လူတိုင်း၏ ရှေ့တွင် ဖန်ခွက်အသေးလေးတစ်လုံးစီ ရှိနေကြသည်။ လုယွီသည် သူ့အတွက် တစ်ခွက်ငှဲ့ပြီးနောက် ကုရှစ်ကျိုးနှင့် ချန်ယောင်တို့အတွက်လည်း တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ ကျန်းနျန်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် ခေါင်းငုံ့ကာ စားနေပြီး ထိုအမျိုးသားသုံးယောက်အတွက် စိုးရိမ်နေမိသည်။ ယနေ့ညတွင် ထိုအရက်၏ အာနိသင်ကို သူတို့ မည်သို့ အောင့်အည်းသည်းခံရမည်ကို သိနေသဖြင့် သူမ သူတို့ကို သနားမိခြင်းကို မတတ်နိုင်ပေ။
ယွီလျန်က ပထမဆုံး ဖန်ခွက်ကို မြှောက်ကာ လုယွီနှင့် အခြားသူများကို တိုက်လိုက်သည်။ ထို့နောက် အားလုံးက မိမိတို့၏ ဖန်ခွက်ထဲမှ အရက်များကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ချလိုက်ကြသည်။
ကျန်းနျန် - ....
သူမသည် တည်ငြိမ်နေပုံရသော လုယွီကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်း၏ ဖန်ခွက်များကို ပြန်ဖြည့်ပေးလိုက်သည်။
တပ်ရင်းမှူးစုန့် ပေးလိုက်သော အရက်မှာ အတော်လေး များပါသည်။ တစ်ဦးလျှင် လေးခွက်ခန့် သောက်နိုင်မည်ဟု ကျန်းနျန် ခန့်မှန်းမိသည်။ သူမသည် ကြက်သားတစ်တုံးကို စားရင်း မျက်နှာချင်းဆိုင်မှ ယွီလျန်နှင့် ချန်ယောင်တို့ကို အသာအယာ အကဲခတ်နေမိသည်။ အခုထိတော့ သူတို့မျက်နှာများတွင် ဘာပြောင်းလဲမှုမှ မရှိသေးပေ။ အစားအစာအချို့ စားပြီးနောက် သူတို့သည် သူတို့၏ ဖန်ခွက်များကို ကုန်အောင်သောက်ပြီး ကျန်ရှိနေသော အရက်များကို ခွဲဝေလိုက်ကြသည်။
ကျန်းနျန်က ရေနွေးကို သောက်ရင်း တပ်ရင်းအတွင်းရှိ အသေးအဖွဲ့ ကိစ္စရပ်များကို ပြောဆိုနေကြသော အမျိုးသားများ၏စကားကို နားထောင်နေမိသည်။
ခဏအကြာတွင် ချန်ယောင်သည် နောက်ဆုံး၌ သူလာရခြင်း၏ ရည်ရွယ်ချက်ကို စတင်ပြောဆိုလာသည်။ သူသည် အရက်တစ်ဝက်ခန့်ကို သောက်ပြီး အသာအယာ ချောင်းဟန့်ကာ ကျန်းနျန်ကို ပြောလိုက်သည်။ "မရီး... ကျွန်တော့်မှာ အကူအညီတောင်းစရာ တစ်ခုရှိလို့ပါ။"
ထိုသို့ပြောပြီးနောက် သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းနောက်ဘက်ကို ကုတ်နေမိသည်။
ယွီလျန်က ချန်ယောင်ကို ကြည့်ကာ နောက်ပြောင်ချင်သော အပြုံးဖြင့် ပြုံးနေသည်။
ကုရှစ်ကျိုးနှင့် လုယွီတို့ကလည်း ဘာမှမပြောဘဲ ပြုံးနေကြသည်။
ကျန်းနျန်က စပ်စုချင်စိတ်ဖြင့် ရေတစ်ငုံသောက်ကာ မေးလိုက်သည်။ "ဘာကိစ္စလဲဟင်။"
ချန်ယောင်က ရှက်ပြုံးပြုံးကာ ပြောလိုက်သည်။ "ပန်းထိုးဆိုင်က ရဲဘော် ရှု့ရွှယ်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးစေချင်လို့ပါ။"
ကျန်းနျန်မှာ အံ့အားသင့်သွားပြီး ချန်ယောင်က သူမကို ဤကိစ္စမျိုး အကူအညီတောင်းလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
"မရီး ဘယ်လိုထင်လဲ" ယွီလျန်က မေးလိုက်သည်။
