ထိုသတင်းများအား တွေ့သည့်အချိန်တွင် ဒေးဗစ်အနေဖြင့် များစွာ အရေးစိုက်ခြင်းမရှိပေ။ စွပ်စွဲမှုများ၏ နောက်ကွယ်တွင် တစုံတဦးရှိနေမည်မှာ အသိသာကြီးပင်ဖြစ်၍ များစွာ အရေးထားဖွယ်မရှိ။
လက်စတာမြို့သည် လက်စတာရှိုင်းယားဒေသ၏ မြို့တော်ဖြစ်ပြီး နော့တ်စ်ကောင်တီ တည်ရှိရာ နော်တင်ဟမ်ရှိုင်းယားနှင့် နာရီဝက်ခန့် ကားမောင်းချိန်သာ ကွာဝေးသည်။ ထို့အပြင် လက်စတာနှင့် နော်တင်ဟမ်မှာ အရှေ့မစ်ဒ်လန်း (East Midlands) စီရင်စုထဲတွင် ပါဝင်သည်။
လက်စတာစီးတီးနှင့် နော်တင်ဟမ်ဖောရက်စ် နှစ်သင်း ဆုံတွေ့ကြလျှင် အရှေ့မစ်ဒ်လန်း ဒါဘီဟု ခေါ်ဝေါ်ကြသည်။ မြို့တော်နှစ်ခု များစွာမဝေးကွာခြင်း၊၊ စီရင်စုတခုအတွင်း တည်ရှိခြင်းနှင့် အသင်းနှစ်သင်းကြား ကျောင်းတော်ရန်စများ ရှိထားခြင်းတို့ကြောင့်ဖြစ်သည်။
လက်စတာစီးတီးသည် ပြီးခဲ့သော ရာသီက ပရီးမီးယားလိဂ်မှ လိဂ်ဝမ်းသို့ တန်းဆင်းလာရသည်ဖြစ်၍ ယခုရာသီ ၎င်းတို့၏ ရည်မှန်းချက်မှာ လိဂ်ဝမ်းတွင် ခြေစွမ်းပြကစားကာ ပရီးမီးယားလိဂ်သို့ ပြန်လည် တန်းတက်ရန်ပင်ဖြစ်သည်။
လက်ရှိအချိန်တွင် ၎င်းတို့နှင့် နော်တင်ဟမ်ဖောရက်စ်၏ အရှေ့မစ်ဒ်လန်း ဒါဘီမှာ ဒေသနှစ်ခုလုံး၏ စိတ်ဝင်စားမှု ခံရဆဲဖြစ်သော်လည်း နော်တင်ဟမ်ဖောရက်စ်၏ ခြေစွမ်းသည် လက်စတာစီးတီးအား ခြိမ်းခြောက်မှုများစွာ မပေးစွမ်းနိုင်တော့ချေ။
ဖောရက်စ်နှင့် ဆန့်ကျင်စွာပင် လိဂ်တူးမှ တန်းတက်လာသော နော်တင်ဟမ်မြို့ခံ နော့တ်စ်ကောင်တီမှာ ခြေစွမ်းပိုင်းအရရော ကျော်ကြားမှုအရပါ လက်စတာစီးတီးအား များစွာ လွှမ်းမိုးလာနိုင်ချေရှိ၏။ လက်စတာစီးတီးအနေဖြင့် ခေါင်းထဲပင် မထည့်ခဲ့သော နော့တ်စ်ကောင်တီသည် ယခုအခါ ၎င်းတို့နှင့် တတန်းတည်း ရပ်တည်နိုင်လာပြီဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ပရီးမီးယားလိဂ်သို့ အပြန်ခရီးတွင်ပင် ကြီးမားသော အဟန့်အတား ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ဤသည်မှာ လက်စတာစီးတီးအား များစွာ ခံရခက်စေလေ၏။
လက်စတာ-ဖောရက်စ် ၏ အရှေ့မစ်ဒ်လန်းဒါဘီသည် လက်စတာ-နော့တ်စ်ကောင်တီအဖြစ် ပြောင်းလဲသွားမည်လော။ အသေအချာ တွေးကြည့်ပါက မဖြစ်နိုင်ဖွယ်ရာ မရှိချေ။
