ကွင်းထဲတွင် အလွန်ဆိုမှာ ခြေကျင်းဝတ်ကိုကိုင်၍ မြေပြင်ပေါ်သို့ လဲကျနေ၏။ သူ၏ဘေးတွင် လက်စတာ ကစားသမားနှစ်ဦးမှာ လက်နှစ်ဖက်ဖြန့်၍ လွန်စွာရိုးသားသော မျက်နှာများ ပြုလုပ်ပြနေကြသည်။
လုဖ်သည် အဖြစ်အပျက်အား မမြင်လိုက်ရသော်လည်း လက်စတာဘက်မှ ဖောင်းဘောကျူးလွန်သည်မှာ သေချာကြောင်း ခြေထောက်နှင့် စဉ်းစားလျှင်ပင် လွဲမည်မဟုတ်ချေ။
နော့တ်စ်ကောင်တီဘက်မှ ကစားသမားများမှာ အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်ရှိ သွားကြလေသည်။
မီရာလက်စ်က လျှောထိုးဖျက်ထုတ်ခဲ့သည့် လက်စဝာာ ကစားသမားအား ဆောင့်တွန်းပစ်လိုက်သည်။ ပြီးခဲ့သည့်ရာသီက ကာလရှည် ပွဲပယ် ခံခဲ့ရခြင်းကြောင့်သာ သူ၏စိတ်ကို ကြိတ်မှိတ်ထိန်းထားခဲ့ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ထိုကစားသမားထံ မီရာလက်စ်၏ လက်သီးချက်များ အတွဲလိုက် ဝင်သွားပေလိမ့်မည်။
အခြားသော လက်စတာ ကစားသမားများ ရောက်ရှိလာကြပြီး ကျူးလွန်သူဖြစ်သော ၎င်းတို့၏ အသင်းဖော်အား နော့တ်စ်ကောင်တီ ကစားသမားများထံမှ ဝန်းရံ ခွဲထုတ်သွားကြသည်။
ဒိုင်သူကြီးမှာ အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း ရောက်ရှိလာပြီး အလွန်ဆို၏ ဒဏ်ရာအား စစ်ဆေးလိုက်သည်။ ထို့နောက် ဆေးအကူအညီအဖွဲ့အား ကွင်းထဲသို့ ဝင်လာရန် အချက်ပြလိုက်လေသည်။
လုဖ်မှာ သူ၏လက်ထဲမှ ရေဘူးအား မြေကြီးပေါ်သိုါ ဒေါသတကြီး ကိုင်ပေါက်ပစ်လိုက်ပြီး စတုတ္ထဒိုင်ဆီသို့ တရှိန်ထိုးပြေးဝင်သွားကာ အော်ဟစ်လေတော့သည်။
“အဲ့ဒီကောင်တွေ အဲ့လို ကစားနေတာ ကြာနေပြီ၊ မင်းတို့ မမြင်ကြဘူးလား၊ အခု ငါ့ကစားသမားကို ချိုးတဲ့အဆင့်အထိ ရောက်လာပြီ၊ မင်းတို့ ကွင်းလယ်ဒိုင်က လက်စတာကို မျက်နှာသာ ပေးတာ အရမ်းလွန်သွားပြီကွ၊ မင်းတို့ ဒီကိစ္စကို ရှင်း၊ ငါ အက်ဖ်အေကို ကျိန်းသေ စောဒကတက်မယ်”
