လုဖ်၏ ဒေါသမှာ ရှားပါးလှသည်။ လက်စတာနည်းပြကိုသာမက စတုတ္ထဒိုင်ကိုပါ အော်ဟစ်ကြိမ်းမောင်းလေသည်။ သူ့အား ဒိုင်မှ အနီကဒ်ပြမည်မှာ ကျိန်းသေပြီဖြစ်ကြောင်း လုဖ် သဘောပေါက်ထားပုံရ၏။ အပြေးရောက်ရှိလာသော ကွင်းလယ်ဒိုင်မှာ လုဖ်၏ ရှားပါးဒေါသကို ခံရလေဝော့သည်။
“မင်း ဘာလုပ်ခဲ့သလဲ မင်းကြည့်စမ်း၊ မင်းကဒိုင်မဟုတ်ဘူးကွ၊ မင်းက အဲ့ဒီ သားသတ်သမားတွေနဲ့ ကြံရာပါ၊ ရွံဖို့ကောင်းတဲ့ကောင်သက်သက်ပဲကွ၊ မင်းသိလား ဟေ့ကောင်”
လက်ထောက်နည်းပြများ ဆွဲထားသည့်ကြားကပင် လုဖ်မှာ ကွင်းလယ်ဒိုင်ဖြစ်သူအား စားတော့ဝါးတော့မည့်အတိုင်း ကြိမ်းမောင်းနေလေသည်။ ကွင်းလယ်ဒိုင်မှာ မျက်နှာတခုလုံး ရဲတွတ်လျက်ရှိသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ လုဖ်အား အနီကဒ်ပြ၍ ထုတ်ပယ်လိုက်သည်။
ကွင်းတွင်းမှ ထွင်ခွာရန်အတွက် လက်ထောက်များမှ ဖြောင်းဖျနေစဉ် လုဖ်က ရုတ်တရက် ရုန်းထွက်ကာ လက်စတာနည်းပြထံ ပြေးသွားလိုက်သည်။ လက်ထောက်များက နောက်မှ လိုက်၍ ဆွဲကြရပြန်သည်။
“မင်းသိလား ခွေးမသား အရှုံးသမား၊ မင်း ဒီလို ညစ်ပတ်ပြီး အဆင်ပြေသွားမယ် ထင်နေလား၊ မင်းက နည်းပြမဟုတ်ဘူးကွ၊ မင်းဒီအတွက် ပြန်ပေးဆပ်ရအောင် ငါလုပ်ပြမယ်”
လုဖ်သည် လက်စတာနည်းပြ၏ မျက်နှာအား လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ကြိမ်းမောင်းနေ၏။ လက်စတာနည်းပြ၏ မျက်နှာာ အလွန်အရုပ်ဆိုး အကျည်းတန်စွာ ရှုံ့မဲ့နေသော်လည်း တဘက်သို့လှည့်ကား လုဖ်အား လစ်လျူရှုထားလိုက်သည်။
ဒိုင်အဖွဲ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသော နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများအား အချိန်အတော်ကြာ လူစုခွဲရလေသည်။
ထို့နောက် နော့တ်စ်ကောင်တီမှ ကစားသမား နှစ်ဦး အဝါကဒ်ပြခံလိုက်ရသည်။ ၎င်းတို့နှစ်ဦး၏ ဆွဲယမ်း တွန်းထိုးမှုများမှာ ဒိုင်များအရှေ့တွင် ဖြစ်သောကြောင့် ငြင်း၍မရချေ။ ဪှနိုက်ဒါအား လျှောထိုးဖျက်ထုတ်သူ လက်စတာ ကစားသမား မှာ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံလိုက်ရပြီး အခြား လက်စတာကစားသမား သုံးဦးအား အဝါကဒ်ပြလိုက်လေသည်။