ထို့အတွက် လက်စတာဘက်မှ နော့တ်စ်ကောင်တီအား စတင်ပြသနာရှာလာခြင်း ဖြစ်ရန်မှာ ရာနှုန်းပြည့်နီးပါးပင် ဖြစ်လေသည်။ ယခုသတင်းအား ဖော်ပြသော လက်စတာမာကျူရီ သတင်းစာသည် လက်စတာစီးတီး အသင်းအား ထောက်ခံသော သတင်းစာဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်၏။ လက်စတာစီးတီးအနေဖြင့် နော့တ်စ်ကောင်တီအား ရာသီအစတွင် ပြသနာများနှင့် လုံးထွေးနေစေရန် ကြံရွယ်ခြင်းမှာ ထင်ရှားလေသည်။
ပြသနာ၏ ရင်းမြစ်ကို စဉ်းစားမိသော ဒေးဗစ်မှာ ထိုစွပ်စွဲချက်များအား အမှုမထားခဲ့ပေ။ လက်စတာ မာကျူရီသည် လက်စတာရှိုင်းယား ဒေသခံ သတင်းစာ ဖြစ်သောကြောင့် ထို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များမှာ မကြာမီ ပြီးဆုံးသွားလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။ ဤသည်မှာ ဒေးဗစ်၏ အမှားဖြစ်သွားခဲ့လေသည်။
ထိုစွပ်စွဲချက်များမှာ ရက်ပိုင်းအတွင်း အင်္ဂလိပ်ဘောလုံးလောက တခုလုံး ပျံနှံ့သွားခဲ့သည်။ ထို့အပြင် ဘောလုံးနှင့် မသက်ဆိုင်သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းများကပါ အာရုံစိုက်လာကြသော ကိစ္စတခု ဖြစ်လာလေ၏။
ပရဟိတဟူသည်မှာ အထိမခံသော ခေါင်းစဉ်တခုပင်ဖြစ်သည်။ ယခု လက်စတာ မာကျူရီ၏ အဆိုအရ နော့တ်စ်ကောင်တီသည် မိဘမဲ့ကလေးများအတွက် ရံပုံငွေဟု ခေါင်းစဉ်တပ်ကာ ငွေရှာခဲ့ပြီး ၎င်းတို့၏ အိတ်ကပ်ထဲသို့ပင် ထည့်လိုက်ခြင်းဟု အများက ယူဆသွားကြလေသည်။ ဤသို့သော အရှက်တရား ကင်းမဲ့သည့် အပြုအမူမျိုးမှာ ကြားရသူအပေါင်းအား များစွာ ဒေါသထွက်စေဝောာ့သည်။
ပရဟိတ အဖွဲ့အစည်း တခုပြီးတခု ကြေငြာချက်များ အသီးသီး ထုတ်ပြန်ကာ နာ့တစ်ကောင်တီအား ပြစ်တင်ရှုတ်ချကြလေ၏။ အချို့သော ထင်ရှား ကြော်ကြားသူများမှာလည်း လူထုအာရုံစိုက်မည့် အခွင့်အရေးအား လက်လွတ်မခံဘဲ နော့တ်စ်ကောင်တီကို ပြစ်တင်ရှုတ်ချမှုများဖြင့် မီးရောင်အောက်သို့ မဆိုင်းမတွပင် ခုန်ဝင်လာသည်။ မီးလောင်ရာလေပင့်မည့် မီဒီယာများမှာ မရှားလှပေ။ ၎င်းတို့၏ သတင်းစာများတွင် အင်္ဂလန် တနိုင်ငံလုံးက နော့တ်စ်ကောင်တီအား ဆန့်ကျင်နေကြသယောင် ပြောဆိုရေးသားကြလေသည်။
ဒေးဗစ်၏ ဂရုမထားမှုက သူ့အား အငိုက်မိသွားစေခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်စေတနာကောင်းဖြင့် ပြုမူခဲ့သော အပြုအမူတရပ်မှာ ကလပ်အတွက် မတရား အရှက်ခွဲခံရသည့် အဖြစ်သို့ ရောက်ရှိသွားရသည်။
