အဖြစ်အပျက်များသည် မြန်ဆန်စွာဖြစ်ပျက်သွားသကဲ့သို့ ဖြေရှင်းချက်သည်လည်း အလားတူပင် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့သည်။
အများ၏ကောင်းကျိုးကို သယ်ပိုးသူများမှာ ပြင်းထန်စွာ ပြစ်တင်စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ ဤသည်မှာ မီဒီယာ၏ သာမန်အမှားတခု အဖြစ် သတ်မှတ်၍ မရတော့ပေ။ လူမှုအသိုင်းအဝိုင်း တခုလုံးတွင် ယခုကဲ့သို့ မီဒီယာကြောင့် မှားယွင်းစွာ ယုံကြည်ခဲ့မှုများ မည်မျှရှိနိုင်မည်နည်း ဟူသည့် မေးခွန်းပေါ်ထွက်လာလေသည်။
လက်စတာမာကျူရီသည် နော့တ်စ်ကောင်တီ၏ ရှေ့နေများထံမှ အကြောင်းကြားစာ မရောက်မီမှာပင် ၎င်းတို့၏ သတင်းစာမှ မှားယွင်းစွပ်စွဲမှုအတွက် ဝန်ချတောင်းပန်သည့် စာကို အလျင်အမြန်ထည့်သွင်း ဖော်ပြလာ၏။ သို့သော် ထို သတင်းစာ၏ အမည်မှာ အင်္ဂလန် နိုင်ငံတခုလုံးသို့ ပျံ့နှံ့ပြီး ဖြစ်၍ အဖတ်ဆည်ရန် လွယ်ကူမည်မဟုတ်ချေ။
နော့တ်စ်ကောင်တီ၏ သတင်းစာရှင်းလင်းပွဲ အပြီးနောက် လူထု၏ ဒေါသမှာ ကျင့်ဝတ်ကင်းမဲ့သော မီဒီယာများဆီသို့ ရောက်ရှိသွားကြသည်။ များစွာသော အစီအစဉ်တင်ဆက်သူများ၊ ထင်ရှားကြော်ကြားသူများမှာ ထိုဖြစ်ရပ်တွင် လှုံ့ဆော်မီးထိုးပေးခဲ့သော မီဒီယာအားလုံးအား သပိတ်မှောက်ရန် ဆော်ဩလာကြလေသည်။
ထိုဖြစ်ရပ်အပြီးတွင် အင်္ဂလန်တနိုင်ငံလုံး၏ စုပေါင်း သတင်းစာ ရောင်းအားမှာ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ရသည်။ ထိုရာခိုင်နှုန်းမှာ များစွာသိသာသည်ဟု မထင်ရသော်လည်း ဥရောပတွင် မီဒီယာလွတ်လပ်ခွင့်အရှိဆုံးဟု ကြွေးကြော်ထားသော အင်္ဂလန်အတွက် မသက်သာလှချေ။ အကယ်၍ ဤရာခိုင်နှုန်းအတိုင်းသာ ရက်ပိုင်းမျှ ဆက်၍သွားပါက များစွာသော မီဒီယာနှင့် ဆက်နွယ်သည့် လုပ်ငန်းများ၌ အလုပ်ပြုတ်သူအရေအတွက်များစွာ တိုးပွားလာမည်ဖြစ်လေသည်။
အံ့ဩဖွယ် အကောင်းဆုံး ဖြစ်ရပ်မှာ အင်္ဂလန်၏ ဘုရင်မကြီး ပါဝင်လာခြင်းဖြစ်သည်။ ဘုရင်မကြီးသည် ဘက်ကင်ဟမ်နန်းတော်၏ ညစာစားပွဲတခုတွင် နော့တ်စ်ကောင်တီအသင်း၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် ရိုးရာအား ထိန်းသိမ်းထားမှု၊ လူမှုပတ်ဝန်းကျင်အတွက် အကျိုးပြုမှုတို့အား ထည့်သွင်း ချီးကျူးသွားခဲ့သည်။
နော့တ်စ်ကောင်တီအတွက်မူ အဆိုးထဲမှ အကောင်းထွက်ခဲ့ခြင်းဖြစ်လေ၏။ လိဂ်ဝမ်းရှိ လူသိမများသေးသော အသင်းငယ်လေးအဖြစ်မှ အများ၏ အာရုံစိုက်မှုကို ရရှိကာ ဘောလုံးပရိသတ်များသာမက အခြားပြည်သူများပင် သိရှိသော အသင်းတသင်း ဖြစ်လာလေတော့သည်။