ပွဲပြန်လည် စတင်ချိန်တွင် ပွဲမှာ ၁၁ ယောက် ၉ ယောက်ဖြစ်သွားပြီဖြစ်၏။ သို့သော် လုဖ်မှာ လုံးဝကျေနပ်ခြင်း မရှိပေ။ နိုင်ပွဲတပွဲဟူသည် ကစားသမားများ၏ ဒဏ်ရာနှင့် လဲလှယ်ရပါက နိုင်ပွဲမမည်တော့ပေ။
ယခုမူ အလွန်ဆိုသာမက အင်နီယက်စ်တာပါ ဒဏ်ရာ ရရှိသွားပြီ ဖြစ်သည်။ အသင်း၏ ဒေါင်ဒေါင်မြည် လိုင်းအပ် နှစ်ဦး ဒဏ်ရာရရှိသွားရခြင်းမှာ လုဖ်အတွက် များသွာ စိတ်ညစ်ညူးဖွယ်ပင် ဖြစ်လေသည်။
ကံကောင်းသည်က ရှနိုက်ဒါ၏ ဒဏ်ရာမှာ ပြင်းထန်မှုမရှိဘဲ ဆက်လက်ကစားနိုင်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက လူစားလဲလှယ်မှု သုံးခုစလုံးအား အသုံးပြုပြီး ဖြစ်ပေတော့မည်။
နော့တ်စ်ကောင်တီ ကစားသမားများမှာ အပြင်းထန်ဆုံး ပေါက်ကွဲမှုအား ပညသနေကြပြီဟု ပြောနိုင်လေသည်။ ၎င်းတို့သည် ဘောလုံးကိုသာ ကစားနေခြင်း ဖြစ်ပြီး ပြိုင်ဘက်အား ညစ်ပတ်ခြင်း မရှိခဲ့ပေ။ သို့သော် ပြိုင်ဘက်က ယခု ကမ်းကုန်အောင် ညစ်ပတ်လာခဲ့လေပြီ။ နော့တ်စ်ကောင်တီ ကစားသမားများ၌လည်း ပါးကိုက်လျှင် နားကိုက်မည်ဟူသော စိတ်များ ဖြစ်ပေါ်လာကြတော့သည်။
နော့တ်စ်ကောင်တီ ကစားသမားများမှာ လက်စတာစီးတီး၏ ဂိုးပေါက်အား ဗုံးကြဲသည့်နှင့် တဒိုင်းဒိုင်းကန်သွင်းလျက် ရှိကြလေသည်။ လက်စတာမှာ တန်ပြန်တိုက်စစ်အား စိတ်ပင် ကူးနိုင်ချေမရှိတော့။
မကြာမီပင် ရလဒ်မှာ ၃:၀ ဖြစ်သွားလေသည်။ ၂ ယောက်လျော့ လက်စတာအနေဖြင့် မည်သို့မျှ ပြန်လာရန် မရှိတော့။ ထို့အပြင် နေရာကျယ်သွားခြင်းကြောင့် လက်စတာမှ ထပ်မံ ညစ်ပတ်လိုလျှင်ပင် နော့တ်စ်ကောင်တီ ကစားသမားများအား ထိရန် ခဲယဉ်းသွားပြီ ဖြစ်လေသည်။
အကယ်၍ လက်စတာ၏ ရည်ရွယ်ချက် ရှိရှိ ဖျက်ထုတ်မှုများ အောင်မြင်လျှင်ပင် မည်သူ ဒဏ်ရာရရှိမည်မှန်း သေချာမည်မဟုတ်။ နော့တ်သ်ကောင်တီ ကစားသမားများမှာ ဒေါသစိတ်ကို ရှေ့တန်းတင်လိုက်ပြီဖြစ်၏။ ၎င်းတို့၏ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်နှင့် အားကစား စိတ်ဓာတ်များမှာ ယခုအချိန်၌ အငွေ့ပျံသွားကြလေပြီ။
လက်စတာဘက်မှ မီရာလက်စ်အား လျှောထိုး ဖျက်ထုတ်ပြန်သည်။ အသင့်ပြင်ထားပြီးဖြစ်သော မီရာလက်စ်က အစွမ်းကုန် ခုန်လိုက်ပြီး လျှောထိုးလာသော လက်စတာ ကစားသမား၏ ခန္ဓာကိုယ်အား ပြန်ကျလာသည့် အရှိန်ဖြင့် နင်းချလိုက်သည်။ ထို့နောက် စူးစူးဝါးဝါးဟစ်အော်၍ ထိုကစားသမားအပေါ်သို့ လူတကိုယ်လုံး ပစ်လှဲချလိုက်လေသည်။
