ရာသီအစ ပွဲစဉ် ၂ ခုတွင် သာယာခဲ့သော နော့တ်စ်ကောင်တီမှာ ပွဲစဉ် ၃ ၌ အနည်းငယ် အခက်တွေ့ရလေသည်။
နော့တ်စ်ကောင်တီသည် အိမ်ကွင်း၌ ဘရက်ဖို့ဒ် စီးတီး (Bradford City) အား လက်ခံကစားရခြင်းဖြစ်သည်။ ဘရက်ဖို့ဒ်သည် နော့တ်စ်ကောင်တီ၏ မီးဒိုးလိန်းတွင် တိုက်စစ်ကစားခြင်း လုံးဝမရှိဘဲ ခံစစ်ကိုသာ စုပြုံပိတ်ဆို့၍ ကစားလေသည်။ ၎င်းတို့မှာ အသင်းငယ်တသင်းပင်ဖြစ်၍ အဝေးကွင်းမှ တမှတ်ရခဲ့ပါက အနိုင်ရသကဲ့သို့ပင် ဖြစ်ကြောင်း ခံယူထားပုံရ၏။ မီးဒိုးလိန်းမှ သရေတမှတ်ဖြင့် အိမ်ပြန်နိုင်ရန် စိတ်ပိုင်းဖြတ်ထားပုံ ရလေသည်။
ပွဲသည် ကြည့်ကောင်းသည်ဖြစ်စေ၊ အရုပ်ဆိုး အကျည်းတန်သည်ဖြစ်စေ ၎င်းတို့၏ ကိစ္စမဟုတ်။ သရေတမှတ်သာ အရာရာဖြစ်သည်။ ထို့ကြောင့် ပွဲစစချင်း၌ပင် ခံစစ်ဇုန်ထဲ၌သာ ကစားသမားအားလုံးဆင်း၍ ခုခံနေကြလေ၏။
နော့တ်စ်ကောင်တီအတွက် ပြီးခဲ့သော ရာသီက အာဆင်နယ်အား သူတို့ကစားခဲ့သလို ပြန်လည် ကစားခံရခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် မက်ဂ်ပိုင်းတို့ ဝဋ်လည်ခြင်းပင် ဖြစ်လေသည်။
မိနစ် ၈၀ လုံး ဘရက်ဖို့ဒ် စီးတီး၏ ဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်နေခဲ့သော်လည်း ဂိုးမရရှိသေးပေ။ လုဖ်မှာ ထပ်မံစောင့်ဆိုင်း မနေနိုင်တော့ဘဲ တိုက်စစ်မှုး သုံးဦးစလုံးအား ထည့်သွင်း တိုက်စစ်ဆင်ရလေတော့သည်။ ထို့အပြင် ပြီးခဲ့သော ဘောလုံးရာသီက အသုံးပြုခဲ့သည့် နည်းတခုဖြစ်သော နောက်ခံလူ ဗက်စ်တာမန်းအား ပြိုင်ဘက်၏ ဧရိယာထဲသို့ တက်၍ အမြင့်ဘောများဖြင့် တိုက်စစ်ဆင်ခြင်းကိုပါ အသုံးပြုရလေသည်။ ထိုနည်းအား ထိုးဖောက်ရခက်ခဲသော အသင်းများနှင့် ရင်ဆိုင်ရာတွင် လုဖ် တဖြည်းဖြည်း အသုံးများလာနေပြီဖြစ်၏။
ထိုသို့ နည်းစနစ် ပြောင်းလဲလိုက်ခြင်းမှာ များစွာ အကျိုးထူးသွားပေသည်။ ဘရက်ဖို့ဒ်၏ ခံစသ်မှာ ပို၍ပင် ဖရိုဖရဲ ဖြစ်သွားရသည်။
ပွဲပြီးဆုံးကာနီး၌ နော့တ်စ်ကောင်တီအတွက် ကယ်တင်ရှင် ပေါ်ပေါက်လာခဲ့လေသည်။ ထိုသူမှာ ဒေးဗစ်ဗီလာပင် ဖြစ်၏။ အမြင့်ဘောမှ ကျလာသော ဘောလုံးအား သူ၏ နေရာယူတတ်မှု လျင်မြန်ဖျတ်လတ်မှု အရည်အသွေးကို အပြည့်အဝအသုံးချကာ ပိတ်သွင်းခဲ့ခြင်းပင် ဖြစ်သည်။
