လင်းရန်က လီရှို့လီကို မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ငြင်းပယ်လိုက်ပြီး သူမကို ပတ်ကာ အိမ်သို့ ပြန်ရန် ပြင်လိုက်လေသည်။
သို့သော်လည်း လီရှို့လီမှာ ယခုအချိန်တွင် အမှန်တကယ်ပင် အားကိုးရာမဲ့နေခဲ့ပြီ ဖြစ်သည်။
ဤတစ်လလုံးလုံး ငွေကြေးလည်း မရှိ၊ စကားပြောဖော်လည်းမရှိဘဲ အိမ်တွင် တစ်ဦးတည်း နေထိုင်ခဲ့ရသော အထီးကျန်ဘဝ၏ နှိပ်စက်မှုဒဏ်ကို သူမ မခံစားနိုင်တော့ပါချေ။
ထို့ကြောင့် လင်းရန်က သူမကို မုန်းတီးနေသည်ကို သိသော်လည်း ရှက်ရွံ့မှုကို ဘေးဖယ်ကာ ထပ်မံ၍ တားဆီးလိုက်ပြန်သည်။
“ရန်ရန်... မင်းသာ ငါ့ကို မကူညီရင် ငါ တကယ်ပဲ အသက်မရှင်နိုင်တော့ဘူး၊ငါ မင်းကို စုန့်ဝေ့ဆီ လိုက်ပို့ပေးဖို့ မတောင်းဆိုပါဘူး၊ ငါ သိချင်တာက သူ့မှာ ဘာတွေဖြစ်နေတာလဲ၊ သူ ပြန်လာနိုင်ဦးမှာလား ဆိုတာပါပဲ
ငါ့ကို... ငါ့ကို တိကျတဲ့ သတင်းလေး တစ်ခုလောက်ပဲ ပေးပါ၊ ဒါဆိုရင် ငါ မင်းကို နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး!”
မည်သို့ပင်ဖြစ်စေ အကယ်၍ စုန့်ဝေ့သာ ပြန်မလာနိုင်တော့ပါက သူမအနေဖြင့်လည်း သူမ၏ အနာဂတ်အတွက် ပြန်လည် စဉ်းစားရတော့မည် မဟုတ်ပါလား။
သူမတွင် အလုပ်အကိုင်လည်း မရှိ၊ ကျွမ်းကျင်မှုလည်း မရှိပေ။ ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်လေးတစ်ခု ရှိသည်လွဲ၍ သူမတွင် တခြားမည်သည့် အားသာချက်မျှ မရှိပါချေ။
ကံကောင်းစွာဖြင့် စုန့်ဝေ့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော်လည်း သူမအနေဖြင့် မြို့ပြင်ရှိ ထိုအိမ်တွင် ဆက်လက်နေထိုင်ခွင့် ရှိနေသေးပေသည်။
အနာဂတ်တွင် ကျေးဇူးကန်းတတ်သည့် မျက်လုံးဖြူဝံပုလွေမလေး စုန့်စစ်ယွီသာ ပြန်လာပြီး လုယူခြင်းမပြုပါက သူမအနေဖြင့် တစ်သက်လုံး အေးအေးဆေးဆေး နေထိုင်သွားနိုင်မည် မဟုတ်ပါလား။
ထို့နောက် သူမ၏ ရုပ်ရည်မပျက်သေးခင် အချိန်အတောအတွင်းမှာပင် ငွေကြေးထောက်ပံ့နိုင်မည့် အမျိုးသားကောင်းတစ်ဦးကို ရှာဖွေကာ လက်ထပ်လိုက်မည်ဆိုပါက အရာအားလုံးမှာ ယခင်ကကဲ့သို့ပင် ပြန်လည်အဆင်ပြေသွားပေလိမ့်မည်။
လီရှို့လီအနေဖြင့် သူမ၏ ဤအစီအစဉ်ကို လင်းရန်အား တိုက်ရိုက်ပြောပြလိုက်ပါက လင်းရန်က သူမကို ကူညီမည်မဟုတ်သည့်အပြင် ပို၍ပင် ရွံရှာသွားမည်ကို သိရှိထားသောကြောင့် စုန့်ဝေ့အတွက် စိုးရိမ်နေသကဲ့သို့သာ ဆက်လက် ဟန်ဆောင်နေခဲ့လေ၏။
“ရန်ရန်.. မင်းရဲ့ဦးလေးစုန့်နဲ့ ငါ လက်ထပ်ခဲ့တာလည်း နှစ်ပေါင်းများစွာ ရှိနေပြီပဲ၊ သူ့မှာ တစ်ခုခုဖြစ်နေရင် သူ့ရဲ့နောက်ရေးကိစ္စတွေကို ငါကပဲ စီစဉ်ပေးရမှာလေ”
လင်းရန် ထိုစကားကို ကြားချိန်တွင်မှသာ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
သူမက လီရှို့လီကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ရှင်က သူ့ရဲ့နောက်ရေးကို စီစဉ်ပေးမှာလား၊ ဒါမှမဟုတ် ရှင့်ရဲ့ကိုယ်ပိုင်အရေးကိုပဲ စီစဉ်နေတာလား”
လီရှို့လီ၏ စိတ်ထဲရှိ တွက်ချက်မှာလေးများကို သူမ မသိဘဲ နေပါမည်လား။