ချန်ယောင်ကလည်း ရှု့ရွှယ်တွင် တစ်စုံတစ်ယောက် ရှိနေပြီလား သို့မဟုတ် ကျန်းနျန်က သဘောမတူမှာကို စိုးရိမ်စိတ်ဖြင့် ကျန်းနျန်ကို စိုးရိမ်တကြီး ကြည့်နေသည်။ စောစောက မြူးထူးနေသော အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ လုယွီက အသားတစ်တုံးကို ယူကာ ကျန်းနျန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "အဆင်မပြေရင်လည်း ရပါတယ်။"
ကျန်းနျန်က ခေါင်းခါပြလိုက်သည်။ "အဆင်မပြေတာ မဟုတ်ပါဘူး။"
ချန်ယောင်နှင့် ရှု့ရွှယ်တို့မှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ဆုံဖူးကြသဖြင့် သူမ အနည်းငယ် အံ့သြသွားခြင်းသာ ဖြစ်သည်။ သူမ ဤဖြစ်နိုင်ခြေကို မစဉ်းစားမိခဲ့ပေ။ ထို့ကြောင့် သူမ ပြောလိုက်သည်။
"ကျွန်မကတော့ ရှု့ရွှယ်ကိုယ်စား ဆုံးဖြတ်ပေးလို့ မရဘူးလေ။ ဒီလိုလုပ်မလား... ကျွန်မ မနက်ဖြန် သူမကို ဖုန်းဆက်မေးကြည့်မယ်။ အကယ်၍ သူမက သဘောတူတယ်ဆိုရင် ရှင်တို့နှစ်ယောက်ကို စီစဉ်ပေးမယ်လေ။"
ဤစကားကို ကြားသောအခါ ချန်ယောင်သည် စိတ်သက်သာရာရသွားပြီး ရှု့ရွှယ်တွင် ချစ်သူမရှိသည်မှာ သေချာသလောက် ရှိသည်ဟု ယူဆလိုက်သည်။ သူသည် သူ၏ဖန်ခွက်ကို မြှောက်ကာ မတ်တတ်ရပ်ပြီး ကျန်းနျန်ကို ပြောလိုက်သည်။
"မရီး... ကျေးဇူးတင်ပါတယ်။ အကယ်၍ ဒီကိစ္စ အောင်မြင်သွားရင် ကျွန်တော့်ရဲ့ နောင်မွေးလာမယ့် ကလေးတွေကို မရီးကို သူတို့ရဲ့ မွေးစား အမေအဖြစ် သတ်မှတ်ခိုင်းပါ့မယ်။"
ကျန်းနျန် - …
တကယ်တော့ အဲဒါကြီးက မလိုပါဘူး။
ချန်ယောင် ပြန်ထိုင်ပြီးနောက် ယွီလျန်နှင့် စကားဆက်ပြောနေသည်။ သူတို့ စားသောက်ပြီးခါနီးပြီ ဖြစ်သည်။ ကုရှစ်ကျိုးသည် သူ၏ ကော်လာမှ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားပြီး ချွေးများ ထွက်နေသည်။ ချန်ယောင်နှင့် ယွီလျန်တို့လည်း အပူရှိန်ကို ခံစားနေရကာ သူတို့၏ လက်အင်္ကျီများကို လိပ်တင်ထားပြီး နဖူးတွင်လည်း ချွေးများ စိုနေသည်။ ယွီလျန်က မေးလိုက်သည်။ "ဒါ ဘာအရက်လဲ။ ဘာလို့ အာနိသင်က ဒီလောက် ပြင်းနေရတာလဲ။"
ချန်ယောင်က အရက်ပုလင်းကို ယူကြည့်သော်လည်း ၎င်းမှာ ဖန်ပုလင်းဖြစ်သဖြင့် ဘာမှ သေချာမသိရပေ။
လုယွီက ကျန်နေသော အရက်ခွက်တစ်ဝက်ကို သောက်လိုက်သည်။ အမျိုးသားသုံးယောက်လုံး သူ့ကို ကြည့်လိုက်သောအခါ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါက သမင်ချိုအရက်လေ၊ ငါ့ရဲ့ တပ်ရင်းမှူးဟောင်းဆီက ရထားတဲ့ လက်ဆောင်ပါ။"
ကုရှစ်ကျိုး - …
ချန်ယောင် - …
ယွီလျန် - …
ကျန်းနျန်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် ခေါင်းငုံ့ကာ အစားအစာ အနည်းငယ်ကို ခပ်သွက်သွက် စားနေမိသည်။
ချန်ယောင်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး အားလုံးကုန်သွားသော ပုလင်းခွံကို ကြည့်ကာ ရုတ်တရက် ချွေးအေးများ ထွက်လာခဲ့သည်။