ကွင်းထဲမှ အခြေအနေမှာ များစွာ ရှုပ်ထွေးနေလေပြီ။ အလွန်ဆိုအား ချိုးပစ်သော လက်စတာ ကစားသမားမှာ သူ၏ အသင်းဖော်များ အလယ်တွင် ရယ်မောလျက် ရှိ၏။ သို့သော် အလွန်ဆိုအနားတွင် ဝန်းရံမေးမြန်းနေကြသော နော့တ်စ်ကောင်တီကစားသမားများ၏ မျက်နှာများရုတ်ချည်း ပြောင်းလဲသွားကြသည်။ ထို့နောက် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများနှင့်အတူ နော့တ်စ်ကောင်တီ ကစားသမားများသည် ယခုပင် လူသတ်တော့မည့် မျက်နှာမျိုးဖြင့် လက်စတာ ကစားသမားများထံ ပြေးဝင်သွားကြလေသည်။ ပြစ်ဒဏ် ကျူးလွန်သော လက်စတာ ကစားသမားမှာ ခေတ္တ ကြောင်အမ်းသွားပြီးနောက် နွားရိုင်းများသဖွယ် ပြေးဝင်လာကြသော နော့တ်စ်ကောင်တီ ကစားသမားများအား ကြည့်ရင်း သူ၏မျက်နှာမှာ ဖြူဆုတ်သွားသည်။
သူ၏ အသင်းဖော်များ ဟန့်တားနေသည့် ကြားကပင် နော့တ်စ်ကောင်တီ ကစားသမားများသည် အတင်းတိုးထွက်၍ သူ့ထံ ရောက်ရှိလာလေသည်။ ထိုကစားသမားမှာ ဒိုင်သူကြီး၏ ရှေ့တွင် အပြစ်မရှိသကဲ့သို့ မျက်နှာမျိုး လုပ်ပြနေသော်လည်း သူ၏ မသိစိတ်ကို လိမ်ညာ၍ မရချေ။ ထို့ကြောင့် ဝိုင်းအုံလာသော နော့တ်စ်ကောင်တီ ကစားသမားများထံမှ ရုတ်တရက် ထွက်ပြေးလေတော့သည်။
ဒိုင်သူကြီးမှာ ခရာအား အဆက်မပြတ်မှုတ်၍ နှစ်ဘက် ကစားသမားများကို လူစုခွဲရန် ကြိုးစားနေရသည်။ စည်းကြပ်ဒိုင် နှစ်ယောက်မှာလည်း ကွင်းထဲသို့ ပြေးဝင် လာကြလေသည်။
ကွင်းထဲတွင် လိုက်တမ်းပြေးတမ်း ကစားပွဲ ဖြစ်နေသကဲ့သို့ ကွင်းဘေးစည်းတွင်လည်း အရံခုံမှ ကစားသမားများ လုံးထွေးသတ်ပုတ်တော့မည့်နှယ် ဖြစ်လာကြသည်။
ဒိုင်များနှင့် နှစ်ဘက်အသင်း တာဝန်ရှိသူများမှာ ပွဲအခြေအနေအား အတန်ကြာ ထိန်းသိမ်းလိုက်ကြရသည်။ ထို့နောက် ဒိုင်သူကြီးမှာ ပြစ်ဒဏ်ကျူးလွန်သူ လက်စတာ ကစားသမားအား တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်လိုက်လေသည်။ အခြားလက်စတာ ကစားသမား နှစ်ဦးနှင့် ဆောင့်တွန်းခဲ့သူ မီရာလက်စ်မှာလည်း အဝါကဒ် တကဒ်စီ ပြသခြင်း ခံလိုက်ရသည်။
ဒေးဗစ်မှ ကွင်းဘေးတွင် ဒေါသချောင်းချောင်း ထွက်နေရသည်။ သူသည်လည်း လက်စဝာာ နည်းပြဖွဲ့နှင့် သတ်ပုတ်တော့မည့်အတိုင်း လုံးထွေးအော်ဟစ်နေခဲ့ခြင်း ဖြစ်သည်။
ပွဲမှာ ပြန်လည် မစတင်သေးပေ။ ထမ်းစင်ဖြင့် ထုတ်လာသူ အလွန်ဆိုအား ကွင်းဘေးတွင် အသင်းဆရာဝန်မှ စစ်ဆေးနေသေးသည်။ လုဖ်နှင့် အခြားနော့တ်စ်ကောင်တီ ကစားသမားများမှာ မျက်စိပျက် မျက်နှာပျက်ဖြင့် ဆရာဝန်၏ ကနဦး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြရသည်။