ထိုသို့သော အရေးကြီးသည့် အချိန်တွင် ဒေးဗစ်၏ ခေါင်းထဲသို့ ဦးဆုံး ဝင်ရောက်လာသော အချက်မှာ ပြသနာအား ဖြေရှင်းမည့် နည်းလမ်းမဟုတ်။
နော်တင်ဟမ်ပို့စ် သတင်းစာသည် နော့တ်စ်ကောင်တီဘက်မှ အစဉ်တစိုက် ရပ်တည်ခဲ့သော သတင်းစာ ဖြစ်သော်လည်း ၎င်းတို့၏ လွှမ်းမိုးမှုမှာ နော်တင်ဟမ် ရှိုင်းယားဒေသသာ ဖြစ်သည်။ အကောင်းထက် အဆိုးကို ပို၍ ကြားသိချင်သော လူတို့၏ ထုံးစံအရ ဒေသခံသတင်းစာများ၏ သတင်းများမှာမှာ လက်စတာ မာကျူရီကဲ့သို့ အများ စိတ်ဝင်စားမည့် ခေါင်းစဥ်ဖြင့် သူတပါးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမဟုတ်ပါက သတင်းပျံ့နှံ့မှု မြန်ဆန်ခြင်းမရှိပေ။ နော့တ်စ်ကောင်တီအတွက် အသင်းပိုင် သတင်းထုတ်ပြန်နိုင်မည့် ပလက်ဖောင်းတခု လိုအပ်နေပြီဖြစ်ကြောင်း ဒေးဗစ်၏ စိတ်ထဲတွင် အပြင်းအထန် ခံစားလိုက်ရသည်။
လက်သတာစီးတီး အသင်း၏ အမည်မှာလည်း ဒေးဗစ်၏ ရင်ထဲတွင် သံမှိုဖြင့် နှက်လိုက်သကဲ့သို့ စွဲမြဲ၍ သွားလေပြီ။ အဆိုပါ အသင်းနှင့် လိဂ်အမှတ်ပေးပွဲစဉ်များတွင် ဆုံတွေ့ရပါက ကောင်းကောင်းကြီး သင်ခန်းစာပေးရပေတော့မည်။ မည်သို့ပင် ကြံစည်မှုများရှိပါစေ ကြီးမားသော အင်အားစစ်စစ်၏ ရှေ့မှောက်တွင် မည်သည့်အကြံအစည်မျှ ခံနိုင်မည် မဟုတ်သည်ကို သိစေရမည်ဟု ကြုံးဝါးလိုက်မိသည်။
ယခုအချိန်မှစ၍ နော့တ်စ်ကောင်တီတွင် မဟာရန်သူတဦး တိုးလာခဲ့ပြီဖြစ်လေသည်။ နော်တင်ဟမ်နှင့် လက်စတာရှိုင်းယား၏ ဆက်ဆံရေးမှာ မူလကပင် ကောင်းမွန်သည်မဟုတ်။ သို့သော် ယခင်က နော့တ်စ်ကောင်တီသည် လက်စဝာစီးတီးနှင့် လိဂ်တန်းခြင်း မတူသကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းလည်း မရှိခဲ့ပေ။ ယခုသော် လိဂ်တခုတည်းတွင် ရပ်တည်လာနိုင်ပြီ ဖြစ်သောကြောင့် နှစ်သင်းကြား မကျေလည်မှုများ ပြန်လည် အသက်ဝင်လာပြီ ဖြစ်လေသည်။
ယခုရာသီတွင် လိဂ်ဝမ်း၌ နော့တ်စ်ကောင်တီအတွက် မဟာရန်သူအချို့ ရှိလာခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့သော မြို့ခံအသင်း နော်တင်ဟမ်ဖောရက်စ်၊ မဖြစ်မနေ ချေမှုန်းရမည့် အသင်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သော လက်စတာစီးတီး၊ ပြီးခဲ့သည့်ရာသီက ရန်ငြှိုးကြီးမားခဲ့သော ရီးဒင်းနှင့် အရှေ့မစ်ဒ်လန်း စီရင်စု၌ပင် ရှိနေသော ဒါဘီကောင်တီတို့မှာ ယခုရာသီတွင် နော့တ်စ်ကောင်တီနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာကြပေတော့မည်။
