ဘောလုံးပရိသတ်များရော ကလပ်အသင်းများပါ မျှော်လင့် စောင့်စားနေခဲ့ကြသည့် ၂၀၀၂-၂၀၀၃ ဘောလုံးရာသီမှာ စတင်ခဲ့ပြီဖြစ်လေသည်။
ပွဲစဉ် ၁ တွင် နော့တ်စ်ကောင်တီ စတင်ရင်ဆိုင်ရသည့် အသင်းမှာ လိဂ်ဝမ်း၌ အင်အားကြီး အသင်းတသင်းဟု သတ်မှတ်နိုင်သော ရှက်ဖီး ဝမ့်စ်ဒေးအသင်းပင်ဖြစ်သည်။
ပြီးခဲ့သောရာသီက လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်တွင် ပြိုင်ဘက်များအဖြစ် တွေ့ဆုံခဲ့ရသောကြောင့် ရှက်ဖီးဝမ့်စ်ဒေးသည် နော့တ်စ်ကောင်တီအတွက် အစိမ်းသက်သက် မဟုတ်ချေ။ ၎င်းတို့အနေဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက်အောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း လိဂ်ဖလားတွင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိလာခဲ့ခြင်းက ၎င်းတို့၏ အစွမ်းအစ မသေးငယ်သည်ကို ပြသလျက်ရှိသည်။ ထို့အပြင် ယခုဘောလုံးရာသီ၌ ရှက်ဖီးဝမ့်စ်ဒေးသည် ၎င်းတို့၏ လိုင်းအပ်နေရာအချို့ကို ကစားသမား အသစ်များ ခေါ်ယူအားဖြည့်ထားသေးသည်။ ထို့အတွက် ရှက်ဖီးသည် ယခုရာသီတွင် တန်းတက်ခွင့်အား ပိုမို အာရုံစိုက်လာမည်မှ ထင်ရှားလေသည်။
အထူးသဖြင့် ယခုကာလသည် ပရီးမီးယားလိဂ်မှ လွဲ၍ ကျန်အောက်တန်းလိဂ် အသင်းများ ဘဏ္ဍာရေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသော အချိန်ကာလဖြစ်သည်။ ပရီးမီးယားလိဂ်သို့ တန်းတက်ခြင်းကသာ ၎င်းတို့၏ အကြပ်အတည်းအား လျော့ပါးသွားစေမည်လည်း ဖြစ်သည်။ ထို့ကြောင့် အင်အားအတန်အသင့် ရှိပြီးထားသော အသင်းများ အနေဖြင့် အသင်း၌ ရှိသမျှ ရင်းမြစ်များအား ပုံအောကာ တန်းတက်ရန် ပိုမို အာရုံထားလာကြခြင်းဖြစ်လေသည်။
သို့သော် ရှက်ဖီးဝမ့်စ်ဒေးအတွက် ရာသီအဖွင့်ပွဲစဉ်တွင် နော့တ်စ်ကောင်တီနှင့် ရင်ဆိုင်ရခြင်းမှာ နာကျင်ဖွယ်ရာပင် ဖြစ်၏။ ၎င်းတို့အနေဖြင့် ရာသီစစချင်း ပွဲစဉ်အား အနိုင်ရလဒ်ဖြင့် စိတ်ခွန်အား ယူလိုသော်လည်း ဆုံတွေ့ရသည့် အသင်းမှာ နော့တ်စ်ကောင်တီ ဖြစ်နေသည်။ နော့တ်စ်ကောင်တီ၏ ခြေစွမ်းအား သိရှိပြီးဖြစ်သော ရှက်ဖီးဝမ့်စ်ဒေးအတွက် ပို၍ပင် စိတ်ပျက်ဖွယ်ရာ ဖြစ်လာခဲ့ရသည်။ သို့သော် ရှက်ဖီးအနေဖြင့် အိမ်ကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပရိသတ်အားဖြင့် အံကြိတ်၍ ရုန်းကန်ရန်သာ ရှိပေတော့သည်။
