“ကလဲ့စားချေဖို့ နည်းလမ်းက အများကြီးရှိတယ်၊ အခု အန်ဒရေနဲ့ ဇာဘီး ဒဏ်ရာရသွားပြီ၊ အားလုံးခေါင်းအေးအေး ထားကြစမ်း ငါ့ညီတို့၊ ကလပ်ဘက်က ဒီမတရားမှုကို ငြိမ်ခံနေမှာမဟုတ်ဘူး”
လုဖ်မှာ ထုတ်ပယ်ခံရခြင်းကြောင့် လက်ထောက်နည်းပြ ဂီဒို ဘူးခ်ဝပ် (Guido Buchwald) က အသင်းသားများအား စိတ်အေးအေးထားရန် ဖျောင်းဖြနေရသည်။
စင်စစ်တွင် ကစားသမားများ ကိုယ်၌ကလည်း ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ရမည်ကို နားလည်ထားကြသည်။ အသင်းဖော်များ ဒဏ်ရာဖြင့် အနားယူရတော့မည် ဖြစ်သော်လည်း မိမိတို့ဘက်မှ စိတ်ခံစားချက်ကို ရှေ့တန်းတင်၍ ပြိုင်ဘက်နှင့် လုံးထွေးနေဆဲ ဖြစ်လျှင် ပို၍ပင် ဆုံးရှုံးမှု ရှိလာနိုင်သည်။ အကောင်းဆုံးမှာ ပွဲအား အပြည့်အဝ ထိန်းချုပ်ထားပြီး ပြိုင်ဘက်အား အရှက်တကွဲ အကျိုးနည်း ရလဒ်မျိုးဖြင့် အိမ်ပြန်စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
ကစားသမားများမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကြပြီး ၎င်းတို့၏ စိတ်အား မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ပြန်လည် ဆွဲယူလာနိုင်ကြလေသည်။
သူတို့အနေဖြင့် လက်စတာစီးတီးအား သမိုင်းတွင်လောက်သည့် အရှုံးမျိုးပိုင်ဆိုင်သွားရစေရန် ဖန်တီးပေးကြတော့မည်ဖြစ်သည်။ အင်္ဂလိပ်ဘောလုံးလောက၏ အရှက်တကွဲ အရှုံးများအကြောင်းတွင် လက်စတာစီးတီး၏အမည် ထိပ်ပိုင်း၌ ပါဝင်လာစေရန် လုပ်ဆောင်ပေးရပေလိမ့်မည်။
နော့တ်စ်ကောင်တီအသင်းသားများ၏ ရင်ထဲတွင် တိုက်ပွဲခေါ်သံများ ဆူညံလာပြီဖြစ်၏။
သို့သော် ဒုတိယပိုင်း ပွဲစ၍ ၁၀ မိနစ်တွင် ဒိုင်သူကြီးမှ ပွဲသိမ်းခရာ မှုတ်လိုက်လေသည်။ နော့တ်စ်ကောင်တီနှင့် လက်စတာစီးတီးတို့၏ ပွဲမှာ ပုံမှန်ထက်စော၍ ပြီးစီးသွားခဲ့ပြီဖြစ်သည်။
ပွဲအခြေအနေမှာ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်လေသည်။ ပြိုင်ပွဲအား ကြည့်ရှုသူမဟုတ်ပါက မည်သို့ဖြစ်သွားကြောင်း နားလည်မည်ပင် မဟုတ်ချေ။ ပြိုင်ပွဲတွင်း အနှောက်အယှက် တစုံတရာ ပေါ်ပေါက်လာသောကြောင့် ကွင်းလယ်ဒိုင်မှ ပွဲအား ရပ်နားလိုက်ခြင်းဟု ထင်မြင်နိုင်လေသည်။