ကုရှစ်ကျိုးက မျက်မှောင်ကြုတ်ကာ နားထင်ကို ပွတ်လိုက်ပြီး လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မှောင်မိုက်သော မျက်လုံးများတွင် ဒေါသအနည်းငယ် ပါနေသည်။ "မင်း ဒါကို တမင်လုပ်တာမလား။"
လုယွီက မော့ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ကုရှစ်ကျိုးနှင့် အကြည့်ချင်း ဆုံလိုက်သည်။ "ဆောင်းတွင်းမှာ အေးနေမှာစိုးလို့ ခန္ဓာကိုယ် နွေးသွားအောင် တိုက်လိုက်တာပါ။"
ကုရှစ်ကျိုး - ...
ကျန်းနျန်သည် သူမ၏ ထမင်းစားတူကို ခပ်မြန်မြန် ချလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။"ကျွန်မ ဗိုက်ဝသွားပြီ။"
ထို့နောက် သူမသည် ခပ်သွက်သွက် ထလာပြီး ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ ရေချိုးခန်းထဲ ရောက်သည်နှင့် သူမ ပါးစပ်ကို ပိတ်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ လုယွီသည် သူလုပ်ချင်ပြီဆိုလျှင် တကယ်ကို ဆိုးသွမ်းနိုင်မှန်း သူမ သိလိုက်ရသည်။
စားသောက်ပြီးနောက် ချန်ယောင်နှင့် အခြားသူများ ပြန်သွားကြသည်။ ကျန်းနျန် ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူတို့သည် အင်္ကျီပါးပါးများကိုသာ ဝတ်ထားကြပြီး နဖူးတွင် ချွေးများ စိုရွှဲနေကာ ဂျာကင်များကို လက်ထဲတွင် ကိုင်ထားသော်လည်း မဝတ်ရဲကြသည်ကို တွေ့လိုက်ရသည်။ တပ်ရင်းမှူးစုန့်၏ အရက် လက်ဆောင်မှာ တကယ်ကို အစွမ်းထက်လှသည်ဟု သူမ ခံစားလိုက်ရသည်။
သူမ ခေတ္တရပ်ပြီး လုယွီကို လှည့်ကြည့်လိုက်ရာ သူလည်း အခြေအနေ သိပ်မထူးသည်ကို သတိပြုမိလိုက်သည်။ သူသည် လက်အင်္ကျီလိပ်ထားသော အဖြူရောင် ရှပ်အင်္ကျီပါးပါးကို ဝတ်ထားပြီး ချွေးများ အတော်လေး ထွက်နေသည်။
ဒါကတော့ ရန်သူ တစ်ထောင်သတ်ပြီး မိမိကိုယ်မိမိ ရှစ်ရာ ပြန်ထိခိုက်တဲ့ အဖြစ်မျိုးပဲ။
(ရန်သူကို အပြတ်အသတ် နှိမ်နင်းနိုင်သော်လည်း မိမိဘက်မှလည်း ကြီးမားသော အထိအခိုက် ရှိခြင်းကို ဆိုလိုသည်။)
သူတို့ ထွက်သွားပြီးနောက် လုယွီက ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ ကျန်းနျန်က စားပွဲကို သုတ်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ သူမ မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ လုယွီသည် သိမ်းဆည်းပြီးခါနီး ဖြစ်နေသည်။ သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ"
လုယွီသည် ပန်းကန်များကို ဗီရိုထဲသို့ ထည့်လိုက်ပြီး စဉ်းတီတုံးဘေးတွင် ရပ်နေသော ကျန်းနျန်ကို လှည့်ကြည့်ကာ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ "နေလို့ကောင်းပါတယ်။"
သူ့ထံမှ အရက်နံ့များ ထွက်နေပြီး သူ သူမအနားသို့ ချဉ်းကပ်လာသောအခါ ထိုရနံ့က သူမကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။
