ပန်းကိုးပွင့် အင်မော်တယ်ကတော့ ဒီအချိန်မှာ ဂျူဟွာရဲ့ စိတ်ထဲက ရှုပ်ထွေးနေတဲ့ အတွေးတွေကို အလိုလိုပဲ မသိနိုင်ပါဘူး။ သူက အောက်ဘက်က ‘လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း’ ဆိုတဲ့ စာလုံးကြီး လေးလုံးကို ကြည့်ပြီး ဖုံးကွယ်မထားနိုင်တဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ အရိပ်အယောင်တွေ မျက်နှာထက်မှာ ပြည့်နှက်နေပါတယ်။ ဒီစာလုံးတွေဆီက ထွက်ပေါ်နေတဲ့ ဩဇာအာဏာ ကြီးမားလှတဲ့ အော်ရာအရှိန်အဝါ တစ်ခုတည်းနဲ့တင် အောက်ဘက်က အင်မော်တယ်ဂူနန်းဟာ ကြီးမားလှတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီလေ။
"တာအိုရောင်းရင်း ဂျူဟွာ... ဘယ်လိုလဲ"
ပန်းကိုးပွင့် အင်မော်တယ်က ရယ်မောရင်း မေးလိုက်ပါတယ်။
"အံ့ဩစရာပါပဲ"
ဂျူဟွာက လက်နှစ်ဖက်ယှက်ပြီး အရိုအသေ ပေးလိုက်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာလည်း ခံစားချက်တစ်ခု အလိုလို ရရှိလာပါပြီ။ တာအိုဖခင် အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေဆိုတာ လောကသုံးပါးမှာတောင် ရှားပါးလှတာပါ။ အခုလိုမျိုး ကြုံတွေ့ရလိမ့်မယ်လို့ သူ မထင်ထားခဲ့မိပါဘူး။
ဒါပေမဲ့ ဂျူဟွာကတော့ ပန်းကိုးပွင့် အင်မော်တယ်လောက် စိတ်မလှုပ်ရှားပါဘူး။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ မတူညီတဲ့အတွက် အမြင်တွေကလည်း ကွာခြားနေတာ ဖြစ်ပါတယ်။ တာအိုဖခင်ဆိုတာ သူ့ရဲ့ စိတ်ထဲမှာ ရိုသေလေးစားစရာ ဖြစ်ပေမဲ့ လက်လှမ်းမမီနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
"တာအိုရောင်းရင်း ဂျူဟွာ... ကြည့်စမ်း"
ပန်းကိုးပွင့် အင်မော်တယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မှော်ရတနာ အချို့ကို အောက်ဘက် ပစ်ချလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ မဟာဝင်္ကပါတစ်ခု ပေါ်ထွက်လာပါပြီ။ အဲဒီဝင်္ကပါက နှစ်ပိုင်း ကွဲနေတာပါ။ တစ်ဖက်က မြူဆိုင်းနေတဲ့ အင်မော်တယ် ကီစွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး နောက်တစ်ဖက်ကတော့ အတိုင်းအဆမရှိတဲ့ နတ်ဘုရား အော်ရာအရှိန်အဝါတွေ ထွက်ပေါ်နေပါတယ်။
"ဒါက ယင်နဲ့ယန် ဝင်္ကပါပဲ။ ခဏနေရင် တာအိုရောင်းရင်း ဂျူဟွာကို အကူအညီ တောင်းရမှာပါပဲ"
ပန်းကိုးပွင့် အင်မော်တယ်က ပြောလိုက်ပါတယ်။
"ကူညီရမှာပေါ့"
ဂျူဟွာက ခေါင်းညိတ် သဘောတူလိုက်ပါပြီ။