အဖြစ်မှန်မှာ ထိုသို့မဟုတ်ချေ။
ဒုတိယပိုင်း ပြန်လည်စတင်သည်နှင့် နော့တ်စ်ကောင်တီမှာ နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ၈:၀ ဖြစ်သွားစေ၏။ ထို့နောက် ဒေးဗစ်ဗီလာနှင့် လက်စတာ ဂိုးသမား တဦးချင်းအတွေ့တွင် ဗီလာအား ဂိုးသမားမှ ဆွဲလှဲပစ်လိုက်သည်။
အနီကတ် + ပင်နယ်တီ
ဗီလာ၏ ပင်နယ်တီသွင်းဂိုးဖြင့် ၉:၀ ဖြစ်သွားလေသည်။ လက်စတာဘက်၌လည်း ကစားသမား ၈ ဦးသာ ကျန်ရှိတော့သည်။
နောက်တကြိမ် နော့တ်စ်ကောင်တီဘက်မှ တိုက်စစ်ဆင်လာရာတွင် ဂဏန်းနှစ်လုံး သွင်းဂိုး ဖြစ်တော့မည် ဖြစ်သောကြောင့် လက်စတာကစားသမားက ဘောလုံးအား လက်ဖြင့် ပုတ်ထုတ်ပစ်လိုက်သည်။
ရည်ရွယ်ချက်ရှိရှိ လက်ဖြင့်ထိခြင်း။
ဒိုင်သူကြီးမှ အဆိုပါ ကစားသမားအား အဝါကဒ်ပြားရော အနီကတ်ပြားပါ ပြ၍ ထုတ်ပယ်လိုက်ပြန်သည်။ ထိုအချိန်တွင်မှ ထိုကစားသမားမှာ သူ့ထံ၌ ပထမ အဝါကဒ်ရှိထားပြီး ဖြစ်ကြောင်း မှတ်မိသွားပုံရလေသည်။
လက်စတာဘက်မှ ၇ ယောက်သာ ကျန်လေတော့သည်။ လက်သတာ ကစားသမားများမှာ ဘာဆက်လုပ်ရမည်ကိုပင် မသိကြတော့ပေ။ ပွဲမှာ ထိုမျှ အခြေအနေအထိ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် ပြေးရန်မဆိုထားနှင့်၊ လမ်းပင်လျှောက်လိုခြင်း မရှိတော့။
သို့သော် နော့တ်စ်ကောင်တီ ကစားသမားများမှာ သက်ညှာမည့်ပုံစံ မရှိချေ။ အလွန်ဆိုနှင့် အင်နီယက်စ်တာမှာ ဆေးရုံ၌ လဲလျောင်းနေရပြီဖြစ်သည်။ ထို့အတွက် လက်စတာ၏ အရှက်တရားဖြင့် အသင်းဖော်များ၏ ဒဏ်ရာကို ဖြေသိမ့်ရန် စိတ်ပိုင်းဖြတ်ထားကြလေသည်။
နော့တ်စ်ကောင်တီ ကစားသမားများမှာ ယနေ့တွင် လိဂ်ဝမ်း၏ သွင်းဂိုးအများဆုံး နိုင်ပွဲစံချိန် တင်နိုင်တော့မည်ဟု ခံစားနေကြရသည်။ ဘယ်နှစ်ဂိုးအထိ သွင်းယူနိုင်မည်ကိုသာ မသိသေးခြင်း ဖြစ်လေသည်။
သို့သော် နော့တ်စ်ကောင်တီ ကစားသမားများ တိုက်စစ်ပင် မဆင်ရသေးခင် ပွဲပြီးဆုံးသွားလေတော့သည်။
လက်စတာ ကစားသမားများသည် နော့တ်စ်ကောင်တီက ၎င်းတို့အား အမဲဖျက်သည်ထက်ပိုသော အရှက်ခွဲခြင်းမျိုးဖြင့် ချေမှုန်းတော့မည် ဖြစ်ကြောင်း သိရှိသွားပြီဖြစ်၏။ ဤသည်ကို သူတို့အနေဖြင့် မခံစားနိုင်ပေ။ ထို့ကြောင့် ကွင်းလယ်တွင် ဘောလုံးတည်၍ ပြန်အစမှာပင် လက်စတာ အသင်းခေါင်းဆောင်မှ ဘောလုံးအား ကောက်ကိုင်ကာ ဒိုင်သူကြီးထံ နှစ်ဝါတနီ တောင်းခံလိုက်လေသည်။
ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် လက်စတာ၌ ကစားသမား ၆ဦးသာ ကျန်တော့ခြင်းဖြစ်သည်။
ဘောလုံးစည်းမျဉ်းအရ ပြိုင်ပွဲတွင် အသင်းတသင်းမှ ကစားသမား ၇ ဦးထက် လျော့နည်းသွားပါက ပွဲသိမ်းနိုင်ပေသည်။ စည်းကမ်းများအရ ခုနှစ်ဦးထက် လျော့နည်းသွားသော အသင်းမှာ ၃:၀ ဖြင့် အရှုံးပေးရမည် ဖြစ်ပြီး ထိုသို့လျော့နည်းသွားချိန်တွင် ပေးဂိုး ၃ ဂိုးထက်ပိုပါက ထိုအချိန်၌ ရှိသော ရလဒ်အတိုင်း ပွဲသိမ်းရမည် ဖြစ်၏။
သို့ဖြစ်၍ ဒုတိယပိုင်းပြန်စပြီး ဆယ်မိနစ်ကျော်မှာပင် နော့တစ်ကောင်တီမှာ ၉:၀ အနိုင်ရလဒ်ဖြင့် ပွဲပြီးဆုံးလိုက်ရပြီ ဖြစ်လေသည်။ နော့တ်စ်ကောင်တီ ကစားသမားများမှာ ထိုသို့ ဖြစ်ရခြင်းကို လက်မခံလိုကြပေ။ ညစ်ပတ်သော လက်စတာအား ဆက်လက် အမဲဖျက်သကဲ့သို့ ချေမွှပစ်ချင်နေသေးသည်။
ပွဲကြည့်စင်မှ ပရိသတ်များ၏ “ဘူး” ဟူသော အသံကြီးမှာ မီးဒိုးလိန်းကွင်းတခုလုံး ဟိန်းထွက်နေလေ၏။ သူတို့သည် ဤမျှ ရှက်စဖွယ် သူရဲဘောကြောင်မှုမျိုးကို မမြင်ဘူးချေ။
လက်စတာအသင်းသည် ပွဲပြီး သတင်းစာရှင်းလင်းပွဲအား တက်ရောက်ခြင်းမရှိဘဲ ချက်ချင်း ပြန်လည်ထွက်ခွာသွားလေ၏။ မည်သို့ပင်ဖြစ်စေ ၎င်းတို့အနေဖြင့် အက်ဖ်အေ၏ စုံစမ်းစစ်ဆေး အရေးယူမှုအား ခံရတော့မည်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲ မတက်သောကြောင့် တမှုတိုးလာလျှင်ပင် ပို၍ထူးမသွားချေ။
သို့ဖြစ်၍ ပွဲချိန်တွင်း ထုတ်ပယ်ခံရသော နော့တ်စ်ကောင်တီနည်းပြ ယိုအာချင် လုဖ် တယောက်သာ သတင်းစာရှင်းလင်းပွဲ တက်ရောက်လေသည်။
“ပွဲနဲ့ ပတ်သက်လို့ကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ၊ အရှက်အမဲ့ဆုံး ပွဲတပွဲဖြစ်ခဲ့ပါတယ်၊ လက်စတာစီးတီးဟာ သူတို့ရဲ့ လူပျက်တွေလို အရည်အချင်းကို ပြသပြီး အရှက်တရားကင်းမဲ့မှုရဲ့ အဓိပ္ပါယ်ကို အဆုံးစွန် ဖော်ကျူးသွားပါတယ်”
ပွဲစဉ်တလျှောက်လုံးအတွက် လုဖ်၏ ဒေါသများ ပေါက်ကွဲနေပြီဖြစ်၏။
