ရက်သတ္တပတ် တခုကျော် အနားယူပြီးနောက် အမှတ်ပေးပွဲများ ပြန်လည်စတင်လေသည်။ လိဂ်ဝမ်း၏ ပြိုင်ဆိုင်မှုမှာလည်း ပိုမို ပြင်းထန်လာလေ၏။
ယခုအပတ် လိဂ်ဝမ်း၏ အများအာရုံစိုက်ခြင်း ခံရသောပွဲမှာ နော့တ်စ်ကောင်တီနှင့် ဒါဘီကောင်တီတို့၏ ပွဲစဉ်ဖြစ်၏။
နော်တင်ဟမ်ရှိုင်းယားနှင့် ဒါဘီရှိုင်းယားမှာ အရှေ့မစ်ဒ် န်း စီရင်စုအတွင်း တည်ရှိသောကြောင့် ယင်းနှစ်သင်း ဆုံတွေ့ကြသော ပွဲအား အရှေ့မစ်ဒ်လန်း ဒါဘီပွဲဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ယခင်က ထိုနှစ်သင်း၏ ခြေစွမ်းမှာ များစွာ ကွာခြားခြင်းကြောင့် ထိုအယူအဆအား များစွာအားပေးအားမြှောက် လှုံ့ဆော်သူမရှိခဲ့ပေ။
ယခုတွင်မူ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ ဒါဘီကောင်တီမှာ ပရီးမီးယားလိဂ်မှ လိဂ်ဝမ်းသို့ တန်းဆင်းလာရပြီး နော့တ်စ်ကောင်တီမှာ လိဂ်တူးမှ တန်းတက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ယခင်က ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော အသင်းနှစ်သင်းမှာ ယခု ကြမ်းတပြေးတည်း၌ ဆုံတွေ့ကြရလေပြီ။ ထိုအခါ အရှေ့မစ်ဒ်လန်း ဒါဘီဟူသော အသံများ ကျယ်လောင်လာကြတော့သည်။
ရာသီအစ သုံးပွဲတွင် နော့တ်စ်ကောင်တီမှ သုံးပွဲလုံး အနိုင်ယူကာ ဇယားထိပ်၌ ရပ်တည်နေပြီး ဒါဘီကောင်တီမှာ အမှတ်ပေးဇယား ထိပ်ပိုင်းနားတွင် နော့တ်စ်ကောင်တီထက် ၄ မှတ်လျော့၍ ရပ်တည်နေခြင်းဖြစ်သည်။ ထို့အတွက် ဒါဘီ၏ အခြေအနေမှာ ဆိုးရွားသည်ဟု ပြော၍မရပေ။
သို့သော် အဓိက အချက်မှာ ဒါဘီကောင်တီသည် တန်းဆင်းလာရခြင်းကြောင့် အသင်း၏ အရေးပါသော ကစားသမားအချို့အား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ လိုအပ်သွားသော နေရာများတွင် ထိပ်တန်း အရည်အသွေးမြင့် ကစားသမားများ ပြန်လည်ဝယ်ယူရန် ဘတ်ဂျက်လည်း မရှိပေ။ လိဂ်ဝမ်းအဆင့် ကစားသမားအချို့ဖြင့်သာ ပြန်လည် အစားထိုးထားရခြင်း ဖြစ်သည်။ ထို့အတွက် ဒါဘီ၏ ခြေစွမ်းမှာ အတိုင်းအတာ တခုအထိ လျော့ကျသွားခဲ့လေသည်။
ဒေးဗစ် ကောင်းစွာမှတ်မိနေသည်မှာ ဒါဘီကောင်တီ၏ ဘဝင်မြင့်မှုနှင့် နော့တ်စ်ကောင်တီအပေါ် အဆင့်မရှိသော အသင်းကဲ့သို့ ဆက်ဆံခဲ့မှုပင်ဖြစ်သည်။ပြီးခဲ့သော ဘောလုံးရာသီ မစမီက ဒါဘီကောင်တီအား ခြေစမ်းရန်အတွက် ကမ်းလှမ်းရာတွင် သူတို့ကဲ့သို့ ပရီးမီးယားလိဂ်အသင်းမျိုးမှာ လိဂ်တူးမှ အသင်းနှင့် ခြေစမ်းရမည်ဆိုပါက