“သတ်ပစ်”
“အမှုန့်ချေပစ်မယ်”
“ငါတို့ကို ဘာများ မှတ်နေသလဲ ၊ ချီးပဲ”
“ကျနော် ဟက်ထရစ် သွင်းပစ်မယ် ဘော့စ်”
“ကျနော်လည်း အနည်းဆုံး နှစ်ဂိုးတက်သွင်းမယ်”
“မင်းက ဂိုးသမားလေ …”
ကစားသမားများ၏ ဒေါသများ ပေါက်ကွဲထွက်လာပြီ ဖြစ်လေသည်။
မီဒီယာများဟူသည် မီးပွားရှာ၍ မလောင် လောင်အောင် ရှို့ကြသူများ ဖြစ်သည်။ ယခု ဒါဘီ ဥက္ကဌက မီးပွားမျှပင် မဟုတ်ဘဲ မီးတုတ် ပစ်သွင်းလိုက်ခြင်းဖြစ်ရာ သတင်းထောက်များအတွက် ပွဲတော်ကြီး ဖြစ်လာလေသည်။
ထို ဒဏ်ကို ခံကြရသူများမှာ ကစားသမားများ ဖြစ်ကြသည်။ လေ့ကျင့်ရေးကွင်း အပေါက်ဝတွင် သတင်းထောက်များ၏ ခြုံခို တိုက်ခိုက်မှုများအား ကစားသမား အတော်များများ ကြုံတွေ့ကြရလေသည်။ ဒါဘီ ဥက္ကဌ၏ မှတ်ချက်အား မည်သို့ တုံ့ပြန်လိုပါသနည်း ဟူသော မေးခွန်းအား သူတို့ လွန်စွာ နားခါးနေကြပြီဖြစ်သည်။
ယခု ဒေးဗစ်၏ မေးခွန်းတွင် ၎င်းတို့၏ မကျေနပ်မှုများ ပွင့်အံထွက်လာကြခြင်း ဖြစ်သည်။ ဒေးဗစ်၏ သဘောထားအား သူ၏ အမေးစကား၌ပင် သိရှိနိုင်သောကြောင့် ဒါဘီကောင်တီအား ရှင်းပစ်ရန် အတွက် မီးစိမ်းပြလိုက်ခြင်းဟု နားလည်သွားကြလေပြီ။ ကစားသမားများမှာ ပွဲနေ့အား မစောင့်နိုင်တော့လာက်အောင် စိတ်ဓာတ်ပြင်းထန်လာကြပြီ ဖြစ်သည်။
လက်ရှိအနေအထားမှာ ဒါဘီ ဥက္ကဌ၏ စကားကြောင့် လိဂ်ဝမ်းအသင်းများမှာ အလိုလို နားလည်မှုတခု ရရှိသွားကြပြီ ဟု ဆိုရပေမည်။ အခြားပွဲများတွင် ၎င်းတို့၏ အခြေအနေအလိုက် ကစားကြမည်ဖြစ်သော်လည်း ဒါဘီနှင့်ပွဲအား အသင်းအတော်များများ ခြေကုန်ထုတ်ကြတော့မည်ဟု ခန့်မှန်းနိုင်ပေသည်။
ခြေစွမ်းကောင်းမွန်သေယ အသင်းများမှာ ဒါဘီအား မဖြစ်မနေ အနိုင်ယူရန် ကြိုးစားလာကြမည် ဖြစ်သည်။ အလယ်အလတ်အဆင့် အသင်းများမှာ ကျားကုတ်ကျားခဲ ခံကစားကြမည်ဟု ယူဆနိုင်သည်။ အသင်းငယ်များမှာ မနိုင်လျှင်ပင် ဒါဘီ၏ ကီးပလေယာများအား ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးစားလာပါက အဘယ်သို့ ရှိမည်နည်း။
မည်သို့ဆိုစေ ဒါဘီသည် ပြည်သူ့ရန်သူ နံပတ်တစ် အဖြစ်သို့ ၎င်းတို့ ဥက္ကဌ၏ အင်တာဗျူးတခုနှင့်ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ နှုတ်ကြောင့်သေတတ်ခြင်း၏ ဥပမာတခုပင် ဖြစ်လာနိုင်ဖွယ်ရှိလေ၏။