“ခြေကျင်းဝတ် အရွတ်တွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်၊ အသေးစိတ်ကိုတော့ ဆေးရုံမှာ စစ်ဆေးပြီးမှ ပြောလို့ရမယ်၊ ဒါပေမယ့် အနည်းဆုံး နှစ်လလောက် နားရဖို့က သေချာတယ်”
လုဖ်များ ရုတ်တရက် အော်ဟစ်ဆဲရေးကာ ဘေးနားရှိ ရေဘူးအား ပိတ်ကန်ပစ်လိုက်သည်။ နော့တ်စ်ကောင်တီ ကစားသမားများမှာလည်း လက်စတာကစားသမားများအား တိုက်ခိုက်ရန် ထပ်မံ ပြေးထွက်သွားကြသောကြောင့် အသင်း၏ တာဝန်ရှိသူများက လိုက်လံ ထိန်းသိမ်းရပြန်လေသည်။
နော့တ်စ်ကောင်တီတွင် လက်ရှိမည်သည့်ကစားသမားက အရေးအပါဆုံး ဖြစ်သည် ဟူသည်ကို ပရိသတ်များထဲမှ ကလေးငယ်များအား မေးလျှင်ပင် အလွန်ဆိုဟု ဖြေကြမည်ဖြစ်သည်။ ယင်းမှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
လိုင်းအက် ကစားသမားများထဲမှ အခြားသူများ ဒဏ်ရာရရှိခဲ့ပါက ၎င်းနေရာ၏ အရံကစားသမားအား ထည့်သွင်းလိုက်ရုံပင် ဖြစ်သည်။ အသင်း၏ အနေအထားမှာ များစွာ ပြောင်းလဲမည်မဟုတ်။ သို့သော် အလွန်ဆိုမှာ အခြားကစားသမားများနှင့် မတူချေ။ သူ၏နေရာအား အစားထိုးရန် ခက်ခဲလှသည်။ မီရာလက်စ်၏ ကစားပုံမှာ ဘီတူးဘီ ဆန်ဆန်ဖြစ်သည်။ မီရာလက်စ်ထံ၌ ကွင်းလယ် စုဖွဲ့မှု စွမ်းရည် အတန်အသင့်ရှိသော်လည်း အလွန်ဆို၏ နေရာအား အစားထိုးနိုင်လောက်အောင် ကောင်းမွန်ခြင်းမရှိပေ။
အလွန်ဆို မပါဝင်ပါက နော့တ်စ်ကောင်တီ၏ အစွမ်းအစမှာ တဆင့်လျော့ကျသွားသည်ဟူ၍ပင် ဆိုနိုင်လေသည်။
ယူအီးအက်ဖ်အေ ဖလားပွဲ စတင်တော့မည်ဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲမှာလည်း အကြိတ်အနယ်ကာလသို့ တဖြည်းဖြည်း ရောက်ရှိလာလေပြီ။ ထိုအချိန်တွင် အလွန်ဆို ကာလရှည် အနားယူရမည့် ကိစ္စသည် နော့တ်စ်ကောင်တီအတွက် အပြင်းထန်ဆုံး ထိုးနှက်ချက်ပင် ဖြစ်လေတော့သည်။
