"တာအိုရောင်းရင်း... မင်း နားလည်မှု လွဲသွားတာ ဖြစ်နိုင်တယ်။ ငါက မင်းကို နှစ်တစ်သန်းလောက်ပဲ အမှုထမ်းခိုင်းချင်တာပါ၊ မင်းကို ငါနဲ့ သွေးသစ္စာ စာချုပ်ချုပ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး"
ဂျူဟွာက ရှင်းပြလိုက်ပါတယ်။
"မိုးကောင်းကင်တာအို သွေးသစ္စာ ဆိုရတာကလွဲရင် မင်းနဲ့ငါက လုံးဝကို တန်းတူညီမျှပါပဲ။ နှစ်တစ်သန်း ပြည့်သွားတာနဲ့ ငါ မင်းကို လွတ်လပ်ခွင့် ပေးမယ်"
"တကယ်လား"
ဂျူဟွာရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတော့ အမျိုးသမီးက မျက်လုံးလေးတွေကို အနည်းငယ် မှေးကျဉ်းသွားပါတယ်။
"တကယ်ပါပဲ"
ဂျူဟွာက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
"ဒါဆိုရင်တော့ ငါ သဘောတူတယ်"
အမျိုးသမီးက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
"တာအိုရောင်းရင်းက ငါ့အတွက် အမှိုက်တွေကို ရှင်းလင်းပေးခဲ့တာပဲလေ။ ကျေးဇူးဆပ်တဲ့ အနေနဲ့ နှစ်တစ်သန်းလောက် အမှုထမ်းရတာက သိပ်ပြီး များလှတယ်လို့ မဆိုသာပါဘူး"
"..."
ဂျူဟွာရဲ့ ဆန္ဒအတိုင်းပဲ အမျိုးသမီးက မိုးကောင်းကင်တာအို သွေးသစ္စာကို အလွယ်တကူပဲ ဆိုလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး လေထုက သိသိသာသာကို ကောင်းမွန်သွားခဲ့ပါပြီ။
"တာအိုရောင်းရင်း ကောင်းကင်ဇာမဏီမီးငှက်..."
ဂျူဟွာက တစ်ခုခု ဆက်ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ အမျိုးသမီးက သူ့စကားကို ဖြတ်ပြောလိုက်ပါတယ်။ သူမက...
"တာအိုရောင်းရင်း ဂျူဟွာ... ကောင်းကင်ဇာမဏီမီးငှက် ဆိုတာက တခြားလူတွေ ငါ့ကို ပေးထားတဲ့ နာမည်သက်သက်ပါ။ ရှေ့လျှောက် ငါ့ကို ဖုန်းယွီ လို့ပဲ ခေါ်လို့ရပါတယ်"
"ကောင်းပြီလေ တာအိုရောင်းရင်း ဖုန်းယွီ"
ဂျူဟွာကလည်း အားနာမနေတော့ပါဘူး။ သူက မေးလိုက်ပါတယ်။
"မင်းမှာ ရှင်းစရာရှိတဲ့ တခြား အရေးကြီး ကိစ္စတွေများ ကျန်သေးလား"
"ငါက အစကတည်းက တစ်ယောက်တည်း နေတာလေ။ အခု ငါ့ရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးလည်း သေကုန်ပြီဆိုတော့ ငါ့မှာ ဘာအရေးကြီး ကိစ္စတွေ ရှိနေဦးမှာလဲ"
ဖုန်းယွီက ဂျူဟွာကို လှမ်းကြည့်လိုက်ပါတယ်။ ဂျူဟွာရဲ့ မျက်နှာပေါ်မှာ ဘာထူးခြားတဲ့ အရိပ်အယောင်မှ မတွေ့ရတော့မှပဲ သူမက တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်ပါတော့တယ်။ ကြည့်ရတာ ရှေ့လာမယ့် နှစ်တစ်သန်းက သိပ်ပြီးတော့ ခက်ခဲလွန်းလှမှာ မဟုတ်ပါဘူး။
"ဒါဆို တာအိုရောင်းရင်း... ငါနဲ့အတူ ကျွမ်းရွှေ ကလန်ကို လိုက်ခဲ့ချေတော့"
ဂျူဟွာက ပြောလိုက်ပါတယ်။
"ကောင်းပါပြီ"
ဖုန်းယွီက သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်ပါပြီ။
...