နော့တ်စ်ကောင်တီအတွက်မူ ယခုပွဲအား မဖြစ်မနေ အနိုင်ကစားရန် ဆုံးဖြတ်ချက် ချထားခြင်းဖြစ်၏။ ရာသီအစ ပွဲစဉ်၏ အရေးပါပုံအား တသင်းလုံး နားလည်ထားပြီးဖြစ်သည်။
ပွဲစတင်သည်နှင့် နော့တ်စ်ကောင်တီသည် ၎င်းတို့၏ စိတ်ကြိုက်ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု ရယူထားပြီး ရှက်ဖီးအား တဖြည်းဖြည်း ဖိအားပေးကစားလေသည်။ နော့တ်စ်ကောင်တီ၏ တိုက်စစ်တွင် ဒီနာတာလီ ပွဲထွက်လာပြီး ဒေးဗစ်ဗီလာအား အရံခုံသို့ ပို့ဆောင်ထားခဲ့သည်။ ဒီနာတာလီ၏ ကြိုးစားအားထုတ်မှုနှင့် ပိုမိုထက်မြက်လာသော ခြေစွမ်းက လုဖ်ကို ဒေးဗစ်ဗီလာထက် ပို၍ အထင်ကြီးလာစေခဲ့ခြင်း ဖြစ်လေသည်။
ဒီနာတာလီ ကိုယ်၌ကလည်း သူ့ကိုယ်သူ ကောင်းစွာ နားလည်သည်။ သူသည် ပါရမီထူးချွန်လွန်းသော ကစားသမားတဦး မဟုတ်။ ထို့အတွက် လိုင်းအပ် တနေရာ ရယူလိုပါက သူများထက်ကို၍ ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း သဘောပေါက်ထားသူဖြစ်သည်။
ယခုလည်း ပွဲစတင်သည်နှင့် သူ၏ နေရာယူမှု၊ ဘောလုံး ထိန်းသိမ်းနိုင်မှုနှင့် ရုန်းအားများက ရှက်ဖီးနောက်တန်းအား အလုပ်များနေစေတော့သည်။
ပွဲချိန် ၈ မိနစ်တွင် အမှတ်မထင် တောင်ပံမှ ၄၅ ဒီဂရီ ဖြတ်တင်ဘောအား ဒီနာတာလီက ခေါင်းတိုက်၍ ဦးဆောင်ဂိုး ရယူနိုင်ခဲ့လေသည်။ ပွဲချိန် ၂၁ မိနစ်တွင်လည်း နောက်သို့ဆင်း၍ ဘောလုံးရယူအပြီး ရုတ်တရက် အဝေးကန်ချက်ဖြင့် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
မိနစ် ၄၀ တွင် နော့တ်စ်ကောင်တီ၏ တန်ပြန်တိုက်စစ်မှ တဆင့် ဒီနာတာလီ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးလာပြီး ဂိုးသမားနှင့် တဦးချင်းအတွေ့တွင် တည်ငြိမ်စွာ ဂိုးသွင်းယူ၍ ၀:၃ ဖြစ်သွားစေလေသည်။