ပန်းကိုးပွင့် အင်မော်တယ်က သူ့ကို ဖိတ်ခေါ်ခဲ့တာဟာ ဒီမဟာဝင်္ကပါကို ဖျက်ဆီးဖို့အတွက် ဆိုတာ ရှင်းနေတာပဲ မဟုတ်လား။ တကယ်လို့သာ ဒီမဟာဝင်္ကပါကြီးက လမ်းပိတ်မထားဘူးဆိုရင် ပန်းကိုးပွင့် အင်မော်တယ်က ဒီလောက်ကြီးမားတဲ့ အခွင့်အရေးမျိုး သူ့ကို အလကား ပေးမှာ မဟုတ်ဘူးလေ။
ဂျူဟွာက ဝင်္ကပါကို အတင်းအဓမ္မ ဖျက်ဆီးဖို့ကိုတော့ ထည့်မပြောတော့ပါဘူး။ တကယ်လို့သာ ဒီမဟာဝင်္ကပါကြီးကို အတင်းအဓမ္မ ဖျက်ဆီးလို့ ရမယ်ဆိုရင် ပန်းကိုးပွင့် အင်မော်တယ်က ပြီးခဲ့တဲ့ အရင်အချိန်တွေကတည်းက လုပ်ခဲ့မှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက တာအိုဖခင် တစ်ပါး ချန်ထားခဲ့တဲ့ အမွေအနှစ်လေ။ အပေါ်ယံ မြင်နေရသလောက်တော့ ရိုးရှင်းမှာ မဟုတ်ပါဘူး။
မိုးကောင်းကင်တာအို သွေးသစ္စာရဲ့ ကန့်သတ်ချက် ရှိနေတဲ့အတွက် ဂျူဟွာက ပန်းကိုးပွင့် အင်မော်တယ် တစ်ခုခု လှည့်စားမှာကို မကြောက်ပါဘူး။ ဒါကြောင့် သူက ပန်းကိုးပွင့် အင်မော်တယ်ရဲ့ လမ်းညွှန်မှုနဲ့အတူ အတိုင်းအဆမရှိတဲ့ နတ်ဘုရား အော်ရာအရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ မဟာဝင်္ကပါထဲကို ဝင်သွားပါတော့တယ်။
ဂျူဟွာနဲ့ တစ်ချိန်တည်းမှာပဲ ပန်းကိုးပွင့် အင်မော်တယ်ကလည်း မြူဆိုင်းနေတဲ့ အင်မော်တယ် ကီစွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ အခြား မဟာဝင်္ကပါ တစ်ခုထဲကို ဝင်သွားခဲ့ပါပြီ။
"တာအိုရောင်းရင်း ဂျူဟွာ... ငါ သုံးအထိ ရေတွက်မယ်။ အဲဒီနောက်မှာ မင်းရဲ့ နတ်ဘုရား စွမ်းအားတွေ အကုန်လုံးကို ဝင်္ကပါထဲ ထည့်လိုက်ပါ။ အဆင်ပြေရဲ့လား"
ပန်းကိုးပွင့် အင်မော်တယ်က မေးလိုက်ပါတယ်။
"အဆင်ပြေပါတယ်"
ဂျူဟွာက ခေါင်းညိတ်ပြလိုက်ပါတယ်။
"ဒါဆို စကြစို့"
ပန်းကိုးပွင့် အင်မော်တယ်က တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပြီး ဖြည်းဖြည်းချင်း စတင် ရေတွက်ပါတော့တယ်။
ပန်းကိုးပွင့် အင်မော်တယ် ရေတွက်လို့ အဆုံးသတ်လိုက်တာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အတိုင်းအဆမရှိတဲ့ အင်မော်တယ် ကီစွမ်းအားတွေ လှိုင်းလုံးကြီးတွေလို ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျူဟွာကလည်း တုံ့ဆိုင်းမနေဘဲ အင်အားကြီးမားလှတဲ့ နတ်ဘုရား စွမ်းအားတွေကို ထုတ်လွှတ်လိုက်ပါတယ်။
ကီစွမ်းအင်တွေနဲ့ နတ်ဘုရားစစ်သည်တော်ရဲ့ နတ်ဘုရား စွမ်းအားတွေဟာ မဟာဝင်္ကပါထဲကို တစ်ပြိုင်နက်တည်း စီးဝင်သွားပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ မဟာဝင်္ကပါရဲ့ အောက်ခြေမှာ ဧရာမ ထိုက်ကျိအင်းကွက်ပုံစံ တစ်ခု ပေါ်ထွက်လာပါတယ်။
ဝုန်း... ဝုန်း... ဝုန်း...