ဒေးဗစ်ဗီလာ၏ ဂိုးကြောင့် နော့တ်စ်ကောင်တီ ကစားသမားများ အရူးအမူး အောင်ပွဲခံနေကြစဉ် ဘရက်ဖို့ဒ် ကစားသမားများ၏ မျက်နှာမှာ မိုးပြိုကျသွားသကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းတို့သည် ပွဲချိန် မိနစ် ၉၀ လုံးလုံး အံခဲ၍ ကြံ့ကြံ့ခံကာ နော့တ်စ်ကောင်တီအား တားဆီးခဲ့ကြခြင်း ဖြစ်သည်။ ယခု ပွဲပြီးဆုံးရန် မိနစ် အနည်းငယ်သာ လိုတော့သည့် အချိန်တွင် နော့တ်စ်ကောင်တီက ဦးဆောင်ဂိုး သွင်းယူသွားခဲ့လေပြီ။ ၎င်းတို့၏ စိတ်ဓာတ်များမှာ အမြင့်တခုသို့ ရောက်ရှိပြီးကာမှ ရုတ်တရက် ပြုတ်ကျသွားခဲ့ရသည်။ ဘရက်ဖို့ဒ် အသင်းသားများ၏ တိုက်ပွဲဝင်လိုစိတ်မှာ လုံးဝပျောက်ကွယ်သွားရပြီ ဖြစ်လေ၏။
ဤကဲ့သို့သော ပွဲမျိုးမှာ နော့တ်စ်ကောင်တီအား များစွာ အားအင်သုံးစွဲရစေခြင်း မရှိပေ။ စိတ်ပင်ပန်းမှုသာ ပို၍ များခြင်းဖြစ်သည်။
ပွဲစဉ် ၃ အပြီးတွင် နော့တ်စ်ကောင်တီက အနိုင်ရလဒ်ဖြင့် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင် ထားနိုင်လေသည်။ ယခုပွဲစဉ်တွင်မူ ယခင် ပွဲစဉ် ၁ နှင့် ၂ ကဲ့သို့ မဟုတ်တော့ပေ။ ၃ ပွဲသာ သရေလလဒ် ရရှိခဲ့ခြင်းဖြစ်သည်။
ရာသီအစ ပွဲစဉ် ၃ အထိ အခြေအနေများအား ကြည့်လျှင် ခန့်မှန်းချက်များ ထုတ်ပြန်ရန် စောနေသေးသည် ဖြစ်သော်လည်း သဲလွန်စအချို့ကို စတင်တွေ့ဪှိနေရပြီဖြစ်သည်။
နိုင်ပွဲဆက်ကာ အဆင့် ၁ နေရာရယူထားသော နော့တ်စ်ကောင်တီမှာ အထူးပြောစရာမရှိ။ ယခုရာသီ လိဂ်ဝမ်းတွင် အကြီးဆုံးသော ဖျက်မြင်း ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်၏။
အဆင့် ၂ နေရာတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းလာသော လက်စတာစီးတီး၏ ခြေစွမ်းတည်ငြိမ်မှုကို တွေ့ရှိရမည်ဖြစ်သည်။ အဆင့် ၃ နေရာ၌ နွေရာသီကာလများတွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ ပြုလုပ်ခဲ့သော ပို့စ်စ်မောက်၏ ခြေစွမ်းတိုးတက်လာခြင်းကို တွေ့ရှနိုင်သည်။ ယင်းအသင်းများမှာ တန်းတက်ရန် ရေပန်းစားသည်နှင့် အညီ ခြေစွမ်းပြသထားသူများ ဖြစ်ကြသည်။
