သုံးလ အကြာ၊ မြောက်ပိုင်းအမှောင် မဟာပင်လယ် ရဲ့ အလယ်ဗဟို နက်ရှိုင်းတဲ့ နေရာက ကျွန်းငယ်လေး တစ်ကျွန်းပေါ်မှာပါ။
ဂျူဟွာရဲ့ နတ်ဘုရား အာရုံ က အဲဒီ နေရာတစ်ဝိုက်ကို ဖြတ်သန်း လွှမ်းခြုံသွားပြီးနောက် သိပ်မကြာခင်မှာပဲ သူက အောက်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာပါတော့တယ်။
"တာအိုရောင်းရင်း ဂျူဟွာ... ကျန်းမာပါစ"
ဂျူဟွာနဲ့ မလှမ်းမကမ်းကနေ အားရပါးရ ရယ်မောသံကြီး တစ်ခု ပေါ်ထွက်လာပါတယ်။
"တာအိုရောင်းရင်းကတော့ စိတ်ကြည်လင် တက်ကြွနေတုန်းပါပဲ"
ဂျူဟွာက မလှမ်းမကမ်းမှာ ငါးမျှားနေတဲ့ ပန်းကိုးပွင့် အင်မော်တယ် ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပါတယ်။
"ဟားဟား... ငါက ပျင်းနေလို့ပါ"
ပန်းကိုးပွင့် အင်မော်တယ်က ပြောရင်း ရုတ်တရက် သူ့ရဲ့ ငါးမျှားတံကို လက်နှစ်ဖက်နဲ့ ဆတ်ကနဲ ဆွဲတင်လိုက်ပါတယ်။ နောက်တစ်ခဏမှာတော့ ဇန်းတစ်ဝက် (ပေငါးဆယ်ခန့်) လောက် ရှည်တဲ့ ပင်လယ်ငါးကြီး နှစ်ကောင် ပါလာပါတော့တယ်။
ပန်းကိုးပွင့် အင်မော်တယ် က အဲဒီ ပင်လယ်ငါးကြီး နှစ်ကောင်ကို သူ့ဘေးနားက ငါးခြင်းထဲကို အေးအေးဆေးဆေးပဲ ထည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါပြီ။
ပန်းကိုးပွင့် အင်မော်တယ် က သူ့လက်ကို တစ်ချက် ဝှေ့ယမ်းပြီး ငါးမျှားတံကို သိမ်းဆည်းလိုက်ပါတယ်။ အဲဒီနောက် သူက ပြုံးရွှင်စွာ ပြောလိုက်ပါတယ်။
"မြောက်ပိုင်းအမှောင် မဟာပင်လယ်က အန္တရာယ်များတယ် ဆိုပေမဲ့ သူ့ဆီမှာ ရေတွက်လို့ မရနိုင်တဲ့ ရတနာတွေ အများကြီး ရှိနေတာလေ။ ဥပမာ... ခုနက ပင်လယ်ငါးလေး နှစ်ကောင်ဆိုရင် သာမန်လို့ ထင်ရပေမဲ့ လောကကြီးရဲ့ ထိပ်တန်း အစားအစာတွေထဲက တစ်ခုပါပဲ"
"တာအိုရောင်းရင်းက ဒီလောက်တောင် အမွှမ်းတင် နေရတယ်ဆိုတော့ တကယ်ကို ထူးခြားတဲ့ စားစရာတွေပဲ ဖြစ်ရမယ်"
ဂျူဟွာက ခေါင်းညိတ်လိုက်ပေမဲ့ စကားကိုတော့ အများကြီး ဆက်မပြောတော့ပါဘူး။
မြောက်ပိုင်းအမှောင် မဟာပင်လယ် ရဲ့ အန္တရာယ် ဆိုတာက သာမန် တန်ခိုးရှင် တွေအတွက်သာ ဖြစ်တာပါ။ ကောင်းကင်အင်မော်တယ် တစ်ပါးနဲ့ လုံးဝကို ရင်ပေါင်တန်းနိုင်တဲ့ ပန်းကိုးပွင့် အင်မော်တယ် လို နှစ်သန်းချီ လွတ်မြောက်အင်မော်တယ် တစ်ပါးအတွက်တော့ ဒီက အန္တရာယ် တချို့ဆိုတာက ရိုးရိုး သာမန်ကိစ္စလေးတွေ ပါပဲ။
အဲဒီ ပင်လယ်ငါးတွေနဲ့ ပတ်သက်လို့ကတော့ အကယ်၍ သူ့အတွက် အခွင့်အရေး သာခဲ့ရင် ငါးနှစ်ကောင် သုံးကောင်လောက် ဖမ်းပြီး ညီမလေး မြည်းစမ်းကြည့်ဖို့ အိမ်ကို သယ်သွားပေးဖြစ်မှာပါ။
"ဟားဟား... တာအိုရောင်းရင်း ဂျူဟွာက ခရီးမိုင် ထောင်ချီ အဝေးကြီးကနေ ဒီအထိ လာခဲ့တာက ငါ အလကား လေကန်နေတာကို နားထောင်ဖို့ လာတာမဟုတ်ဘူး ဆိုတာ သိပါတယ်။ ငါတို့ လိုရင်းကိုပဲ တန်းပြောကြမလား"