များစွာနစ်နာမည် ဖြစ်သောကြောင့် ခြေစမ်းခ ပေါင် ၅သိန်း ပေးချေရမည်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာပင် အရှေ့မစ်ဒ်လန်း ဒေသတခုတည်းတွင် တည်ရှိသော အသင်းအချင်းချင်း အားကြီးသူမှ အားနည်းသူကို စောင့်ရှောက်ခြင်း အစရှိသော အရည်မရ အဖတ်မရ ထောင်လွှားမှုများ ပါဝင်လေသည်။
ထိုစဉ်က ဒေးဗစ်တယောက် ဒေါသပေါက်ကွဲခဲ့ရမှုမှာ ယခုအချိန်အထိ ပြန်လည်စဉ်းစားကြည့်ပါက ပြတ်ပြတ်သားသား မှတ်မိနေသေးသည်။ သို့ဖြစ်၍ ဤမျှ မာနထောင်လွှားနေခဲ့သော အသင်းအား တချိန်တွင် ကောင်းကောင်းကြီး သင်ခန်းစာ ပေးရမည်ဟု တေးမှတ်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထို တချိန်မှာ ဤမျှမြန်မြန်ဆန်ဆန် ရောက်ရှိလာမည်ဟု သူမထင်ထားခဲ့ပေ။
သူ၏ ယခင်ဘဝမှတ်ဉာဏ်များအရ ဒါဘီကောင်တီမှာ ပရီးမီးယားလိဂ်တွင် ကြာရှည်စွာနေရမည် မဟုတ်ကြောင်း ဝိုးတဝါးမှတ်မိနေသည်။ ယခုသော် ပြီးခဲ့သည့်ရာသီကပင် ထိုအသင်းသည် ပရီးမီးယားလိဂ်မှ တန်းဆင်းလာခဲ့ရပြီဖြစ်၏။ ဒေးဗစ် အနည်းငယ်ရယ်မောလိုက်မိသည်။ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဖြစ်လာပြီမဟုတ်ပါလော။
ပွဲမတိုင်မီတွင် လိဂ်ဝမ်း၏ အကြောင်းအရာများကို ဖော်ပြကြသော မီဒီယာများသည် နော့တ်စ်ကောင်တီနှင့် ဒါဘီကောင်တီတို့၏ ပွဲစဉ်အား အာရုံစိုက်လာကြသည်။ တသင်းမှာ ပရီးမီးယားလိဂ်မှ တန်းဆင်းလာခဲ့သော အသင်းဖြစ်ပြီး တသင်းမှာ လက်ရှိဘောလုံးရာသီတွင် လိဂ်ဝမ်း၏ နာမည်အကြီးဆုံး ဖျက်မြင်း ဖြစ်နေပေသည်။ ထို့ကြောင့် ယခုပွဲသည် လိဂ်ဝမ်းပရိသတ်များ၏ အာရုံကို ဖမ်းစားနိုင်သော ပွဲတပွဲ ဖြစ်လာတော့သည်။
သတင်းစာများမှာ ယခုပွဲစဉ်အား ရှုထောင့်မျိုးစုံမှ သုံးသပ်၍ ခန့်မှန်းကြလေ၏။ ၎င်းတို့၏ သုံးသပ်ချက်များအရ အဝေးကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သော နော့တ်စ်ကောင်တီ၏ နိုင်ချေမှာ ၆၅ ရာခိုင်နှုန်းအထိပင် ရှိနေလေသည်။
ဘွတ်ကီဒိုင်များ၏ ဖွင့်ဈေးတွင်လည်း ယင်းအချက်ကို သိသာစွာ မြင်ရသည်။ နော့တ်စ်ကောင်တီ၏ အနိုင်အား ၁.၆၁ သာ ပေးထားပြီး အိမ်ရှင် ဒါဘီကောင်တီ၏ အနိုင်အတွက် ၅.၃၅ အထိ ဈေးဖွင့်ထားခြင်း ဖြစ်လေသည်။ တနည်းအားဖြင့် အသင်းနှစ်သင်းအား အဆင့်တူ အသင်းများ အဖြစ် သဘောထားခြင်းမဟုတ်ပေ။ ကြည့်ရသည်မှာ ဒါဘီကောင်တီ၏ တခုတည်းသော အသာစီးရမှုသည် အိမ်ကွင်း၌ ကန်ရခြင်းသာ ရှိပေတော့သည်။
