စုန့်ဝေ့လည်း ထိုအကြောင်းကို သိရှိရချိန်တွင် ကျိုးကျယ်ပင်းက အလုပ်ရှုပ်လွန်းသည်ဟု ထင်မိခဲ့လေ၏။ သို့သော်လည်း တစ်ဖက်လူက လျှော့ဈေးကြောင့် စိတ်လှုပ်ရှားလာပြီး အခွင့်အရေး ပေးလာပြီမဟုတ်ပါလား။
သို့ဖြစ်၍ ဤအခွင့်အရေးကို အရယူကာ တစ်ချက်တည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေ၏။
ထို့ကြောင့် စုန့်ဝေ့လည်း ဤကိစ္စကို လက်ခံလိုက်ပြီး သဘက်ခါဆိုသည့် အချိန်မှာ သူတို့အတွက် ပို၍ပင် ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဤနှစ်ရက်၊ သုံးရက်အတွင်း သူတို့အနေဖြင့် သက်ဆိုင်ရာ ဗဟုသုတများကို အချိန်လု၍ ထပ်မံ လေ့လာနိုင်မည် မဟုတ်ပါလား။
ဤနှစ်ရက်အတွင်း၌ စုန့်ရှီးယန်က တစ်စုံတစ်ခုကို နောက်ဆုံးတွင် စုံစမ်းသိရှိသွားခဲ့လေ၏။
လုပ်ဖော်ကိုင်ဖက်များထံမှ သတင်းရရှိပြီးနောက်တွင် စုန့်ရှီးယန်က သူ သိရှိထားသည်များကို အမြန်ဆုံး စုစည်းလိုက်ပြီးနောက် လင်းကျန်းအန်းထံသို့ သွားရောက်ကာ ဤကိစ္စတွင် စုန့်ဝေ့ မည်သည့်နေရာမှ ပါဝင်ပတ်သက်နေကြောင်းကို ပြောပြလိုက်တော့သည်။
တကယ်တမ်းတွင် ဤကိစ္စမှာ လင်းကျန်းအန်း ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။
စုန့်ဝေ့အနေဖြင့် ဤအရှုပ်အထွေးထဲသို့ ပါဝင်ပတ်သက်လာရခြင်းမှာ သူဆေးရုံတက်နေသည့်အချိန်က လင်းကျန်းအန်းနှင့် ချန်လူကြီးမင်းတို့ ပြောဆိုနေခဲ့ကြသည့် စကားများကို ကြားသိသွားခဲ့သောကြောင့်သာ ဖြစ်လေ၏။ ထို့နောက်တွင် ဤအကြံကို ထုတ်ခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် သူ ဆေးရုံမှ ဆင်းလာချိန်တွင် အလှမ်းဝေးကွာလွန်းသော ဆွေမျိုးတစ်ဦးက လီပြည်နယ်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့သည်။
ထိုဆွေမျိုးသည်ကား မူလက “အင်ဂျင်နီယာကြီး” စုန့်ဝေ့အား နှုတ်ဆက်ရန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူက စုန့်ဝေ့ စက်မှုစက်ရုံတွင် အလုပ်မလုပ်တော့သည်မှာ ကြာပြီဖြစ်ကြောင်းကို မသိရှိခဲ့ပါချေ။
အကယ်၍ ထိုနေ့တွင် စုန့်ဝေ့နှင့် လီရှို့လီတို့သာ စက်မှုစက်ရုံ ဝန်ထမ်းအိမ်ရာမှ အထုတ်အပိုးများ ပြောင်းရွှေ့နေချိန် မဟုတ်ခဲ့ပါက သို့မဟုတ် ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီဆိုပါက ထိုဆွေမျိုးနှင့် လွဲချော်သွားပေလိမ့်မည်။
သို့သော်လည်း ဘုရားသခင်ကပင် စုန့်ဝေ့ကို ကူညီနေသကဲ့သို့ ထင်ရသည်။ သူတို့က စက်မှုစက်ရုံ ဝင်းအပြင်ဘက်တွင် ထိုဆွေမျိုးနှင့် တည့်တည့်တိုးခဲ့ကြလေ၏။
ထိုဆွေမျိုး၏ နွမ်းပါးလွန်းသော ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရချိန်တွင် စုန့်ဝေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ စကားများများ မပြောချင်ခြင်းသာ ဖြစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည်က စက်မှုစက်ရုံမှ အင်ဂျင်နီယာတစ်ဦး မဟုတ်တော့သော်လည်း သူ၏ စိတ်ထဲတွင်တော့ မာန်မာန ရှိနေဆဲဖြစ်ကာ သူ့ကို နည်းမျိုးစုံဖြင့် မျက်နှာချိုသွေးချင်နေကြသော ဆင်းရဲသည့် ဆွေမျိုးများကို အထင်သေးနေမိဆဲပင်။
