"အဲဒီနေရာလား"
ဂျူဟွာက တောင်ထွတ်ပေါ်က နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ပါတယ်။
"အို..."
ပန်းကိုးပွင့် အင်မော်တယ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြန်မေးလိုက်ပါတယ်။
"တာအိုရောင်းရင်း ဂျူဟွာက ဒီလောက်တောင် အမြင်စူးရှတာလား"
"ဒီနေရာမှာ တစ်ခုခုကို ဖုံးကွယ်ထားတဲ့ မဟာဝင်္ကပါတစ်ခု ရှိနေတယ်လို့ ကျွန်တော် ခပ်ရေးရေး ခံစားမိလို့ပါ"
ဂျူဟွာက ရှင်းပြလိုက်ပါတယ်။
တကယ်တမ်းကျတော့ ဂျူဟွာက ခပ်ရေးရေး ခံစားမိတာ မဟုတ်ပါဘူး။ ဒီနေရာမှာ မဟာဝင်္ကပါတစ်ခု ရှိနေတယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်းကြီး သိနေတာပါ။ ဒီမဟာဝင်္ကပါက စကြ၀ဠာတည်ရှိမှုကို ဖုံးကွယ်ထားတဲ့ အမျိုးအစား ဖြစ်ရပါမယ်။ ပန်းကိုးပွင့် အင်မော်တယ်ဆီမှာ ဒီလိုဝင်္ကပါမျိုး ရှိနေတာက မဆန်းလှပေမဲ့ စကြဝဠာ မဟာတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဂျူဟွာကို ဖုံးကွယ်ထားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
"တာအိုရောင်းရင်းက မျက်စိရှင်တာပဲ"
ပန်းကိုးပွင့် အင်မော်တယ်က အဲဒီကိစ္စကို အများကြီး ဆက်မတွေးတော့ပါဘူး။ သူက ပြုံးရွှင်စွာ ပြောလိုက်ပါတယ်။
"ဒီနေရာမှာ ခြေရာလက်ရာတွေကို ဖုံးကွယ်ထားဖို့အတွက် ငါ မဟာဝင်္ကပါတစ်ခု တကယ်ပဲ ခင်းကျင်းထားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးဆိုတာက တစ်ခုတည်း ရှိတာလေ။ ငါက တခြားသူတွေနဲ့ မျှဝေပေးချင်လောက်အောင် သဘောထားကြီးတဲ့သူမှ မဟုတ်တာ"
"အဲဒီလို ဖြစ်သင့်တာပါပဲ"
ဂျူဟွာက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်ပါတယ်။
"ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ။ ဝင်္ကပါကို တိုက်ရိုက်ပဲ ဖျက်ဆီးပစ်ကြမလား၊ ဒါမှမဟုတ် အရင် ပြင်ဆင်မှုလေးတွေ လုပ်ကြဦးမလား"
"သုံးရက်လောက် အရင် အနားယူကြတာ အကောင်းဆုံးပါပဲ"
ပန်းကိုးပွင့် အင်မော်တယ်က ပြောလိုက်ပါတယ်။
"ကောင်းပါပြီလေ"
ဂျူဟွာက ခေါင်းညိတ် သဘောတူလိုက်ပါပြီ။ အခွင့်အရေးတစ်ခုကို ရှာဖွေဖို့အတွက်ဆိုရင် စိတ်ရောကိုယ်ပါ အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။ သူတို့က မြောက်ပိုင်းအမှောင် စကြ၀ဠာတည်ရှိမှုရဲ့ တစ်ဝက်လောက်ကို ဖြတ်သန်းလာခဲ့ရတာလေ။ ဘာဒဏ်ရာမှ မရခဲ့ဘူးဆိုပေမဲ့ သူတို့ရဲ့ ခွန်အားတွေကတော့ အလိုလို လျော့နည်းသွားခဲ့မှာ အမှန်ပါပဲ။ အခု အနားယူလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပါပဲ။
ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် လက်နှစ်ဖက်ယှက်ပြီး အရိုအသေ ပေးလိုက်ကြပါတယ်။ အဲဒီနောက် သူတို့က တောင်ထွတ်ရဲ့ ဆန့်ကျင်ဘက် နေရာအသီးသီးကို သွားရောက်ပြီး အင်မော်တယ်ဂူနန်းတစ်ခုစီ ဖန်တီးကာ အနားယူဖို့ ဝင်သွားကြပါတော့တယ်။
အချိန်ယူပြီး တရားထိုင်ကာ ခန္ဓာကိုယ် အခြေအနေကို ညှိယူအားဖြည့်ပြီးတဲ့နောက်မှာတော့ ဂျူဟွာဟာ စကြဝဠာ မဟာတာအိုအကြောင်းကို စတင် တွေးတော ဆင်ခြင်ပါတော့တယ်။
သူ ဓားတာအိုကို ဆက်ပြီး နားမလည်အောင် ကြိုးစားနေရတဲ့ အကြောင်းရင်းက ဂျူဟွာရဲ့ ဓားတာအိုဟာ နောက်ဆုံး အတားအဆီးကြီးတစ်ခုနဲ့ ကြုံတွေ့နေလို့ပါ။
ဒါပိ ဓားသိုင်းမှာ သိုင်းကွက် ကိုးကွက် ရှိပေမဲ့ စာကြည့်တိုက်ရဲ့ ပထမ အထပ်ခြောက်ထပ်မှာ ပထမ သိုင်းကွက် ရှစ်ကွက်ပဲ ရှိတာလေ။ ဂျူဟွာက သူ သိုင်းကွက် ရှစ်ကွက်လုံးကို အောင်မြင်ထားပြီးပြီ ဆိုတာ အခြားသူတွေ မသိစေချင်ပါဘူး။ ဒါကြောင့် သူက ဒါပိ ဓားသိုင်းရဲ့ နဝမမြောက် သိုင်းကွက်ကို လုံးဝ စွန့်လွှတ်လိုက်ပြီး ကိုယ်ပိုင် နဝမမြောက် သိုင်းကွက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ဓားတာအိုဆိုတာ နဂိုကတည်းက ရှိနေပြီးသားပါ။ လမ်းညွှန်ပေးမယ့် လျှို့ဝှက်ကျင့်စဉ် ရှိရင်လည်း နားလည်သဘောပေါက်နိုင်သလို လျှို့ဝှက်ကျင့်စဉ် မရှိရင်လည်း နားလည်သဘောပေါက်နိုင်တာပါပဲ။ အစကတော့ ဂျူဟွာက ဒါဟာ ဖြည်းဖြည်းမှန်မှန် သွားရမယ့် လမ်းစဉ်တစ်ခုလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆောင်းဦးတောင်ကုန်း မဟာရွှံ့နွံအိုင်ရဲ့ အဆုံးအဖြတ် တိုက်ပွဲကြီး အပြီးမှာ သူ စုပ်ယူခဲ့ရတဲ့ နတ်ဘုရားဝိညာဉ် အမြုတေတွေက သူ့ရဲ့ ပါရမီကို ဒီလောက်အထိ အံ့မခန်း မြှင့်တင်ပေးလိုက်လိမ့်မယ်လို့ သူလုံး၀ မထင်ထားခဲ့မိပါဘူး။
ကျွမ်းရွှေ ကလန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ ဂျူဟွာရဲ့ ဓားတာအို နားလည်သဘောပေါက်မှုက လျှပ်စီးလက်သလို မြန်ဆန်တယ် လို့တောင် တင်စားလို့ ရနေပါပြီ။
နှစ်အနည်းငယ် အကြာမှာတင် ဂျူဟွာဟာ ရုတ်တရက် ဉာဏ်အလင်း ရရှိလာမှုကနေ တဆင့် သူ့ရဲ့ ကိုယ်ပိုင် ဒါပိ ဓားသိုင်း နဝမမြောက် သိုင်းကွက်ကို ဖန်တီးနိုင်ခဲ့တာလေ။
ဒီသိုင်းကွက် ပြီးစီးသွားတာနဲ့ တစ်ပြိုင်နက် ဂျူဟွာရဲ့ ဓားတာအို အောင်မြင်မှုဟာ ဒီဓားသိုင်းကို မူလ ဖန်တီးခဲ့တဲ့ ကောင်းကင်အင်မော်တယ်နဲ့ လုံးဝကို ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။ ပြီးတော့ ဒီဓားသိုင်းကို ဖန်တီးခဲ့တဲ့ ကောင်းကင်အင်မော်တယ် ပြောခဲ့သလိုပဲ ဂျူဟွာကလည်း ဒီအဆင့်မှာ သူဟာ ဓားတာအိုတစ်ခုလုံးကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနေပါတယ်။
