ဂျူဟွာက သူဖန်တီးလိုက်တဲ့ ဓားသိုင်းတွေအပေါ် ဘာကြောင့် အမြဲတမ်း အားမရ ဖြစ်နေရလဲ ဆိုတာကို နောက်ဆုံးတော့ နားလည် သဘောပေါက်သွားခဲ့ပါပြီ။ အကြောင်းကတော့ သူ့ရင်ထဲမှာ အဲဒါတွေက အကောင်းဆုံး ဓားသိုင်းတွေ မဟုတ်ခဲ့လို့ပါပဲ။
ဒါဆိုရင် အကောင်းဆုံး ဓားသိုင်း ဆိုတာက ဘာလဲ။
အဖြေက ရှိပြီးသားပါ။ အဲဒါကတော့ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဝတ္ထုထဲက လရောင်ဓားသိုင်း ပါပဲ။
ဂျူဟွာက အတိတ်တုန်းက ဒီမေးခွန်းကို ရှောင်လွှဲခဲ့ပေမဲ့ အခုတော့ သူ ဒီနေရာကို ရောက်လာပြီ ဖြစ်တာကြောင့် ဆက်ပြီး ရှောင်လွှဲလို့ မရတော့ဘူး ဆိုတာကို သိလိုက်ပါတယ်။
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ရဲ့ မှန်ကန်နေမှုက အခုအချိန်မှာ အကြိမ်ကြိမ် သက်သေပြပြီးသား ဖြစ်နေပြီမို့ အဲဒီအပေါ်မှာ ဂျူဟွာရဲ့ ယုံကြည်မှုက အရမ်းကို မြင့်မားနေခဲ့ပါပြီ။ ဒါကြောင့် ဂျူဟွာက လရောင်ဓားသိုင်း ဟာ တကယ်ပဲ တည်ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။
လရောင်ဓားသိုင်း ကို ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဝတ္ထုရဲ့ ဇာတ်လိုက် ဖြစ်တဲ့ ဂျိနင် က ဖန်တီးခဲ့တာပါ။ အစပိုင်းမှာတော့ လရောင်ဓားသိုင်း ဟာ လောကသုံးပါး အတွင်းမှာပဲ လွှမ်းမိုးနိုင်စွမ်း ရှိခဲ့ပေမဲ့၊ ဂျိနင် ရဲ့ အဆက်မပြတ် မွမ်းမံ ပြင်ဆင်မှုတွေ အပြီးမှာတော့ လရောင်ဓားသိုင်းဟာ အိုမီဂါ ဓားတာအို ဖြစ်လာခဲ့ပါတယ်။
လရောင်ဓားသိုင်း ဟာ ဓားတာအို ရဲ့ မူလပုံစံလို့တောင် ပြောလို့ ရပါတယ်။
ဂျူဟွာက အိုမီဂါ ဓားတာအို တကယ် ရှိမရှိ ဆိုတာကိုတော့ သေချာ မသိပေမဲ့၊ လရောင်ဓားသိုင်း ရဲ့ နောက်ကွယ်က သဘောတရားဟာ သူ့ရဲ့ လက်ရှိ ဓားသိုင်းထက် အများကြီး သာလွန်နေတယ် ဆိုတာကိုတော့ သူ သိပါတယ်။
လရောင်ဓားသိုင်း သာ ပြီးပြည့်စုံသွားပြီ ဆိုရင် တခြား ဓားသိုင်း အားလုံးကို အဲဒီအထဲမှာ ရှာတွေ့နိုင်မှာပါ။ ဒီလို ဓားသိုင်းမျိုးသာ တကယ် ရှိနေခဲ့မယ် ဆိုရင် တခြား ဘယ်အရာကများ အကောင်းဆုံး ဓားသိုင်း ဖြစ်နိုင်ဦးမှာလဲ။
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဝတ္ထုထဲမှာ ဂျူဟွာ အမြဲတမ်း စိတ်ဝင်စားမိတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဒဏ္ဍာရီလာ အိုမီဂါ တာအို ဟာ ပျက်စီးခြင်း စကြ၀ဠာ တစ်ခုလုံး အတွက် အလွန် အရေးကြီးပေမဲ့၊ ပျက်စီးခြင်း စကြ၀ဠာ အတွင်းက အနန္တတန်ခိုးရှင်တွေက အိုမီဂါ တာအို တည်ရှိမှု အကြောင်းကို ဘယ်တော့မှ လူသိရှင်ကြား မထုတ်ပြန်ခဲ့ပါဘူး။
ဘာလို့လဲ။