ကျန်းနျန်၏ မျက်ခွံများ တုန်ယင်သွားပြီး နှလုံးခုန်သံများ မြန်လာသည်။ သူမ၏ အသက်ရှူသံများပင် မြန်ဆန်လာသည်။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး အလွန်နီးကပ်နေပြီဖြစ်သော လုယွီကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူက ကိုင်းညွတ်ကာ သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့ကြားတွင် အရက်နံ့က လွှမ်းနေသည်။
ကျန်းနျန်သည် အရက်တစ်စက်မှ မသောက်ရသော်လည်း သူမ မူးနေသလို ခံစားလိုက်ရသည်။
လုယွီ၏ အနမ်းမှာ ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ နူးညံ့သော မျက်နှာပြင်အောက်တွင် ထိန်းချုပ်ထားသော ရိုင်းစိုင်းသော စိတ်ဆန္ဒတစ်ခု ရှိနေသည်ကို သူမ ခံစားမိသည်။
သူသည် သူမကို နာကျင်အောင်လုပ်မိမည်ကို စိုးရိမ်နေသည်။
ကျန်းနျန်၏ မျက်တောင်များ တုန်ယင်နေသည်။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး လုယွီ၏ ခါးကို ဖက်ထားလိုက်သည်။ သူ၏ ရှပ်အင်္ကျီပါးပါးမှတစ်ဆင့် ပူလောင်နေသော သူ၏ တောင့်တင်းခိုင်မာသော ကြွက်သားများကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
"နျန်နျန်..."
လုယွီသည် အနည်းငယ် နောက်ဆုတ်လိုက်ပြီး သူ၏ အသက်ရှူသံတွင် မူးယစ်စေသော အရက်နံ့များ ပါလာသည်။ "အချိန်လည်း လင့်နေပြီ။"
သူသည် ကျန်းနျန်၏ မျက်တောင်ပေါ်ကို နမ်းလိုက်ပြီးနောက် သူမကို မချီလိုက်ကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။ ရုတ်တရက် အမြင့်သို့ ရောက်သွားသဖြင့် ကျန်းနျန် လန့်သွားပြီး လုယွီ၏ ပခုံးကို အလိုအလျောက် ဖက်ထားမိလိုက်သည်။ ချွေးများဖြင့် စိုရွှဲနေသော သူ၏ နီမြန်းနေသော မျက်နှာကို ကြည့်ရင်း သူမ၏ နှလုံးခုန်သံများ ပြင်းထန်လာသည်။
ကျန်းနျန်မှာ သူမကိုယ်တိုင် ဤအခြေအနေကို လက်ခံနိုင်ပါ့မလားဟုပင် မတွေးရဲတော့ပေ။ သူမ၏ လက်ချောင်းများမှာ လုယွီ၏ ပခုံးပေါ်တွင် တင်းတင်းဆုပ်ထားမိပြီး သူ သူမကို ကုတင်ပေါ်သို့ တင်လိုက်သည့်တိုင်အောင် သူမမှာ ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ လုယွီသည် သူမ၏ သွယ်လျသော လည်တိုင်းလေးကို ကြည့်လိုက်သည်။ သူ၏ လည်စေ့မှာ တံတွေးမျိုချလိုက်သဖြင့် လှုပ်ရှားသွားပြီး သူမ၏ လည်တိုင်ကို နမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် အနမ်းမှာ ကြင်နာမှုများ ကင်းမဲ့နေပြီး အရိုင်းဆန်သော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ကျန်းနျန်သည် လုယွီ၏ ရင်ခွင်ထဲတွင် အရည်ပျော်မတတ် ဖြစ်နေသည်။ သူမ၏ လက်ကို လုယွီက ဆုပ်ကိုင်ထားသည်။ သူ၏ လက်ချောင်းများမှာ သူမ၏ လက်ချောင်းများနှင့် ယှက်နွယ်နေပြီး သူမ၏လက်ကို ညှစ်လိုက်သည်။ သူသည် သူမ၏ နှာခေါင်းလေးနှင့် မျက်တောင်လေးများကို နမ်းလိုက်ပြီး ကျန်းနျန်သည် သူ၏မျက်လုံးများတွင် နီမြန်းနေသော သွေးကြောလေးများ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။
"လုယွီ..."