“လက်စတာ စီးတီးဟာ နော်တင်ဟမ်ကို ဘောလုံးကန်ဖို့ လာတာမဟုတ်ပါဘူး၊ လူသတ်ဖို့ လာတာပါ၊ အခု ကျနော်တို့ ကစားသမားနှစ်ယောက် ဆေးရုံရောက်နေကြပြီ၊ ရာသီကုန်အထိ နားသွားရနိုင်တယ်၊ ကစားသမားဘဝပါ အဆုံးသတ်သွားနိုင်တယ်၊ ဒါဟလွန်အရုပ်ဆိုး အကျည်းတန်ပါတယ် ဆိုတာထက်တောင် ပိုတဲ့ ဖြစ်ရပ်တခုပဲ”
“အင်္ဂလိပ် ဘောလုံးလောကမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ယှဉ်ပြိုင်တာကို အသင်းတိုင်း သိထားပြီးသား၊ နော့တ်စ်ကောင်တီလည်း အဲဒါကို သိသလို လက်လည်း လက်ခံတယ်၊ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်တာဟာ မိုက်ရိုင်းတာ ညစ်ပတ်တာလို့ အဓိပ္ပါယ် ဖွင့်လို့မရဘူး၊ ပြိုင်ဘက်ရဲ့ ခြေထောက်ကို စိတ်ကြိုက် ချိုးလို့ရတယ်လို့ မဆိုလိုဘူး”
“ခင်ဗျားတို့ စဉ်းစားကြည့်၊ တယောက်ယောက်ရဲ့ ခြေထောက်ကို ချိုးပစ်လိုက်မယ်၊ ပြီးရင် အနီကဒ်နဲ့ နှစ်ပွဲ သုံးပွဲလောက် အပယ်ခံလိုက်မယ်၊ ပြီးတာနဲ့ ဘာမှ မဖြစ်ခဲ့သလို ဆက်ကစားမယ်၊ ရည်ရွယ်ချက်မရှိပါဘူးလို့တောင် ပြောဦးမယ်၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ဒါ အင်္ဂလိပ် ဘောလုံးလား”
“ဒီနေ့ လက်စတာ လုပ်သွားတာကို ကြည့်လိုက်၊ ပြိုင်ဘက်ကစားသမားတွေကို တယောက်ပြီးတယောက် လူချတယ်၊ ရည်ရွယ်ချက်ရှိရှိကို လုပ်တာ၊ ပြီးတော့ ဂိုးပြတ်ရှုံးရတဲ့အချိန်ကျ စည်းမျဉ်းတွေကို သုံးပြီး ရှောင်ထွက်သွားတယ်၊ ဒါ ပရော်ဖက်ရှင်နယ် ကလပ်အသင်းတသင်း လုပ်ရမယ့် ကိစ္စလား၊ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ လိဂ်တွေက အသင်းတွေတောင် ဒီလို မလုပ်ကြဘူးဗျ”
“ကျနော်တို့ ဒီပွဲရဲ့ အချက်အလက် အပြည့်အစုံကို အက်ဖ်အေဆီ တင်ပြထားပါတယ်၊ ဒီသားသတ်သမားတွေ အပြင်းထန်ဆုံး ပြစ်ဒဏ် ချမှတ်ခံရဖို့ မျှော်လင့်ပါတယ်၊ နောက်တခါ ဒီလို ကလိန်ကကျစ် မလုပ်ရဲလောက်အောင် ပြစ်ဒဏ်ချမှတ်ဖို့ သိပ်ကိုမျှော်လင့်ပါတယ်”
မီဒီယာများသည် လုဖ်၏ စကားများအား သတင်းစာများထက်၌ အလုအယက်ဖော်ပြကြလေသည်။ အညှီရှိပြီဖြစ်သောကြောင့် အင်္ဂလန်တနှံ့တလျားမှ ယင်ကောင်ကဲ့သို့ မီဒီယာများမှာ သတင်းများ စုံစမ်းထောက်လှမ်းကာ ယင်းပွဲ၏ ဖြစ်စဉ်များအား ဖြန့်ဝေကြလေတော့သည်။ မကြာမီပင် ထိုသတင်းသည် အင်္ဂလိပ်ဘောလုံးလောက တခုလုံးသို့ ပျံ့နှံ့သွားလေ၏။