ပတ်ဝန်းကျင်က တောင်တန်းတွေ အားလုံး တုန်ခါသွားခဲ့ပါပြီ။
ဒါကို မြင်လိုက်ရတော့ ပန်းကိုးပွင့် အင်မော်တယ်က အံ့ဩမသွားဘဲ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ သူက အကျယ်ကြီး ရယ်မောလိုက်ရင်း။
"ဟားဟားဟား... ဒီမဟာဝင်္ကပါကြီး ပျက်စီးတော့မှာပါပဲ"
"..."
ဂျူဟွာလည်း သတိထားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါတယ်။ စကြဝဠာ မဟာတာအိုမှာ အစွမ်းထက်သူပီပီ ပတ်ဝန်းကျင် ဟင်းလင်းပြင်ဟာ ခုနကတည်းက ပြင်းပြင်းထန်ထန် တုန်ခါနေတယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း ခံစားမိနေတာပါ။
ဒီ ယင်နဲ့ယန် ဝင်္ကပါ ပျက်စီးသွားပေမဲ့ ပိုပြီး အစွမ်းထက်တဲ့ ဟင်းလင်းပြင် မဟာဝင်္ကပါတစ်ခုကတော့ အသက်ဝင်လာပုံ ရပါတယ်။
၀ုန်း
ရုတ်တရက်ဆိုသလိုပဲ အောက်ဘက်က ‘လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း’ ဆိုတဲ့ စာလုံးကြီး လေးလုံးက တောက်ပလာပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတစ်ခု ရုတ်ချည်း ဆင်းသက်လာပါတော့တယ်။
၀ုန်း ၀ုန်း
မျက်စိတစ်မှိတ် အတွင်းမှာတင် လေထဲ ရှိနေကြတဲ့ ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ်တို့ဟာ လုံးဝ ပျောက်ကွယ်သွားပါတော့တယ်။
…
ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ်တို့ ပျောက်ကွယ်သွားတဲ့ အချိန်မှာတင် မဟာရှကမ္ဘာကြီးနဲ့ အလွန်ဝေးကွာလှတဲ့ ကမ္ဘာကြီးတစ်ခုဆီမှာ။
မိုးမခပင်ကြီး တစ်ပင်အောက်မှာ ကောင်းကင်အင်မော်တယ် နှစ်ပါးဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။ သူတို့ဟာ အနက်ရောင်နဲ့ အဖြူရောင် နယ်ရုပ်တွေကို ကိုင်ထားပြီး သူတို့ရှေ့က စစ်တုရင် ကစားပွဲကို အာရုံစိုက် ကြည့်နေကြတာပါ။
ရုတ်တရက် အဲဒီ ကောင်းကင်အင်မော်တယ် နှစ်ပါးစလုံး တစ်ခုခုကို ခံစားမိသွားပုံ ရပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
"နှစ်တစ်သန်းအတွင်းမှာတင် လွတ်လပ်သော ကောင်းကင်ဘုံဂူနန်းက ထပ်ပြီး ပွင့်လာပြန်ပြီလား"
ကောင်းကင်အင်မော်တယ် တစ်ပါးက အံ့ဩတကြီး ပြောလိုက်ပါတယ်။ အဲဒီနောက် သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး မေးလိုက်ပါတယ်။
"တာအိုရောင်းရင်း တုန်းမင်... မင်း အခုတစ်ခေါက် ထပ်ပြီး ကြိုးစားဦးမှာလား"
"ငါတို့က အခုအချိန် တာအိုဖခင်ကြီးရဲ့ တပည့်တွေလို့ နာမည်ခံထားရပေမဲ့ ဒါက နာမည်သက်သက်ပါပဲ။ ငါ ကောင်းကင်အင်မော်တယ် ဖြစ်လာကတည်းက တာအိုဖခင်ကြီးနဲ့ တစ်ခါမှ မဆုံဖူးသေးဘူး"
တုန်းမင်လို့ အမည်ရတဲ့ ကောင်းကင်အင်မော်တယ်က ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။
"ငါ အရင် နှစ်ခေါက်လုံး ရှုံးနိမ့်ခဲ့တယ်။ အခု လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း ထပ်ပွင့်တာက ငါ့အတွက် နောက်ဆုံး အခွင့်အရေးပါပဲ။ ဒါ့အပြင် ငါ တာအိုဖခင်ကြီးရဲ့ တပည့် မဖြစ်လာနိုင်ရင်တောင်မှ လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း ထဲက အခွင့်အရေးတွေကို ငါ မငြင်းဆန်နိုင်ဘူးလေ။ ဒါကြောင့် ငါ မသွားဘဲ နေစရာ အကြောင်း မရှိပါဘူး"
"ဟား ဟား..."