သို့သော်လည်း ထိုအချိန်တွင် သူ့အနေဖြင့် ရုတ်တရက် တစ်ခုကို သတိရလိုက်မိသည်။
ဤဆွေမျိုး၏ နေရပ်မှာ အလွန်ပင် ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသတွင် ဖြစ်ကာ ကွန်မြူနတီ အဖွဲ့ဝင်များမှာလည်း ဆင်းရဲမွဲတေနေကြသူများ ဖြစ်ပေသည်။
ကြည့်ရသည်မှာ ထိုနေရာ၏ နောက်ခံအခြေအနေများအားလုံးက လင်းကျန်းအန်း၏ ဇာတိမြေနှင့် ထပ်တူကျနေသကဲ့သို့ထင်ရသည်။
ထိုရက်များအတွင်း သူက လင်းကျန်းအန်း ယခုလုပ်ဆောင်နေသကဲ့သို့ ပွင့်လင်းစွာ စက်ရုံထောင်ပြီး ငွေရှာရန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို တွေးတောပူပန်နေခဲ့ရသည်။
ယခု သူ့ရှေ့တွင် ရောက်နေသူမှာ သူ၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေသည် မဟုတ်ပါလား။
ထို့ကြောင့် စုန့်ဝေ့က ထိုဆင်းရဲသော ဆွေမျိုးကို သူ၏အိမ်သို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ပြီး ဆေးဝါးစက်ရုံ တည်ထောင်မည့် ကိစ္စကို ဆွေးနွေးလေတော့သည်။
စုန့်ဝေ့က အမြဲတစေ စကားပြော ကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။
အတိတ်ကာလကလည်း သူသည်က “ပထွေးကောင်း” ဟူသော ဂုဏ်ပုဒ်ကို အသုံးချကာ စက်ရုံမှ ဆုကြေးငွေများ ရရှိအောင် လုပ်ဆောင်ခဲ့ဖူးသကဲ့သို့ လူများစွာကိုလည်း လိမ်ညာနိုင်ခဲ့လေသည်။
ယခုအချိန်တွင် မည်သည့်အရာကိုမျှမသိနားမလည်သည့် ဆင်းရဲသော ဆွေမျိုးတစ်ဦးကို လိမ်ညာရန်ကတော့ သူ့အတွက် အလွန်ပင် လွယ်ကူခဲ့သည်။
ထို့ကြောင့် သူ၏ အဆက်မပြတ်သော ကတိကဝတ်များကိုပေးခဲ့သည်။
စက်ရုံတည်ထောင်ပြီးပါက ငွေများစွာ ရလာမည်ဖြစ်ကာ ဘဝကလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် စက်ရုံတည်ထောင်ခြင်းမှာလည်း စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ကြောင်း ပြောဆိုခဲ့လေ၏။
ထိုစကားများပိုကြားလျှင် ထိုဆင်းရဲသော ဆွေမျိုးမှာ အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
သို့ဖြစ်၍ စုန့်ဝေ့နှင့် တစ်ရက်ကြာအောင် စကားပြောဆိုပြီးနောက် ထိုဆွေမျိုးက စုန့်ဝေ့၏ ညွှန်ကြားချက်အတိုင်း နေရပ်သို့ ပြန်သွားကာ စက်ရုံထောင်ရန် လျှောက်ထားခဲ့လေတော့သည်။
စက်ရုံတည်ထောင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာလည်း လင်းကျန်းအန်း၏ စံနမူနာအတိုင်း ရှိနေခဲ့သောကြောင့် သူတို့အတွက် လှုပ်ရှားဆောင်ရွက်ရသည်က ပိုမို အဆင်ပြေချောမွေ့ပြီး ရိုးရှင်းသွားခဲ့ပေသည်။
ထို့ကြောင့် ထိုဘက်မှ စက်ရုံမှာ ဖွင့်လှစ်ထားသည်မှာ နှစ်လ၊ သုံးလမျှသာ ရှိသေးသော်လည်း ရရှိနေသည့် ငွေကြေးက လင်းကျန်းအန်းတို့ထက် နည်းပါးခြင်းမရှိတော့ပေ။