ကျန်းနျန်၏ အသံမှာ တိုးညင်းပြီး အနည်းငယ် အက်ကွဲနေသည်။
လုယွီသည် သူမကို နမ်းနေသည်။ သူမ အနည်းငယ် တုန်ယင်နေသည်ကို ခံစားမိသဖြင့် သူက အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "မင်း စောစော အိပ်သင့်တယ်။ ဒီည ကိုယ် အိပ်ဆောင်မှာပဲ သွားအိပ်မယ်။"
ကျန်းနျန် - ???
သူမမှာ မှင်သက်သွားပြီး ခဏတာ ဘာကိုမှ နားမလည်နိုင် ဖြစ်သွားသည်။
သူမ၏ ဇဝေဇဝါ ဖြစ်နေသော ပုံစံကို မြင်သောအခါ လုယွီ၏ စိတ်များ နူးညံ့သွားသည်။ သူသည် သူမကို ထပ်နမ်းလိုက်သည်။
အရက်၏ နောက်ဆက်တွဲ အာနိသင်များမှာ ပြင်းထန်လှပြီး ထိန်းချုပ်မှု လွတ်သွားမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
ကျန်းနျန်၏ မျက်နှာမှာ ရဲတက်သွားသည်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း။"
လုယွီသည် မထွက်ခွာမီ ခဏတာ နေခဲ့သည်။ အခန်းထဲတွင် အရက်နံ့များ ကျန်ရှိနေဆဲ ဖြစ်သည်။ ကျန်းနျန်သည် ရေချိုးခန်းထဲတွင် မျက်နှာသစ်ပြီး ပူလောင်နေသော သူမ၏ ပါးပြင်များကို ပုတ်လိုက်ကာ ကုတင်ပေါ်တွင် ခဏတာ လဲလျောင်းနေပြီးမှ အိပ်ပျော်သွားသည်။
အချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်ပြီး မိသားစု တိုက်ခန်းမှ အိပ်ဆောင်သို့ သွားရာလမ်းမှာ အနည်းငယ် ဝေးသည်။
လုယွီသည် ရှပ်အင်္ကျီပါးပါးကို ဝတ်ကာ စစ်ဂျာကင်အင်္ကျီကို ကိုင်ရင်း မိသားစုတိုက်ခန်းမှ ပြေးထွက်လာရာ တပ်ရင်းမှ ပြန်လာကြသော ဗိုလ်ကြီးဖန်၊ ဗိုလ်ကြီးလိန်တို့နှင့် ဆုံခဲ့သည်။ သူတို့က လုယွီကို နှုတ်ဆက်လိုက်ကြသည်။ "တပ်ရင်းမှူးလု ဘယ်သွားမလို့လဲ။"
လုယွီ ပြန်ဖြေလိုက်သည်။ "တပ်ရင်းကို သွားစစ်မလို့ပါ။"
ဗိုလ်ကြီးလိန်က လုယွီ၏ နဖူးပေါ်မှ ချွေးများနှင့် သူ၏ အင်္ကျီပါးပါးကို သတိပြုမိသွားသည်။ "တပ်ရင်းမှူးလု အဲဒီလောက်တောင် ပူနေတာလား။"
ဗိုလ်ကြီးဖန်က မေးလိုက်သည်။ "ခုနတင် နိုင်ငံရေးမှူးကုနဲ့ တခြားလူတွေကို တွေ့ခဲ့သေးတယ်။ သူတို့လည်း ပူနေတဲ့ပုံပဲ။ မင်းတို့ ဘာလုပ်နေကြတာလဲ။"
လုယွီက အသာအယာ ချောင်းဟန့်လိုက်သည်။ "အရက်ဖြူ နည်းနည်း သောက်လိုက်လို့ပါ။"