ဒါပေမဲ့ ဒီခြေတစ်လှမ်းက အရေးအကြီးဆုံးပါပဲ။ ပြီးတော့ အဲဒါကို ကျော်ဖြတ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု လိုအပ်ပါတယ်။
ဂျူဟွာက 'ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ' ဝတ္ထုကို သေချာ ဖတ်ဖူးထားတာဆိုတော့ ဝတ္ထုရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဂျိနင်ဟာလည်း ဒီနောက်ဆုံး အဆင့်မှာ ပိတ်မိနေခဲ့တယ်ဆိုတာကို သူသိနေပါတယ်။ အရေးအကြီးဆုံး အချိန်ရောက်မှသာ ဂျိနင်ဟာ သူ့မှာ လိုအပ်နေတာက ဓားအင်မော်တယ် ကီစွမ်းအင်လေး တစ်မျှင်သာ ဖြစ်တယ်ဆိုတာကို ရုတ်တရက် သဘောပေါက်သွားခဲ့တာလေ။
သိနေတာက တစ်ပိုင်းပါ။ ဂျူဟွာအနေနဲ့ အဲဒီ အဆင့်တက်ခြင်း မျိုးကိုသွားပြီး အတုယူလို့ မရပါဘူး။ ဓားအင်မော်တယ်တိုင်းက လျှောက်လှမ်းကြတဲ့ လမ်းစဉ် မတူညီကြသလို ဂျူဟွာကိုယ်တိုင်လည်း သူ့မှာ လိုအပ်နေတာ ဓားအင်မော်တယ် ကီစွမ်းအင် မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။
အခွင့်အရေးဆိုတာ ရောက်မလာသေးဘူးဆိုရင် အတင်းအကျပ် လုပ်ယူလို့ရတဲ့ အရာမှ မဟုတ်တာ။
ဓားတာအိုက လောလောဆယ် အတားအဆီးတစ်ခုမှာ ပိတ်မိနေတာမို့ ဂျူဟွာက အဲဒီအပေါ်မှာ အချိန်သိပ်မဖြုန်းတော့ပါဘူး။ သူက စကြဝဠာ မဟာတာအိုကို စတင် လေ့လာပါတော့တယ်။
အစကတည်းက ဂျူဟွာဟာ ဓားတာအိုထက် စကြဝဠာ မဟာတာအိုပေါ်မှာ အားထုတ်မှု အများကြီး လျှော့ချထားခဲ့တာပါ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ရဲ့ စကြဝဠာ မဟာတာအို အောင်မြင်မှုတွေကလည်း ဓားတာအိုထက် အများကြီး နိမ့်ကျနေခဲ့ပါတယ်လေ။ ဂျူဟွာက တာအိုနှစ်ခုလုံးကို အပြည့်အဝ ပေါင်းစည်းချင်တာမို့ တာအိုနှစ်ခုလုံးကို နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ဂျူဟွာက စကြဝဠာ မဟာတာအိုပေါ်မှာ အားထုတ်မှု ပိုလုပ်ဖို့ တွေးလိုက်တာပါ။
ဂျူဟွာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ဒါပိ ဓားသိုင်းရဲ့ နဝမမြောက် သိုင်းကွက်ကို နားလည်သဘောပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ သူက စကြဝဠာ မဟာတာအိုကို အာရုံစိုက်ပြီး လေ့လာနေခဲ့တာပါ။ အခုဆိုရင် ဂျူဟွာရဲ့ သန့်စင်တဲ့ စကြဝဠာ မဟာတာအို အောင်မြင်မှုက ပန်းကိုးပွင့် အင်မော်တယ်ထက် နည်းနည်းလေးတောင် နိမ့်ကျနေမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။
ဒါပိ ဓားသိုင်းနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒါပိ ဓားသိုင်းရဲ့ သတ္တမမြောက် သိုင်းကွက် တာအိုနယ်မြေ အဆင့်လောက်နဲ့ ညီမျှနေလောက်ပါပြီ။
….