ကွင်းအတွင်း ကစားသမား နှစ်ဦးလုံးထွေး လဲကျသွားကြပြီးနောက် မြက်ခင်းပေါ်တွင် လူးလှိမ့်၍ အော်ဟစ်နေကြလေသည်။ ဒိုင်မှ ဆေးအကူအဖွဲ့အား လျင်မြန်စွာဆင့်ခေါ်ကာ ထိုနှစ်ဦးအား ကွင်းတွင်းမှ အမြန် ထမ်းစင်ဖြင့် ခေါ်ထုတ်သွားစေလိုက်သည်။ ဖျက်ထုတ်သူ လက်စတာ ကစားသမားကိုလည်း အဝါကဒ ပြလိုက်လေသည်။
သို့သော် မီရာလက်စ်မှာ ကွင်းဘေးအရောက်တွင် ထမ်းစင်ပေါ်မှ ဆင်း၍ အနည်းငယ် စစ်ဆေးမှု ခံယူကာ ကွင်းတွင်းသို့ ပြန်ဝင်ရန် စောင့်ဆိုင်းနေလေသည်။ သူ၏ ခုန်နင်းခြင်းအား ခံလိုက်ရသေယ လက်စတာ ကစားသမားမှာ အသက်ရှုရန်ပင် မနည်းကြိုးစားနေရပြီး ဆေးအဖွဲ့မှ ချက်ချင်း အောက်ဆီဂျင် ပေးလိုက်ရသည်။ ကြည့်ရသည်မှာ နံရိုးကြွက်သား စုတ်ပြဲခြင်းမှသည် ကျိုးသွားသည်အထိ ဖြစ်နိင်နေပေသည်။
ကွင်းထဲသို့ ပြန်လည်ရောက်ရှိလာသော မီရာလက်စ်အား လက်စတာ ကစားသမားများမှာ ဒေါသတကြီး ကြည့်၍သာ နေကြရသည်။ သို့သော် သူတို့၏ မျက်လုံးများတွင် အနည်းငယ် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ မီရာလက်စ်၏ လုပ်ရပ်မှာ လျှောထိုးဖျက်ထုတ်သည်ထက်ပင် ပိုမို ခက်ခဲလေသည်။ လျှောထိုးလာသည့် ပြိုင်ဘက်အား ချိန်သားကိုက် အနာတရဖြစ်အောင် ပြန်လည်ပြုလုပ်၍ သံသယ အဖြစ်မခံရခြင်းမှာ ပါရမီနှင့် လေ့ကျင့်မှု မရှိလျှင် ဖြစ်နိုင်မည်မဟုတ်။ ဒဏ်ရာရသွားပြီး လူစားလဲလိုက်ရသည့် လက်စတာ ကစားသမား၏ ပုံစံအား အကဲခတ်ကြည့်ပါက သေးငယ်သော ဒဏ်ရာ မဖြစ်နိုင်ပေ။
လက်စတာကစားသမားများသည် ပြိုင်ဘက်မှ ဘောလုံးစွမ်းရည်ဖြင့် ယှဉ်ပြိုင်နေစဉ် တက်ကြွစွာ ညစ်ပတ်ခဲ့ကြသော်လည်း ပြိုင်ဘက်မှ ပြန်လည် ညစ်ပတ်လာချိန်၌မူ အနည်းငယ် တုန်လှုပ်သွားကြသည်။ ထိုကစားသမား၏ နေရာ၌ လူစားဝင်လာသူမှ ထိုအသင်းဖော်အား ခွဲစိတ်ရန် ဆေးရုံသို့ အရေးပေါ် ခေါ်သွားရပြီဖြစ်ကြောင်း သိရသောအခါ ပိုမိုထိတ်လန့် သွားကြလေသည်။
မီရာလက်စ်၏ အပြုအမူအား ဒေးဗစ် အနေဖြင့် မထောက်ခံလိုပေ။ သို့သော် ပြိုင်ဘက်မှာ လူညစ်ပတ်များ ဖြစ်သောကြောင့် မီရာလက်စ်အား အပြစ်တင်ရန် အကြောင်းမရှိတော့ပေ။