အခြား ကောင်းကင်အင်မော်တယ် တစ်ပါးက ထူးဆန်းတဲ့ ရယ်မောလိုက်ပြီး လက်သီးနှစ်ဖက်ယှက်ကာ ပြောလိုက်ပါတယ်။
"ဒါဆိုရင်တော့ တာအိုရောင်းရင်း ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရမှာပါပဲ"
ကောင်းကင်အင်မော်တယ် တုန်းမင်က ဘာမှ ထပ်မပြောတော့ပါဘူး။ သူက သူ့ရဲ့ သိုလှောင်ခန်း မှော်ရတနာထဲကနေ အမိန့်ပေး တံဆိပ်တော် တစ်ခုကို ထုတ်ယူလိုက်ပြီး အသုံးပြုလိုက်ပါတယ်။
မျက်စိနဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတစ်ခု ဆင်းသက်လာပြီး ချက်ချင်းဆိုသလိုပဲ ကောင်းကင်အင်မော်တယ် တုန်းမင်ရဲ့ ပုံရိပ်ဟာ မူလနေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
ကျန်ခဲ့တဲ့ ကောင်းကင်အင်မော်တယ်ကလည်း ဘာမှ ထပ်မပြောတော့ပါဘူး။ သူက သူ့ရှေ့က နယ်တုကစားပွဲကိုပဲ တိတ်တဆိတ် သိမ်းဆည်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာတင် မဟာရှ ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်က ကမ္ဘာကြီး အခုတစ်ရာ နီးပါးဆီမှာလည်း အလားတူ စကားပြောသံတွေနဲ့ ကိစ္စရပ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့ပါတယ်။ ခဏအတွင်းမှာတင် သောင်းနဲ့ချီတဲ့ ကောင်းကင်အင်မော်တယ်တွေ၊ အမြောက်အမြားရှိတဲ့ နတ်ဘုရားစစ်သည်တော်တွေနဲ့ ရေတွက်လို့မရတဲ့ လွတ်မြောက်အင်မော်တယ်တွေဟာ နေရာတစ်ခုတည်းဆီကို ဦးတည် သွားနေကြပါတော့တယ်။
ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ်တို့ကတော့ မဟာရှ ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်က ကမ္ဘာကြီးတွေမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိကြပါဘူး။ အဲဒီ မဟာဝင်္ကပါကို အသက်သွင်းပြီးတဲ့နောက် သူတို့ဟာ မြောက်ပိုင်းအမှောင် ဟင်းလင်းပြင်ကနေ မျက်စိနဲ့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုရဲ့ သယ်ဆောင်သွားခြင်းကို ခံလိုက်ရပါတယ်။ ဘယ်လောက်ဝေးတဲ့ ခရီးကို ဖြတ်သန်းလာခဲ့လဲ မသိရဘဲ နောက်ဆုံးမှာတော့ သူတို့ ရပ်တန့်သွားခဲ့ပါပြီ။
ဒါက အဆုံးမရှိတဲ့ ကြယ်စုံတဲ့ ကောင်းကင်ယံလို စကြ၀ဠာတစ်ခုပါပဲ။ ဂျူဟွာနဲ့ ပန်းကိုးပွင့် အင်မော်တယ်တို့ဟာ စကြ၀ဠာ လေဟာနယ်ထဲ မတ်တတ်ရပ်နေကြပါတယ်။ အောက်ဘက်မှာတော့ ဧရာမ နေကြီး ကိုးစင်း ရှိနေပြီး တစ်စင်းဆီမှာ ဝင်္ကပါတွေနဲ့ ကာကွယ်ထားပုံ ရပါတယ်။ ဒါ့အပြင် ဒီက ဝင်္ကပါ စွမ်းအားတစ်ခုစီဟာ အလွန်တရာ ကြီးမားလွန်းလှပါတယ်။ ပန်းကိုးပွင့် အင်မော်တယ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရား အော်ရာ အရှိန်အဝါတွေကြောင့် လန့်သွားပုံရပြီး ခဏလောက် ဘာမှ မလုပ်ရဲတော့ပါဘူး။ ဂျူဟွာကလည်း စိတ်မစောဘဲ ငြိမ်နေလိုက်ပါတယ်။