အခြား ပရီးမီးယားလိဂ် တန်းဆင်းအသင်းဖြစ်သော အစ်ပ်ဆွစ်ခ်ျတောင်း (Ipswich Town) မှာ အများမျှော်လင့်ထားသော ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပေ။ ၂ ပွဲသရေ တပွဲရှုံးရလဒ်ဖြင့် ဇယားအောက်နားသို့ ရောက်ရှိနေပေသည်။
မြို့ခံပြိုင်ဘက်ကြီး နော်တင်ဟမ်ဖောရက်စ်မှာ သုံးပွဲဆက်တိုက် သရေရလဒ်သာ ရရှိခဲ့ပြီး ၃ မှတ်ဖြင့် ဇယား အလယ်နား၌ ရှိနေရသည်။ ဤသည်မှာ ဒေးဗစ်အတွက် ရယ်ရခက် ငိုရခက်ပင်ဖြစ်လေ၏။ အံ့မခန်း ခြေစွမ်းပိုင်ရှင်များပင် ဖြစ်တော့သည်။ အနည်းဆုံး သရေကျသည်က ရှုံးနိမ့်ရသည်ထက် သာသည်ပင် ဖြစ်လေသည်။ နော်တင်ဟမ်ဖောရက်စ်၏ အင်အားအရ မရှုံးနိမ့်သည်ကပင် အောင်မြင်မှုဟု ပြောရပေလိမ့်မည်။
ပွဲစဉ် ၃ အပြီးတွင် လိဂ်ဝမ်း အသင်းများမှာ တပတ်ကျော်ခန့် နားရက်ရကြလေသည်။ ထို့အတွက် လုဖ်က ကစားသမားများအား အားလပ်ရက် ၃ ရက် ခွင့်ပေးလိုက်သည်။
အသင်း၏ ပွဲများ မရှိသောကြောင့် ဒေးဗစ်တယောက် လူငယ်အကယ်ဒမီသို့ ရောက်ရှိသွားပြန်သည်။ ဒေးဗစ် ရောက်ရောက်ချင်းပင် အကယ်ဒမီ ဒါရိုက်တာ ရိကယ်ရင့်ခ်က သူ၏ ရုံးခန်းထဲသို့ အလောတကြီး ခေါ်သွားလေတော့သည်။
“ခင်ဗျား အချိန်ကိုက် ရောက်လာတာပဲ ဒေးဗစ်၊ ကျုပ် ခင်ဗျားနဲ့ တိုင်ပင်စရာလေးတွေရှိတယ်”
ရိကယ်ရင့်ခ်၏ ပုံစံမှာ များစွာလေးနက်နေ၏။
“ဆွာရက်ဇ်ကို နော့တ်စ်ကောင်တီ အကယ်ဒမီမှာ ဆက်ထားလို့ ရမှာမဟုတ်ဘူး”
ဒေးဗစ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဆွာရက်ဇ်မှာ နွေရာသီကမှ အကယ်ဒမီသို့ ခေါ်ယူလာခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် နေ၍ မရတော့ပါသနည်း။ အကယ်ဒမီ အသင်းဖော်များအား စတင်ကိုက်နေ၍ ဖြစ်ပါသလော။ ဒေးဗစ်၏ခေါင်းထဲတွင် အတွေးများ တသီတတန်းကြီး ဖြစ်သွားရသည်။
သို့သော် ထိုသို့မဟုတ်ချေ။ ရိကယ်ရင့်ခ် ရှင်းပြချက်မှာ ၁၅ နှစ်သား ဆွာရက်ဇ်၏ ခြေစွမ်းသည် နောက်သုံးနှစ်အကြာ သူ၏ အသက် ၁၈ နှစ်သို့ ရောက်ရှိပါက ပထမအသင်းကြီးတွင် ကျိန်းသေ နေရာ တနေရာ ရလိမ့်မည်ဟု အကယ်ဒမီ နည်းပြများအားလုံး တညီတညွတ်တည်း သတ်မှတ်လာကြခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူ့အနေဖြင့် အင်္ဂလန်၌ အလုပ်လုပ်ခွင့်ပါမစ် ရဦးမည် မဟုတ်ချေ။ ထို့အတွက် အီးယူ ပတ်စ်ပို့တ်အား သုံးနှစ်အတွင်း ရရှိနိုင်မည့် နေရာတခုသို့ ယခုကတည်းက စေလွှတ်ထားမှသာ ဆွာရက်ဇ် အသက် ၁၈ နှစ်ပြည့်ပါက နော့တ်စ်ကောင်တီနှင့် ကစားနိုင်မည်ဖြစ်၏။