အကြောင်းကတော့ တန်ခိုးရှင် ပေါင်း မြောက်မြားစွာဟာ အိုမီဂါ တာအို တည်ရှိကြောင်းကို သိသွားတဲ့အခါ အလွန်ကို ရည်မှန်းချက် ကြီးမားသွားကြပြီး သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုကို အဟန့်အတား ဖြစ်စေတာမျိုးကြောင့် ပျက်စီးခြင်း စကြ၀ဠာ တစ်ခုလုံးမှာ ပေါ်ထွက်လာရမယ့် အစွမ်းထက်တဲ့ ပုဂ္ဂိုလ် အရေအတွက်ကို သိသိသာသာ လျော့နည်းသွားမှာကို စိုးရိမ်လို့ပါပဲ။
အိုမီဂါ တာအို ဟာ သာမန်လူတွေ နားလည် သဘောပေါက်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ နားလည် သဘောပေါက်နိုင်ရင်တောင်မှ တာအိုပေါင်းစည်းမှု အလွယ်တူ ရရှိမယ့် အရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင် တွေက အဲဒါကို ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဂျူဟွာရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ။
သူက လရောင်ဓားသိုင်း တည်ရှိမှု အကြောင်းကို သိနေပြီးသား ဖြစ်သလို၊ အိုမီဂါ တာအို တည်ရှိမှု အကြောင်းကိုတောင် သိနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူက သာမန် အဆင့်အတန်း တစ်ခုနဲ့ ဘယ်လိုလုပ် ကျေနပ်နေနိုင်မှာလဲ။ သာမန် လမ်းကြောင်း တစ်ခုကို ဘယ်လိုလုပ် လျှောက်လှမ်းနိုင်ပါတော့မလဲ။
လရောင်ဓားသိုင်း ဆိုတဲ့ စံပြ ဥပမာကြီး သူ့ရှေ့မှာ ရှိနေရက်သားနဲ့ ဂျူဟွာ အနေနဲ့ သူ ဖန်တီးထားတဲ့ ပျမ်းမျှ အဆင့် ဓားသိုင်းတွေနဲ့ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။
(အလွန်အမင်း ရည်မှန်းချက် ကြီးလွန်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ ဖြစ်ဖြစ်၊ ကောင်းကင်ဘုံဆီ သွားတဲ့ လမ်းကို ငါ မြင်ခဲ့ပြီးပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး တခြား လမ်းငယ်လေးတွေကို ဘယ်လိုလုပ် လျှောက်လှမ်းနိုင်တော့မှာလဲ)
ဂျူဟွာက ခေါင်းခါလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စိတ်နှလုံးက ပိုပြီး ခိုင်မာလာခဲ့ပါတယ်။
ဒီလမ်းကို မလျှောက်လှမ်းနိုင်ဘူး ဆိုရင်တောင်မှ သူ ကြိုးစားကြည့်ရပါမယ်။ တကယ်လို့ ကြိုးစားကြည့်ဖို့တောင် သတ္တိမရှိဘူး ဆိုရင် အဲဒါကမှ တကယ့် ဟာသ ဖြစ်သွားမှာပါ။
...
ဂျူဟွာက လရောင်ဓားသိုင်း နဲ့ ယှဉ်နိုင်တဲ့ ဓားသိုင်းတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ထားပေမဲ့၊ အဲဒါကို ညတွင်းချင်း ပြီးမြောက်အောင် ဖန်တီးလို့ မရဘူးဆိုတာကိုလည်း သူ နားလည်ပါတယ်။ ဒါ့အပြင် ဒီလို ဓားသိုင်းမျိုး ဖန်တီးဖို့အတွက် လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းက ဓားသိုင်းတွေကို သက်သက် အားကိုးနေရုံနဲ့တော့ လုံးဝ မလုံလောက်ပါဘူး။
လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းမှာ ဓားသိုင်းတွေ အများကြီး စုဆောင်းထားတယ် ဆိုပေမဲ့ လောကသုံးပါး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး ကွာဟနေဆဲပါပဲ။ ဒီလို ဓားသိုင်းမျိုး ဖန်တီးဖို့ဆိုရင် လောကသုံးပါး အတွင်းက ဓားသမားပေါင်း များစွာဆီကနေ သူ လေ့လာ သင်ယူဖို့ လိုအပ်ပါတယ်။
သက်ငယ်မိုး တဲအိမ်လေးဆီ ပြန်ရောက်ပြီးတဲ့နောက် ဂျူဟွာဟာ ဓားသိုင်း အသစ်တွေ ဖန်တီးတာကို ရပ်တန့်လိုက်ပါတယ်။ အဲဒီအစား သူက စကြ၀ဠာ မဟာတာအို နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ကျင့်စဉ် တွေကို ရှာဖွေ ဖတ်ရှုပါတော့တယ်။
ဂျူဟွာရဲ့ ဓားတာအို ပေါ်က တိုးတက်မှုက အရမ်း မြန်ဆန်လွန်းနေပြီး စကြ၀ဠာ မဟာတာအို ပေါ်မှာတော့ ပိုပြီးတောင် မြန်ဆန်နေပါသေးတယ်။ စကြ၀ဠာ မဟာတာအို ကို နားလည် သဘောပေါက်ပြီး ကတည်းက ဂျူဟွာဟာ ဟင်းလင်းပြင်ဖောက် ဓားသိုင်း တစ်ခုကိုပဲ သင်ယူရသေးတာပါ။
ဒါက ပုံမှန် ဟုတ်ရဲ့လား။ ဒါက အရမ်းကို ပုံမှန် မဟုတ်နေပါဘူး။
ဒါကြောင့် ဂျူဟွာဟာ ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့အတွက် ရှားပါးလှတဲ့ အခွင့်အရေးကို အသုံးချလိုက်ပါတယ်။
အနှစ်နှစ်ဆယ် အကြာမှာတော့ ဂျူဟွာဟာ ဗေဒင်နိမိတ်ဖတ်ခြင်း တာအို လမ်းစဉ် နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ကျင့်စဉ် တွေကို လေ့လာဖို့ ပြောင်းလဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ အနှစ်ရှစ်ဆယ် အတွင်းမှာ သူ့ရဲ့ ဒုတိယ မူလခန္ဓာ ဟာ ဗေဒင်နိမိတ်ဖတ်ခြင်း တာအို လမ်းစဉ် ကို နားလည် သဘောပေါက်ဖို့ အပြည့်အဝ အာရုံစိုက်နေခဲ့တာပါ။ သီးသန့် တံခါးပိတ် ကျင့်ကြံခြင်း သက်သက်သာ ဖြစ်ပေမဲ့ ဂျူဟွာရဲ့ နားလည်နိုင်စွမ်း နဲ့ အချိန်တွေ စုဆောင်းလာမှုကြောင့် ဗေဒင်နိမိတ်ဖတ်ခြင်း တာအို လမ်းစဉ် ပေါ်က သူ့ရဲ့ အောင်မြင်မှုတွေက စကြ၀ဠာ မဟာတာအို ကို အမီလိုက်နိုင်နေပါပြီ။
တကယ်လို့သာ သူ့ကို အချိန်နည်းနည်းလောက်သာ ထပ်ပေးမယ် ဆိုရင် ဒီတာအို နှစ်ခုကို နားလည် သဘောပေါက်ဖို့ဆိုတာ သိပ်ပြီး ခက်ခဲမှာ မဟုတ်တော့ပါဘူး။
တာအို ကို နားလည် သဘောပေါက်ဖို့ ဆိုတာ ထမင်းစား ရေသောက်သလိုမျိုး ရိုးရှင်းပါတယ်။ ဂျူဟွာ အခုတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိနေပါပြီ။
နှစ်ပေါင်းတစ်ရာ ဆိုတာက မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကုန်လွန်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး ရဲ့ အသံကို ဂျူဟွာရဲ့ နားထဲ အချိန်ကိုက် ကြားလိုက်ရပါပြီ။
"ဆရာကြီး... ကျွန်တော့်အတွက် ပြိုင်ဘက် တစ်ယောက်လောက် စီစဉ်ပေးပါ"
ဂျူဟွာက လေဟာနယ်ထဲကို ဦးညွှတ်လိုက်ပါတယ်။
"..."