လော့ဟွမ်တောင်က ကျွမ်းရွှေ ကလန်နဲ့ နီးတာမှ မဟုတ်တာ။ ဂျူဟွာနဲ့ ဖုန်းယွီတို့ဟာ လဝက်နီးပါးလောက် ပျံသန်းပြီးမှပဲ ကျွမ်းရွှေ ကလန်ကို ပြန်ရောက်ကြပါတော့တယ်။
ဂျူဟွာက ဖုန်းယွီကို အရင်ဆုံး ကျွမ်းရွှေချင်းဆီ ခေါ်သွားလိုက်ပါတယ်။ သူက ကျွမ်းရွှေချင်းဆီမှာ ဖုန်းယွီအတွက် ဧည့်သည်တော် အကြီးအကဲ ရာထူးတစ်ခုကို တောင်းဆိုလိုက်တာပါ။ ဖုန်းယွီက သူမရဲ့ စွမ်းအားကို အနည်းငယ်လောက် ထုတ်ပြလိုက်တဲ့အခါမှာတော့ ကျွမ်းရွှေချင်းက အလွယ်တကူပဲ သဘောတူလိုက်ပါတော့တယ်။
ဂျူဟွာ ခေါ်လာတဲ့သူရဲ့ နောက်ခံသမိုင်းကြောင်းကို သူ မသိပေမဲ့၊ ဂျူဟွာရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ရာထူးအရဆိုရင် ကျွမ်းရွှေ ကလန်မှာ တစ်ယောက်ယောက်အတွက် ဧည့်သည်တော် အကြီးအကဲ ရာထူးတစ်ခု ရဖို့ဆိုတာ အရမ်းကို လွယ်ကူတဲ့ ကိစ္စပါပဲ။
ဘာပဲဖြစ်ဖြစ် တစ်ခုခု မှားယွင်းသွားခဲ့ရင်တောင်မှ ဂျူဟွာက တာဝန်ယူ ဖြေရှင်းပေးမှာပါပဲ။
"တာအိုရောင်းရင်း ဂျူဟွာက ငါ့ကို တကယ် ဘာလုပ်စေချင်နေတာလဲ"
ဖုန်းယွီတစ်ယောက် ဂျူဟွာရဲ့ ဆက်တိုက် လုပ်ရပ်တွေကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ပါပြီ။
"တာအိုရောင်းရင်းကို ရိုးရိုးသားသားပဲ ပြောရရင်... ငါ့မှာ ငယ်ငယ်ကတည်းက အလိုလိုက်ထားတဲ့ ညီမလေး တစ်ယောက် ရှိတယ်"
ဂျူဟွာက ကျွမ်းရွှေချိုးရဲ့ အခြေအနေကို ဖုန်းယွီကို အရင် မိတ်ဆက် ရှင်းပြလိုက်ပါတယ်။ အဲဒီနောက် သူက ဆက်ပြောပါတယ်။
"ငါက ခရီးရှည် တစ်ခု ထွက်ရတော့မှာမလို့၊ ကလန်ထဲမှာ ညီမလေး တစ်ယောက်တည်း ကျန်ခဲ့မှာကို စိတ်ပူနေတာ။ ဒါကြောင့် တာအိုရောင်းရင်းကို ဒုက္ခပေးပြီး သူမကို စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းချင်တာပါ"
"မင်း ညီမလေးအတွက် သက်တော်စောင့် တစ်ယောက် ရှာဖို့အရေးကို ဒီလောက်တောင် အပင်ပန်းခံပြီး လုပ်ခဲ့တာလား"
ဖုန်းယွီတစ်ယောက် သွေးအန်ချင်စိတ်တောင် ပေါက်သွားခဲ့ပါပြီ။ သူမရဲ့ အိမ်ကြီးကတော့ ပြာကျသွားခဲ့ပြီလေ။
"ရိုးရှင်းတဲ့ သက်တော်စောင့် သက်သက်တော့ မဟုတ်ပါဘူး"
ဂျူဟွာက ခေါင်းခါပြလိုက်ပြီး ပြောလိုက်ပါတယ်။
"တာအိုရောင်းရင်းကို ငါ့ညီမလေးနဲ့ သူငယ်ချင်း တစ်ယောက်လို ပေါင်းသင်း ဆက်ဆံစေချင်တာပါ။ တကယ်လို့ ငါ့ညီမလေးအနားမှာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့သူတွေ ရှိရင်တော့ တာအိုရောင်းရင်းကို ဒုက္ခပေးပြီး ပညာပေးဆုံးမခိုင်းရမှာပါပဲ။ ဒါ့အပြင် ငါ့ညီမလေးက ကျွမ်းရွှေ ကလန် အပြင်ဘက်ကို သိပ်ပြီး ထွက်လေ့ထွက်ထ မရှိဘူး၊ အဲဒါက တန်ခိုးရှင်လမ်းစဉ် ကျင့်ကြံဖို့အတွက် မကောင်းဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင် တာအိုရောင်းရင်းကို ဒုက္ခပေးပြီး သူမကို အပြင်လောကရဲ့ အတွေ့အကြုံတွေ ရအောင် ခေါ်သွားပေးစေချင်တယ်"