သုံးရက်ဆိုတဲ့ အချိန်က မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုန်ဆုံးသွားပါတယ်။ ပန်းကိုးပွင့် အင်မော်တယ်ဆီက သတင်းစကား ရပြီးတဲ့နောက် ဂျူဟွာက သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး သူရဲ့ ယာယီအင်မော်တယ်ဂူနန်းထဲကနေ ပျံသန်း ထွက်ခွာလာခဲ့ပါတော့တယ်။
ပန်းကိုးပွင့် အင်မော်တယ်က ဂျူဟွာကို ခေါင်းညိတ်ပြလိုက်ပါတယ်။ အဲဒီနောက် သူက လက်တစ်ဖက်နဲ့ လက်ဟန်သင်္ကေတ ဖန်တီးလိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အောက်ဘက်ကနေ ဝင်္ကပါအလံတွေ ပျံတက်လာပြီး ပန်းကိုးပွင့် အင်မော်တယ်ရဲ့ လက်စွပ်ထဲကို ဝင်သွားပါတော့တယ်။
စကြ၀ဠာတည်ရှိမှုကို ဖုံးကွယ်ထားတဲ့ မဟာဝင်္ကပါကို ဖယ်ရှားလိုက်တာနဲ့ ချက်ချင်းပဲ ဩဇာအာဏာ ကြီးမားစွာ ရေးဆွဲထားတဲ့ စာလုံးကြီး လေးလုံး ဂျူဟွာရဲ့ မျက်စိရှေ့မှာ ပေါ်လာပါတယ်။
"လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း"
ဂျူဟွာရဲ့ မျက်နှာထား အနည်းငယ် တင်းမာသွားခဲ့ပါပြီ။ ဒီစာလုံးလေးလုံးဆီကနေ နက်ရှိုင်းလှတဲ့ အငွေ့အသက်တွေကို သူ ခံစားလိုက်ရလို့ပါ။
ဂျူဟွာက ဓားတာအိုတစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်ဖို့ တစ်လှမ်းပဲ လိုတော့တာဆိုတော့ ဒီနက်နဲမှုက သာမန်တာအိုတစ်ခုရဲ့ အော်ရာအရှိန်အဝါမျိုး မဟုတ်နေပဲ မိုးကောင်းကင်တာအိုရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်ဆိုတာကို သူသိနေပါတယ်။
ဒါကြောင့်လည်း ပန်းကိုးပွင့် အင်မော်တယ်က ဒါဟာ အနည်းဆုံးတော့ သန့်စင်သောယန် အစစ်အမှန် အင်မော်တယ်တစ်ပါး ချန်ထားခဲ့တဲ့ အင်မော်တယ်ဂူနန်း ဖြစ်နိုင်ပြီး တာအိုဖခင်တစ်ပါးရဲ့ အင်မော်တယ်ဂူနန်းတောင် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါပဲ။
(ပန်းကိုးပွင့် အင်မော်တယ်လည်း ဒါကို မိုးကောင်းကင်တာအိုရဲ့ အော်ရာအရှိန်အဝါလို့ ခွဲခြားသိမြင်နိုင်မှာပါ။ ဒါပေမဲ့ သူက ဒါဟာ ပြီးပြည့်စုံတဲ့ မိုးကောင်းကင်တာအို ဟုတ်မဟုတ် မသိလို့သာ တာအိုဖခင်တစ်ပါးရဲ့ အင်မော်တယ်ဂူနန်း ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့တာလေ။ ဒါပေမဲ့ ငါကတော့ ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ မိုးကောင်းကင်တာအို ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်တယ်။)