ထိုအခါမှသာ ဒေးဗစ်၏ ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။ ကိုက်သောပြသနာမဟုတ်ပေ။ ကောင်းလေစွ၊ ကောင်းလေစွ။
သို့သော် ရိကယ်ရင့်ခ်၏ ပြောကြားချက်အား ဒေးဗစ် အသေအချာ စဉ်းစားလိုက်မိသည်။ ဆွာရက်ဇ်၏ ခြေစွမ်းမှာ အလျင်အမြန်တိုးတက်နေသည် ဖြစ်သော်လည်း ၁၅ နှစ်သား တဦးအတွက် လာမည့် သုံးနှစ်အတွင်း များစွာ တိုးတက်ရန် လိုအပ်နေသေးသည်။ ယခု အချိန်၌ သူ့အား အီးယူပတ်စ်ပို့တ် ရရှိမည့် အခြား ဥရောပ နိုင်ငံတခုသို့ အငှားချခဲ့ပါက သူ၏ တိုးတက်မှုကို နှောင့်နှေးသွားစေမည်လော။
ကြည့်ရသည်မှာ ဘီဗီရန်၏ လူငယ်လေ့ကျင့်ရေးကိုပါ သူ့အနေဖြင့် ဝင်ရောက် ချုပ်ကိုင်ရပေတော့မည်။ ဘယ်လ်ဂျီယံတဝှမ်းမှ သူခေါ်ယူထားသော မွန်းစတားပေါက်စလေးများမှာ ဘီဗီရန် လူငယ်အကယ်ဒမီသို့ ရောက်ရှိနေကြလေပြီ။ ဘီဗီရန်၏ လူငယ်လေ့ကျင့်ရေးအား လွတ်လပ်စွာ ရပ်တည်နိုင်ရန် လွှတ်ထားပေးပါက ထို မွန်းစတားလေးများအတွက် တရားမည် မဟုတ်ဟု သူယူဆမိလာသည်။
“အိုကေ ရိခ်၊ ကျနော် လူဝီ (ဆွာရက်ဇ်) ကို ဘီဗီရန်ဆီ အငှားချဖို့ ပြင်ဆင်လိုက်မယ်၊ ဒါပေမယ့် ကျနော့်မှာ ခင်ဗျားကို အကူအညီတောင်းရမယ့် ကိစ္စတခုရှိတယ်ဗျ၊ ဘီဗီရန်ရဲ့ လူငယ်အကယ်ဒမီကို ကျနော်တို့ ဝင်ပြီး စီမံတော့မှာဆိုတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့အဖွဲ့ကို ဘီဗီရန်ကိုပါ နော့တ်စ်ကောင်တီအတိုင်း တာဝန်ယူပေးစေချင်တယ်”
“လိုအပ်တဲ့ နည်းပြအသစ်တွေ ထပ်ပြီးခန့်အပ်ဖို့ ခင်ဗျားစိတ်ကြိုက်သာလုပ်ပါ ရိခ်၊ ဒီတခုတော့ ကျနော့်ကို လုပ်ပေး၊ နော့တ်စ်ကောင်တီရော ဘီဗီရန်ရော လူငယ် အကယ်ဒမီ လေ့ကျင့်မှုက ခင်ဗျား လက်အောက်မှာ ရှိရမယ်၊ ပီတာ (ဘီဗီရန် ဥက္ကဌ) ကို စိတ်မပူနဲ့၊ ကျနော်တို့ ပြောထားပြီးသား၊ သူက ကျနော့်ကို မြန်မြန်တောင် အကောင်အထည် ဖော်စေချင်နေတာ”