ပထမပိုင်း မပြီးခင်၌ပင် ပြိုင်ဘက်အသင်းအား ဟက်ထရစ် သွင်းယူထားနိုင်ပြီ ဖြစ်သောကြောင့် ဒီနာတာလီ အပျော်လွန်သွားလေပြီ။ တတိယဂိုးသွင်းယူအပြီး ဂျာစီကိုချွတ်၍ ဝှေ့ယမ်းကာ ပွဲကြည့်စင်တလျှောက် ပြေးလွှား အောင်ပွဲခံနေတော့သည်။ ထို့ကြောင့်ပင် ဒိုင်သူကြီး၏ အဝါကဒ် ချီးမြှင့်မှုအား လက်ခံလိုက်ရလေသည်။ ပြိုင်ဘက် ပရိသတ်များ၏ ပွဲကြည့်စင်တန်းတလျှောက် ပြေးလွှားအော်ဟစ် နေခြင်းသည် အားကစားစိတ်ဓာတ် ကင်းမဲ့မှုဟု ယူဆနိုင်သောကြောင့် အဝါကဒ် ပြလိုက်ခြင်းဖြစ်သည်။ သို့သော် ဒီနာတာလီမှာ များစွာ ပူပန်ခြင်း မရှိလှပေ။ ၎င်းကဲ့သို့ တိုက်စစ်မှုးတဦးမှာ နောက်တကြိမ် အဝါကဒ်ထိရန် များစွာခဲယဉ်းပေသည်။
{ဂျာစီချွတ်၍ အောင်ပွဲခံလျှင် အဝါကဒ်ပြသောစနစ်အား ၂၀၀၄ ခုနှစ်တွင်မှ စတင်ကျင့်သုံးခြင်း ဖြစ်ပါသည်။ ဘာသာပြန်သူ}
အရံခုံတွင် ထိုင်နေရသော ဒေးဗစ်ဗီလာမှာမူ ငိုချင်စိတ်ပင် ဖြစ်လာရသည်။ သူ၏သူငယ်ချင်းကြီး တိုတိုမှာ ပွဲစဉ် ၁ ၌ပင် ဟက်ထရစ်သွင်းယူ၍ သူ့အား များစွာ ဖိအားပေးထားလေပြီ။
ရှက်ဖီးဝမ့်စ်ဒေးကစားသမားများမှာ စိတ်ရှုပ်ထွေးနေကြသော မျက်နှာများဖြစ်နေကြသည်။ သူတို့အနေဖြင့် နော့တ်စ်ကောင်တီအား တိုက်စစ်မဆင်နိုင်သကဲ့သို့ ခံစစ်ကလည်း ဂိုးမပေးရအောင် မတားဆီးနိုင်ခဲ့ချေ။ အခွင့်အရေး ရခိုက်တွင် ကောင်းမွန်သော တိုက်ဆင်ဆင်မှုတခု ပြုလုပ်ခဲ့သော်လည်း တန်ပြန်တိုက်စစ်ဖြင့် သုံးဂိုးမြောက်ပါ ပေးလိုက်ရလေသည်။
ရှက်ဖီးနည်းပြကြီးမှာ နည်းပြခုံတန်းမှပင် ထလာခြင်းမရှိတော့။ ဒုတိယဂိုး ပေးလိုက်ရပြီးကတည်းက ပွဲ၏ အခြေအနေအား ကောင်းစွာနားလည်လိုက်ပြီ ဖြစ်၏။ သူ့အနေဖြင့် ကွင်းဘေးစည်းတွင် အော်ဟစ် ညွှန်ကြား နေပါလျှင်လည်း ထူးခြားလာတော့မည် မဟုတ်ချေ။ လိဂ်ဝမ်းကဲ့သို့ အဆင့်မျိုးတွင် နော့တ်စ်ကောင်တီလို အသင်းအား ယှဉ်ပြိုင်နေရခြင်းကိုသာ စိတ်ပျက်လက်ပျက် ဖြစ်နေမိတော့သည်။
ဒုတိယပိုင်းတွင် ရှက်ဖီးသည် တိုက်စစ်အား စွန့်လွှတ်ကာ ခံစစ်ဇုန်အတွင်း၌ပင် စုပြုံ၍ ခုခံလေတော့သည်။ ၎င်းတို့အနေဖြင့် အရှုံးကို လက်ခံလိုက်ပြီ ဖြစ်သော်လည်း ဂိုးကွာခြားချက် ကြီးကြီးမားမားဖြင့် ရှုံးနိမ့်ခဲ့ရပါက အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်စေမည်ဖြစ်ကြောင်း နားလည်ထားကြသည်။