လုဖ်အနေဖြင့် အလွန်ဆို ဒဏ်ရာရသည်ထက်စာလျှင် အသင်း အနိုင်မရသည်ကပင် ပို၍ ကောင်းလိမ့်ဦးမည်ဟု တွေးမိလေ၏။ ပြိုင်ဘက်သည် အလွန်ဆိုအား ရည်ရွယ်ချက်ရှိရှိ အနာတရဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လက်စတာသည် အလွန်ဆိုအား ရည်ရွယ်ချက်ရှိရှိ ရှင်းထုဝ်ခြင်း ဖြစ်ကြောင်း လုဖ် သဘောပေါက်လာသည်။ အလွန်ဆိုသည် နော့တ်စ်ကောင်တီ၏ အတွက် အဓိက ကွင်းလယ်အင်ဂျင်ဖြစ်သည်။ ၎င်းအား ရှင်းထုတ်နိုင်ခဲ့ပါက လိဂ်တွင် နော့တ်စ်ကောင်တီအနေဖြင့် သက်တောင့်သက်သာ ကစားနိုင်တော့မည် မဟုတ်ချေ။
တနည်းပြောရလျှင် လက်စတာသည် တပွဲအရှုံးခံ၍ နော့တ်စ်ကောင်တီအား ကာလရှည် ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်စေရန် လုပ်ဆောင်သွားခြင်းပင် ဖြစ်၏။ ဤသည်မှာ အလွန်ထိုက်တန်သော အလဲအလှယ်ပင် ဖြစ်လေသည်။
လုဖ်တယောက် အံကို တင်းတင်းကြိတ်၍ စဉ်းစားနေမိသည်။ လက်စတာ၏ အရှက်တရား ကင်းမဲ့ပုံမှာ ကမ်းကုန်နေပြီ ဖြစ်လေသည်။
ဒေးဗစ်၏ မျက်နှာမှာ မျိုးစုံ ပြောင်းလဲနေ၏။ တခဏအကြာတွင် သူ၏ မျက်နှာမှ ဒေါသအရိပ်အယောင်များ တဖြည်းဖြည်းကွယ်ပျောက်လာပြီး နည်းပြခုံတန်း၌ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်လေတော့သည်။ ယခုအချိန်၌ သူ၏ လက်ထဲတွင်သာ ပစ္စတိုတလက်ရှိနေပါက အလွန်ဆိုအား ပြစ်ဒဏ်ကျူးလွန်သူ လက်စတာ ကစားသမားကို ချက်ချင်း ပစ်သတ်မိပေလိမ့်မည်။ သူ၏ ဦးနှောက်ထဲတွင် ထိုကစားသမားအား စွဲမြဲစွာ မှတ်သားထားလိုက်ပြီ ဖြစ်၏။ ထိုသူ၏ ကစားသမားဘဝ လက်ကျန်အချိန်များ ချောမွေ့ခဲ့ပါက ဒေးဗစ်၏အမည်ကို ထိုကစားသမားအမည် ပြောင်းလဲ လိုက်ရုံပင် ရှိတော့သည်။
အက်ဖ်အေအား စောဒက တက်လျှင်လည်း ထူးခြားမည်မဟုတ်ချေ။ ဘောလုံးပွဲဟူသည် ဒဏ်ရာ ရတတ်ခြင်းရှိသည်။ ပြိုင်ဘက်သည် အလွန်ဆိုအား ရည်ရွယ်ချက်ရှိရှိ ပြစ်မှု ကျူးလွန်သာ် ဖြစ်စေ၊ မတော်တဆ ဖြစ်စေ အက်ဖ်အေမှ ဖျက်ထုတ်သည့် အတိုင်းအတာကိုပင် ကြည့်ရှု ဆုံးဖြတ်မည်သာ။ အလွန်ဆို၏ ခြေထောက်အား တမင် နင်းချိုးခြင်း မဟုတ်ပါက ထိုကစားသမားအတွက် သုံးပွဲပယ် ပြစ်ဒဏ်ထက် ပိုမို အချခံရမည် မဟုတ်။
ဤသည်မှာ လာလီဂါ၊ စီးရီးအေတို့နှင့် မတူညီသော အင်္ဂလိပ် ဘောလုံးလောက၏ အမှောင်ခြမ်းဖြစ်လေသည်။ ဒေးဗစ်၏ ယခင်ဘဝတွင် ကမ္ဘာ့အဆင့် ကစားသမား အတော်များများ အင်္ဂလန်သို့ လာရောက်ရန် ငြင်းဆန်ကြသည်မှာ အထူးအဆန်း မဟုတ်ပေ။ ပါရမီရှင် ကစားသမား မည်မျှလောက်အထိ ဒဏ်ရာကြောင့် ပျက်စီးခဲ့ရပါသနည်း။ ဒေးဗစ်အတွက် ပြောစရာ စကားမရှိတော့ပြီ။