သို့သော် ထိုအတွက် ဒေးဗစ် များစွာ ပျော်ရွှင်ခြင်း မဖြစ်မိချေ။ ဤသို့ နာမည်ကြီးလာခြင်းမှာ သူလိုချင်သော အနေအထားမျိုး မဟုတ်။ သူသည် အသင်း၏ စွမ်းဆောင်ရည်ဖြင့်သာ အများ၏ လေးစားမှုကို ရယူလိုခြင်းဖြစ်သည်။ မတရား စွပ်စွဲခံရသော စိတ်ဓာတ်ကောင်းမွန်သည့် အသင်းတသင်းအဖြစ် သူတပါး၏ ကိုယ်ချင်းစာ သနားမှုကြောင့် လူသိများလာခြင်းမျိုးအား သဘောကျနှစ်ခြိုက်ခြင်းမရှိ။
မည်သို့ပင်ဖြစ်စေကာမူ ပြသနာအား ပြည့်စုံစွာ ဖြေရှင်းပြီး ဖြစ်လေသည်။ လက်သည်တရားခံဖြစ်သော လက်စတာမာကျူရီမှာ သပိတ်မှောက်အခံရဆုံး သတင်းစာ ဖြစ်သွားခြင်းကြောင့် ကာလအတန်ကြာ နာလန်ထူလာရန် လွယ်ကူမည် မဟုတ်ပေ။ နော့တ်စ်ကောင်တီ အနေဖြင့် ရာသီအစကို ဖိအားကင်းစွာ စတင်နိုင်တော့မည် ဖြစ်သည်။
ပြသနာ၏ အဓိက လှုံ့ဆော်သူ လက်စတာစီးတီးမှာ မုန်တိုင်းကြားမှ လွတ်ကင်းသွားခဲ့သော်လည်း နော့တ်စ်ကောင်တီနှင့် ဆုံတွေ့လာရပါက ဒေးဗစ်၏ ဒေါသကို ကောင်းစွာ ဖောက်ခွဲရမည်ပင် ဖြစ်လေ၏။
ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များနှင့် ခြေစမ်းပွဲများ အပြီးတွင် လုဖ်၏ အဓိက လိုင်းအပ်စာရင်း အတည်ပြုနိုင်ပြီဖြစ်သည်။ လိုင်းအပ်နှင့် အရံကစားသမားများမှာ ခြေစွမ်းအားဖြင့် များစွာ မကွာခြားကြသော်လည်း လိုင်းအပ်ဝင်သူများအား ပိုမိုဦးစားပေးရမည်ပင် ဖြစ်၏။
တိုက်စစ်နေရာတွင် ဝါရင့် အီတာလျံကစားသမား ဟျုဘ်နာသည် လိုင်းအပ်နေရာမှ ဖယ်ပေးခဲ့ရပြီ ဖြစ်လေသည်။ သူ၏ အသက်အရွယ်နှင့် ကြံ့ခိုင်မှုအရ အဓိက ကစားသမား မဖြစ်နိုင်တော့ကြောင်း ဟျုဘ်နာကိုယ်တိုင်လည်း ကောင်းစွာသိရှိထားပြီးဖြစ်သည်။ သူနှင့် သက်တူရွယ်တူ ကစားသမားများမှာ ဘောလုံးလောကမှ အနားယူပြီးကြလေပြီ။ ယခုကဲ့သို့ အနေအထားမှာ ဟျုဘ်နာအတွက် ပိုမို အဆင်ပြေသည်ဟုပင် ဆိုရမည်ဖြစ်သည်။
ထို့အပြင် ဟျုဘ်နာ အနားယူပါက ကလပ်၏ နည်းပြအဖွဲ့ဝင်တဦးအဖြစ် ဆက်လက်လုပ်ကိုင်ရန် သဘောတူညီထားပြီးဖြစ်၏။ သူ၏ ရှေ့ရေးအတွက် ပူပင်ရန် မရှိတော့ပေ။ ဟျုဘ်နာတယောက် ပျော်ရွှင်စွာ ဆက်လက် ကစားနိုင်လေပြီ။ နည်းပြအဖွဲ့ဝင်တဦးဖြစ်ခြင်းမှာ အသက်ကန့်သတ်စရာ မရှိသောကြောင့် သူ့အနေဖြင့် နော်တင်ဟမ်၌ ရာသက်ပန်ပင် နေထိုင်သွားနိုင်ချေရှိသည်။