ထို့အပြင် ယခုဘောလုံးရာသီအတွင်း မည်သည့်အသင်းက နော့တ်စ်ကောင်တီ၏ ရန်သူအသစ်ဖြစ်လာဦးမည်ဟူသည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ချေ။ လိဂ်ဝမ်းရှိ အသင်းထက်ဝက်ခန့်နှင့်ပင် ရန်ဘက်များ ဖြစ်လာနိုင်ချေရှိ၏။ ဒေးဗစ်အတွက် ယခုရာသီမှာ စိတ်ဝင်စားဖွယ်ကောင်းသော ဘောလုံးရာသီပင်ဖြစ်လေသည်။
သို့သော် ယခုလက်ရှိပြသနာအား ဦးစွာဖြေရှင်းရပေမည်။ သူ့အနေဖြင့် ပင်ပန်းကြီးစွာ တည်ဆောက်လာခဲ့ရသော အသင်း၏ ဂုဏ်သိက္ခာကို ဤပုံစံဖြင့် လုံးဝ အထိပါးမခံနိုင်။
“လတ်တလောမှာ မီဒီယာအချို့က နော့တ်စ်ကောင်တီကို ရဟိတ ရံပုံငွေကိစ္စနဲ့ အခြေအမြစ်မရှိဘဲ လုပ်ကြံစွပ်စွဲလာတဲ့ ကိစ္စဖြစ်ပေါ်ခဲ့ပါတယ်၊ ဒီကိစ္စအတွက် နော့တ်စ်ကောင်တီ ကလပ်အသင်းဘက်က လေးနက်စွာ ငြင်းဆိုသလို ကလပ်နဲ့ ထိုက်တန်တဲ့ တရားမျှတမှုအတွက် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”
အသင်းမှ ပြုလုပ်သော အထူးသတင်းစာ ရှင်းလင်းပွဲတွင် နော့တ်စ်ကောင်တီ၏ စီအီးအို ဖာရန်ဆိုရီယာနိုက မီဒီယာများ၏ ကင်မရာများအရှေ့၌ လေးနက် တည်ကြည်စွာ ပြောကြားနေ၏။ ဤအခြေအနေတွင် ဒေးဗစ်ထက်စာလျှင် သံတမန်ရေးရာ ကျွမ်းကျင်သူဖြစ်သော ဆိုရီယာနိုက ပိုမိုကိုက်ညီသောကြောင့် အလုပ်များရင်းစွဲ စီအီးအိုကြီးမှပင် ပွဲထွက်လာခဲ့ရခြင်းဖြစ်သည်။
“နော့တ်စ်ကောင်တီဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတသင်းပါ၊ ကျနော်တို့ဟာ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေသလို အများရဲ့ ထင်မြင်ယူဆချက်ကိုလည်း လေးစားပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ကျနော်တို့အသင်းကို အခြေအမြစ်မရှိဘဲ ထင်သလို စွပ်စွဲတာမျိုးကိုတော့ လုံးဝလက်သင့်မခံနိုင်ပါဘူး”
“ဟောဒီစာရွက်က နော့တ်စ်ကောင်တီနဲ့ နော်သမ်ပ်တမ်အသင်းတို့ ခြေစမ်းပွဲကစားတဲ့နေ့က လက်မှတ်အရောင်းစာရင်းပါ၊ စုစုပေါင်း ရောင်းရငွေ ပေါင် ၅၇၇၆၀ ဖြစ်ပါတယ်”
“ဟောဒီစာရွက်ကတော့ ဘိခ်ျဝုဒ် ကလေးများဂေဟာကို လှုဒါန်းခဲ့တဲ့ အတွက် ဂေဟာက ပြန်လည်ပေးအပ်ခဲ့တဲ့ မှတ်တမ်းလွှာပဲဖြစ်ပါတယ်၊ ပေါင် ၁ သိန်းတိတိ ဖြစ်ပြီး ရက်စွဲက ဂျူလိုင် ၂၉ ရက်ပါ၊ အဲဒီနေ့ဟာ နော့တ်စ်ကောင်တီနဲ့ နော်သမ်ပ်တမ်ရဲ့ ခြေစမ်းပွဲအပြီး နောက်တရက်ဖြစ်ပါတယ်”
