သတင်းထောက်များမှာ ပစ်ကာရင်းအား ဝိုင်းဝန်းမေးမြန်းကြသော်လည်း ၎င်းမှာ ကလပ်တာဝန်ရှိသူများ အကူအညီဖြင့် လူအုပ်ကြားမှ တိုးထွက်၍ ကားပါကင်သို့ တိုက်ရိုက်ထွက်ခွာသွားလေ၏။ နောက်ဆက်တွဲ ကြားရသော သတင်းများအရ အသက် ၇၀ အရွယ် အဘိုးအို ပစ်ကာရင်းမှာ ပွဲအပြီးတွင် ဆေးရုံသို့ တိုက်ရိုက်သွားရောက်ကာ ဆေးစစ်မှု ခံယူခဲ့ရသည်ဟု ဆိုပေသည်။ သို့သော် ဒါဘီကောင်တီဘက်မှ ထိုသတင်းအား အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။
ပြိုင်ဘက်အသက်း ဥက္ကဌအား ပွဲပြီးပြီးချင်း ဆေးရုံ ရောက်သွားရအောင် အနိုင်ယူခဲ့ခြင်းမှာ ၈ ဂိုးသွင်းနိုင်ခြင်း ထက်ပင် ပိုမို ချိုမြိန်လေသည်။
သို့သော် ဒါဘီ၏ ဒုက္ခမှာ အစပင်ရှိသေးသည်။ နော့တ်စ်ကောင်တီ၏ နောက်တွင် အခြားအသင်းများကလဲ အံတကြိတ်ကြိတ်ဖြင့် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ သို့ဖြစ်၍ ဒါဘီကောင်တီ၏ နောင်လာမည့်အမှတ်ပေးပွဲ ငါးပွဲဆက်တိုက် ထပ်မံရှုံးနိမ့်ရခြင်းမှာ နောက်ကိစ္စပင်ဖြစ်လေသည်။
ဒါဘီကောင်တီအား အနိုင်ရရှိပြီးနောက် နော့တ်စ်ကောင်တီသည် အမှတ်ပေးဇယားတွင် ရမှတ်အရရော ဂိုးကွာခြားချက်အရပါ အငြင်းပွားဖွယ်မရှိ ပြတ်သားစွာ ဦးဆောင်ထားပြီဖြစ်သည်။ သို့သော် နော့တ်စ်ကောင်တီ၏ အမှန်တကယ် စာမေးပွဲမှာ နောက်တပတ်တွင် ယှဉ်ပြိုင်ရမည့် ပွဲပင်ဖြစ်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။
ရှေ့အပတ်တွင် ရင်ဆိုင်ရမည့် အသင်းမှာ ဒါဘီနှင့်အတူ တန်းဆင်းလာသော လက်စတာစီးတီးပင်ဖြစ်၏။ လက်စတာစီးတီးသည် လိဂ်ဝမ်းတွင် လေးပွဲကစားပြီးချိန်၌ သုံးပွဲနိုင် တပွဲသရေ ရလဒ်ဖြင့် နော့တ်စ်ကောင်တီထက် ၂ မှတ်လျော့ကာ အမှတ်ပေးဇယား အဆင့် ၂ တွင် ရပ်တည်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပရီးမီးယားလိဂ်ထံ ပြန်လည်တန်းတက်ရန် ကြိုးပမ်းနေသော အင်အားကောင်းသည့် အသင်းတသင်းအား အနိုင်ယူနိုင်ခဲ့ပါက နော့တ်စ်ကောင်တီသည်လည်း ပရီးမီးယားလိဂ်သို့ ခြေချရန် အစွမ်းရှိသည့် အသင်းတသင်းဟု မှတ်ယူရပေလိမ့်မည်။