ဒေးဗစ်သည် သူ၏ရင်ထဲ၌ ဟျုဘ်နာအား များစွာ အားတုံ့အားနာ ဖြစ်ရလေသည်။ သူသာ ဟျုဘ်နာအား နော့တ်စ်ကောင်တီသို့ မခေါ်ယူခဲ့ပါက ထိုအီတလီသားကြီးမှာ စီးရီးအေ၏ အသက်အကြီးဆုံး ရွှေဖိနပ်ပိုင်ရှင် ဖြစ်လာမည်ဖြစ်၏။ သို့ဖြစ်၍ ဟျုဘ်နာအား အစားပြန်ပေးသည့် အနေဖြင့် အနားယူပြီးပါက နည်းပြအဖွဲ့သို့ ဝင်ရောက်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဟျုဘ်နာ၌ အရည်အချင်းရှိပါက ကလပ်၏ အုပ်ချုပ်ရေးပိုင်း၌ပင် ပါဝင် လုပ်ကိုင်ရန် မဖြစ်နိုင်စရာ မရှိပေ။
ကွင်းလယ်ကစားသမားများမှာ အပြောင်းအလဲ မရှိသလောက်ဖြစ်သော်လည်း လူသစ်ကလေး မာရှေယာနိုမှာ နည်းပြအဖွဲ့ဝင်များကို များစွာ အံ့အားသင့်သွားရစေသည်။
မူလက အလွန်ဆိုနှင့် မီရာလက်စ်မှာ တိုက်စစ် ခံစစ် လက်တွဲဖော်နှစ်ဦးဖြစ်သည်။ အလွန်ဆိုက ကွင်းလယ်စုဖွဲ့မှုကို ဦးဆောင်၍ မီရာလက်စ်က အထောက်အပံ့ပေးခြင်း ဖြစ်လေသည်။ နှစ်ဦးစလုံးမှာ တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်ကြသော်လည်း ကွင်းလယ် ခံစစ်သမား စစ်စစ် မဟုတ်ကြချေ။ ယခင် အယ်လ်တင်တော့ပ်သည်လည်း ထိုကဲ့သို့သော ကစားသမားမျိုးပင် ဖြစ်သည်။
ထို့ကြောင့်ပင် ပြီးခဲ့သော ဘောလုံးရာသီက နော့တ်စ်ကောင်တီ၏ ကွင်းလယ်မှာ ဖွဲ့စည်းပုံ အပြည့်ဖြစ်သော်လည်း အပြောင်းအလဲ များများစားစား ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။
သို့သော် မာရှေယာနို ရောက်ရှိလာခြင်းက ထိုအနေအထားအား များစွာ ပြောင်းလဲသွားခဲ့စေသည်။ လက်ရှိတွင် အသက် ၁၇ နှစ် ပြည့်ပြီးကာစဖြစ်သော မာရှောင်းတိသည် အနာဂတ်တွင် ကွင်းလယ် စုဖွဲ့မှုစွမ်းရည် ရှိလာလိမ့်မည်ကို ဒေးဗစ် သိရှိထားသော်လည်း ယခု၌မူ သူသည် ကွင်းလယ်ခံစစ် ကစားသမား သီးသန့်သာ ဖြစ်လေသည်။
{မာရှောင်းတိ - Ma’er Xiongdi ဟူသောအမည်မှာ မာရှေယာနို တရုတ်စူပါလိဂ်တွင် သွားရောက် ကစားခဲ့စဉ်က ပရိသတ်များ ချစ်စနိုးခေါ်သည့် အမည်ဖြစ်သည်။ Ma - မြင်း er - သေးငယ်သော၊ Xiongdi - ညီအစ်ကို (bro) ဖြစ်သည်။ အနောက်တိုင်း မီဒီယာများက Pony Brother ဟု ရေးသားခဲ့ကြပါသည်။ ဘာသာပြန်သူ}
သူရောက်ရှိလာခြင်းကြောင့် ကွင်းလယ်တွင် လုဖ် စိတ်ကြိုက် နည်းဗျူဟာများ ပြောင်းလဲနိုင်ပြီဖြစ်သည်။ လုဖ်၏ အဆိုအရ မာဆေ (မာရှေယာနိုအား အတိုကောက်ခေါ်သောအမည်) ၏ ခံစစ် ကစားပုံမှာ မွေးရာပါ ပါရမီပင်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ မာကျောခြင်း၊ ခံစစ်ဇုန်အနှံ့ ကစားနိုင်ခြင်းနှင့် တိကျစွာ ဖျက်ထုတ်နိုင်ခြင်းတို့မှာ နော့တ်စ်ကောင်တီ၏ ကွင်းလယ်ခံစစ်အား အဆင့်မြှင့်တင်လိုက်သကဲ့သို့ဖြစ်သည်ဟု အဆိုရှိလေသည်။ လုဖ်သည် မာဆေကဲ့သို့ သားရဲဆန်ဆန် ကစားသမားအား မည်သို့အသုံးပြုရမည်ကို သိရှိထားပြီးဖြစ်သည်။