ထိုဖြစ်ရပ်အပြီးနောက် လက်စတာ၏ လူချမှုများ ရပ်တန့်သွားလေ၏။ အချို့သူများသည် လုပ်ရဲသော်လည်း မခံရဲကြခြင်းအား သေချာစွာ မြင်တွေ့ကြရခြင်းပင် ဖြစ်လေသည်။
လက်သတာ ကစားသမားများမှာ ခံစစ်ဧရိယာ၌ စုပြုံကာကွယ်လျက်ရှိကြပြီး ဂိုးကွာခြားချက် ထပ်မံမများပြားစေရန်ကိုသာ အာရုံစိုက်နေကြတော့သည်ယ သို့သော် နော့တ်စ်ကောင်တီ ကစားသမားများအား ဤမျှနှင့် လွယ်ကူစွာ အနိုင်ကျင့် ရပါမည်လော။ နော့တ်စ်ကောင်တီ၏ ကလဲ့စားမှာ အစပင် ရှိသေးသည်။
အသင်းတွင် ကန်ချက် ပြင်းထန်သူများ ဖြစ်ကြသော ရှနိုက်ဒါနှင့် မီရာလက်စ်တို့မှာ ပင်နယ်တီဧရိယာ၏ တဘက်စီတွင် နေရာယူထားလိုက်ကြသည်။ ထို့နောက် ရောက်ရှိလာသမျှ ဘောလုံးတိုင်းအား လက်သတာ ဂိုးဧရိယာအတွင်းသို့ ပြင်းထန်သော ကန်ချက်များဖြင့် တလုံးပြီးတလုံး ကန်ထည့်နေလေတော့သည်။ သူတို့နှစ်ဦးမှာ ဂိုးဆီသို့ ကန်သွင်းကြခြင်း ဖြစ်သော်လည်း ဂိုးခြင်း မဂိုးခြင်းအား စိတ်မဝင်စားကြချေ။
ပထမဆုံး ချက်ကောင်း ထိသွားရသူမှာ ရှနိုက်ဒါ၏ ကန်ချက်အား ပိတ်ဆို့သော လက်စတာ ကစားသမားတဦးဖြစ်သည်။ ပြင်းထန်သော ကန်ချက်က သူ၏ ဗိုက်ကို ထိမှန်သွားခြင်းကြောင့် မြက်ခင်းပြင်ပေါ်သို့ ခွေကျသွားကာ မျက်လုံများ အပြူးသားဖြင့် အသက်ရှုရန် ကြိုးစားနေရလေ၏။
လက်စတာကစားသမားများမှာ ကွင်းလယ်ဒိုင်အား ဝိုင်းဝန်းကန့်ကွက်ကြစဉ် ရှနိုက်ဒါမှာ မျက်နှာသေဖြင့် တွန်းဖယ်ကာ ဘောလုံးအား ဝင်ယူလိုက်သည်။
“သူ့ဖာသာသူ ဘောလုံးလမ်းကြောင်းထဲ ဝင်လာတာ မင်းတို့ မတွေ့ဘူးလား”
နောက်တကြိမ်တွင် မီရာလက်စ်၏ ကန်ချက်မှာ မသေမသပ်ဖြစ်သွားခဲ့ပြီး လက်စတာ နောက်ခံလူ၏ ဘေးမှပွတ်ကာ ဂိုးတွင်းသို့ ဝင်သွားလေသည်။ မီရာလက်စ်မှာ သူ၏ ကန်ချက်အား မကျေမနပ်ဖြစ်နေပုံရသည်။ အောင်ပွဲခံခြင်းပင်မရှိပေ။ အခြားနော့တ်စ်ကောင်တီ ကစားသမားကလည်း အောင်ပွဲမခံဘဲ မိမိကွင်းဘက်ခြမ်းသို့ အမြန်ပြန်လျှောက်လာကြလေသည်။
ပွဲမှာ ကြည့်ရှုနေရသူများအတွက် နားမလည်နိုင်ဖွယ် ဖြစ်လာလေသည်။ နော့တ်စ်ကောင်တီသည် ဂိုးပြတ်နိုင်နေသော်လည်း တိုက်စစ်ကိုသာ ဘီလူးစီးသကဲ့သို့ ကစားနေမြဲဖြစ်သည်။ လက်စတာဘက်မှ ဘောလုံးထိခွင့်ရခဲ့လျှင်ပင် ခဏတာသာဖြစ်ပြီး ဂိုးပြတ်ရှုံးနိမ့်နေသော လက်စတာ ကစားသမားများမှာ အချိန်ဆွဲခြင်းကိုပါ အသုံးပြုလာကြတော့သည်။