ပန်းကိုးပွင့် အင်မော်တယ် က ပြုံးရွှင်စွာ မေးလိုက်ပါတယ်။
"တာအိုရောင်းရင်း ပန်းကိုးပွင့်... ပြောပါဦး"
ဂျူဟွာက ခေါင်းညိတ်ပြလိုက်ပါတယ်။
"မြောက်ပိုင်းအမှောင် ဟင်းလင်းပြင်ကို ဝင်ပေါက်တွေထဲက တစ်ခုက ဒီကနေဆိုရင် လီတစ်ထောင်တောင် မဝေးတော့ဘူး။ ငါတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် အဲဒီကိုရောက်ဖို့ အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး"
ပန်းကိုးပွင့် အင်မော်တယ် က ဆက်ပြောပါတယ်။
"တာအိုရောင်းရင်း ရော ငါရောက ဒီကို အခွင့်အရေး ရှာဖို့ လာကြတာလေ။ ဒါကြောင့် ဘာမှ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတွေ မပေါ်လာရအောင် မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် ထဲ ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် အန္တရာယ် မပြုကြဘူးလို့ မိုးကောင်းကင်တာအို သွေးသစ္စာကို အတူတူ တိုင်တည်လိုက်ကြရင်ကော။ ဘယ်လိုသဘောရလဲ တာအိုရောင်းရင်း"
"သေချာပေါက် လုပ်ရမှာပါပဲ"
ဂျူဟွာက ငြင်းဆန်မငြင်းဆန်နေပါဘူး။
တန်ခိုးရှင် တွေ အတူတူ ခရီးထွက်ကြပြီ ဆိုရင် ဘယ်လောက်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါစေ၊ အချင်းချင်း ပဋိပက္ခတွေကို တတ်နိုင်သမျှ လျှော့ချဖို့အတွက် မိုးကောင်းကင်တာအို သွေးသစ္စာကို အမြဲတမ်း ဆိုလေ့ရှိကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် စည်းစိမ်ဥစ္စာဆိုတာ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေနိုင်တယ် မဟုတ်လား။ အတားအဆီး စည်းကမ်းချက်တွေသာ မရှိဘူးဆိုရင် ဘာတွေဖြစ်လာမလဲ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
သူနဲ့ ပန်းကိုးပွင့် အင်မော်တယ် တို့ အရင်က ဆိုခဲ့ဖူးတဲ့ မိုးကောင်းကင်တာအို သွေးသစ္စာက လျှို့ဝှက်ချက် ထိန်းသိမ်းဖို့သက်သက် အတွက်သာပါ။ မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် ထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် အန္တရာယ် မပြုကြဘူးဆိုတဲ့ မိုးကောင်းကင်တာအို သွေးသစ္စာကတော့ အခုအချိန်မှာ အရေးအကြီးဆုံးပါပဲ။
ဂျူဟွာရဲ့ လက်ရှိ စွမ်းအားက ပန်းကိုးပွင့် အင်မော်တယ် ထက် အများကြီး သာလွန်နေပြီ ဆိုပေမဲ့လည်း ဒီ မိုးကောင်းကင်တာအို သွေးသစ္စာက အရမ်းကို လိုအပ်တယ်လို့ သူ ယုံကြည်ထားတုန်းပါပဲ။ သူက မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် နဲ့ အဲဒီ အင်မော်တယ်ဂူနန်း အကြောင်းကို ဘာမှ မသိဘူးလေ။ တကယ်လို့သာ ပန်းကိုးပွင့် အင်မော်တယ်က သူ့ကို တိတ်တဆိတ် ခြေထိုးခံလိုက်မယ် ဆိုရင် သူက သတိထားမိလိုက်မှာတောင် မဟုတ်ပါဘူး။
အဲဒီလို အဖြစ်ခံမယ့်အစား အပြင်ဘက်မှာကတည်းက မိုးကောင်းကင်တာအို သွေးသစ္စာကို ဆိုလိုက်ပြီး အရာအားလုံးကို တစ်ခါတည်း အပြီးတိုင် ရှင်းလင်းထားလိုက်တာက ပိုကောင်းပါတယ်။