ဗိုလ်ကြီးလိန်က ပြောလိုက်သည်။ "ဒါကြောင့်ကိုး၊ နွေရာသီမှာ အရက်ဖြူသောက်ရတာက ခက်ခဲတယ်။"
လုယွီ ထွက်သွားပြီးနောက် ဗိုလ်ကြီးဖန်က ဗိုလ်ကြီးလိန်၏ လက်မောင်းကို တွန်းလိုက်သည်။ "ငါလည်း အရက်ဖြူသောက်ဖူးပါတယ်၊ အများကြီးတောင် သောက်ဖူးတာ။ ဒါပေမယ့် ဒီလောက်ကြီး မပူဖူးပါဘူး။ သူတို့ကို ကြည့်ပါဦး၊ ချွေးတွေ ရွှဲနေတာပဲ။"
လိန်ကျုံး ရယ်လိုက်သည်။ "ငါတို့အားလုံးက လူငယ်တွေပဲလေ။"
ဗိုလ်ကြီးဖန် - …
အဲဒါက သူ့နှလုံးသားကို တည့်တည့်မှန်သွားသလိုပဲ။
ကုရှစ်ကျိုး၊ ချန်ယောင်နှင့် ယွီလျန်တို့သည် အိပ်ဆောင်သို့ ပြန်ရောက်ပြီး ရေအေးဖြင့် ချိုးလိုက်ကြသည်။ ရေချိုးပြီးခါစ ကုရှစ်ကျိုးသည် လုယွီ အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ သူက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "မင်း ဘာလို့ ဒီရောက်နေတာလဲ။"
လုယွီ ပြောလိုက်သည်။ "အိပ်မပျော်လို့ပါ၊ ကျန်းနျန်ကို အနှောင့်အယှက် မပေးချင်တာနဲ့ အပြင်ထွက် ပြေးနေတာ။"
ကုရှစ်ကျိုးက သူ၏ခေါင်းကို တဘက်ဖြင့် သုတ်ရင်း လုယွီ၏ နဖူးပေါ်မှ ချွေးများကို ကြည့်လိုက်သည်။ "ခဏနေရင် အတူတူ ပြေးကြတာပေါ့။"
လုယွီ ပြုံးလိုက်သည်။ "ကောင်းပြီလေ။"
သူလည်း ရေအေးဖြင့် ချိုးလိုက်သည်။ သူနှင့် ကုရှစ်ကျိုးတို့ အပြင်ထွက်လာသောအခါ ပြေးနေကြသော ချန်ယောင်၊ ယွီလျန်တို့နှင့် ဆုံခဲ့သည်။
တပ်ရင်းမှူးလု အိမ်က သမင်ချိုအရက်ကတော့ သူတို့ကို တကယ်ပဲ ဒုက္ခပေးနေပြီ။ ထိုအမျိုးသား တစ်ဦးစီသည် လေးခွက်စီ သောက်ခဲ့ကြပြီး တစ်ညလုံးနီးပါး ပြေးနေခဲ့ကြသည်။ အိပ်ဆောင်ရှိ ကျန်းကျိုးနှင့် လောင်ကျစ်တို့သည် သန်းခေါင်ယံတွင် ထလာကြပြီး ပြတင်းပေါက်မှတစ်ဆင့် လေ့ကျင့်ရေးကွင်းကို ကြည့်လိုက်ကြသည်။ ကျန်းကျိုး မေးလိုက်သည်။ "ဒီည သူတို့ ရူးနေကြတာလား။"
လောင်ကျစ်က ပြန်ဖြေခဲ့သည်။ "မသိဘူးလေ။"