ဘယ်သူကမှ ပြန်မဖြေပေမယ့် စကြဝဠာ တည်ရှိမှု ထဲကနေ မျက်စိနဲ့ မမြင်နိုင်တဲ့ တုန်ခါမှု တစ်ခု ပေါ်ထွက်လာပြီး ဂျူဟွာကို မူလ ရပ်နေရာ နေရာကနေ သယ်ဆောင်သွားပါတော့တယ်။
မျက်တောင်တစ်ခတ် အတွင်းမှာတင် ဂျူဟွာဟာ တိုက်ခိုက်ရေး ကွင်းပြင် တစ်ခု အတွင်းကို ရောက်ရှိသွားပါတယ်။ အခုအချိန်မှာ သူ့အနီးအနားမှာ နွားခေါင်းသားရဲ ဂိုလမ် တစ်ရုပ်က သူ့ကို ခြိမ်းခြောက်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတာ တွေ့လိုက်ရပါပြီ။
ဂျူဟွာက အပြုံးဖျော့ဖျော့ ပြုံးလိုက်ပြီး ချိုးဟွာ ဓား က သူ့လက်ထဲမှာ ပေါ်လာပါတယ်။ နွားခေါင်းသားရဲ ဂိုလမ် က မာန်ဖီ ဟိန်းဟောက်ရင်း ပြေးဝင်လာသလို၊ ဂျူဟွာကလည်း အလောမကြီးပဲ ရှေ့ကို ပြေးထွက်သွားပါတယ်။
ဂျူဟွာက ဒါပိ ဓားသိုင်း ရဲ့ ဆဋ္ဌမအဆင့်ကို ရောက်ရှိနေတဲ့ တာအို နယ်မြေ ကို ထုတ်ဖော်ပြသလိုက်ပြီး နွားခေါင်းသားရဲ ဂိုလမ် ကလည်း အဲဒီသိုင်းကွက်ပေါ် မူတည်ပြီး သူ့ရဲ့ အစွမ်းတွေကို ချိန်ညှိလိုက်ပါတယ်။
ဒါပိ ဓားသိုင်း ရဲ့ ဆဋ္ဌမအဆင့် ဆိုတာက သာမန် နှစ်သန်းချီ သက်တမ်းရှိ လွတ်မြောက်အင်မော်တယ် တစ်ပါးရဲ့ တန်ခိုးအဆင့်မှာသာ ရှိနေတာပါ။ လွတ်မြောက်အင်မော်တယ် တစ်ပါး ဖြစ်လာတာ နှစ်ပေါင်းတစ်ရာကျော်လေးပဲ ရှိသေးတဲ့ ဂျူဟွာ အနေနဲ့ ဒီလောက် စွမ်းအားမျိုး ထုတ်ဖော်ပြသနိုင်တာက အနည်းငယ် ယုံကြည်ရ ခက်နေပါသေးတယ်။
ဒါပေမဲ့ သူ့ရဲ့ ထူးကဲတဲ့ ကြုံတွေ့မှုတွေနဲ့ လွတ်လပ်သော ကောင်းကင်ဘုံအရှင် ရဲ့ စမ်းသပ်မှု အတွေ့အကြုံတွေကို ထည့်တွက်ကြည့်မယ် ဆိုရင်တော့ ဒီလို တိုးတက်မှုမျိုးက နားလည်ပေးနိုင်တဲ့ အဆင့်မှာ ရှိနေဆဲပါ။
သေချာတာကတော့ ဒါက ဂျူဟွာရဲ့ အတွေးသက်သက်ထက် မပိုခဲ့ပါဘူး။ တကယ်တမ်းမှာတော့ အခုအချိန်မှာ ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး တစ်ယောက်တည်းကသာ ဒါကို သိရှိထားပါတယ်။ ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး ကတော့ အဲဒါကို လုံးဝ ဂရုမစိုက်ပါဘူး။ ဒီကို ရောက်လာတဲ့ လွတ်မြောက်အင်မော်တယ် တစ်သိန်းထဲမှာ ဂျူဟွာ ပြသလိုက်တဲ့ တန်ခိုးအဆင့်မျိုး ပိုင်ဆိုင်ထားသူတွေက မရေမတွက်နိုင်အောင် ရှိနေတာလေ။ ဂျူဟွာ လွတ်မြောက်အင်မော်တယ် တစ်ပါး ဖြစ်လာတာ နှစ်ပေါင်းတစ်ရာကျော်လေးပဲ ရှိသေးတယ် ဆိုတာကိုလည်း သူက မသိတဲ့အတွက် အာရုံစိုက်နေမှာ မဟုတ်ပါဘူး။
ဂျူဟွာ အစောပိုင်းက ဖန်တီးခဲ့တဲ့ ဓားသိုင်း သုံးမျိုးက သူ့ကို မကျေနပ်စေခဲ့ဘူး ဆိုပေမဲ့၊ တကယ်တမ်းမှာတော့ အဲဒါတွေက လောကသုံးပါး အတွင်းမှာ ပထမတန်းစား ဓားသိုင်းတွေလို့ ဆိုရမှာပါ။ ဒါကြောင့် နွားခေါင်းသားရဲ ဂိုလမ် နဲ့ ခဏလောက် ရင်ဆိုင် တိုက်ခိုက်ပြီးတဲ့နောက်မှာ ဂျူဟွာက နွားခေါင်းသားရဲ ဂိုလမ် ကို ပြတ်ပြတ်သားသားပဲ အနိုင်ယူပြသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ဝေဝါးနေတဲ့ ပုံရိပ်ယောင် တစ်ခုက ဂျူဟွာရဲ့ ရှေ့မှာ ပေါ်လာပါပြီ။