လင်းကျန်းအန်းက စုန့်ရှီးယန်၏ သတင်းပေးချက်ကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ဝန်းများက ချက်ချင်းပင် အေးစက်သွားခဲ့ရလေ၏။
ဤစုန့်ဝေ့... သူ့အနေဖြင့် မူလက သူတို့နှစ်ဦးလုံးမှာ အရွယ်ရောက်ပြီးသား အမျိုးသားများ ဖြစ်ကြသောကြောင့် ရန်ငြိုးရန်စ ရှိပါကလည်း တိုက်ရိုက်လာရောက်ရင်ဆိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ယခုကဲ့သို့ နောက်ကွယ်မှ နှောင့်ယှက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
သူသည်က စုန့်ဝေ့ထက် ပို၍ ရွံရှာဖွယ်ကောင်းသော အမျိုးသားမျိုးကို တစ်ခါမျှ မတွေ့ဖူးသေးပေ။
သူက ငါနဲ့ ယှဉ်ပြိုင်ချင်တာပေါ့လေ။
ကောင်းပြီ။
ဒီလိုဆိုမှတော့ စုန့်ဝေ့အနေနဲ့ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေကို နောက်ကွယ်ကနေ သုံးနေရင်တောင်မှ သူ,လင်းကျန်းအန်းကပဲ သူ့ထက် သာလွန်နေဦးမဲ့အကြောင်းကို သေသေချာချာ သက်သေပြပေးရတာပေါ့။
တကယ်တမ်းတွင် စုန့်ရှီးယန် လင်းကျန်းအန်းအား မပြောပြရသေးသည့် အချက်တစ်ခု ရှိနေသေးသည်။
ထိုသည်မှာ စုန့်ဝေ့ ပါဝင်ပတ်သက်နေသည့် ဆေးဝါးစက်ရုံမှ ပံ့ပိုးပေးနေသော ဆေးဘက်ဝင် အပင်များ၏ မူလဇစ်မြစ်မှာ မရှင်းလင်းနေခဲ့ချေ။
ဤကိစ္စမှာ ပိုမိုလျှို့ဝှက်သော ကိစ္စရပ်များနှင့် ဆက်နွှယ်နေသောကြောင့် စုန့်ရှီးယန်အနေဖြင့် လင်းကျန်းအန်းအား အသေးစိတ် ပြောပြ၍ မရနိုင်ပါချေ။
သို့သော် ယခုအချိန်တွင် စုန့်ဝေ့က ဆေးဝါးစက်ရုံ တည်ထောင်ရန် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ထင်ရှားနေချေပြီ။
အရင်းအမြစ် မရှင်းလင်းသော ဆေးဝါးများအကြောင်းကို သူ မသိရှိခဲ့လျှင်ပင်..
စိတ်မကောင်းစရာပဲ။ သူကိုယ်တိုင်ပဲ ဒီပြစ်ဒဏ်ကို ခံယူရလိမ့်မယ်။
သို့ဖြစ်၍ စုန့်ရှီးယန်က လင်းကျန်းအန်းကို ပြောလိုက်လေသည်။
“အဖေ.. စိတ်မပူပါနဲ့၊ စုန့်ဝေ့က နောက်ထပ် နှစ်ရက်လောက်တောင် ခုန်ပေါက်နေနိုင်တော့မှာမဟုတ်ဘူး၊
အခုတော့ သူကိုယ်တိုင် မနက်ဖြန် ဆေးရုံကိုလာပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမလားဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်၊ တကယ်လို့ သူလာခဲ့ရင်တော့ ကျွန်တော် သူ့ကို လက်ရဖမ်းဆီးနိုင်တော့မှာပါ”
အကယ်၍ စုန့်ဝေ့ ရောက်မလာခဲ့လျှင်လည်း ပြဿနာကြီးကြီးမားမား မရှိလှပေ။ မည်သို့ပင်ဖြစ်စေ သူသည်က စုန့်ဝေ့ လက်ရှိ နေထိုင်ရာနေရာကို သိရှိထားပြီးဖြစ်၍ တိုက်ရိုက်သွားရောက် ဖမ်းဆီးနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း အခင်းဖြစ်ပွားရာနေရာ၌ပင် လက်ရဖမ်းမိခြင်းက ပို၍ စိတ်ကျေနပ်စရာကောင်းသကဲ့သို့ လင်းကျန်းအန်းအတွက်လည်း ပို၍ စိတ်သက်သာရာ ရစေလိမ့််မည်။
“ကောင်းပြီလေ.. ဒါဆို မနက်ဖြန်အထိ စောင့်ကြည့်ကြတာပေါ့!”