သေချာတာကတော့ မိုးကောင်းကင်တာအို သွေးသစ္စာဆိုတာက အရာအားလုံးကို အကြွင်းမဲ့ ထိန်းချုပ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
မိုးကောင်းကင်တာအို သွေးသစ္စာရဲ့ ပြစ်ဒဏ်ဆိုတာ မိုးကောင်းကင်တာအို ရဲ့ စွမ်းအားနဲ့ အပြစ်ပေးတာသက်သက်ပါ။ တကယ်လို့ တန်ခိုးရှင် တစ်ယောက်ရဲ့ ကိုယ်ပိုင် စွမ်းအားက မိုးကောင်းကင်တာအို ရဲ့ စွမ်းအားလောက်ကို နီးကပ်နေပြီ၊ ဒါမှမဟုတ် သာလွန်နေပြီ ဆိုရင်တော့ မိုးကောင်းကင်တာအို သွေးသစ္စာက သူ့အပေါ် သက်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။
လောကသုံးပါး အတွင်းမှာ မိုးကောင်းကင်တာအို သွေးသစ္စာကို ဂရုမစိုက်ဘဲ နေနိုင်တဲ့ သူဆိုတာ လက်ချိုးရေလို့ ရလောက်အောင် ရှားပါးပေမဲ့ တကယ်တော့ ရှိနေတာပါပဲ။ ဒါပေမဲ့ ဂျူဟွာကတော့ အခုလောလောဆယ် အဲဒီကိစ္စအတွက် စိတ်ပူမနေပါဘူး။ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေဆိုတာ အနည်းဆုံး အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေ အဆင့်လေ။ ပန်းကိုးပွင့် အင်မော်တယ် အနေနဲ့ ဘယ်လိုလုပ် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ပတ်သက်နိုင်မှာလဲ။
...
ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ် တို့ဟာ ခဏလောက် တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် အတော်လေး မျှတတဲ့ မိုးကောင်းကင်တာအို သွေးသစ္စာကို အတူတကွ ဆိုလိုက်ကြပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတစ်ခု ဆင်းသက်လာတာနဲ့အတူ သူတို့နှစ်ယောက်ကြားက လေထုကလည်း ချက်ချင်းဆိုသလို သိသိသာသာ ကောင်းမွန်သွားခဲ့ပါပြီ။
"တာအိုရောင်းရင်း ဂျူဟွာ... အချိန်မဆွဲတော့ဘဲ ငါတို့ ထွက်ခွာကြမလား"
ပန်းကိုးပွင့် အင်မော်တယ် က မေးလိုက်ပါတယ်။
ဂျူဟွာက ခေါင်းညိတ်ပြလိုက်ပါတယ်။ နောက်တစ်ခဏမှာတော့ သူတို့နှစ်ယောက်လုံး အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျွန်းငယ်လေးရဲ့ ကောင်းကင်ယံဆီကို ပျံတက်သွားကာ လျှပ်စီးအဟုန်နဲ့ အဝေးဆီကို ပြေးထွက်သွားကြပါတော့တယ်။
မြောက်ပိုင်းအမှောင် မဟာပင်လယ် ကြီးမှာ လှိုင်းလုံးတွေ တလိမ့်လိမ့် တက်လာပြီး အဆက်မပြတ် ဆူပွက်နေပေမဲ့ ဒါက ကောင်းကင်ယံက ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ် တို့နဲ့တော့ ဘာမှ မဆိုင်ပါဘူး။ လီတစ်ထောင် ဆိုတဲ့ အကွာအဝေးက မျက်စိတစ်မှိတ် အတွင်းမှာပဲ ကျော်ဖြတ်ပြီးသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံး ကောင်းကင်ယံမှာ တွဲလွဲဆွဲနေတဲ့ ဧရာမ ရေဝဲကတော့ကြီး တစ်ခုထဲကို ထိုးဆင်းသွားကြပါတော့တယ်။