တကယ်တမ်းကျတော့ ဂျူဟွာဟာ သူ့ရဲ့ ကိုယ်ပိုင် ဒါပိဓားသိုင်း နဝမမြောက် သိုင်းကွက်ကို ဖန်တီးပြီးတဲ့နောက် နှလုံးသားအင်အားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ အမြင့်ဆုံး အစွမ်းဟာ သန့်စင်သောယန် အင်မော်တယ် တစ်ပါးရဲ့ အဆင့်ကိုတောင် ရောက်ရှိနေပြီ ဆိုရပါလိမ့်မယ်။ ဒီက မဟာဝင်္ကပါတွေက အစွ်းထက်ပေမယ့်လည်း အပြင်ကို ဖြာထွက်လာနေတဲ့ နတ်ဘုရား အော်ရာအရှိန်အဝါလေး တစ်ခုတည်းနဲ့တော့ သူ့ကို မထိခိုက်စေနိုင်တာ သေချာနေပါပြီ။
ဒါပေမဲ့ ဒီနေရာက တာအိုဖခင်ကြီး တစ်ပါးပါးရဲ့ အင်မော်တယ်ဂူနန်း ဖြစ်ဖို့ အလားအလာ အများကြီး ရှိနေခဲ့ပါတယ်။ဂျူဟွာ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ တာအိုဖခင် တစ်ပါးထက်တော့ ပိုပြီး အစွမ်းမထက်နိုင်တာ အမှန်ပါပဲ။ အခြေအနေကို သေချာ မသိရသေးဘဲ စိတ်စောပြီး လုပ်ဆောင်တာဟာ အလွန်တရာကို မိုက်မဲရာ ရောက်သွားစေမှာပါ။
ပန်းကိုးပွင့် အင်မော်တယ်ကတော့ နှစ်ပေါင်း ၁.၅ သန်းလောက် အသက်ရှင်ခဲ့တဲ့ အသက်ကြီးသူ တစ်ယောက်ပီပီ ခဏလောက် စိတ်လှုပ်ရှားပြီးနောက် ဖြည်းဖြည်းချင်း တည်ငြိမ်သွားပါတယ်။
"တာအိုရောင်းရင်း ဂျူဟွာ... ငါတို့က မဟာဝင်္ကပါတစ်ခုရဲ့ ပို့ဆောင်ပေးခြင်းကို ခံလိုက်ရတာ ဖြစ်ရမယ်။ အရင်က စီစဉ်ထားမှုတွေနဲ့ အခု အခြေအနေအရဆိုရင် ငါ့ရဲ့ ခန့်မှန်းချက်က မှန်ဖို့ အခွင့်အလမ်း များပါတယ်။ ဒီနေရာဟာ တာအိုဖခင်ကြီး တစ်ပါးပါး ချန်ထားခဲ့တဲ့ အမွေအနှစ် ဖြစ်ရပါမယ်"
"ဒါပေမဲ့ အမွေအနှစ်ဆိုတာ ငါတို့ကို အလကား ပေးမှာ မဟုတ်ပါဘူး။ သေချာပေါက် စမ်းသပ်မှုတွေ ရှိမှာပါပဲ"
ဂျူဟွာက ပြန်ပြောလိုက်ပါတယ်။
"အသေအချာပါပဲ။ ဒါကြောင့် ငါတို့ အခုကစပြီး အတူတူ ပူးပေါင်းဆောင်ရွက်ရမှာပါ"
ပန်းကိုးပွင့် အင်မော်တယ်က တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ခေါင်းညိတ်လိုက်ပါပြီ။
ဂျူဟွာက ခေါင်းညိတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ကျယ်လောင်တဲ့ ရယ်မောသံကြီးတစ်ခု ပဲ့တင်သံထပ် ပေါ်ထွက်လာပါတော့တယ်။
***