တပ်ရင်းမှူးလုနှင့် သူ၏လူများ တစ်ညလုံး လေ့ကျင့်နေကြသည့် သတင်းမှာ တတိယတပ်ရင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပြင်းထန်သော လေ့ကျင့်ခန်းများကြောင့် လူသိများသော တပ်ရင်းမှူးလုက နောက်တစ်ခါ သူတို့ကိုပါ လေ့ကျင့်ခိုင်းမှာ စိုးရိမ်သဖြင့် မည်သူမျှ ဘာမှမပြောရဲကြပေ။
ကျန်းနျန်သည် မိုးလင်းသည့်အထိ အိပ်ပျော်နေခဲ့သည်။ သူမ မျက်လုံးများကို ဝေဝေဝါးဝါး ဖွင့်လိုက်စဉ် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ လုယွီ ပြန်ရောက်လာပြီလားဟု သူမ တွေးနေစဉ်မှာပင် တံခါးမှာ အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။ မှောင်ရိပ်သန်းနေသော အခန်းထဲတွင် တံခါးမှ ဝင်လာသော အလင်းရောင်ကို လူတစ်ယောက်က ပိတ်ဆို့ထားသည်။
ကျန်းနျန် ပြုံးပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ "ပြန်ရောက်ပြီလား။"
လုယွီသည် သူ၏ဂျာကင်ကို နံရံတွင် ချိတ်လိုက်ပြီး သူ၏ကော်လာကို ဖြုတ်လိုက်သည်။
ကျန်းနျန် ထလာပြီး စောင်ကို မလိုက်သောအခါ သူ လျှောက်လာပြီး သူမကို ဖက်ကာ အတူတူ ပြန်လှဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အေးမြနေသဖြင့် ကျန်းနျန်မှာ နေလို့ကောင်းနေသည်။ သူမ မော့ကြည့်ပြီး မေးလိုက်သည်။
"ရှင်က ဘာလို့ ဒီလောက် အေးနေတာလဲ။"
လုယွီ ပြန်ဖြေလိုက်သည်။ "ရေအေးနဲ့ချိုးလာလို့ပါ။"
ကျန်းနျန် စကားစပြောမည့် အချိန်မှာပင် သူက သူမကို အနမ်းဖြင့် တိတ်ဆိတ်သွားစေခဲ့သည်။ တစ်ညလုံး လေ့ကျင့်ပြီးနောက် အရက်အရှိန်များ အတော်လေး လျော့သွားပြီ ဖြစ်သော်လည်း အနည်းငယ်တော့ ကျန်ရှိနေဆဲ ဖြစ်သည်။
ကျန်းနျန်၏ လက်များမှာ လုယွီ၏ ပခုံးပေါ်သို့ တက်လှမ်းသွားပြီး သူမ၏ မျက်နှာမှာ နီမြန်းနေသည်။ သူမသည် နံနက်ခင်း နေရောင်ခြည်ကြောင့် နီမြန်းနေသော လိုက်ကာကို လှမ်းကြည့်လိုက်သည်။
သူမ၏ နှာခေါင်းလေးကို နမ်းပြီး ပြောလိုက်သည်။ "နည်းနည်းလောက် ထပ်အိပ်လိုက်ဦး။ ကိုယ် မနက်စာ သွားချက်လိုက်မယ်။"
ကျန်းနျန်မှာ အိပ်မငိုက်တော့သော်လည်း သူမသည် ကုတင်ပေါ်တွင် ခေတ္တမျှ ထပ်နေပြီး လုယွီ မနက်စာချက်ပြီးသည်အထိ စောင့်ကာ အပြင်ထွက်၍ သန့်ရှင်းရေး လုပ်လိုက်သည်။
***