{ဤနေရာတွင် ဘွတ်ကီဒိုင်များ၏ အလေးပေးမှုများအကြောင်း ရှင်းလင်းစရာ ရှိလာပါသည်။ ဘောလုံးပွဲများတွင် ဘွတ်ကီဒိုင်များ အသုံးပြုသော စနစ်မှာ 1 x 2 ဖြစ်ပါသည်။
1 အိမ်ကွင်းအနိုင်
X သရေ
2 အဝေးကွင်းအနိုင်
ဥပမာအားဖြင့်
အိမ်ရှင်အသင်း 1.8
သရေ 3.5
အဝေးအသင်း 4.2
အိမ်ရှင်ဘက်မှ ၁၀ ပေါင် လောင်းမည်ဆိုပါက အိမ်ရှင်အသင်း အနိုင်ရရှိခဲ့ပါမူ 1.8×10= 18
၁၈ ပေါင် ပြန်လည်ရရှိမည်ဖြစ်ပါသည်။
အဝေးအသင်းဘက်မှ ၁၀ ပေါင်လောင်းမည်ဆိုပါက 4.2×10=42
၄၂ ပေါင် ပြန်လည်ရရှိမည်ဖြစ်ပါသည်။
ဘာသာပြန်သူ}
နော့တ်စ်ကောင်တီ၏ ခြေစွမ်းမှာ အားလုံးအမြင်ပင် ဖြစ်သည်။ ကစားခဲ့သော သုံးပွဲတွင် ပြိုင်ဘက်အသင်းများမှာ ထိပ်တန်းအသင်းများ မဟုတ်ကြသော်လည်း နော့တ်စ်ကောင်တီမှ ပြတ်သားစွာအနိုင်ယူပြခဲ့ခြင်း ဖြစ်သည်။ ဒါဘီကောင်တီကစားခဲ့သော သုံးပွဲတွင်မူ ၂ ပွဲ ဆက်တိုက် သရေရလဒ်သာ ရယူနိုင်ခဲ့လေသည်။ ဒါဘီ၏ ခြေစွမ်းမှာ သိသိသာသာ နိမ့်ကျသွားသည်ကို အားလုံးတွေ့ရှိခဲ့ရပြီးပင် ဖြစ်၏။
ဤသို့ မီဒီယာများရော ပရိသတ်များကပါ နော့တ်စ်ကောင်တီ၏ အနိုင်အတွက် အလေးသာနေကြခြင်းအား ဒါဘီကောင်တီ အနေဖြင့် ကျေနပ်မှု ရှိမနေပေ။
၎င်းတို့သည် တန်းဆင်းခဲ့ရသောကြောင့် အနည်းငယ် စိတ်ပျက်နေကြသဖြင့် ပထမနှစ်ပွဲတွင် သရေ ရလဒ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တတိယမြောက်ပွဲတွင် အနိုင်ရရှိထားသည်ကို မမြင်ကြပါသလော။ သူတို့အနေဖြင့် ယမန်နှစ်က ပရီးမီးယားလိဂ် အသင်းဖြစ်ခဲ့သည် ဖြစ်၍ လိဂ်ဝမ်းမှ အသင်းများအပေါ် အထင်အမြင်သေးသည့် စိတ်မှာ ယခင်ကတည်းက ရှိထားပြီးဖြစ်သည်။
ဒါဘီကောင်တီ၏ တခုတည်းသော ရည်မှန်းချက်မှာ ပရီးမီးယားလိဂ်သို့ တန်းပြန်တက်ရရေးပင်ဖြစ်သည်။ ၎င်းတို့အတွက် ပြိုင်ဘက်ဟူသည် အတူတန်းဆင်းလာသော အခြားနှစ်သင်းသာဖြစ်ပြီး လိဂ်ဝမ်း၌ ကျင်လည်နေရသည့် အသင်းများမဟုတ်။ နိုဘယ်လ် (Noble - ရှေးခေတ်က သူကောင်းပြုခံရသူများကို ခေါ်ဝေါ်ခြင်း) ဟူသည် ခေတ္တခဏ ဆင်းရဲရလျှင်ပင် နိုဘယ်လ်သာ ဖြစ်၍ အခြားသူများထက် ခေါင်းတလုံးမြင့်ထားပြီးပင် ဖြစ်၏။
ဤသည်မှာ ဒါဘီကောင်တီ၏ စိတ်ပိုင်းဆိုင်ရာ အနေအထား ဖြစ်လေသည်။