အကယ်၍သာ သူမသာ စုန့်ဝေ့အတွက် တကယ်ပင် စိုးရိမ်နေခဲ့ပါက စုန့်ဝေ့ အဖမ်းခံရသည့် အချိန်ကတည်းက လာရောက်မေးမြန်းသင့်သည် မဟုတ်ပါလား။
အဘယ်ကြောင့် ယခုကဲ့သို့ တစ်လနီးပါး ကြာမြင့်မှ ရောက်လာရသနည်း။ ယခုအချိန်တွင်မှ စုန့်ဝေ့အတွက် နည်းလမ်းရှာပေးရန် ကြိုးစားနေခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။
“ငါ.. ငါ.. ရန်ရန်၊ မင်း ငါ့ကို ဘယ်လိုတောင် အောက်တန်းကျတဲ့အထိ တွေးလိုက်ရတာလဲ.. ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ သူ့ရဲ့အခြေအနေကို သိချင်ရုံသက်သက်ပါပဲ!”
လင်းရန်က သူမ၏ စိတ်ထဲမှ အတွေးကို ထိုးခွဲလိုက်သောကြောင့် လီရှို့လီမှာ မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်ပြန်သည်။
“မင်း ငါ့ကို အရမ်းအထင်သေးတာပဲ၊ ငါ မင်းဦးလေးစုန့်နဲ့ အတူနေလာတာ နှစ်တွေမနည်းတော့ဘူး၊ သူ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဘယ်တော့မှ ပစ်မသွားဘူး!”
“တကယ်လား.. ဒါဆိုရင်တော့ ကောင်းတာပေါ့၊ အခုပဲ အိမ်ပြန်ပြီး အထုပ်အပိုးတွေ ပြင်ထားလိုက်တော့၊ ပြီးရင် မိုင်းတွင်းကိုသွားပြီး သူနဲ့အတူ ပြစ်ဒဏ် သွားခံလိုက်လေ”
ဤစကားကို ပြောလိုက်သူမှာ လင်းရန် မဟုတ်ဘဲ နယ်ဝေးမှ ပြန်လည်ရောက်ရှိလာသော စုန့်ရှီးယန်ပင် ဖြစ်ပေသည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် လင်းရန်နှင့် လီရှို့လီတို့မှာ လမ်းကြားဝဆီသို့ လှည့်ကြည့်လိုက်ကြပြီး စုန့်ရှီးယန်ကို တွေ့လိုက်ရလေ၏။
“ဘာ! စုန့်ဝေ့က အဖမ်းခံရပြီး ပြစ်ဒဏ်ကျသွားပြီ ဟုတ်လား၊ ဘယ်လိုလုပ် အဲဒီလိုဖြစ်ရတာလဲ၊ သူ ဘယ်တော့မှ ပြန်လွတ်မှာလဲ”
လီရှို့လီမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားရလေသည်။
သို့ဆိုလျှင် စုန့်ဝေ့က တကယ်ပင် ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သက်သေအထောက်အထားများ ခိုင်လုံသွားပြီ မဟုတ်ပါလား။ မဟုတ်ပါက အဘယ်ကြောင့် မိုင်းတွင်းသို့ ပို့ဆောင်ခံရပါမည်နည်း။
ထိုနေရာမှာ မည်မျှဆိုးရွားလိမ့်မည်ကို သူမ တွေးပင် မတွေးရဲပါချေ။
လင်းရန်လည်း ဤကိစ္စအတွက် အတော်ပင် အံ့အားသင့်သွားရသည်။
မည်သို့ပင်ဖြစ်စေ ဖခင်ဖြစ်သူ၏ ပြောပြချက်အရ စုန့်ဝေ့မှာ ဤကိစ္စကို သိရှိခြင်းမရှိဟု ထင်မှတ်ထားခဲ့သည်ပင်။
သို့ဆိုလျှင် သူ့အနေဖြင့် အဘယ်ကြောင့် ပြစ်ဒဏ် စီရင်ခြင်း ခံရပါသနည်း။
စုန့်ရှီးယန်က အနားသို့ လျင်မြန်စွာ လျှောက်လာပြီး လင်းရန်၏ ဘေးသို့ ရောက်ချိန်တွင် လီရှို့လီကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်ကာ သူမ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
သူက ဤသို့သာ ထပ်မံ ပြောလိုက်၏။
“ခင်ဗျားက စုန့်ဝေ့အပေါ် ဒီလောက်တောင် သံယောဇဉ်ကြီးနေမှတော့.. ခင်ဗျား သူ ပြစ်ဒဏ်ခံနေရတဲ့ နေရာအနားမှာ နေထိုင်ပြီး နေ့တိုင်း သူ့ကို ပြုစုနိုင်အောင် လိပ်စာကို ပြောပြပေးမယ်၊ အဲဒီ လိပ်စာကတော့...”