“ကျနောတို့ ကလပ်ဟာ ဒီရံပုံငွေပွဲကို အသုံးချပြီး လူစိတ်ဝင်စားမှု ရရှိလာအောင် လုပ်ဖို့ လုံးဝအစီအစဉ်မရှိခဲ့ပါဘူး၊ အဲဒီအတွက် အလှုငွေ ပေးအပ်တဲ့နေရာမှာလည်း လူသိများဖို့ကို လုံးဝအရေးမထားခဲ့ဘဲ ကလေးတွေအတွက် မြန်မြန်အသုံးပြုနိုင်အောင် နောက်တရက်မှာပဲ ချက်ချင်းသွားရောက် ပေးအပ်ခဲ့တာပါ၊ အလှုငွေ ပေးအပ်ရာမှာလည်း ကလပ်ပိုင်ငွေထဲက ပမာဏတခု စိုက်ထုတ်ပြီး ပေါင် ၁ သိန်းပြည့်အောင် စီစဉ်ခဲ့ပါသေးတယ်၊ ဒါ ကျနော်တို့ နော့တ်စ်ကောင်တီရဲ့ ရင်ထဲက ရိုးသားတဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာကို ပကာသနတွေမပါဘဲ ပြသခဲ့တာပါပဲ၊ လူကြီးမင်းများအနေနဲ့ ကျနော်တို့ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ ဘိခ်ျဝုဒ်ကလေးများဂေဟာက တာဝန်ရှိသူများကို မေးမြန်းနိုင်ပါတယ်”
“ဒီကိစ္စအပေါ်မှာ ဘာလို့များ တစုံတယောက်က နော့တ်စ်ကောင်တီကို တိုက်ခိုက်ရသလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး၊ ဒါဟာ နားလည်မှုလွဲတာ လုံးဝမဟုတ်ပါဘူး၊ ကျနော်ဒီနေ့ ထုတ်ပြတဲ့ သက်သေတွေဟာ ရရှိဖို့ ခက်ခဲတဲ့ သက်သေအထောက်အထားတွေမှ မဟုတ်တာ၊ ဒါပေမယ့် မီဒီယာအချို့ဟာ ဒီအချက်တွေကို လစ်လျူရှုပြီး ကျနော်တို့အသင်းကို မဟုတ်တမ်းတရား စွပ်စွဲခဲ့တဲ့အပြင် တရားမျှတမှုအတွက် တိုက်ခိုက်နေပါတယ်လို့လဲ အသံကောင်းဟစ်နေပြန်ပါတယ်”
“ဒီတော့ ကျနော်မေးချင်ပါတယ်၊ အခုကိစ္စမှာ ကိုယ်ကျိုးကိုပဲ ကြည့်တဲ့ လူယုတ်မာဟာ ဘယ်သူပါလဲ”
ဆိုရီယာနို၏ စကားအဆုံးတွင် သတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိလာကြသော သတင်းထောက်များအကြား အုတ်အော်သောင်းတင်း ဖြစ်သွားလေတော့သည်။ ယခုဖြစ်ရပ်မှာ ထိုမျှပင် ရိုးရှင်းစွာ ပြောင်းပြန်လှန်သွားမည်မှန်း မည်သူမျှထင်မှတ်မထားခဲ့ကြချေ။ ပရိသတ်များအကြားတွင် လက်စတာမာကျူရီမှ သတင်းထောက်နှစ်ဦးလည်း အပါအဝင်ဖြစ်သည်။ ယခုထိုသူနှစ်ဦး၏ မျက်နှာမှာ သွေးမရှိတော့သယောင်ပင် ဖြူလျော်သွားပြီဖြစ်၏။ အခြား မီဒီယာ သတင်းထောက်များ၏ ထူးဆန်းသော အကြည့်များအလယ်တွင် လက်စတာ မာကျူရီမှ နှစ်ဦးမှာ ကိုယ်လုံးတီးချွတ်၍ မျောက်များသကဲ့သို့ ပြသခံနေသလို ဖြစ်လာလေသည်။