ဒီအတွေးက ဂျူဟွာရဲ့ စိတ်ထဲမှာ ဖြတ်သန်းသွားပြီးနောက် သူက ခေါင်းခါလိုက်ပါတယ်။
တကယ်လို့ ဒါကသာ တာအိုဖခင်တစ်ပါးရဲ့ အင်မော်တယ်ဂူနန်းအစစ် ဖြစ်နေမယ်ဆိုရင် သူ ကျွမ်းရွှေ ကလန်ကနေ မထွက်လာခင် လုပ်ခဲ့တဲ့ ကြိုတင်ပြင်ဆင်မှုတွေက သေချာပေါက် အသုံးဝင်လာတော့မှာပါပဲ။
မိုးကောင်းကင်တာအိုကို နားလည်သဘောပေါက်ထားတဲ့ တာအိုဖခင်တွေဟာ သူတို့ရဲ့ တာအိုဉာဏ်အလင်း အဆင့်မှာ သံသယဖြစ်စရာ မလိုအောင် အစွမ်းထက်ကြပါတယ်။ တာအိုဖခင် အများစုဟာ နိမိတ်ဖတ် တွက်ချက်ခြင်း တာအိုမှာလည်း အတော်လေးကို အစွမ်းထက်ကြတယ်ဆိုတာကို ဂျူဟွာ သိထားပါတယ်။
မိုးကောင်းကင်တာအိုကို နားလည်သဘောပေါက်ထားတဲ့ တည်ရှိမှုတစ်ခုက လွတ်မြောက်အင်မော်တယ်တစ်ပါးကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ လွတ်မြောက်အင်မော်တယ်မှ မဟုတ်ပါဘူး၊ ကောင်းကင်အင်မော်တယ်တွေကိုတောင်မှ အလွန်အထူးခြားဆုံး ကိစ္စ အနည်းငယ်ကလွဲရင် တာအိုဖခင်တစ်ပါးက လှည့်ကြည့်ဖို့တောင် အချိန်ကုန်ခံမှာ မဟုတ်ဘူးလေ။
တကယ်လို့ ဂျူဟွာသာ သာမန် လွတ်မြောက်အင်မော်တယ်တစ်ပါးဆိုရင် သူသိပ်ပြီး စိတ်ပူနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျူဟွာက သူဟာ သာမန် လွတ်မြောက်အင်မော်တယ်တစ်ပါး လုံးဝ မဟုတ်ဘူးဆိုတာကို ကောင်းကောင်း သိနေတယ်လေ။
ဆယ်စုနှစ် အနည်းငယ်လေး အတွင်းမှာ မဟာတာအိုတစ်ခု နီးပါးလောက် နားလည်သဘောပေါက်နိုင်တဲ့ ဒုတိယမြောက် လွတ်မြောက်အင်မော်တယ်ဆိုတာ လောကသုံးပါးမှာ သေချာပေါက် မရှိနိုင်ပါဘူး။ အဓိက အချက်က သူ့ရဲ့ ပါရမီက ရုတ်တရက်ကြီး ပိုအစွမ်းထက်လာတာလေ။ ဒါက အရမ်းကို အန္တရာယ်များပါတယ်။
တာအိုဖခင်တစ်ပါးက သူ့ကို သာမန်အားဖြင့် ဂရုစိုက်မှာ မဟုတ်ဘူး ဆိုပေမဲ့ တာအိုဖခင်တစ်ပါးပါးက ရုတ်တရက်ကြီး အားနေချိန် သူ့အကြောင်း ကြားသွားပြီး သူ့ရဲ့ ကံကြမ္မာကို တွက်ချက်ကြည့်ဖို့ ကြိုးစားလာမှာကို သူက စိုးရိမ်နေခဲ့တာပါ။
ဂျူဟွာက အမြဲတမ်း အပြည့်အဝ ပြင်ဆင်ထားရတာကို သဘောကျပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒုတိယမြောက် မူလခန္ဓာကို ဖန်တီးပြီး သိပ်မကြာခင်မှာပဲ သူက ကျွမ်းရွှေ ကလန်ရဲ့ စာကြည့်တိုက်ထဲကနေ နိမိတ်ဖတ် ဗေဒင်တွက်ချက်ခြင်း တာအိုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ရွေးချယ်ပြီး သူ့ရဲ့ ဒုတိယမြောက် မူလခန္ဓာကို သင်ယူစေခဲ့တာပါ။