စင်စစ်တွင် ဒါဘီကောင်တီအား ၀:၈ ဖြင့် အနိုင်ယူခဲ့သော ရူးသွပ်လောက်ဖွယ် ခြေစွမ်းအား မြင်တွေ့ထားသည့် ပရိသတ်များမှာ နော့တ်စ်ကောင်တီ၏ စွမ်းရည်အား အသိအမှတ်ပြုပြီးဖြစ်သည်။ ထို့ကြောင့်ပင် ယခုပွဲမှာ နော့တ်စ်ကောင်တီဘက်မှ များစွာ အလေးသာနေ၏။ အထူးသဖြင့် နော့တ်စ်ကောင်တီက အိမ်ရှင်အသင်းဖြစ်၍လည်း အနိုင်အတွက် ပိုမို အလေးသာထားခြင်းဖြစ်သည်။
ရာသီကြိုကာလတွင် လက်စတာမာကျူရီ သတင်းစာ၏ နော့တ်စ်ကောင်တီအပေါ် စွပ်စွဲမှုများအား ဒေးဗစ် မေ့မထားပေ။ လက်စတာမာကျူရီ၏ အခြေအနေမှာ ရောင်းအားကျဆင်းနေဆဲ ဖြစ်သော်လည်း အဓိက လက်သည်တရားခံဖြစ်သော လက်စတာစီးတီးမှာ ပန်းပန်လျက်ပင်ဖြစ်၏။ ထို့အတွက် ဒေးဗစ် လုံးဝစိတ်ကျေနပ်မှု မရှိပေ။ သူသည် သူ၏ ခွန်အားသက်သက်ဖြင့် ပြိုင်ဘက်အား အနိုင်ယူလိုသူ ဖြစ်သည်။ သို့အတွက် အခြားသူများကဲ့သို့ ညစ်ပတ်သော နည်းလမ်းဖြင့် မတုံ့ပြန်လိုပေ။
လူထုအား မီဒီယာမှတဆင့် ထိန်းချုပ်လိုသော ဆန္ဒများ ဒေးဗစ်၏ရင်ထဲ၌ ပြန်လည်ပေါက်ဖွားလာပြန်လေသည်။ ဤသည်မှာ အင်အားကြီး နိုင်ငံများမှ အင်အားနည်းပါးသော နိုင်ငံများ၏ ပြည်သူများကို မီဒီယာ လက်နက်ဖြင့် ထိန်းချုပ်ထားသကဲ့သို့ပင် ဖြစ်သည်။ သူ့အနေဖြင့် ပရိသတ် စိတ်ဝင်စားမှုရော လေးစားမှုပါ ရရှိထားသည့် သတင်းတိုက် တခုအား ဝယ်ယူရန် များစွာ စဉ်းစားတွေးတောနေပြီ ဖြစ်လေသည်။ သို့သော် ယခု မိမိ၏ ရှေ့တွင်ရှိသည့် လက်စတာအား ဦးစွာ သင်ခန်းစာ ပေးရဦးမည်ဖြစ်၏။
လက်စတာစီးတီးအား ဒါဘီကောင်တီကဲ့သို့ ၈ ဂိုးသွင်းယူနိုင်လျှင်ပင် သူ့အနေဖြင့် စိတ်ကျေနပ်နိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့အား ကွင်းထဲတွင် အမဲဖျက်သည်ထက် ပိုသော တစုံတခု လုပ်မှရမည်ဟု ဒေးဗစ် တွေးမိလိုက်သည်။
လက်စတာစီးတီး … လက်စဝာာစီးတီး
ဒေးဗစ်တီးတိုးရေရွတ်ရင်း သူ၏ဦးနှောက်အား အလုပ်ပေးနေ၏။ အံ့အားသင့်ဖွယ်ရာ ၂၀၁၅-၁၆ ဘောလုံးရာသီမှ လွဲ၍ ထိုအသင်း၏ အကြောင်းကို အခြားတစုံတရာမှ မသိချေ။
ဗာဒီ (Vardy)၊ မာရက်ဇ် (Riyad Mahrez)၊ ကန်တေ (N’golo Kante)၊ ဒရင့်ခ်ဝါးတား (Danny Drinkwater)၊ ရှမိုက်ကယ် (Kasper Schmeichel) စသူတို့မှာ အနာဂတ် လက်စတာစီးတီး၏ သူရဲကောင်းများ ဖြစ်လာကြမည်ဖြစ်သည်။