လက်သတာ မာကျူရီသည် ကိုယ်နှင့်နှိုင်း မရိုင်း ဟူသောစကားကို လက်တွေ့ကျကျ ခံစားလိုက်ရခြင်း ဖြစ်လေ၏။ ပထမအချက်အနေဖြင့် သတင်းစာတိုက်၏ ရည်ရွယ်ချက်မှာ စောင်ရေတိုးရန်သာ ဖြစ်ပြီး အချက်အလက် မှန်ကန်မှု ရှိမရှိ မည်သူမျှ ဂရုမစိုက်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ နော့တ်စ်ကောင်တီသည် ပြီးခဲ့သော ဘောလုံးရာသီက စီမံကိန်းများစွာ ပြုလုပ်ခဲ့ပြီး ရုပ်သံ ထုတ်လွှင့်ခွင့် အကြပ်အတည်းကြောင့် အခြားကလပ်များ နည်းတူ အခက်တွေ့နေရပြီဟု ယုံကြည်ခဲ့ခြင်းဖြစ်သည်။
လက်စတာစီးတီး တာဝန်ရှိသူများကလည်း အောက်တန်းလိဂ်မှ ကလပ်အသင်းတသင်း ဘဏ္ဍာရေး အကြပ်အတည်းနှင့် ကြုံတွေ့လာရပါက ထိုသို့ ရံပုံငွေ အပျောက်ရိုက်ခြင်းမှာ များစွာဖြစ်နိုင်ချေရှိကြောင်း အာမခံခဲ့ခြင်း ဖြစ်၏။ ဤ နေရာတွင် ကိုယ်နှင့်နှိုင်း မရိုင်းဟူသော စကားသည် လွန်စွာမှန်ကန်ကြောင်း သက်သေပြသွားခဲ့ခြင်း ဖြစ်လေသည်။
တတိယအချက် အနေဖြင့် လက်စတာမာကျူရီမှာ ဒေသခံ သတင်းစာသာ ဖြစ်ပြီး သည်ဆန်းကဲ့သို့ တနိုင်ငံလုံး ဖြန့်ချီသည့် သတင်းစာ မဟုတ်သည့်အတွက် ဤမျှ ကြီးထွားသွားမည်ကို တွေးမထားမိခဲ့ကြခြင်း ဖြစ်သည်။
စတုတ္ထအချက် အနေဖြင့် ထိုကိစ္စသည် ဘောလုံးရပ်ဝန်း၌သာ မကဘဲ တနိုင်ငံလုံးသို့ ပျံ့နှံ့သွားသည့်တိုင် နော့တ်စ်ကောင်တီမှ ချက်ချင်း မဖြေရှင်းခဲ့ပေ။ ထို့ကြောင့် အလှုငွေများအား ၎င်းတို့၏ ကိုယ်ကျိူးအတွက်သာ သုံးစွဲလိုက်သည်မှာ အမှန်ပင်ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်သွားကြခြင်းဖြစ်သည်။
လက်စတာ မာကျူရီအနေဖြင့် ဘိခ်ျဝုဒ်ဂေဟာသို့ ဖုန်းတချက်ဆက်ရုံမျှနှင့် အကြောင်းရင်းမှန်ကို သိရှိနိုင်သော်လည်း ၎င်းတို့၏ ဘဝင်မြင့်မှုကြောင့် ဤအခြေအနေသို့ ဆိုက်ရောက်လာခဲ့ရခြင်း ဖြစ်လေသည်။
ဆိုရီယာနို ပြောအပြီးတွင် သတင်းထောက်များက စာရွက်စာတမ်းများအား ဓာတ်ပုံရိုက်ယူခြင်း ဘိခ်ျဝုဒ်ဂေဟာမှ တာဝန်ရှိသူများအား အင်တာဗျူးခြင်းများဖြင့် အလုပ်ရှုပ်သွားကြတော့သည်။ လက်စတာ မာကျူရီမှ နှစ်ဦးမှာ ၎င်းတို့၏ ထိုင်ခုံများ၌ပင် အမြစ်တွယ်သကဲ့သို့ ထိုင်လျက် ငိုင်တွေနေကြလေသည်။ ဤ ဖြစ်ရပ်မှာ တနိုင်ငံလုံးသို့ ပျံ့နှံ့ထားသည် ဖြစ်၍ မည်သို့ ရှင်းရမည်ကို ၎င်းတို့နှစ်ဦး မတွေးနိုင်ကြတော့ပေ။
***