စုန့်ရှီးယန်က မိုင်းတွင်း၏ လိပ်စာကို ပြောပြရန် ပြင်လိုက်ချိန်မှာပင် လီရှို့လီ၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။
သူမသည်က စုန့်ဝေ့၏ အမှုထဲတွင် ပါဝင်ပတ်သက်သွားမည်ကို အလွန်အမင်း ထိတ်လန့်သွားကာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးသွားတော့၏။
သူမ၏ ပုံရိပ်က မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
ဤလီရှို့လီမှာ အမြဲတစေ ကိုယ်ကျိုးကိုသာကြည့်တတ်သူ ဖြစ်ပေသည်။
စုန့်ဝေ့ကို မပစ်သွားနိုင်ပါဟု ပြောနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ ပြစ်ဒဏ်ခံနေရသည့် နေရာကိုပင် မကြားချင်ခဲ့ပေ။
သူ့ထံသို့ သွားရောက်တွေ့ဆုံရန်ကတော့ ပြောနေစရာပင်မလိုအပ်တော့။
ကံကောင်းစွာဖြင့် သူမသည်က သူမ၏ မိခင်အပေါ် မည်သည့် သံယောဇဉ်မျှ မရှိတော့ပေ။ မဟုတ်ပါက သူမလည်း အချိန်ကြာမြင့်စွာ စိတ်နာကျင်နေရပေလိမ့်မည်။
“ဒါနဲ့... စုန့်ဝေ့ဆီမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ သူက ဒီကိစ္စကို မသိဘူးလို့ ရှင်ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ပြစ်ဒဏ်ကျသွားရတာလဲ”
အိမ်အပြန်လမ်းတွင် လမ်းပေါ်၌ လူမရှိသည်ကို မြင်ချိန်တွင် လင်းရန်က စုန့်ရှီးယန်အား မေးမြန်းလိုက်လေ၏။
စုန့်ရှီးယန်လည်း သူမ၏ စပ်စုလိုစိတ်ကို ပြေပျောက်စေရန် အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်လေသည်။
သူတို့က စုန့်ဝေ့နှင့် ဆေးဝါးစက်ရုံမှ လူများကို ခေါ်ဆောင်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် မသင်္ကာဖွယ်ရာ လူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ကြပေသည်။
ထိုသူမှာ တခြားလူမဟုတ်ဘဲ စုန့်ဝေ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆင်းရဲသား ဆွေမျိုး၊ ဆေးဝါးစက်ရုံ၏ ညွှန်ကြားရေးမှူးပင် ဖြစ်၏။
ထိုဆွေမျိုးက ဆင်းရဲမွဲတေနေခဲ့သည်မှာ ကြာပြီဖြစ်၍ ဆင်းရဲရမည်ကို အလွန်ကြောက်ရွံ့နေခဲ့ပုံရပေသည်။ ထို့ကြောင့် အစောပိုင်းတွင် ငွေရှာရသည့် အရသာကို သိရှိသွားပြီးနောက်တွင် မကျေနပ်နိုင်တော့ဘဲ ငွေများများ ပိုရမည့် နည်းလမ်းများကို ရှာဖွေလာခဲ့သည်။
နောက်ဆုံးတွင် ဆေးရုံတစ်ခုသို့ အရောင်းအဝယ်ကိစ္စဖြင့် သွားရင်းဖြင့် လမ်းခုလတ်၌ “စိတ်ထားကောင်းသော လူကြီးမင်း” တစ်ဦးနှင့် တွေ့ဆုံခဲ့လေ၏။
ထိုသူကလည်း ဆေးဝါးလုပ်ငန်း လုပ်ကိုင်သူဟု ဆိုကာ စကားပြောရင်း ထိုဆွေမျိုး၏ ငွေလိုချင်သော စိတ်ကို ရိပ်မိသွားခဲ့သည်။