နိမိတ်ဖတ် တွက်ချက်ခြင်း တာအိုဆိုတာကလည်း တာအိုတစ်ခုပါပဲ။ ဒါပေမဲ့ ဓားတာအိုနဲ့ စကြဝဠာ မဟာတာအိုတို့လို တာအိုတွေနဲ့ ယှဉ်ကြည့်ရင် နိမိတ်ဖတ် တွက်ချက်ခြင်း တာအိုက အများကြီး ပိုပြီး နက်နဲခက်ခဲပါတယ်။ ကျွမ်းရွှေ ကလန်အတွင်းမှာ နိမိတ်ဖတ် တွက်ချက်ခြင်း တာအိုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ကျင့်စဉ်တွေ သိပ်မရှိသလို ရနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ် အနည်းငယ်ကလည်း အရမ်းကြီး နက်ရှိုင်းတဲ့ အရာတွေတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဂျူဟွာအတွက်တော့ အခြေခံအဆင့်ကို ရောက်ဖို့ လမ်းညွှန်ပေးမယ့် လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိနေရင် လုံလောက်ပါပြီ။ နက်နဲသည်ဖြစ်စေ၊ မနက်နဲသည်ဖြစ်စေ အရေးမကြီးပါဘူး။
ဂျူဟွာရဲ့ လက်ရှိ ပါရမီက အရင်ကထက် အများကြီး ပိုပြီး ကြောက်စရာ ကောင်းနေပြီလေ။ ပျက်စီးခြင်း ပုလဲကြောင့် သူ့ရဲ့ ဒုတိယမြောက် မူလခန္ဓာက မရေမတွက်နိုင်တဲ့ တာအိုတွေနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့တာပါ။
ဒုတိယမြောက် မူလခန္ဓာရဲ့ အပြည့်အဝ အာရုံစူးစိုက် နားလည်မှု အောက်မှာ ဂျူဟွာဟာ အဲဒီလျှို့ဝှက်ကျင့်စဉ်ကို ငါးနှစ်၊ ခြောက်နှစ် အတွင်းမှာတင် လုံးဝ သင်ယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့ရဲ့ ဗေဒင် နိမိတ်တွက်ချက်ခြင်း တာအိုဟာ တာအိုနယ်မြေ အဆင့်ကိုတောင် ရောက်ရှိသွားခဲ့ပါပြီ။
အခုဆိုရင် ဂျူဟွာရဲ့ နိမိတ်ဖတ် တွက်ချက်ခြင်း တာအိုက ပိုပြီး အဆင့်မြင့်လာမှာ သေချာပါတယ်။
ဂျူဟွာအနေနဲ့ လူတိုင်းရဲ့ နိမိတ်ဖတ် တွက်ချက်ခြင်းကို ရာခိုင်နှုန်းပြည့် တားဆီးနိုင်မယ်လို့တော့ မပြောရဲပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်တချို့ကို ပိတ်ဆို့ထားဖို့ကတော့ သူ့အတွက် မခက်ခဲလှပါဘူး။
ဒီလို အကြောင်းပြချက်တွေကြောင့်ပဲ သူ့ဆီမှာ ပန်းကိုးပွင့် အင်မော်တယ်နဲ့အတူ တာအိုဖခင် တစ်ဦးချန်ရစ်ထားတာ ဖြစ်နိုင်တဲ့ အင်မော်တယ်ဂူနန်းကို စူးစမ်းရှာဖွေရဲတဲ့ ယုံကြည်မှုတွေ ရှိနေခဲ့တာပါပဲ။
***