တွင် ကျိုးကျယ်ပင်းက အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်လေ၏။
“ကျွန်တော်တို့ ဆေးရုံက ဆေးဝါးတွေရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို အများကြီးအလေးထားတာဆိုတော့ အသေးစိတ် စုံစမ်းရတာပါ
တကယ်လို့ ရဲဘော်တို့ဘက်က အဆင်မပြေဘူးဆိုရင်လည်း ဒီကိစ္စကို ဒီမှာပဲ ရပ်တန့်လိုက်လို့ ရပါတယ်”
“ဟေး... ဟေး... မလုပ်ပါနဲ့ဦး၊ ဘာလို့ ရပ်လိုက်မှာလဲ၊ အခုပဲ ကျွန်တော်တို့ စကားကို ကောင်းကောင်းပြောနေကြတာ မဟုတ်ဘူးလား”
ထိုလူနှစ်ဦးမှာ မတိုင်မီက ကျိုးကျယ်ပင်း၏ မေးခွန်းများကို အပိုအလုပ်များဟု ခံစားခဲ့ရသော်လည်း တစ်ဖက်လူမှ ပူးပေါင်းဆောင်ရွက်ရန် အဆင်မပြေနိုင်တော့ကြောင်း ပြောလိုက်သည့်အချိန်တွင်တော့ ထိုအတွေးများကို ချက်ချင်းပင် ဘေးသို့ဖယ်လိုက်ကြတော့၏။
မေးခွန်းနည်းနည်းလောက် မေးရုံဘဲ မဟုတ်ဘူးလား။ မေးချင်သလောက် မေးပါစေ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘက်က အများကြီး ရင်းနှီးပေးဆပ်ထားရတာလေ။ အခုလိုမျိုး မြို့ပြဆေးရုံကို ရောင်းချပိုင်ခွင့်ရှိတော့မဲ့ အချိန်ကျမှ ဒီနားလေးမှာ ထစ်နေလို့ မဖြစ်ဘူး။
သို့သော်လည်း သူတို့သည်ကား ကျိုးကျယ်ပင်း ခန့်မှန်းထားသည့်အတိုင်းပင် အရောင်းအဝယ်ကိစ္စများကိုသာ နားလည်ကြသူများ ဖြစ်ပေသည်။
ဆေးဘက်ဝင် ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာတချို့ကို လေ့လာထားခဲ့သော်လည်း အပေါ်ယံမျှသာ သိရှိခဲ့ကြသည်။
ကျိုးကျယ်ပင်းက အနက်ပိုင်းအထိ ထိုးဖောက်၍ မေးခွန်းများစွာ မေးမြန်းနေခဲ့သည့်အတွက် သူတို့ဘက်မှ သေသေချာချာ ဖြေနိုင်ရန် မသေချာလှပါချေ။
ထို့ကြောင့် သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အတူတကွ စဉ်းစားလိုက်ကြလေသည်။
ဒီနေ့လည်း စုန့်ဝေ့ကို ထပ်ပြီး ဖိတ်ခေါ်ပြီးတော့ ဒီကိစ္စကို ကိုင်တွယ်ခိုင်းရင် မကောင်းဘူးလား။
မည်သို့ပင်ဖြစ်စေ မနေ့က ဈေးလျှော့ရန် အကြံပေးခဲ့သည်မှာလည်း ထိုသူပင် ဖြစ်ပေ၏။
သူက ဤမျှအထိ တော်နေသည့်အတွက် ကျိုးကျယ်ပင်း ယနေ့ မေးမြန်းသည့် ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
“ကောင်းပါပြီ ဒေါက်တာကျိုး.. ကျွန်တော်တို့ ပြန်သွားပြီးတော့ တခြားလုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ ဆွေးနွေးလိုက်ပါဦးမယ်၊ မနက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်၊
အဲဒီအချိန်ကျရင် ဒေါက်တာ မေးချင်တာမှန်သမျှ အကုန်မေးလို့ ရပါတယ်!”
ကျိုးကျယ်ပင်းကတော့ သူတို့ဘက်မှ နောက်ထပ်လူတစ်ယောက်ကို မခေါ်လာမည်ကိုသ စိုးရိမ်နေခဲ့ခြင်း ဖြစ်၍ ထိုစကားကို ကြားချိန်တွင် ချက်ချင်းပင် ခေါင်းညိတ်လိုက်လေ၏။
သို့သော်လည်း စုန့်ရှီးယန် မှာထားခဲ့သည်များကို သတိရသောကြောင့် သူက ရည်ရွယ်ချက်ရှိရှိဖြင့် အခက်တွေ့နေသည့် အမူအရာကိုလုပ်ပြလိုက်လေသည်။
“ဒါပေမဲ့ ကျွန်တော်က နောက်ထပ် နောက်ရက်မှာ အလုပ်လေးတွေ ရှိနေသေးတယ်၊ ဒီကိစ္စကို ဆွေးနွေးဖို့ အချိန်မရနိုင်လောက်ဘူး၊ ဒီတော့ သဘက်ခါကျမှပဲ ပြန်တွေ့ကြရင် ဘယ်လိုလဲ”
ထိုလူနှစ်ဦးမှာ ဤကိစ္စကို အောင်မြင်ရန်သာ မျှော်လင့်နေကြသောကြောင့် သဘက်ခါဆိုသည့် အချိန်က အနည်းငယ် ကြာမြင့်သည်ဟု ထင်ရသော်လည်း သဘောတူလိုက်ကြလေ၏။
ထို့နောက် သူတို့နှစ်ဦးက စုန့်ဝေ့၏ အိမ်သို့ ဝမ်းသာအားရ သွားရောက်ကာ ထိုအကြောင်းများကို ပြောပြကြတော့သည်။
*
***