ထို့နောက် ထိုဆွေမျိုး၏ ယုံကြည်မှုကို ရယူနိုင်ရန် အချိန်အနည်းငယ် ပေးခဲ့ပြီးနောက် ဆေးပင်အချို့ကို ပေးကမ်းကာ ဤဆေးပင်များသည်က လက်ရှိဈေးကွက်ထဲရှိ ဆေးပင်များနှင့် အာနိသင်တူသော်လည်း ပိုမို လျင်မြန်စွာ ကြီးထွားကြောင်း ပြောပြခဲ့လေ၏။
ဤသည်မှာ အချိန်တိုအတွင်း ယခင်ကထက် ဆေးပင်များကို နှစ်ဆ သို့မဟုတ် သုံးဆ၊ ငါးဆအထိ ပိုမို ရရှိနိုင်မည်ဖြစ်၍ စိုက်ပျိုးချိန်ကို များစွာ သက်သာစေပြီး ငွေပိုရစေမည် မဟုတ်ပါလား။
ကြီးမားလွန်းသော အမြတ်အစွန်း၏ မြှူဆွယ်မှုအောက်တွင် ထိုဆွေမျိုးက မတောင့်ခံနိုင်တော့ဘဲ ထိုလူပေးသည့် ဆေးပင်များကို ဆေးခင်းထဲတွင် စိုက်ပျိုးခဲ့လေ၏။ နောက်ဆုံးတွင် မူလဆေးပင်များနေရာ၌ ဤဆေးပင်အသစ်များဖြင့် အစားထိုးလိုက်တော့သည်။
ထိုနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကိုတော့ လင်းရန် သိရှိထားသည့်အတိုင်းပင် သူတို့၏ လိမ်လည်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။
“ဒါဆို စုန့်ဝေ့ရဲ့ ဆွေမျိုးကို ဆေးပင်တွေပေးတဲ့ လူကိုကော ဖမ်းမိပြီလား၊ သူက သူလျှိုလား”
စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီလူက သူလျှိုတစ်ယောက်ပဲ၊ အခုတော့ ကိုယ်တို့ ဖမ်းဆီးလိုက်ပါပြီ၊ သူ့ရဲ့ ရည်ရွယ်ချက်က ဒီဆေးပင်တွေကို အဓိက ဆေးရုံကြီးတွေထဲကို စီးဆင်းသွားဖို့ လုပ်ခဲ့တာ၊
ဘာလို့လဲဆိုတော့ ဒီဆေးပင်က အဆိပ်ရှိနေတယ်လေ၊ အဲဒီအဆိပ်က ဖြည်းဖြည်းချင်း ထိခိုက်စေတာမျိုး ဖြစ်ပေမဲ့ အချိန်အကြာကြီး သောက်သုံးမိရင်တော့ လူတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်လိမ့်မယ်”
လင်းရန်မှာ ထိုစကားကို ကြားရုံမျှဖြင့် ကြက်သီးဖြန်းဖြန်း ထသွားရလေ၏။
ယခုခေတ် သူလျှိုများတွင် ဤမျှအထိ လှည့်ကွက်များ ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ။ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများတွင်သာ တွေ့ဖူးသော ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို လက်တွေ့ဘဝတွင် မြင်တွေ့ရသည်မှာ တကယ်ပင် ကြောက်စရာ ကောင်းလေသည်။
သို့သော် စုန့်ရှီးယန်နှင့် သူ၏အဖွဲ့သားများကကိုတော့ သူမ ပို၍ အထင်ကြီးသွားခဲ့ရသည်။
ဤကဲ့သို့ ခေတ်နောက်ကျသော စုံစမ်းစစ်ဆေးမှု အခြေအနေများအောက်တွင် သူတို့က ရန်သူကို ဖမ်းဆီးနိုင်ခဲ့ရုံသာမက အရာအားလုံးကို ရှင်းလင်းအောင် ဖော်ထုတ်နိုင်ခဲ့ကြလေ၏။
သူမ စုန့်ရှီးယန်ကို အလွန်ပင် အထင်ကြီး လေးစားသွားမိခဲ့ရသည်။
*