နော့တ်စ်ကောင်တီမှလည်း ပြိုင်ဘက်မှ လက်လျှော့သွားခြင်းကြောင့် ကျေနပ်ဖွယ်ရာ ဖြစ်သွားသည်။ ၎င်းတို့အနေဖြင့် ခွန်အားစိုက်ထုတ်မှုကို အတိုင်းအတာ တခုအထိ လျှော့ချကစားနိုင်လေပြီ။ ရာသီအစတွင် ပွဲကြပ်များ မရှိသေးသော်လည်း ခွန်အားစိုက်ထုတ်ရမှု နည်းပါးလေ ကောင်းလေပင် ဖြစ်၏။
လက်ကျန်ပွဲချိန်တလျှောက်တွင် နော့တ်စ်ကောင်တီမှပင် ပွဲအား စိုးမိုးထားသော်လည်း တရစပ် တိုက်စစ်ဆင်မှုမျိုး မရှိတော့ပေ။ ဒီနာတာလီ၏ နေရာ၌ လူစားဝင်လာသူ ဒေးဗစ်ဗီလာက တဂိုး ထပ်မံသွင်းယူကာ ၀:၄ ဖြင့် ပြည့်စုံသော နိုင်ပွဲတခု ယူဆောင်၍ အိမ်ပြန်လာနိုင်ခဲ့လေသည်။
ထိုအနိုင်ရလဒ်ကြောင့်ပင် ပွဲစဉ် ၁ အပြီး၌ နော့တ်စ်ကောင်တီသည် အမှတ်ပေးဇယား၏ အဆင့် ၁ သို့ ရောက်ရှိသွားလေ၏။ ထူးခြားသည်မှာ ယခုရာသီ လိဂ်ဝမ်း၏ ပွဲစဉ် ၁ တွင် နော့တ်စ်ကောင်တီ၏နိုင်ပွဲနှင့် လက်စတာစီးတီးမှ ဂရင်စ်ဘီတောင်းအား ၂-၀ ဖြင့်နိုင်သော ပွဲမှအပ ကျန် ၁၀ ပွဲလုံး သရေ ရလဒ်များသာ ရရှိကြခြင်းဖြစ်သည်။ ယင်းမှာ ကြားရသူအပေါင်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေလေသည်။
လိဂ်ဝမ်းတွင် အသင်း ၂၄ သင်းရှိပြီး ပွဲစဉ်တခုလျှင် ပြိုင်ပွဲ ၁၂ ပွဲကစားကြရသည်။ ထို ၁၂ ပွဲတွင် သရေ ၃ ပွဲမှ ၅ ပွဲအထိ ပါဝင်ခြင်းမှာ သာမန်သာ ဖြစ်ပြီး ၆ ပွဲ ၇ ပွဲ အထိ သရေ ရလဒ်ထွက်ခြင်းမှာ အလွန်ရှားပါးလေသည်။ ယခုမူ ၁၀ ပွဲအထိ သရေ ရလဒ် ရရှိကြခြင်းမှာ အလွန့်အလွန် ရှားပါးသော ဖြစ်ရပ်တခုပင် ဖြစ်၏။ ဆယ်စုနှစ်တခု၌ပင် တကြိမ် ဖြစ်ရန် မလွယ်ကူပေ။
ယင်း ရလဒ်များထွက်ပေါ်ခဲ့ရသည်မှာလည်း အသေအချာ လေ့လာကြည့်ပါက အကြောင်းမဲ့ မဟုတ်ချေ။ ပို့စ်မောက်အသင်းက အသင်းငယ်လေး မေးလ်ဝေါလ် (Millwall)အား သရေကျခဲ့ရသည့် စိတ်ပျက်ဖွယ် ပွဲမှလွဲ၍ ကျန်ပွဲများမှာ ရင်ဆိုင်ရသော အသင်းများ အချင်းချင်း ခြေရည်တူနေကြခြင်း ဖြစ်လေသည်။