အလှည့်ကျစနစ်အား ထည့်သွင်းမစဉ်းစားပါက လိဂ်ပွဲများတွင် တိုက်စစ် ခံစစ မျှတစွာ ကစားရန် အလွန်ဆိုနှင့် မီရာလက်စ်တို့က ပွဲထွက်ရမည်ဖြစ်သည်။ ယူအီးအက်ဖ်အေ ဖလားပွဲများ၌မူ ခံစစ်အား ပိုမို အာရုံစိုက်ရန် လိုအပ်သောကြောင့် အလွန်ဆိုသည် မာရှေယာနိုနှင့်တွဲ၍ ပွဲထွက်ရမည် ဖြစ်လေသည်။ သုံးယောက်စလုံးအား တပြိုင်တည်းပွဲထွက်စေသော ကစားကွက်လည်း ရှိလာဦးမည် ဖြစ်၏။
ဘယ်အစွန်နောက်ခံလူ နေရာ၌ ဂရော့ဆို ထွက်ခွာသွားခြင်းကြောင့် လေတန်ဘိန်းစ် နေရာရလာခဲ့ပြီဖြစ်သည်။ သို့သော် အသစ်ရောက်ရှိလာသည့် အဘီဒယ်လ်မှာ သူ၏ ပထမနေရာအား အချိန်မရွေး လုယူသွားနိုင်စွမ်းရှိလေသည်။
ညာနောက်ခံလူနေရာ အတွက်မူ ဖိလစ်လမ်းမှာ ပြိုင်ဘက်မရှိ ဖြစ်သွားသည်။ ဆန်ညာ (Sagna) မှာ ကြိုးစားအားထုတ်မှုနှင့် ကြံ့ခိုင်မှု အပြည့်အဝပင် ဖြစ်သော်လည်း ပထမနေရာအတွက်မူ များစွာလိုအပ်နေသေးသည်ဟု ဆိုနိုင်သည်။ ဤနေရာသည် နော့တ်စ်ကောင်တီတွင် လိုင်းအပ်နှင့် အရံ ခြေစွမ်းအကွာဟဆုံး နေရာတခုပင်ဖြစ်၏။ အကယ်၍ ဆန်ညာအနေဖြင့် အလျင်အမြန် တိုးတက်မလာနိုင်ပါက လုဖ်အတွက် ထိုနေရာအား အစားထိုးရန် အနဲငယ် ခက်ခဲလာမည်ဖြစ်လေသည်။
သို့သော် ပြင်ပမှ ကစားသမားအသစ် ထပ်မံခေါ်ယူခိုင်းသည်နှင့်စာလျှင် အကယ်ဒမီသို့ ဒေးဗစ် ခေါ်ဆောင်လာခဲ့သော ဆာဂျီယို ရာမို့စ်အား လုဖ် ပိုမို မျက်စိကျမိသည်။ ရာမို့စ်သည် ယခု အခြေအနေအတိုင်း ဆက်လက်တိုးတက်လာပါက နောင်တနှစ်တွင် ပထမအသင်းကြီး၌ သူ၏နေရာ ရှိကိုရှိလာလိမ့်မည်ဟု လုဖ်စဉ်းစားမိသည်။ ထိုအချိန်ကျလျှင် ညာနောက်ခံလူနေရာ အားနည်းမည်ကို ပူပင်စရာမရှိတော့ပေ။
လုဖ် စိတ်တိုင်းမကျ ဖြစ်ရသည်က ဂိုးသမားနေရာ ဖြစ်သည်ယ ဒီယေဂို လိုပက်ဇ်နှင့် ဘန်ဖော်စတာမှာ ပြီးခဲ့သည့် ရာသီက အသင်းတွင် ထူးချွန်စွာ ကစားခဲ့ကြသူများဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး၏ အရည်အချင်းသည် လိဂ်ဝမ်း၌သာမက ပရီးမီးယားလိဂ်တွင်ပင် ကောင်းစွာကစားနိုင်ကြောင်း လုဖ်ယုံကြည်သည်။ သို့သော် နော့တ်စ်ကောင်တီ၏ အခြားသော နေရာများရှိ ကစားသမားများနှင့် အလားအလာခြင်း နှိုင်းယှဉ်ပါက ၎င်းတို့နှစ်ဦးလုံး၏ ကမ္ဘာ့အဆင့် ဖြစ်လာရန် အလားအလားမှာ ကောင်းမွန်မှုမရှိကြောင်း လုဖ်ခံစားရလေသည်။ အကယ်၍ နော့တ်စ်ကောင်တီအနေဖြင့် ဥရောပအား လွှမ်းမိုးလိုပါက ကမ္ဘာ့အဆင့် ဂိုးသမားတဦး ကျိန်းသေ လိုအပ်လာမည်ဖြစ်သည်။
***