မျှတစွာ ပြောရမည်ဆိုပါက ဒါဘီကောင်တီ၏ ခြေစွမ်းမှာ ယမန်နှစ်ကထက် သိသာစွာ လျော့ကျသွားခဲ့သော်လည်း လိဂ်ဝမ်းတွင် ဇယားထိပ်ပိုင်းနား၌ ရပ်တည်နိုင်သော အစွမ်းအစ ရှိနေသေးသည်။ ၎င်းတို့ အနေဖြင့် ကောင်းစွာ ကစားနိုင်လျှင် ပလေးအော့ဖ်တနေရာ ရည်မှန်းနိုင်ပြီး ကစားပုံ မကောင်းလျှင်ပင် တန်းဆင်းအန္တရာယ်အား စိုးရိမ်ဖွယ်ရာမရှိပေ။
သို့သော် ယခုမူ အခြေအနေက ခြားနားသွားပြီ ဖြစ်လေ၏။
စင်စစ်တွင် ဒါဘီကောင်တီ ကစားသမားများပင် သူတို့ ဥက္ကဌ၏ စကားအား ကျေနပ်မှုမရှိကြပေ။ ဒါဘီသည် ယမန်နှစ်က စွမ်းရည်မျိုး မရှိတော့။ လိုအပ်သော အရည်အသွေးမြင့် ကစားသမားများ ဖြည့်ဆည်းရန်ပင် ငွေမရှိချေ။ သို့တိုင်အောင် ယခု ဥက္ကဌ၏ ဘဝင်ကြောင့် တရွာလုံးနှင့် တယောက် ဖြစ်သွားရလေပြီ။
ကစားသမားများမှာ အပြစ်မရှိသော်လည်း ဥက္ကဌ၏ စကားကြောင့် ကွင်းထဲ၌ အခက်အခဲပေါင်းစုံ ကြုံတွေ့ကြရတော့မည်ဖြစ်၏။
ပွဲကစားမည့်နေ့တွင် နော့တ်စ်ကောင်တီသည် နှစ်သင်းကြား ခရီးဝေးကွာမှုမရှိသောကြောင့် ပွဲမစမီ နာရီပိုင်းအလိုတွင်မှ ဒါဘီကောင်တီ၏ ကွင်းသို့ ရောက်ရှိလာခဲ့သည်။
ပွဲကစားသည့် အချိန်တွင် အိမ်ကွင်း အားသာချက်ကို အသုံးချလိုသော ဒါဘီမှာ ပွဲချိန် ၁၀ မိနစ်၌ပင် ဂိုးစတင် ပေးလိုက်ရလေသည်။
နော့တ်စ်ကောင်တီမှာ ပွဲစတင်ကတည်းက အပြင်းအထန် တိုက်စစ်ဆင်နေခြင်းဖြစ်သည်။ ပွဲအား စိုးမိုးမှု လျင်မြန်စွာရွေ့လျားမှု တိကျသော ပေးပို့မှုများဖြင့် ဒါဘီအသင်းသားများအား အသက်ရှုကြပ်လောက်အောင်ပင် ဖိကစားထားခြင်းဖြစ်လေသည်။ အကြောင်းမသိပါက နော့တ်စ်ကောင်တီ၏ အိမ်ကွင်းဟုပင် ထင်မှတ်မှားဖွယ် ရှိတော့သည်။
ဒါဘီကောင်တီမှာ ပွဲစကာစက အနည်းငယ် တိုက်စစ်ဆင်နိုင်မည့် အရိပ်အယောင် ရှိခဲ့သော်လည်း မိနစ်အနည်းငယ်အတွင်း နော့တ်စ်ကောင်တီ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုမှတဆင့် ကွင်းတဝက်အထိ ဖိကစားခံရပြီး တန်ပြန်တိုက်စစ်ပင် ဆင်နိုင်ခြင်းမရှိသော အခြေအနေသို့ ဆိုက်ရောက်လာလေသည်။