သို့ဖြစ်၍ လိဂ်ဝမ်း၏ ပွဲစဉ် ၁ အပြီး အမှတ်ပေးဇယားကို ကြည့်မည်ဆိုပါက အနိုင်ရလဒ် ရယူနိုင်ခဲ့သော နော့တ်စ်ကောင်တီနှင့် လက်စဝာစီးတီးမှာ ဇယားထိပ်၌ ရှိပြီး ရှုံးပွဲကြုံတွေ့ခဲ့ရသည့် ရှက်ဖီးဝမ့်စ်ဒေးနှင့် ဂရင်စ်ဘီတောင်းမှာ ဇယားအောက်ဆုံး၌ ဖြစ်ကာ ကျန်အသင်းများအားလုံး ရမှတ် တမှတ်စီ ဖြစ်ကြလေသည်။ မြင်ရသူအပေါင်းအား ရယ်ရခက် ငိုရခက် ဖြစ်စေသော အဖြစ်အပျက်ပင် ဖြစ်၏။
ပွဲစဉ် ၂ ၌လည်း ထိုမျှ ရှားပါးသော ဖြစ်စဉ်မှာ ထပ်မံဖြစ်ပွားပြန်လေသည်။ ပရိသတ်များမှာ မည်သို့ ဝေဖန်ရမှန်းပင် မသိတော့ချေ။
ပွဲစဉ် ၂ တွင် နော့တ်စ်ကောင်တီမှ နောဝစ်ခ်ျစီးတီးအား ၄:၀ ဖြင့် ဂိုးပြတ်နိုင်ပွဲ ထပ်မံရရှိခဲ့သည်။ ပို့စ်မောက်သည် ဂရင်စ်ဘီတောင်းအား ၁:၀ ဖြင့် အနိုင်ယူခဲ့ပြီး ဝုဗ်က ရှက်ဖီးဝမ့်စ်ဒေးအား ၁:၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်း ၃ ပွဲမှ လွဲ၍ ကျန် ၉ ပွဲလုံးမှာ သရေရလဒ် ထွက်ပေါ်လာပြန်၏။
အမှတ်ပေးဇယားတွင် နော့တ်စ်ကောင်တီမှာ ၆ မှတ်အပြည့်ဖြင့် ဦးဆောင်နေပြီး ခြေစွမ်းထက်မြက်သော အသင်းတသင်း၏ လက္ခဏာကို ပြသထားသည်။ လက်စတာစီးတီး၊ ပို့စ်မောက်နှင့် ဝုဗ်တို့မှာ ၄ မှတ်ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် ၂၊ ၃၊ ၄ တို့တွင် အသီးသီးရပ်တည်နေကြသည်။
နော့တ်စ်ကောင်တီ ပရိသတ်များမှာ များစွာ စိတ်လှုပ်ရှား တက်ကြွနေပြီ ဖြစ်လေသည်။ အသင်းမှာ ရာသီအစ၌ပင် အမှတ်ပေးဇယား၏ ထိပ်တွင် ရောက်ရှိနေပြီး အသင်းကောင်းတသင်း၏ စွမ်းဆောင်ရည်ကို ပြသနေပြီဖြစ်သည်။ ယင်း အခြေအနေအား ဆက်လက် ထိန်းသိမ်းထားနိုင်ပါက ပရီးမီးယားလိဂ်မှာ အိပ်မက် မဟုတ်တော့ပေ။
မြို့ခံပြိုင်ဘက် နော်တင်ဟမ် ဖောရက်စ်မှာ အခြားအသင်းများကဲ့သို့ နှစ်ပွဲဆက် သရေ ရလဒ်ဖြင့် ရမှတ် ၂ မှတ်သာ ရရှိထားလေသည်။ အဆင့် ၅ တွင်ရှိနေသော်လည်း ရမှတ် ၂ မှတ်ဟူသည်မှာ အဆင့် ၂၁ အထိ ရမှတ်တူညီနေခြင်းကြောင့် နော့တ်စ်ကောင်တီ ပရိသတ်များအတွက် ရယ်ပွဲဖွဲ့စရာပင် ဖြစ်လေတော့သည်။
***