နော့စ်ကောင်တီသည် ဧရိယာထိပ်မှ အပြင်းကန်ချက်များကိုသာ သီးသန့်အသုံးပြုနေခြင်း ဖြစ်လေ၏။ လက်စတာ ကစားသမားများမှာ ဘောလုံးလမ်းကြောင်းအား ပိတ်ဆို့ကြရင်းနှင့်ပင် ပြင်းထန်သော ကန်ချက်များ ထိမှန်ခံကြရတော့သည်။
နော့တ်စ်ကောင်တီသည် ဂိုးသွင်းနေခြင်း မဟုတ်ပေ။ လူကို ဘောလုံးဖြင့် ပြင်းထန်စွာ ကန်နေခြင်းသာ ဖြစ်သည်။ လက်စတာ ကစားသမားများမှာ ဒိုင်သူကြီးအား စောဒကတက်လိုသော်လည်း မတတ်သာကြပေ။
ဘောလုံးပွဲတွင် ဘောလုံးအား မကန်ရန် တားမြစ်၍ မရနိုင်။ ဘောလုံးလမ်းကြောင်းအား မိမိ၏ ခန္ဓာကိုယ်နှင့် ပိတ်ဆို့ရမည့် အနေအထားသို့ ရောက်ရှိလာပါက ကန်သူအား အပြစ်တင်နိုင်မည် မဟုတ်။
ပထမပိုင်း အပြီးတွင် လက်စတာစီးတီး ကစားသမားများသည် ကွင်းတွင်းမှ ကြိုးတုပ်၍ အရိုက်ခံထားရသော ခွေးများသဖွယ် တယောက်ပြီးတယောက် လေးကန်စွာ ထွက်လာကြလေသည်။ မီးဒိုးလိန်း၏ ဂိုးဆိုင်းဘုတ်တွင် ၆:၀ ဟူသော ဂိုးရလဒ်အားအထင်သား မြင်နိုင်ပေသည်။ နော့တ်စ်ကောင်တီသည် ပထမပိုင်း တပိုင်းတည်းနှင့်ပင် နှစ်ယောက်လျော့နေသော လက်စတာစီးတီးအား ငရဲသို့ပို့လိုက်ခြင်းဖြစ်သည်။
အကယ်၍ လက်စတာစီးတီးကသာ နော့တ်စ်ကောင်တီ၏ အဓိက ကစားသမားများအား လူချသောနည်းလမ်းကို အသုံးမပြုခဲ့ပါက နော့တ်စ်ကောင်တီ နိုင်မည်ဖြစ်သော်လည်း ဤမျှ ဂိုးပြတ်မည်မဟုတ်ချေ။ လက်စတာသည် မရဲဘဲ ကျွဲပြဲစီးခဲ့ခြင်းသာ ဖြစ်လေသည်။
နော့တ်စ်ကောင်တီ ကစားသမားများ အဝတ်လဲခန်းသို့ အရောက်တွင် အလွန်ဆိုနှင့် အင်နီယက်စ်တာတို့၏ ဆေးစစ်ချက်အဖြေအား သိရှိလိုက်ရသည်။
အလွန်ဆို၏ ခြေကျင်းဝတ်ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ဘောလုံးပြန်လည် ကစားနိုင်ရန် ၃ လအထိ အနားယူရတော့မည် ဖြစ်၏။ အင်နီယက်စ်တာမှာ အလွန်ဆိုကဲ့သို့ ပြင်းထန်ခြင်း မရှိသော်လည်း ၃ ပတ်ခန့် အနားယူရမည် ဖြစ်လေသည်။
ဂိုးပြတ်အနိုင်ရလဒ်ကြောင့် မည်သည့် နော့တ်စ်ကောင်တီ ကစားသမားမျှ ပျော်ရွှင်နေခြင်းမရှိပေ။ အသင်းဖော်များအတွက် ကလဲ့စားချေရန် လက်စတာအသင်းရှိရာ အဝတ်လဲခန်းသို့ ချက်ချင်းပင် ပြေးသွားချင်နေကြခြင်း ဖြစ်လေသည်။
***