ရိကယ်ရင့်ခ် ခေါင်းညိတ်လိုက်သည်။ သူ၏ ပခုံးပေါ်၌ တာဝန်များ ထပ်တိုးလာသော်လည်း သူ ဝါသနာပါသော အလုပ်ဖြစ်သည်နှင့်အညီ ဒေးဗစ်၏ ပါဝါခွဲဝေပေးထားမှုကြောင့် သူ၏အိုင်ဒီယာများအား လွတ်လပ်စွာ အသုံးချနိုင်၍ စိတ်ပျက်ခြင်း အလျဉ်းမရှိပေ။
ထို့နောက် ဒေးဗစ်နှင့် ရိကယ်ရင့်ခ်တို့နှစ်ဦးမှာ လူငယ် လိဂ်များနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးကြလေသည်။ လက်ရှိအချိန်၏ အင်္ဂလိပ် လူငယ်ဘောလုံးလိဂ်များမှာ ဒေးဗစ်၏ ယခင်ဘဝက ကဲ့သို့ ကြီးမားသော ပြောင်းလဲမှု မပြုလုပ်ရသေးပေ။ ထို့အတွက် ပထမအသင်းကြီးပြီးလျှင် အသက်အရွယ်တန်းအလိုက် လူငယ် လိဂ် သုံးခုရှိထားသည်။
ယူ-၂၃ မှာ ပထမအသင်းကြီး၏ အရံအသင်းပင်ဖြစ်ပြီး ပထမအသင်းကြီးနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိထားသည်။ နော့တ်စ်ကောင်တီသည် လိဂ်ဝမ်းတွင် ကန်နေရခြင်းကြောင့် ယူ-၂၃ အသင်းမှာ လိဂ်ဝမ်း အရံလိဂ်တွင် ယှဉ်ပြိုင်ကစား ရလေသည်။ ယူ-၂၃ သည် ပထမအသင်းကြီးနှင့် တိုက်ရိုက်ပတ်သက်မှု ရှိသော်လည်း နော့တ်စ်ကောင်တီတွင်မူ ထည့်သွင်းစဉ်းစားခြင်း မခံရဆုံးအသင်းပင်ဖြစ်သည်။ ယင်းအသင်းတွင် လုဖ်နှင့် ဒေးဗစ် နှစ်ယောက်လုံး၏ အမြင်အရ ပထမအသင်းကြီးအဆင့်သို့ တက်လှမ်းလာနိုင်မည့် ကစားသမား မရှိပေ။ ထို့အတွက် ယူ-၂၃ မှာ အက်ဖ်အေ၏ စည်းမျဉ်းများနှင့် ကိုက်ညီရန်အတွက်သာ ထားရသော အဆင့်ပင် ဖြစ်လာလေ၏။ သို့သော် နောင်တွင် အကယ်ဒမီမှ လူငယ်လေးများ အရွယ်ရောက်လာပါက ယူ-၂၃ မှာ အသက်ဝင်လာမည် ဖြစ်သည်။
ယူ-၂၃ ၏ အောက်တွင် ယူ-၁၉ နှင့် ယူ-၁၇ အသင်းများမှာ အသင်းကြီးနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိဘဲ လူငယ်လိဂ်များ၊ ဖလားများ သီးသန့်ကန်ရခြင်းဖြစ်သည်။ ယင်း အသက်အရွယ်တန်းနှစ်ခု၏ လိဂ်နှစ်ခုမှာ နော့တ်စ်ကောင်တီ လူငယ်အကယ်ဒမီ အဓိက အာရုံစိုက်သော လိဂ်များ ဖြစ်၏။ လက်ရှိတွင် ထို အသက်အရွယ်တန်း နှစ်ခုနှင့် ဒေါင်ဒေါင်မြည် ကိုက်ညီသည့် အလားအလာရှိ လူငယ်ကစားသမားလေးများ နည်းပါးသေးသော်လည်း နော့တ်စ်ကောင်တီ၏ မွန်းစတားလေးများမှာ အသက်အရွယ်တန်းကို ကျော်လွန်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသောကြောင့် ထိုလိဂ်နှစ်ခု၏ အတွေ့အကြုံ တန်ဖိုးမှာ မနည်းလှပေ။
***