ဗာဒီမှာ နော့တ်စ်ကောင်တီ၏ အကယ်ဒမီသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့အနေဖြင့် အခြားသူများကိုပါ ကြိုတင်ခေါ်ယူထားမည်ဆိုပါက သိပ်မဆိုးလှပေ။ အီတလီနည်းပြကြီး ရေနီယာရီ မည်မျှပင် ကောင်းလွန်းနေပါစေ၊ ထိုကစားသမားများ မရှိခဲ့ပါက လက်စတာသည် ထိုအချိန်တွင် မည်သည့် အံ့ဖွယ်ကိုမျှ လုပ်ပြနိုင်တော့မည် မဟုတ်။
{၂၀၁၅-၁၆ ဘောလုံးရာသီတွင် လက်သတာစီးတီးသည် အံ့အားသင့်ဖွယ်ရာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပြီး အထက်ပါကစားသမားများမှာ ချန်ပီယံ လက်စတာ၏ အဓိက ကစားသမားများ ဖြစ်ကြပါသည်။ နည်းပြချုပ်မှာ ရေနီယာရီ ဖြစ်ပါသည်။ ဘာသာပြန်သူ}
အတွေးများနေသော ဒေးဗစ်၏ ခေါင်းထဲသို့ အမည်တခု ရောက်ရှိလာသည်။ ထိုအမည်မှာ စတိဗ်ဝဲလ်ရှ် (Steve Walsh) ဖြစ်၏။
လက်သတာစီးတီး၏ ၂၀၁၅-၁၆ ဘောလုံးရာသီအတွက် အဓိက ကစားသမားများအား ခေါ်ယူပေးခဲ့သူမှာ ထိုအချိန် လက်စတာ၏ လက်ထောက်နည်းပြ တဖြစ်လဲ ကင်းထောက်ချုပ် အဖြစ်လုပ်ကိုင်နေသူ စတိဗ်ဝဲလ်ရှ် ပင်ဖြစ်သည်။ အကယ်၍ စတိဗ် ဝဲလ်ရှ်အား ကြိုတင်ခေါ်ယူထားခဲ့ပါမူ လက်စတာစီးတီးသည် ဘာတခုမျှ ဖြစ်လာမည် မဟုတ်တော့ပေ။
ဒေးဗစ် ညစ်ကျယ်ကျယ် ပြုံးမိလိုက်သည်။
သို့သော် ယခုအချိန်တွင် ဝဲလ်ရှ်အား ခေါ်ယူနိုင်ရန် လွယ်ကူမည် မဟုတ်ပေ။ ဝဲလ်ရှ်သည် လက်ရှိတွင် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး၏ လူငယ်အကယ်ဒမီ၌ နည်းပြအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။ ဒေးဗစ်မှ ငွေကြေးပမာဏ များများဖြင့် ကမ်းလှမ်းလျှင်ပင်စတိဗ် ဝဲလ်ရှ် နော့တ်စ်ကောင်တီသို့ ရောက်ရန်မှာ သေချာဦးမည်မဟုတ်။ မည်သို့ဆိုစေ ဝဲလ်ရှ်သည် တချိန်တွင် လက်စတာ စီးတီးသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုသို့ မရောက်မီစပ်ကြားတွင် သူက ဦးအောင်ကြားဖြတ်လိုက်နိုင်ပါက အဆင်ပြေပြီဖြစ်လေသည်။
လက်ရှိပွဲအား ပြန်လည် အာရုံစိုက်ရပါလျှင် ဒေးဗစ်အနေဖြင့် များများစားစား ပြောစရာမရှိချေ။ အသင်းသည် အောက်ခြေအသင်းငယ်များအား ရှုံးနိမ့်လျှင်ပင် လက်ခံနိုင်သော်လည်း အဓိက ပြိုင်ဘက်ဖြစ်လာမည့်သူများအား အနိုင်ကန်နိုင်ရမည်ဖြစ်သည်။
ဤသည်မှာ ဒေးဗစ်မှ အသင်းအား တခုတည်းသော တောင်းဆိုမှုပင် ဖြစ်လေသည်။
နော်တင်ဟမ်ဖောရက်စ်၊ ဒါဘီကောင်တီ၊ လက်စတာစီးတီးနှင့် ရီးဒင်း စသည့် ရန်သူလေးသင်းအား နိုင်ကိုနိုင်ရမည်ဖြစ်၏။ အနာဂတ်တွင် ရန်သူ အသစ်များ တိုးလာနိုင်ချေ ရှိမရှိကိုမူ ဒေးဗစ်မသိချေ။