ပွဲမတိုင်မီ အစည်းအဝေးတွင် ဟက်ထရစ်သွင်းမည်ဟု ကြုံးဝါးခဲ့သူ ဒေးဗစ်ဗီလာမှာ ယနေ့ပွဲတွင် ပွဲထွက်ခွင့် ရခဲ့လေသည်။ ထိုစပိန်သားလေးမှာ သူကြုံးဝါးထားသည်ကို အကောင်အထည်ဖော်နိုင်ရန် ပွဲစကတည်းက တိုက်စစ်တွင် ကြိုးစားအားထုတ်မှု အပြည့်ဖြင့် ဒါဘီအား ဖိအားပေးနေခဲ့ခြင်း ဖြစ်သည်။
၎င်း၏ကြိုးစားမှုမှာ မြန်ဆန်စွာ အရာထင်လာခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ကွင်းလယ်မှ အလွန်ဆိုက သူ့ထံအမှတ်မထင် ပေးပို့လိုက်သော အမြင့်ဘောကို ရင်ဘတ်နှင့်ထိန်း၍ ကိုယ်ကို တပတ်လှည့်ကာ ဒါဘီကောင်တီ ဂိုးပေါက်ထဲသို့ ဗော်လီကန်သွင်းလိုက်သည်။ ကန်ချက်မှာ မြန်ဆန် ပြင်းထန်ခြင်းကြောင့် ဒါဘီဂိုးသမား လှုပ်ပင် မလှုပ်လိုက်နိုင်ပေ။
ဂိုးသွင်းယူလိုက်ပြီးနောက် ဗီလာသည် အသင်းဖော်များနှင့်အတူ ကွင်းဘေးသို့ အောင်ပွဲခံရင်း ပြေးသွားလေသည်။ ထို့နောက် ကင်မရာရှေ့တွင် အုပ်စုလိုက်ရပ်ကာ လက်ညှိုးကို ထောင်၍ ဝှေ့ယမ်း ပြလိုက်ကြသည်။ (finger-wigging gesture) ရည်ရွယ်ချက်မှာ ရှင်းလင်းနေသည်။ မလုပ်နဲ့၊ ဒီလောက်နဲ့မရဘူး၊ တက်မလာနဲ့!!
ဗီလာတို့အဖွဲ့ အောင်ပွဲခံသည့်နေရာမှာ တိာက်ဆိုင်သည်လော၊ တမင်ရွေးချယ်ထားသည်လော မသိပေ။ အသင်းဥက္ကဌများ ပွဲကြည့်လေ့ကြည့်ထရှိသော နေရာတည့်တည့်ပင် ဖြစ်၏။ ဒါဘီဥက္ကဌ ပစ်ကာရင်းမှာ ဒေါသကြောင့် မျက်နှာများ နီရဲလာလေသည်။
သူ၏အမြင်တွင် နော့တ်စ်ကောင်တီမှာ တန်းတက်အသင်းသာ ဖြစ်၍ အရေးထားစရာမလို ဟူသောစကားမှာ အမှားမရှိပေ။ ထို့အပြင် ဒါဘီကောင်တီမှာလည်း ပရီးမီးယားလိဂ်တွင် အလယ်အလတ်အဆင့် ကျင်လည်ခဲ့သော အသင်းဖြစ်၍ လိဂ်ဝမ်းမှ အသင်းများထက်သာလွန်သည် ဟူသည်မှာ အမှန်တရားပင် ဖြစ်သည်။
သို့သော် အမှန်တကယ် အဖြစ်အပျက်မှာ အဘယ်ကြောင့် သူ၏အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေရပါသနည်း။ သူ၏ ခေါင်းထဲတွင် များစွာရှုပ်ထွေးလာလေသည်။
ပွဲပြန်စသည့်အခါတွင် ဦးဆောင်ဂိုးရရှိသွားသော နော့တ်စ်ကောင်တီမှာ ပို၍ပင် တိုက်စစ်ကို ပြင်းထန်စွာ ကစားလာလေ၏။ ကြည့်ရသည်မှာ ဒါဘီအား အပြီးအပြတ် မချေမှုန်းနိုင်မခြင်း ရပ်မည့်ပုံ မပေါ်ချေ။