ပွဲပြန်လည် စတင်ချိန်၌ နော့တ်စ်ကောင်တီမှာ အပြင်းအထန်ပေါက်ကွဲနေပြီ ဖြစ်၏။ လက်စတာအား ဘောလုံးစွမ်းရည်ဖြင့် အမှုန့်ချေရန် နော့တ်စ်ကောင်တီ တသင်းလုံး ကြိုးစားနေကြလေပြီ။
ကြည့်ရသည်မှာ လက်စတာစီးတီးသည် ကိစ္စတခု ပြီးမြောက် အောင်မြင်သွားသည့်နှယ် ဖြစ်သည်။ ကစားသမား အားလုံး ခံစစ်ဇုန်ထဲသို့ ဆင်းကာ နော့တ်စ်ကောင်တီ၏ တိုက်စစ်အား ခုခံ ကာကွယ်လျက်ရှိလေ၏။ ၎င်းတို့အနေဖြင့် ဂိုးပြတ် အမဲဖျက်မခံရလျှင် တော်ပြီဟု ယူဆထားသည့် ပုံစံမျိုးပင် ဖြစ်သည်။
လုဖ်သည် ကွင်းဘေးစည်းတွင် မျက်မှောင်ကြုံ့လျက်ရှိသည်။ သူ၏စိတ်ထဲတွင် တစုံတရာ လွဲချော်နေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် တိုက်စစ်ကို အားသွန်နေကြသော ကစားသမားများအား အရှိန်လျှော့ချ၍ ပွဲအား ပိုမို ထိန်းချုပ်ရန် အချက်ပြလိုက်သည်။ မည်သို့ဆိုစေ ဦးဆောင်ဂိုး ရထားခြင်းကြောင့် လိုအပ်သလို စီမံနိုင်ပေသည်။
သို့သော် အံ့အားသင့်ဖွယ်ရာပင် နော့တ်စ်ကောင်တီ ကစားသမားများသည် လုဖ်၏ညွှန်ကြားချက်ကို ပထမဆုံး အနေဖြင့် လိုက်နာခြင်းမရှိကြတော့ပေ။ လက်စတာဘက်သို့ ဆက်လက်၍ အပြင်းအထန် တိုက်စစ်ဆင်နေကြသည်။
လုဖ်သည် ကစားသမားများ၏ စိတ်ကို နားလည်သည်။ ၎င်းတို့သည် အလွန်ဆိုအတွက် ကလဲ့စားချေသည့် အနေဖြင့် ဂိုးပြတ်နိုင်ပွဲရယူလိုခြင်း ဖြစ်သည်။ ဤသည်မှာ ပရော်ဖက်ရှင်နယ် အကျဆုံး ကလဲ့စားခြေနည်းပင် ဖြစ်၏။ လုဖ်သည် သူ့အား နားမထောင်ကြသော ကစားသမားများကို အပြစ်တင်ရန် ခက်ခဲနေလေသည်။
သို့သော် သူ၏ စိတ်ခံစားချက်သည် လုံးဝ ကောင်းမွန်မနေပေ။ သူ့ရင်ထဲ၌ တစုံတရာ ထပ်မံဖြစ်ပွားလာနိုင်သည် ဟူသော အတွေးများ စိုးမိုးလျက်ရှိသည်။ အကယ်၍ ပြိုင်ဘက်၏ ပစ်မှတ်မှာ အလွန်ဆို တဦးတည်း မဟုတ်ပါက အဘယ်သို့ ရှိမည်နည်း။
အလွန်ဆိုအား ပြစ်ဒဏ်ကျူးလွန်သည့် ကစားသမားမှာ လက်စတာ၏ အဓိက ကစားသမား မဟုတ်ပေ။ ၎င်းသည် လူချရန် ရည်ရွယ်ချက် တခုဖြင့်သာ ပွဲထွက်လာခြင်းဖြစ်ကြောင်း တဖြည်းဖြည်းထင်ရှားလာသည်။