ဒေးဗစ် မည်သို့မျှမတောင်းဆိုလျှင်ပင် လုဖ်သည် ယခုပွဲအား အနိုင်ကန်မည်သာဖြစ်သည်။ ယူအီးအက်ဖ်အေ ဖလား ပွဲများ စတင်တော့မည် ဖြစ်သောကြောင့် အသင်းအနေဖြင့် ရမှတ်များများ စုဆောင်းထားရန် လိုအပ်သည်။ သို့မှသာ စစ်မျက်နှာနှစ်ခုအား စိတ်ချလက်ချ ရင်ဆိုင်နိုင်မည်ဖြစ်သည်။
နော့တ်စ်ကောင်တီဘက်မှ ပွဲအား ဂရုတစိုက် ပြင်ဆင်နေသည့် အချိန်တွင် လက်စတာစီးတီးဘက်မှလည်း ငြိမ်ချက်သားကောင်းနေလေသည်။ ပြင်ပတွင် ၎င်းတို့နှစ်သင်း ဆုံတွေ့ကြမည့်ပွဲအတွက် မည်မျှ လှုံ့ဆော်နေကာမူ လက်စတာ၏ အပြုအမူမှာ သူတို့နှင့် မဆိုင်သည့်အလားပင် ဖြစ်လေသည်။
ဤသို့ဖြင့် မည်သည့်သတင်းလှုပ်ခတ်မှုမျှ ကြီူမားစွာမရှိဘဲ ပြိုင်ပွဲနေ့အထိ ရောက်ရှိလာပေသည်။
နော့တ်စ်ကောင်တီမှာ အိမ်ရှင်ဖြစ်သည်နှင့်အညီ ပွဲစတင်သည်နှင့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ လက်စတာဘက်သို့ ထိုးဖောက်လေတော့သည်။
လက်စတာဘက်မှ နော့တ်စ်ကောင်တီ၏ တိုက်စသ်ကို သတိကြီးစွာ ခုခံနေလေ၏။ သို့သော် လက်စတာ၏ ခံစစ်ကစားပုံမှာ ပွဲစတင်ကတည်းက ကြမ်းတမ်းသည့် စတိုင်ကို အသုံးပြုလာခြင်းဖြစ်သည်။ သို့သော် မည်သူမျှ အမှုမထားကြပေ။ လိဂ်ဝမ်းကဲ့သို့ အောက်တန်းလိဂ်များသည် ဘောလုံးပညာထက်စာလျှင် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အလေးပေးကြပြီး ဒိုင်များ၏ ပွဲထိန်းချုပ်ပုံမှာလည်း လျော့ရဲကြောင်း အများသိရှိထားပြီးဖြစ်သည်။
လိဂ်တူးမှ တက်လာခဲ့သော နော့တ်စ်ကောင်တီ ကစားသမားများမှာ ထိုသို့ ခပ်ညစ်ညစ်ကစားဟန်အား အသားကျနေပြီဟုပင် ဆိုရပေမည်။ ပြိုင်ဘက်မှ ပြစ်ဒဏ်များ ဖောဖောသီသီ ကျူးလွန်နေသော်လည်း နောက်တွန့်သွားခြင်း အလျဉ်းမရှိပေ။ တိုး၍ပင် တိုက်စစ်ဆင်လာကြခြင်းဖြစ်သည်။
အကယ်၍ ဤပွဲအား အနိုင်ကစားနိုင်ပါက အမှတ်ပေးဇယားငို ဦးဆောင်မှု ပိုမိုပြတ်သားသွားမည်ဖြစ်ပြီး ပြိုင်ဘက်အား အမဲဖျက်နိုင်ခဲ့ပါက သာ၍ပင် ကောင်းပေလိမ့်မည်။ နော့တ်စ်ကောင်တီ ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာမှာ ထိုသို့ဖြစ်လေသည်။