"ကျွမ်းရွှေ ဂျူဟွာ... မင်းရဲ့ ဓားသိုင်းမှာ နာမည် ရှိလား"
ပုံရိပ်က မေးလိုက်ပါတယ်။
"အဲဒါကို ကွေ့ရီ ဓားသိုင်း လို့ ကျွန်တော် ခေါ်ပါတယ်"
ဂျူဟွာက ပြန်ဖြေလိုက်ပါတယ်။
"အဲဒါကို လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းမှာ မင်း ချန်ထားခဲ့ချင်လား"
ပုံရိပ်က ထပ်မေးပါတယ်။
"ကျွန်တော် ချန်ထားခဲ့ချင်ပါတယ်"
ဂျူဟွာက တုံ့ဆိုင်းမှု မရှိဘဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒီဓားသိုင်းက အစောပိုင်း ဖန်တီးခဲ့ချိန်ကတည်းက လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းက ဓားသိုင်း လျှို့ဝှက်ကျင့်စဉ် ပေါင်းများစွာကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်လို့ ချန်းထားခဲ့လို့လည်း ဘာမှ အကျိုးယုတ်စရာအကြောင်း မရှိပါဘူး။
"မဆိုးဘူး" ပုံရိပ်ယောင် က ခေါင်းညိတ်လိုက်ပြီး လက်ညှိုး တစ်ချက် ညွှန်လိုက်ပါပြီ။ ဂျူဟွာရဲ့ လက်ထဲမှာ တံဆိပ်တော် တစ်ခု ပေါ်လာပါတယ်။
"လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း ကနေ မင်း ထွက်ခွာသွားပြီးတဲ့နောက် လွတ်လပ်သော ကောင်းကင်ဘုံနန်းတော်မှာ ဒီတံဆိပ်တော်ကို အသုံးပြုပြီး အဆင့်မြင့် အင်မော်တယ် အဆင့် မှော်ရတနာ တစ်ပါးနဲ့ လဲလှယ်နိုင်ပါတယ်"
ပုံရိပ်က ပြောလိုက်ပါတယ်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
ဂျူဟွာက လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပါပြီ။ အဆင့်မြင့် အင်မော်တယ် အဆင့် မှော်ရတနာ ဆိုတာက သူ့အတွက် မရှိလည်း ဖြစ်ပေမဲ့ အခုလို ရလာတာ ဆိုတော့ ငြင်းနေစရာ အကြောင်းတော့ မရှိနေပါဘူး။
ဒါ့အပြင် သူ့ရဲ့ ကွေ့ရီ ဓားသိုင်း က နက်နဲတယ် ဆိုပေမဲ့ သူ ထုတ်ဖော်ပြသခဲ့တာက အဲဒီဓားသိုင်းထဲက အစိတ်အပိုင်းလေး တစ်ခု သက်သက်ပါပဲ။ ဒီထုတ်ပြခဲ့သလောက် ကွေ့ရီဓားသိုင်းကနေ သူ့ရဲ့ ပြည့်စုံနေတဲ့ ဓားတာအိုအကြောင်း သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
မပြည့်စုံတဲ့ ဓားသိုင်း တစ်ခုက အဆင့်မြင့် အင်မော်တယ် အဆင့် မှော်ရတနာ တစ်ခုနဲ့ လဲလှယ်နိုင်တယ် ဆိုတာကတင် သူ့ရဲ့ ဓားသိုင်းကို အသိအမှတ် ပြုလိုက်တာပါပဲ။
….
စာရေးသူ မှတ်ချက်။ အနန္တတန်ခိုးရှင် တွေက အိုမီဂါ တာအို ကို ဘာလို့ ဖုံးကွယ်ထားခဲ့ရလဲ ဆိုတာက ကျွန်တော် လုပ်ကြံ ဖန်တီးထားတာ မဟုတ်ပါဘူး၊ မူရင်း ဝတ္ထုမှာ အဲဒီအတိုင်း ဖော်ပြထားတာပါ။ တာအိုရောင်းရင်းတို့လည်း အတွေးလေးတွေ မျှဝေခဲ့ကြပါ။
***