သို့သော် ဒေးဗစ်၏ အမြင်၌မူ ဒါဘီကောင်တီ၏ မာနမှာ ရယ်ဖွယ်ပင်ဖြစ်လေ၏။ ထိုအသင်းသည် သူ၏ ယခင်ဘဝက ၂၀၀၀ ပြည့်နှစ်များ နောက်ပိုင်းတွင် ပရီးမီးယားလိဂ်သို့ တရာသီမျှသာ ပြန်လည် တန်းတက်ခဲ့ရပြီး ပရီးမီးယားလိဂ် ဇာတ်ခုံပေါ်တွင် လုံးဝနီးပါး ရှိမနေတော့သော အသင်းဖြစ်သည်။ ထို့အတွက် ဒေးဗစ်သည် အနာဂတ်အသိ ရှိထားပြီးသူတဦး အနေဖြင့် ဒါဘီ၏မာနကို ရယ်ချင်မိခြင်းပင် ဖြစ်လေသည်။
ဒါဘီဘက်မှ ကြည့်ပါကလည်း ၎င်းတို့၏ မကျေနပ်မှုမှာ အလကား မဟုတ်ပေ။ ဒါဘီသည် ၁၉၉၅-၉၆ ရာသီကတည်းက ပရီးမီးယားလိဂ်သို့ ရောက်ရှိနေခဲ့ပြီး ခြောက်ရာသီဆက်တိုက် ပရီးမီးယားလိဂ်တွင် ကျင်လည်ကာ ပြီးခဲ့သော ဘောလုံးရာသီကမှ တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့၏ ပရီးမီးယားလိဂ် ဖြတ်သန်းခဲ့ရချိန်များမှာ အလယ်အလတ် အသင်းတသင်း အဆင့်တွင် ရှိခဲ့သောကြောင့် လိဂ်ဝမ်း အသင်းများအား အထင်အမြင်သေးရင်းစွဲ ရှိနေခြင်းဟု ဆိုနိုင်ပေသည်။
ဒါဘီကောင်တီ ဥက္ကဌ လိုင်ယွန်နယ် ပစ်ကာရင်း (Lionel Pickering) မှာ နော့တ်စ်ကောင်တီနှင့် ဒါဘီကောင်တီ ပွဲမတိုင်မီ ပရိသတ်များ၏ ထင်မြင်ယူဆချက်များအား အင်တာဗျူးတခုတွင် တုံ့ပြန်လာလေသည်။
“လက်ရှိ ထင်မြင်ယူဆချက်တွေလား … အဓိပ္ပါယ်မရှိတာဗျာ၊ နော့တ်စ်ကောင်တီက ရာသီအဖွင့် သုံးပွဲလုံး နိုင်ပြီး ဒါဘီက နှစ်ပွဲ သရေကျတယ်၊ အဲ့တော့ ဘာဖြစ်လဲ၊ လိဂ်က ၄၆ ပွဲကန်ရမှာလေ၊ ရာသီကုန်တဲ့အထိ ပွဲအများကြီးကျန်နေသေးတယ်၊ လက်ရှိအချိန်က အသင်းတသင်း ဘယ်လိုအခြေအနေဆိုတာ သတ်မှတ်ဖို့ မစောလွန်းဘူးလား”
“နော့တ်စ်ကောင်တီက တန်းတက်အသင်းဖြစ်ပြီးတော့ ခြေစွမ်းအရ မဆိုးဘူးဆိုပေမယ့် လိဂ်ဝမ်းအသင်းတွေက သူတို့ရဲ့ စတိုင်ကို အကျွမ်းတဝင် မဖြစ်သေးတာကြောင့် အစပိုင်း ရလဒ်ကောင်းတွေ ရနေတာပါ၊ အဲ့ဒါနဲ့ပဲ ဒီအသင်းက သိပ်ကောင်းတယ်လို့ မဆိုလိုပါဘူး”
“ကျနော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ခရီးကြမ်းဖြတ်သန်းခဲ့ရတာပါ၊ နွေရာသီမှာ အားလပ်ရက် အနားယူပြီးပြီဆိုပေမယ့် ကစားသမားတွေဟာ သူတို့ရဲ့ ပုံစံကောင်းတွေကို ရာသီစစခြင်း ပြန်ရဖို့ ခက်ခဲနေပါသေးတယ်၊ နှစ်ပွဲဆက်တိုက် သရေရလဒ်က အဲ့ဒါကြောင့်ပါပဲ၊ အခု ဒီပွဲဟာ ဒါဘီပြန်လာတဲ့ပွဲ ဖြစ်လာမှာပါ၊ နော့တ်စ်ကောင်တီ အတွက်ကတော့ ဒါဘီက နင်းတက်သွားမယ့် လှေကားထစ် တခုထက်မပိုပါဘူး”
“ဒီရာသီမှာ ဒါဘီရဲ့ ရည်မှန်းချက်က တန်းတက်ဖို့ပါပဲ၊ ပြိုင်ဘက်အားလုံးကို ကျနော်တို့ရဲ့ အင်အားနဲ့ ချေမှုန်းသွားမှာ ဖြစ်ပါတယ်၊ လိဂ်ဝမ်းက အသင်းတွေဟာ ကျနော်တို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး၊ ကျနော်ကတော့ ချန်ပီယံ အဖြစ်နဲ့ တန်းပြန်တက်ရမယ့်နေ့ကိုပဲ စောင့်မျှော်နေပါတယ်”