ပွဲချိန် ၁၆ မိနစ်တွင် ဒီနာတာလီက နော့တ်စ်ကောင်တီအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ဂိုးရဂှိပြီးနောက် နော့တ်စ်ကောင်တီ ကစားသမားများမှာ ပိုမို စိတ်အေးလက်အေး ရှိလာကြသော်လည်း တိုက်စစ်အဟုန်အား လျှော့ချခြင်း မရှိပေ။ သို့သော် လက်စတာစီးတီး၏ ပြစ်ဒဏ်ကျူးလွန်မှုများမှာ တဖြည်းဖြည်း သိသိသာသာ များပြားလာလေသည်။
အင်နီယက်စ်တာ၏ တောင်ပံမှ ထိုးဖောက်မှုအား လက်စတာမှ လူသီးသန့် လျှောထိုးဖျက်ထုတ်ပစ်ခဲ့သည်။ ဘောလုံးအား ထိရန်ပင် ဘောလုံးခြေထောက်ထဲ၌ရှိသော အနေအထားပင် မဟုတ်။ သို့သော် ဒိုင်သူကြီးမှာ သာမန်ပြစ်ဒဏ်ဘောဟုပင် မသတ်မှတ်ဘဲ ကြည့်၍သာနေလေသည်။
လက်စတာ ဧရိယာထိပ်နားတွင် ဒီရစ်ကော့ ဘောလုံးဆွဲယူလာသည့် အချိန်၌ လက်စတာ နောက်ခံလူမှ တံတောင်ဖြင့် ရိုက်လိုက်သောကြောင့် ဒီရစ်ကော့တယောက် နားထင်ကိုအုပ်၍ လဲကျသွားရသည်။ ဒိုင်သူကြီးမှာ ပြစ်ဒဏ်ဘော သတ်မှတ်ပေးသော်လည်း အနီကတ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်အား အဝါကဒ်ပင် ပြသခြင်းမရှိပေ။
မီရာလက်စ်က အမြင့်မှကျလာသော ဘောလုံးအား ထိန်းယူရာတွင် နောက်မှ သိသာစွာ ဆောင့်တွန်းခံရခြင်းကြောင့် မှောက်လျက်လဲကျသွားရသည်။ ပရိသတ်များပင် အုတ်အော်သောင်းတင်း ဖြစ်သွားရသော်လည်း ဒိုင်သူကြီးမှာ သာမန်ပြစ်ဒဏ်ဘောသာ သတ်မှတ်လိုက်လေသည်။
ပွဲကြည့်စင်တွင် ပရိသတ်များ၏ “ဘူး”ဟူသော အသံကြီးက ကျယ်လောင်လာပြီဖြစ်၏။ ယင်းမှာ ညစ်ပတ်စွာ ကစားနေသော လက်စတာ အသင်းသားများကိုသာမက ဒိုင်သူကြီးအတွက်ကိုပါ ရည်ရွယ်ခြင်းဖြစ်လေသည်။
ယနေ့ပွဲ၏ ဒိုင်သူကြီးသည် အဝါကဒ် အနီကဒ်များ မေ့ကျန်နေခဲ့ပါသလော။
ပွဲ၏ အခြေအနေကို ကြည့်ရင်း လုဖ် မျက်မှောင်ကြုံ့လာတော့သည်။ အတိုင်းဆက်သွား၍ မဖြစ်ပေ။ ပြိုင်ဘက်အသင်းက ဤမျှ ညစ်ပတ်နေသည်ကိုပင် ပြစ်ဒဏ်မချမှတ်ပါက မိမိကစားသမားများ ဒဏ်ရာအပြင်းအထန် ရရှိသည်အထိ ကျူးလွန်ခံရရန် ရာခိုင်နှုန်း များလာပြီဖြစ်သည်။
ထို့ကြောင့် စတုတ္ထဒိုင်အား စောဒကတက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လုဖ်တယောက် စတုတ္ထ ဒိုင်အနားသို့ မရောက်မီမှာပင် ပွဲကြည့်စင်ပေါ်မှ ထိတ်လန့်တကြား အော်ဟစ်သံ ကြားလိုက်ရခြင်းကြောင့် ပွဲဆီသို့ ချက်ချင်း ပြန်လှည့်ကြည့်လိုက်မိသည်။
လုဖ်၏ မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
***