ဂျူဟွာရဲ့ စကြဝဠာ မဟာတာအို နားလည်သဘောပေါက်မှုက သူ့ရဲ့ ဓားတာအို လောက် မမြင့်မားသေးဘူး ဆိုပေမဲ့လည်း အတော်လေးကို နက်နဲနေပါပြီ။ ဧရာမ ရေဝဲကတော့ကြီး ထဲကို ဝင်သွားပြီးတဲ့နောက် ဟင်းလင်းပြင် အပြောင်းအလဲ တစ်ခုကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး အချိန်အတော်ကြာမှပဲ အဲဒီ အပြောင်းအလဲက ရပ်တန့်သွားခဲ့ပါတယ်။
"ဒါက မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် လား"
ဂျူဟွာက သူ့ရှေ့က မြေရိုင်းပြင်ကြီးကို ကြည့်ရင်း လှည့်မေးလိုက်ပါတယ်။
"ဒါက အနောက်ပိုင်း မြေရိုင်းလွင်ပြင် ဖြစ်ရမယ်"
ပန်းကိုးပွင့် အင်မော်တယ် က ပတ်ဝန်းကျင်ကို သူ့ရဲ့ နတ်ဘုရား အာရုံ နဲ့ ဖြန့်ကျက် စစ်ဆေးလိုက်ပါတယ်။ အဲဒီနောက် သူက ဆက်ပြောပါတယ်။
"ဒီ အနောက်ပိုင်း မြေရိုင်းလွင်ပြင် မှာ ရတနာတွေ သိပ်မရှိလှပေမဲ့ ဝိညာဉ်စား ပုရွက်ဆိတ် လို့ ခေါ်တဲ့ ထူးဆန်းတဲ့ သားရဲ တစ်မျိုး ရှိတယ်။ ဒီထူးဆန်းတဲ့ သားရဲတွေက တစ်ကောင်ချင်းစီ နေရင်တော့ မကြောက်စရာ မကောင်းပေမဲ့၊ အုပ်စုလိုက်ကြီးလာပြီဆိုရင်တော့ သာမန် ကောင်းကင်အင်မော်တယ် တစ်ပါးတောင်မှ ကြောက်လန့်တကြား ထွက်ပြေးရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး"
"အဲဒီလောက်တောင် အစွမ်းထက်တာလား"
ဂျူဟွာ အနည်းငယ် အံ့ဩသွားမိပါတယ်။ ကောင်းကင်အင်မော်တယ် တစ်ပါးကိုတောင် ကြောက်လန့်တကြား ထွက်ပြေးစေနိုင်တဲ့ ထူးဆန်းတဲ့ သားရဲတဲ့လား။
"ဒါကြောင့် အင်းဆက်တွေနဲ့ သားရဲတွေရဲ့ တာအိုကို လေ့လာရတာ နှစ်သက်တဲ့ အဘိုးကြီး တချို့ကလွဲရင် ဒီ အနောက်ပိုင်း မြေရိုင်းလွင်ပြင်ကို လာချင်တဲ့သူ သိပ်မရှိကြဘူးလေ"
"တာအိုရောင်းရင်းက ဒီမှာ ခဏလောက် နေချင်သေးလား၊ ဒါမှမဟုတ် အဲဒီ အင်မော်တယ်ဂူနန်း ဆီကိုပဲ တိုက်ရိုက် သွားကြမလား"
"တခါတည်း သွားကြတာပေါ့"
ဂျူဟွာက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်ပါတယ်။
"ဟားဟား... ဒါဆို တာအိုရောင်းရင်း... ငါ့နောက်ကနေ ကပ်ပြီး လိုက်ခဲ့တော့"
ပန်းကိုးပွင့် အင်မော်တယ် က ပြုံးလိုက်ပြီးနောက် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးဆီကို အလျင်အမြန် ပျံသန်းသွားပါတော့တယ်။ ဂျူဟွာကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း နောက်ကနေ လိုက်သွားခဲ့ပါတယ်။
ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ် တို့ အနောက်ပိုင်း မြေရိုင်းလွင်ပြင်ကို ဖြတ်သန်းဖို့အတွက် ရက်အတော်ကြာ အချိန်ယူလိုက်ရပါတယ်။ ဒီကာလအတွင်းမှာ သူတို့ ဝိညာဉ်စား ပုရွက်ဆိတ် အုပ်စုတွေနဲ့ တကယ်ပဲ ဆုံခဲ့ကြပေမဲ့ ပန်းကိုးပွင့် အင်မော်တယ်ကတော့ သူတို့ကို သွားစစရာ အကြောင်းကို မရှိပါဘူး။ သူက ဂျူဟွာကို ဆွဲခေါ်ပြီး အဝေးကို တခါတည်း ထွက်ပြေးခဲ့တာပါ။