ဒေးဗစ်သည် ဒါဘီဥက္ကဌ၏ ဘဝင်မြင့် စကားများကို မအံ့ဩမိပေ။ ပြီးခဲ့သော ဘောလုံးရာသီက ဒါဘီ၏ ခြေစမ်းပွဲအတွက် အကြောင်းပြန်စာကို ထောက်ရှုလျှင် ယင်းပုဂ္ဂိုလ်၏ မာန ထောင်လွှားမှုကို ခန့်မှန်းနိုင်ပေသည်။ ထိုစကားများအား မီဒီယာများရှေ့တွင် ပြောဆိုရန် မည်သည့် နေရာမှ ယုံကြည်မှုများ ရရှိခဲ့သည်ကိုသာ ဒေးဗစ်မသိခြင်း ဖြစ်သည်။
နော့တ်စ်ကောင်တီ၏ စွမ်းဆောင်ရည်မှာ အများအမြင်ပင် ဖြစ်သည်။ နော့တ်စ်ကောင်တီ၏ ကျော်ကြားမှုမှာ ခက်ခဲသော တိုက်ပွဲများမှ ရရှိလာခဲ့ခြင်းဖြစ်သည်။
ယခု ဒါဘီကောင်တီမှာ လိဂ်ဝမ်းသို့ တန်းဆင်းလာကာစပင် ရှိသေးသည်၊ နော့တ်စ်ကောင်တီအပါအဝင် လိဂ်ဝမ်းရှိ အသင်းများအား မတူမတန်သကဲ့သို့ ပြောဆိုလာလေသည်။
ဒေးဗစ်ထင်ထားသည့်အတိုင်းပင် သူ့အနေဖြင့် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ရသေးမီ အခြားသော လိဂ်ဝမ်း ကလပ်များမှ မကျေမနပ်သံများ ထွက်ပေါ်လာတော့သည်။
လိဂ်ဝမ်းအသင်း အတော်များများမှာ ဒါဘီဥက္ကဌ၏ မှတ်ချက်အား ပြက်ရယ်ပြုခြင်း၊ မေးခွန်းထုတ်ခြင်း၊ ကန့်ကွက်ခြင်းများကို ၎င်းတို့နီးစပ်ရာ စာနယ်ဇင်းများမှ ထုတ်ဖော်လာကြလေသည်။ မည်သို့ဆိုစေ ကလပ်အသင်း အတော်များများ၏ ဒါဘီကောင်တီအပေါ် သဘောထားမှာ ကွင်းထဲ၌တွေ့မည်ဟူသော ကြုံးဝါးမှုများ ဖြစ်လာကြလေတော့သည်။
“ဒါဘီကောင်တီဟာ ငါတို့ကို အမြဲအထင်သေးတဲ့ အသင်းတသင်းဖြစ်တယ်၊ ပြီးခဲ့တဲ့ရာသီအစက ခြေစမ်းပွဲ ကစားဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့သေးတယ်၊ သူတို့ငြင်းလိုက်တယ်၊ သာမန်ငြင်းတာမဟုတ်ဘူး၊ မတူမတန်သလို ဆက်ဆံတဲ့ စာအရေးအသားတွေနဲ့ ပေါင် ၅ သိန်းခြေစမ်းခ မပေးရင် မကစားနိုင်ဘူးလို့ ငြင်းတာ၊ အခု ငါတို့ လိဂ်ဝမ်းကို ရောက်ပြီ၊ သူတို့တွေ တန်းဆင်းလာရလို့ ငါတို့နဲ့ အဆင့်တူဖြစ်သွားပြီ၊ အဲဒါလည်း အခုထိ ငါတို့ကို အထင်သေးနေတုန်းပဲ၊ ငါတို့က ဒါဘီကောင်တီရဲ့ လှေကားထစ်တခုထက် ဘာမှမပိုဘူးလို့ ပြောလာပြန်တယ်၊ ဒီတော့ ဒါဘီကောင်တီရဲ့ ဘဝင်ကို မင်းတို့ ဘယ်လိုထင်ကြလဲ ငါသိချင်တယ်”
ပွဲမတိုင်မီ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးတွင် အမြဲတစေ နားထောင်သမားသာ ဖြစ်ခဲ့သူ ဒေးဗစ်က ထရပ်ကာ ကစားသမားများအား အလေးအနက် ပြောဆိုလိုက်လေသည်။
***