ဘောလုံးပရိသတ်အများစုမှာ နော့တ်စ်ကောင်တီဘက်၌ စုပြုံရပ်တည်ကြလေသည်။ လက်စတာစီးတီးသည် ပွဲအား အရုပ်ဆိုး အကျည်းတန်စွာ ကစားသွားခြင်းဖြစ်ပြီး ယင်းမှာ အင်္ဂလိပ် ဘောလုံးလောကအတွက် အရှက်ရဖွယ်ရာပင် ဖြစ်၏။ ထိုသို့သော ကလပ်အသင်းအား ပြင်းထန်စွာ ပြစ်ဒဏ် ချမှတ်ရပေလိမ့်မည်။ သို့မဟုတ်ပါက အက်ဖ်အေကို ဖွဲ့စည်းထားရန်ပင် အကြောင်းမရှိတော့ပေ။
ယခုတကြိမ်တွင် အက်ဖ်အေပါ လှုပ်ခတ်သွားပြီဖြစ်သည်။ လုဖ်သည် လက်စဝာာစီးတီးအား ရှုတ်ချပြစ်တင်ရုံမျှမက အင်္ဂလိပ်ဘောလုံးကိုပါ ဝေဖန်သွားခဲ့သည်။ ပြစ်တင်မှု၏ တစိတ်တပိုင်းမှာ အက်ဖ်အေထံ တိုက်ရိုက်ပင် ဖြစ်လေသည်။
ထိုပွဲတွင် ဒိုင်သူကြီး၏ ကိုင်တွယ်ပုံအား လုဖ်မှ တိုက်ရိုက် ပြစ်တင်မှု မပြုလုပ်ခဲ့သော်လည်း ဘောလုံးပရိသတ်တိုင်း နားလည်သောအရာ ဖြစ်နေလေသည်။ ဒိုင်သူကြီးသည် အစပိုင်းမှာပင် လက်စတာ၏ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုများအား အဝါကဒ်ပြ၍ တားဆီးခဲ့ပါက ပွဲမှာ ထိုမျှ အခြေအနေဆိုးမည် မဟုတ်ပေ။
လုဖ်မပြောသော ဒိုင်သူကြီး ပြသနာကို မီဒီယာများက အသေးစိတ် ဝေဖန်ထောက်ပြကြလေသည်။ ထို့အတွက် အက်ဖ်အေမှာ ပိုမို မနိုင်မနင်း ဖြစ်လာရတော့သည်။
ထို့ကြောင့် အက်ဖ်အေမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ယင်းမှာ နော့တ်စ်ကောင်တီနှင့် လက်စတာအား အမှန်တကယ် စုံစမ်းရန်လော၊ ပရိသတ် စိတ်ကျေနပ်မှု ရရှိရန်လော မသိနိုင်သော်လည်း ထိုအဖွဲ့သည် တစုံတရာအား စုံစမ်းပြရတော့မည် ဖြစ်လေသည်။
လိဂ်ဝမ်း၏ ပွဲစဉ် ၆ မကစားမီ တရက်အလိုတွင် အက်ဖ်အေထံမှ စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ပြစ်ဒဏ်များ ပေါ်ထွက်လာလေတော့သည်။
လက်စတာအတွက်မူ နော့တ်စ်ကောင်တီနှင့် ပွဲတွင် ၎င်းတို့ ကြံစည်ခဲ့သမျှ အားလုံး ပျက်စီးသွားခြင်းဖြစ်လေသည်။ သူတပါးအား မီးကျီခဲဖြင့် ပစ်ပေါက်ရန် ကိုယ်တိုင် ဦးစွာ လက်အပူလောင်ခံရခြင်း၏ ဥပမာသဖွယ် ဖြစ်သွားလေ၏။
***