"ဒီလို ကိစ္စမျိုးအတွက်ဆို ဘယ်သူ့ကို ရှာရှာ"
ဖုန်းယွီက တစ်ခုခု ဆက်ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ဂျူဟွာ မျက်မှောင်ကြုတ်သွားတာကို မြင်လိုက်ရပါတယ်။ သူမက ကမန်းကတန်းပဲ စကားကို ပြင်ပြောလိုက်ပါတော့တယ်။
"ငါ အကောင်းဆုံး ကြိုးစားပေးပါ့မယ်"
"တာအိုရောင်းရင်း ဖုန်းယွီ... ဒါက နောက်နေတာ မဟုတ်ဘူးနော်။ ငါ့ညီမလေး တစ်ခုခု ဖြစ်သွားခဲ့ရင်တော့"
ဂျူဟွာက ဆက်မပြောတော့ပေမဲ့ တကယ်လို့ အဲဒီလိုသာ တကယ်ဖြစ်ခဲ့ရင် သူမရဲ့ နိဂုံးချုပ်က အလွန်တရာကို ဆိုးရွားကြမ်းတမ်းမယ် ဆိုတာကို ဖုန်းယွီ ကောင်းကောင်း သဘောပေါက်လိုက်ပါတယ်။
"တာအိုရောင်းရင်း ဂျူဟွာ... ဒေါသထွက်နေစရာ မလိုပါဘူး။ ငါ ဘာက အရေးကြီးတယ် ဆိုတာကို ကောင်းကောင်း သိပါတယ်"
ဖုန်းယွီက အထပ်ထပ်အခါခါ ကတိပေးလိုက်ပါပြီ။
"ဒါဆိုရင်တော့ ငါ စိတ်အေးရပါပြီ"
ဂျူဟွာက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလိုက်ပါတယ်။
"နောင်ကျရင် ငါ့ညီမလေး တစ်ခုခု အောင်မြင်မှု ရလာခဲ့ရင် တာအိုရောင်းရင်းကို ငါ လက်ဆောင်ကြီးကြီး ပေးပါ့မယ်"
"တာအိုရောင်းရင်း ဂျူဟွာက ဘာတွေ ပြောနေတာလဲ။ ဒါတွေ အားလုံးက ငါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေချည်းပါပဲ"
ဖုန်းယွီက ပြုံးလျက် ပြောလိုက်ပါတယ်။
သူမကိုယ်တိုင်က ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတဲ့ ရှားပါးလှတဲ့ သက်ရှိတစ်ဦး ဖြစ်ပြီး ရတနာတွေနဲ့ အပြည့် ပိုင်ဆိုင်ထားတာလေ။ ဂျူဟွာက သူမရဲ့ ခန္ဓာကိုယ်ကို လောဘမတက်ရင်ပဲ တော်လှပါပြီ။ ဂျူဟွာ ပေးမယ့် ရတနာတွေကို သူမက ဘာလုပ်ရမှာလဲ။
ဂျူဟွာ့ဆီမှာ ကောင်းမွန်တဲ့ ရတနာတွေ ရှိနေမယ် ဆိုတာကိုတော့ ဖုန်းယွီ သံသယ မဝင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဂျူဟွာရဲ့ စွမ်းအားက သက်သေပြနေတာပဲ မဟုတ်လား။ ဒါပေမဲ့ ဒီလို ကိစ္စသေးသေးလေး အတွက်နဲ့ ဂျူဟွာက သူမကို အဲဒီ ရတနာတွေ ပေးပါ့မလား။ အိပ်မက် မက်နေရုံပဲ ရှိမှာပါ။
"တကယ်လို့ အင်ပါရီယာ နတ်ဘုရား ကပ်ဘေးကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ရတနာ တစ်ခုဆိုရင်ကော ဘယ်လိုလဲ"
ဂျူဟွာက ခပ်အေးအေးပဲ မေးလိုက်ပါတယ်။
"အင်ပါရီယာ နတ်ဘုရား ကပ်ဘေး"
ဖုန်းယွီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။ သူမက အနည်းငယ် မယုံနိုင်သလို ဖြစ်သွားပေမဲ့ ဂျူဟွာရဲ့ ယုံကြည်မှု အပြည့်ရှိနေတဲ့ မျက်နှာထားကို မြင်လိုက်ရတော့ သူမလည်း အလိုလိုနေရင်း နည်းနည်းတော့ ယုံကြည်သွားမိပါတယ်။