ထိုသို့ တွေးလိုက်မိပြီးနောက် လုဖ်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။ ကွင်းဘေးစည်းသို့ ရုတ်တရက် ပြေးထွက်သွားပြီး ကစားသမားများအား အစွမ်းကုန် အော်ဟစ်လေတော့သည်။ လုဖ်၏ ပုံစံမှာ ကွင်းထဲသို့ပင် ချက်ချင်း ပြေးဝင်သွားတော့မည့် ပုံစံဖြစ်၏။
သို့သော် သူနောက်ကျသွားလေပြီ။
ဘယ်တောင်ပံမှ ဘောလုံးကို ဆွဲပြေးလာသော အင်နီယက်စ်တာမှာ ဘေးမှ ကပ်ပါလာသော ရှနိုက်ဒါအား ဘောလုံးပေးလိုက်သည်။ သို့ရာတွင် ဘောလုံးအား ကန်လိုက်ပြီးပြီးချင်း လက်စတာကစားသမား၏ ပြင်းထန်သော လျှောထိုးဖျက်ထုတ်မှုကြောင့် အင်နီယက်စ်တာတယောက် လေထဲသို့ မြောက်တက်သွားရလေသည်။
ထိုအချိန်၌ ဘောလုံးအား လက်ခံယူမည့် ရှနိုက်ဒါမှာလည်း ဘောလုံးထိခွင့်ပင် မရလိုက်ချေ။ အခြား လက်စတာ ကစားသမားတဦးက ထပ်မံ လျှောထိုးဖျက်ထုတ်လိုက်၍ မြက်ခင်းပေါ်သို့ ပစ်ကျသွားလေတော့သည်။
နော့တ်စ်ကောင်တီ ကစားသမား နှစ်ဦး မြက်ခင်းပေါ်၌ လဲကျလျက်ရှိလေပြီ။
ပရိသတ်များမှာ ပွဲကြည့်စင်တခုလုံး သိမ့်သိမ့်တုန်သွားမတတ် အော်ဟစ်လိုက်ကြသည်။ များစွာသော အော်ဟစ်ဆဲရေးသံများ အကြားတွင် ကွင်းထဲသို့ ဝင်လုမတတ်ဖြစ်နေကြသော ပရိသတ်များလည်း မရှားပေ။ နော်တင်ဟမ် ရဲတပ်ဖွဲ့မှ ပွဲထိန်းရဲသားများမှာ အလွန်သတိကြီးစွာ စောင့်ကြည့်နေရလေ၏။
နော့တ်စ်ကောင်တီ ကစားသမားများမှာ အရူးအမူး ပြေးသွားကြလေသည်။ အလွန်ဆို၏ နေရာ၌ လူစားဝင်လာသူ မာရှေယာနိုမှာ ကျူးလွန်သူ လက်စတာ ကစားသမား၏ ခေါင်းကို ကိုင်ကာ မြက်ခင်းပေါ်သို့ ဖိချလိုက်သည်။
ကွင်းဘေး၌လည်း မိုးမီးလောင်လေပြီ။ လုဖ်သည် သူ၏စိတ်ကို မည်မျှချုပ်တည်းသည် ဖြစ်စေ မရတော့ပေ။ လက်စတာ အရံခုံတန်းဘက်သို့ ပြေးထွက်သွားကြသည့် အရံကစားသမားများနှင့်အတူ လိုက်ပါသွားပြီး လက်စတာ နည်းပြအား ရင်ဘတ်ချင်းပစ်တိုက်လိုက်လေသည်။
“မင်း ယောက်ကျား မဟုတ်ဘူးလားဟေ့ကောင်၊ မင်းက နည်းပြမဟုတ်ဘူးကွ၊ နည်းပြတွေကို နာမည်ဖျက်နေတဲ့ အရှုံးသမားပဲ၊ ဒီကိစ္စ လုံးဝ ပြီးမှာ မဟုတ်ဘူး၊ မင်းသိလားအရှုံးသမား၊ ဒီကိစ္စ လုံးဝမပြီးဘူးကွ”
***