အနောက်ပိုင်း မြေရိုင်းလွင်ပြင်ကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကျယ်ပြောလှတဲ့ မြစ်ကြီးတစ်စင်း ရှိနေပါတယ်။ အဲဒီမြစ်ကြီးကလည်း အန္တရာယ်များလှပြီး သွေးသားတွေကို နှစ်သက်တဲ့ ထူးဆန်းတဲ့ သားရဲ တစ်မျိုး ကျက်စားရာ နေရာပါပဲ။ ဒီထူးဆန်းတဲ့ သားရဲတွေက တန်ခိုးအဆင့် အရမ်းနိမ့်ပေမဲ့ ကြီးမားလှတဲ့ ခွန်အားကို ပိုင်ဆိုင်ထားကြတာလေ။ သာမန် လွတ်မြောက်အင်မော်တယ် တစ်ပါးသာ သူတို့နဲ့ ဆုံခဲ့မယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး လုံးဝရှိမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ် တို့က သာမန် လွတ်မြောက်အင်မော်တယ် တွေမှ မဟုတ်တာ။ လမ်းတစ်လျှောက်မှာ အရေအတွက် ဘယ်လောက်မှန်း မသိနိုင်တဲ့ ထူးဆန်းတဲ့ သားရဲတွေကို သတ်ဖြတ်ပြီးတဲ့နောက် သူတို့ဟာ မြစ်ကြီးကို ဘေးကင်းစွာ ဖြတ်ကူးနိုင်ခဲ့ကြပါတယ်။
ပန်းကိုးပွင့် အင်မော်တယ် က မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် နဲ့ အတော်လေးကို ရင်းနှီးကျွမ်းဝင်နေခဲ့တာပါ။ သူ့ရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့ဟာ အန္တရာယ်တွေကို တတ်နိုင်သမျှ ရှောင်လွှဲခဲ့ကြပြီး၊ ရှောင်လွှဲလို့ မရတဲ့ အခါကျမှပဲ အတင်း ထိုးဖောက် ဖြတ်သန်းခဲ့ကြတာပါပဲ။
လမ်းတစ်လျှောက်မှာ ဂျူဟွာ အနေနဲ့ ထူးခြားတဲ့ အန္တရာယ်မျိုးကို မခံစားခဲ့ရဘဲ သူ့ရဲ့ အမြင်တွေ ကျယ်ပြန့်လာသလိုမျိုးသာ ခံစားခဲ့ရပါတယ်။
ဒါကလည်း ပန်းကိုးပွင့် အင်မော်တယ် ရဲ့ ဖိတ်ခေါ်မှုကို ဂျူဟွာ လက်ခံရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အမြဲတမ်း အထီးကျန်စွာနဲ့ပဲ ကျင့်ကြံအားထုတ်နေမယ်ဆိုရင် သူ့မှာ ဘယ်လောက်ပဲ ထူးချွန်တဲ့ ပါရမီ ရှိနေပါစေ၊ တစ်ချိန်ချိန်မှာတော့ အဆင့်တက်ဖို့ ခက်ခဲတဲ့ အတားအဆီး တစ်ခုနဲ့ သေချာပေါက် ကြုံတွေ့ရမှာလေ။ အခွင့်အရေး လာရှာတဲ့အခါ အစစ်အမှန် အခွင့်အရေး မျိုး မရခဲ့ရင်တောင်မှ အမြင်တွေ ကျယ်ပြန့်လာစေနိုင်ပြီး ဒါက သူ့ရဲ့ တန်ခိုးရှင်လမ်းစဉ် ကျင့်ကြံမှုအတွက် အကျိုးရှိစေမှာပါပဲ။
တစ်လ အကြာမှာတော့ ဖုန်တွေ သဲတွေ ပေကျံနေတဲ့ ပန်းကိုးပွင့် အင်မော်တယ် နဲ့ ဂျူဟွာတို့ဟာ နောက်ဆုံးမှာ သူတို့ရဲ့ ဦးတည်ရာကို ရောက်ရှိသွားကြပါတော့တယ်။
"တာအိုရောင်းရင်း ဂျူဟွာ... ဒီနေရာပါပဲ"
ရေကူးနေတဲ့ ငါးတစ်ကောင်နဲ့ တူတဲ့ အောက်ဘက်က တောင်ထွတ်ကို ကြည့်ရင်း ပန်းကိုးပွင့် အင်မော်တယ် ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထင်ဟပ်လာပါတယ်။
အကွေ့အကောက် အတားအဆီးတွေ အများကြီး ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့ ရောက်လာခဲ့ကြပြီလေ။ ဒါ့အပြင် သူ စီစဉ်ထားခဲ့သမျှ အရာအားလုံးက နဂိုအတိုင်း ရှိနေသေးတာက ဒီကာလအတွင်းမှာ ဒီနေရာကို တခြားဘယ်သူမှ ရှာမတွေ့ခဲ့ဘူး ဆိုတာကို သက်သေပြနေတာပါပဲ။
***