"တာအိုရောင်းရင်းရဲ့ ညီမလေးက ဒီနေ့ကစပြီး ငါ့ရဲ့ ညီမလေးပါပဲ"
ဖုန်းယွီက ကတိပေးလိုက်ပါပြီ။
"ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ဂျူဟွာက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။ အခုတော့ ဖုန်းယွီတစ်ယောက် သူမရဲ့ အလုပ်ကို သေချာပေါက် ကောင်းကောင်း လုပ်ပေးလိမ့်မယ် ဆိုတာကို သူ လုံးဝ ယုံကြည်သွားခဲ့ပါပြီ။
တခြားသူတွေကို စေခိုင်းဖို့ဆိုတာ အတင်းအကျပ် ခြိမ်းခြောက်တာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး၊ မျက်နှာသာ ပေးတတ်ဖို့လည်း လိုသေးတယ်လေ။ အင်ပါရီယာ နတ်ဘုရား ကပ်ဘေးကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ရတနာတွေ ဂျူဟွာဆီမှာ အခုလောလောဆယ် မရှိသေးတာ မှန်ပေမဲ့၊ နောင်ကျရင် သေချာပေါက် ရလာလိမ့်မယ်လို့ ဂျူဟွာ ယုံကြည်ထားပါတယ်။
တခြား ဘာကြောင့်မှ မဟုတ်ဘူး၊ တနေ့တခြား ယုံကြည်နိုင်စရာ မရှိလောက်အောင် အစွမ်းထက်လာနေတဲ့ သူ့ရဲ့ စွမ်းအားတွေကြောင့်ပဲ ဒီလို ပြောရဲတဲ့ ယုံကြည်မှုမျိုး သူ့ဆီမှာ ရှိနေတာပါပဲ။
ဖုန်းယွီကို နေရာချထားပေးပြီးတဲ့နောက်မှာတော့ ဂျူဟွာဟာ ကျွမ်းရွှေ ကလန်ကနေ တိုက်ရိုက်ပဲ ထွက်ခွာလာခဲ့ပါတော့တယ်။
တကယ်တော့ သူက သူ့ညီမလေးကို လွန်ခဲ့တဲ့ တစ်လကတည်းက နှုတ်ဆက်ပြီးသားပါ။ တစ်လလေးပဲ ကြာသေးတာမို့ သူ ပြန်သွားပြီး ဝမ်းနည်းစရာတွေ ထပ်မဖန်တီးချင်တော့ပါဘူး။
သူ့ညီမလေးကို စောင့်ရှောက်ပေးဖို့ ဖုန်းယွီကို ရှာခဲ့တာက ဂျူဟွာရဲ့ ရုတ်တရက် အကြံအစည်တော့ မဟုတ်ပါဘူး။ သူက ဒီအကြံကို တွေးထားခဲ့တာ ကြာပါပြီ။
ညီမလေးရဲ့ လုံခြုံရေးကို ကာကွယ်ပေးရုံ သက်ဆက်ဆိုရင်တော့ ဂျူဟွာအနေနဲ့ ဖုန်းယွီကို လိုအပ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဒုတိယမြောက် မူလခန္ဓာက ကီလမ်းစဉ် သက်သက်သာ ဖြစ်ပေမဲ့၊ သူ့ရဲ့ အလွန်အမင်း မြင့်မားတဲ့ တာအို ဉာဏ်အလင်း အဆင့်ကြောင့် သူက ဖုန်းယွီထက် အများကြီး ပိုပြီး အစွမ်းထက်နေတာလေ။
ဖုန်းယွီရဲ့ တည်ရှိမှုက အပေါ်ယံ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ လမ်းညွှန်ပြသပေးဖို့အတွက် ပိုပြီး ရည်ရွယ်တာပါ။
တကယ်တမ်းကျတော့ ဂျူဟွာရဲ့ တည်ရှိမှုကြောင့် ကျွမ်းရွှေ ကလန်က နောင်ကျရင် ကျွမ်းရွှေချိုးအပေါ်မှာ သေချာပေါက် ပိုပြီး အာရုံစိုက်လာမှာ ဖြစ်ပြီး သူမ အလွယ်တကူ လှည့်စားခံရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ဂျူဟွာက စိတ်မချနိုင်သေးလို့ ဖုန်းယွီကို ရှာခဲ့တာပါ။