ထို့နောက် ဗီလာက သူ၏ ဒုတိယဂိုး၊ အလွန်ဆို၊ ဒီနာတာလီနှင့် အင်နီယက်စ်တာတို့မှ တဂိုးစီ အသီးသီးသွင်းယူကြပြီး ပထမပိုင်းအပြီး ရလဒ်မှာ ၀:၅ ဖြစ်သွားလေတော့သည်။ ဤပွဲသည် ဒါဘီအား ဇကာပေါက်ဖြစ်အောင် ဖောက်သည့်ပွဲမျိုး ဖြစ်လာလျက်ရှိလေပြီ။
ပထမပိုင်း ပွဲသိမ်းခရာမှုတ်လိုက်သည့် အချိန်တွင် ဒါဘီကစားသမားများမှာ လေးပင်စွာဖြင့် ကွင်းတွင်းမှ ထွက်ခွာသွားကြသည်။ ပရိသတ်များမှာမူ များပြားလှသော ပေးဂိုးများကြောင့် ထုံနေကြလေပြီ။ ဒါဘီ ဥက္ကဌ၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော်လျော် ဖြစ်နေလေ၏။ သူသည် သူ၏အသင်းမည်သို့ ဖြစ်သွားသည်ကို လုံးဝနားမလည်နိုင်ပေ။
မိမိ အားပေးသောအသင်း အမဲဖျက်ခံရသည်ကို မကြည့်နိုင်ကြသော ဒါဘီပရိသတ်များမှာ ပထမပိုင်းအပြီး၌ပင် ကွင်းတွင်းမှ ထွက်ခွာနေကြပြီဖြစ်သည်။ ကျန်ရှိနေသော ပရိသတ်များမှာ “ပစ်ကာရင်း ထွက်သွား”ဟူသည့် ကြွေးကြော်သံကို သံပြိုင် အော်ဟစ်နေကြလေ၏။
ပစ်ကာရင်းမှာ မူးမိုက်လဲကျမတတ် ဖြစ်သွားရသည်။ သူ၏မျက်လုံးအစုံမှာ ပြူးကျယ်ထွက်လာလေသည်။ အဘယ်ကြောင့် ဤမျှ အခြေအနေအထိ ရောက်ရှိသွားရပါသနည်း။ သူသည် အသင်းအတွက် များစွာ ပေးဆပ်ခဲ့သူဖြစ်သည်။ ယခုမူာပရိသတ်များက သူ့အား ထွက်သွားရန် အော်ဟစ်နေကြလေပြီ။ သူ့အနေဖြင့် အခြေအနေ အရပ်ရပ်အား မည်သို့မျှ နားမလည်နိုင် ဖြစ်နေရလေသည်။
သို့သော် သူ၏အသင်းသည် သူ့မျက်စိအောက်၌ပင် အမဲဖျက်ခံရခြင်းက ပစ်ကာရင်းအား များစွာ တုန်လှုပ်ခြောက်ခြားသွားစေ၏။ သူ၏ ဘဝင်နှင့် မာနများ ဖြည်းဖြည်း ပြိုကျလာနေပြီဖြစ်သည်။
ပွဲ၏ ဒုတိယပိုင်းမှာ နော့တ်စ်ကောင်တီ၏ သရုပ်ပြပွဲ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ လုဖ်သည် ပထမပိုင်းအပြီး၌ပင် လူစားလဲလှယ်ခွင့် သုံးခုစလုံးကို အသုံးပြုကာ အသင်း၌ အတွေ့အကြုံ အနည်းဆုံးသော ကစားသမားများအား ထည့်သွင်းလိုက်သည်။