သူတို့နှစ်ဦး စကားပြောပြီးနောက် အနားယူရန် ပြန်သွားကြလေ၏။
နောက်တစ်နေ့ မနက်စောစောတွင် စုန့်ရှီးယန်က ထုံးစံအတိုင်း စောစီးစွာ ထွက်ခွာခဲ့ပြန်သည်။
သို့သော် မထွက်ခွာမီ သူက လင်းရန်အား အထူးတလည်မှာခဲ့လေ၏။
“ရန်ရန်.. ကိုယ် ဒီနေ့ ပြန်မလာဖြစ်လောက်ဘူး၊ မင်း အလုပ်ဆင်းရင် စောစောအိပ်ပြီး ဘေးအန္တရာယ် ကင်းအောင်လည်း ဂရုစိုက်ဦးနော်”
လင်းရန်လည်း ထိုစကားကို ကြားသည်နှင့် စုန့်ရှီးယန်က တစ်စုံတစ်ခုသော အရေးကြီးကိစ္စကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရိပ်မိသွားပြီး စိုးရိမ်တကြီးဖြင့် ချက်ချင်းပင် သတိပေးလိုက်လေသည်။
“အင်း.. ဒါဆို ရှင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး”
“စိတ်ချပါ”
စုန့်ရှီးယန်က သူမကို ပြုံးပြလိုက်ပြီးလှည့်ထွက်သွားခဲ့လေ၏။
သူသည် လမ်းကြားထဲမှ ထွက်လာသည်နှင့် လင်းကျန်းအန်းင အပြင်ဘက်တွင် စောစီးစွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မည်သူကမျှ စကားမဆိုဘဲ မြို့ပြဆေးရုံသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြ၏။
မြို့ပြဆေးရုံသို့ ရောက်ရှိပြီးနောက် သိပ်မကြာမီမှာပင် ယခင် ဆေးဝါးစက်ရုံမှ လူနှစ်ဦးက ဆေးရုံသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရလေ၏။ သူတို့၏ နောက်တွင်တော့ စုန့်ဝေ့လည်း ပါဝင်လာခဲ့ပေသည်။
စုန့်ဝေ့ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့က အဓိပ္ပာယ်များပြည့်နေသော မျက်နှာအမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။
ဆေးရုံအတွင်း၌...
ထိုသူများမှာ ဒေါက်တာတုန်၏ ရုံးခန်းသို့ ထပ်မံ ရောက်ရှိလာကြပြီး ဒေါက်တာတုန်က သူတို့ကို မြင်သည်နှင့် ကျိုးကျယ်ပင်းအား အမြန်သွားရောက် အကြောင်းကြားလိုက်လေသည်
ခေတ္တမျှအကြာတွင် ကျိုးကျယ်ပင်းက ဒေါက်တာတုန်၏ အနားသို့ ရောက်ရှိလာပြီး ထိုလူနှစ်ဦး၏ နောက်တွင် ပါလာသော စုန့်ဝေ့ကို မြင်လိုက်ရသည့်အချိန်တွင် မျက်ခုံးပင့်လိုက်မိ၏။
“ရဲဘော်.. ခင်ဗျားကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲနော်”
စုန့်ဝေ့အနေဖြင့် မြို့ပြဆေးရုံသို့ လာကတည်းက ကျိုးကျယ်ပင်းနှင့် တွေ့ဆုံရမည်ကို ခန့်မှန်းပြီးသား ဖြစ်သောကြောင့် ယခုအချိန်တွင် အံ့အားသင့်သည့်အမူအရာမပြဘဲ ကျိုးကျယ်ပင်းကို အပြုံးတစ်ခုနှင့်သာ ကြည့်လိုက်လေသည်။
“ကျွန်တော် ဒီဆေးရုံမှာ အရင်က တစ်ပတ်လောက် တက်ဖူးတယ်လေ၊ ဒေါက်တာကျိုး ကျွန်တော့်ကို မြင်ဖူးတာ ဖြစ်နိုင်ပါတယ်”
သူသည်က လွန်ခဲ့သော နှစ်ဝက်ကျော်က စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ဖူးသည့် ကိစ္စကို ထုတ်ပြောလောက်အောင် တုံးအသူ မဟုတ်ပါချေ။
ထိုအချိန်က သူ့အနေဖြင့် စက်မှုစက်ရုံမှ အင်ဂျင်နီယာတစ်ဦး ဖြစ်နေဆဲဖြစ်ကာ သူ၏သမီး စုန့်စစ်ယွီကို ဒါရိုက်တာရှု၏ သား ရှုကျစ်ဝမ်နှင့် အောင်သွယ်ပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က စားသောက်ဆိုင်တွင် ကျိုးကျယ်ပင်းနှင့်အတူ ပါလာသော လူငယ်လေး စုန့်ရှီးယန်တို့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်၏။
ထို့အပြင် ထိုအချိန်က သူတို့နှင့် တစ်ဝိုင်းတည်း ထိုင်နေခဲ့သူမှာ လင်းကျန်းအန်းပင် ဖြစ်ပေသည်။
စုန့်ဝေ့က ရည်ရွယ်ချက်ရှိရှိဖြင့် ဟန်ဆောင်နေသည်ကို မြင်ချိန်တွင် ကျိုးကျယ်ပင်းသည်လည်း ဤအချိန်တွင် ထိုကိစ္စများကို ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ချက် မရှိပါချေ။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အရေးကြီးဆုံးမှာ “ပူးပေါင်းဆောင်ရွက်ရေး” အကြောင်းကို ဆွေးနွေးရန်သာ မဟုတ်ပါလား။
*
***