ကျွမ်းရွှေ ကလန်ရဲ့ အကာအကွယ်ပေးမှုက ကောင်းကင်အင်မော်တယ် တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ မိစ္ဆာဘုရင်မ တစ်ပါးက အမြဲတမ်း စောင့်ကြည့်ပေးနေတာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
သေချာတာကတော့ ဂျူဟွာက ဖုန်းယွီကို ဒီအတိုင်း ရမ်းသန်း ရွေးချယ်ခဲ့တာတော့ မဟုတ်ပါဘူး။
ဂျူဟွာရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဖုန်းယွီကိုယ်တိုင်က အရမ်းကြီး သဘောထား ပြည့်ဝတဲ့သူလို့ မဆိုသာပေမဲ့ အလွန်အမင်း ဆိုးသွမ်းယုတ်မာတဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ သူမက ပုံမှန် တန်ခိုးရှင် တစ်ယောက်ရဲ့ စရိုက်မျိုးပဲ ရှိတာပါ။
ဒါ့အပြင် ဖုန်းယွီမှာ မကောင်းမှု ဒုစရိုက် မျိုးစုံကို ကျူးလွန်ထားတဲ့ လက်အောက်ငယ်သား တစ်အုပ်ကြီးလည်း ရှိနေသေးတယ်လေ။
ဖုန်းယွီရဲ့ လက်အောက်ငယ်သားတွေက မကောင်းမှု ဒုစရိုက် မျိုးစုံ ကျူးလွန်ထားတဲ့အတွက်ကြောင့်သာ ဂျူဟွာအနေနဲ့ ဘာစိတ်အနှောင့်အယှက်မှ မရှိဘဲ ဖုန်းယွီရဲ့ သံယောဇဉ်ကြိုးတွေကို ဖြတ်တောက်ပေးနိုင်ခဲ့တာပါ။ အဲဒါကြောင့်လည်း ဖုန်းယွီဟာ နောင်လာမယ့် ကာလတစ်ခုအထိ သူမရဲ့ စွမ်းအင်တွေ အားလုံးကို သူ့ညီမလေးအပေါ်မှာပဲ အာရုံစိုက်ထားနိုင်မှာပါပဲ။
မဟုတ်ရင်တော့ ဖုန်းယွီရဲ့ လက်အောက်ငယ်သားတွေက သာမန် မိစ္ဆာငယ်လေးတွေသာ ဖြစ်နေမယ်ဆိုရင် ဂျူဟွာက အခုလောက်အထိ ရက်ရက်စက်စက် လုပ်ခဲ့မှာ မဟုတ်သလို၊ ဖုန်းယွီကိုတောင် ရွေးချယ်ခဲ့ချင်မှ ရွေးချယ်ဖြစ်မှာပါ။
ဒီလောက် အပင်ပန်းခံ လုပ်ခဲ့ရတဲ့ အကျိုးသက်ရောက်မှုကတော့ သိသိသာသာပါပဲ။ အခုတော့ ဂျူဟွာ တစ်ယောက် စိတ်အေးချမ်းသာစွာနဲ့ အပြင်လောကကို ခရီးထွက်နိုင်ခဲ့ပြီလေ။
သူ့ညီမလေးက မာနကြီးတဲ့ သူမျိုးလည်း မဟုတ်သလို၊ ပြဿနာ ရှာတတ်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ ဖုန်းယွီရဲ့ လမ်းညွှန်မှုရယ်၊ သူ့ရဲ့ ဒုတိယမြောက် မူလခန္ဓာရဲ့ အကာအကွယ်ရယ် ရှိနေမှတော့ သူမအနေနဲ့ တစ်ခုခု ဖြစ်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ။
ဂျူဟွာ ကျွမ်းရွှေ ကလန်ကနေ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပဲ ကျွမ်းရွှေ ကလန်ရဲ့ စာကြည့်တိုက် အထက်မှာ မီးခိုးရောင် ဝတ်ရုံနဲ့ အဘိုးအို တစ်ဦး ရုတ်တရက် ထွက်ပေါ်လာတယ် ဆိုတာကိုတော့ ဂျူဟွာ မသိခဲ့ပါဘူး။
သူက ဖုန်းယွီရှိနေတဲ့ နေရာဆီကို အချိန်အတော်ကြာအောင် လှမ်းကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး နောက်တစ်ခဏမှာတော့ အဘိုးအိုဟာ သူ့ရဲ့ မူလနေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
***