ဒါဘီကောင်တီနည်းပြ ဂျွန် ဂရက်ဂိုရီ (John Gregory) မှာ သူ၏အသင်းသားများအား စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။ သူ၏အသင်းသည် ပြိုင်ဘက်အား ယှဉ်နိုင်စွမ်းမရှိ။ ယခု အခြေအနေ၌ သူ့ထံတွင် မည်သည့် နည်းဗျူဟာမျှ ထွက်မလာတော့။ ထွက်လာလျှင်ပင် ကစားသမားများ အကောင်အထည်ဖော်နိုင်ကြတော့မည် မဟုတ်ပေ။ ဒါဘီကစားသမားများ၏ စိတ်ဓာတ်များ အလုံးစုံ ပြိုလဲသွားပြီဖြစ်လေသည်။ သူ့အနေနှင့် ဘာမှမတတ်နိုင်တော့ပြီ။
သူ၏ ရှေ့မှ နည်းပြဟောင်း ကောလင်း တော့ဒ် (Colin Todd) မှာ ၉၈ ရက်သာ နည်းပြပြီး ထုတ်ပယ်ခံခဲ့ရသည်။ ယခု သူ့အလှည့်ကျလာတော့မည်လား မသိနိုင်ချေ။ ပွဲမတိုင်မီက လေတလုံး မိုးတလုံးဖြင့် လိဂ်ဝမ်းတခုလုံးကို ရန်သူဖြစ်အောင် လုပ်ခဲ့သော ဥက္ကဌဖြစ်သူမှာ သူ၏အရှက်ရမှုကို နည်းပြထံ ပုံချလာရန် အလွန်ရာခိုင်နှုန်း များနေ၏။
ဒုတိယပိုင်းတွင် နော့တ်စ်ကောင်တီမှ ပွဲကို ထိန်းလိုက်ပြီဖြစ်သည်။ သို့သော် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီဖြစ်သော ဒါဘီမှာ အဖတ်ဆည်၍ မရတော့ပြီ ဖြစ်လေသည်။ အရံခုံမှ ထလာသူ မာရှေယာနိုမှာ အလွန်ကံကောင်းသည်ဟု ဆိုရပေမည်။ သူတဦးတည်း နှစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ကာဗယ်လ်ဟိုက ထောင့်ကန်ဘောမှ ခေါင်းတိုက်၍ တဂိုးသွင်းယူကာ ၀:၈ ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။
ထိုရလဒ်မှာ ကြားရသူအပေါင်းအား ဆွံ့အသွားစေလေ၏။ နော့တ်စ်ကောင်တီ၏ ခြေစွမ်းမှာ များစွာကောင်းမွန်ကြောင်း သိရှိထားကြသော်လည်း ဒါဘီကောင်တီမှာ လိဂ်ဝမ်းကဲ့သို့ အဆင့်မျိုး၌ အသင်းငယ်လေး တသင်းဟု မယူဆနိုင်ပေ။ လိဂ်ဝမ်း၏ ထိပ်တန်းအသင်းများထဲတွင်ပင် ထည့်သွင်းနိုင်သော အသင်းဖြစ်သည်။ ထိုကဲ့သို့ အသင်းတသင်းအား အဝေးကွင်းတွင် ဤမျှ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်သည်မှာ မယုံချင်စရာပင် ကောင်းနေသည်။
ပွဲအပြီးတွင် မီဒီယာများမှာ ပစ်ကာရင်းအား အင်တာဗျူးရန် အလုအယက် ကြိုးစားကြလေတော့သည်။ ဤကဲ့သို့ အိမ်ကွင်း၌ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရအပြီးတွင် လွန်စွာ လေကြီးသော ဥက္ကဌကြီး မည်သို့ ဖြေကြားမည်ကို သတင်းထောက်များ သိလိုလှပြီ ဖြစ်လေသည်။
***