လုပေါင်သည် အိပ်မက်တစ်ခု မက်နေသည်။ အိပ်မက်ထဲတွင် သူသည် ကျောင်းပြန်တက်နေရပြီး သူတိတ်တခိုး ချစ်နေရသော နတ်မိမယ်လေးက သူ့ကို ချစ်ခွင့်ပန်ကာ ချွဲနွဲ့ပြီး ဖက်လှဲတကင်း နမ်းရှုပ်ရန်ပင် တောင်းဆိုနေသဖြင့် သူ အလွန်စိတ်လှုပ်ရှားနေမိသည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနတ်မိမယ်လေးမှာ သူ၏ ထိပ်ပြောင်ပြောင် ကျောင်းအုပ်ဆရာကြီးအဖြစ် ပြောင်းလဲသွားပြီး သူ့ကို လာဖက်ရန် ကြိုးစားနေသည်။
“သွားစမ်းးး”
လုပေါင်သည် မဆိုင်းမတွဘဲ လက်ဝါးဖြင့် ထိပ်ကိုရိုက်ချလိုက်တော့သည်။ ရိုက်ချက်ထိမှန်သွားပြီးနောက် ထိုထိပ်ပြောင်ပြောင်ကြီးမှာ အဘယ်ကြောင့် ဤမျှ နူးညံ့နေရသနည်းဟု သူတွေးမိသွားသည်။
“ဟင်...”
သူ ရုတ်တရက် နိုးလာပြီး မျက်လုံးပွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
သူ မြင်လိုက်ရသည်မှာ သားရဲတို့၏ ဘုရင်ဖြစ်သောကျားကြီးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်နေပြီး သူ၏လက်မှာ ကျားခေါင်းဘေးတွင် ရောက်နေ၍ ကျားကြီးမှာ ခေါင်းကို အနည်းငယ် စောင်းသွားရသည်။
“ပေါင်... မင်းနိုးပြီလား။”
လုပေါင် တစ်ယောက် အာခေါင်များ ခြောက်ကပ်သွားသည်။ သွားပြီ... သူ အိပ်မက်ထဲမှာ ကျားကြီးကို မှားပြီး ပါးရိုက်လိုက်မိသည်လား။
ကျားကြီး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရသည်မှာ သူရိုက်မိသွားတာဟုတ်ပုံရသည်။ ခေတ္တစဉ်းစားပြီးနောက် သူသည် ကျားခေါင်းကို အမြန်ပင် အသာအယာ ပွတ်သပ်ပေးလိုက်သည်။
“ ငါ ကျောင်းအုပ်ဆရာကြီးကို အိပ်မက်မက်တာ မဆန်းပါဘူး မင်းတို့ နှစ်ယောက်က အရမ်းတူလွန်းတာကိုး နှစ်ယောက်လုံးက ကျားတွေပဲလေ။”
Ocean Live Stream ပလက်ဖောင်း။ ရတနာနတ်ဘုရား ၏ အခန်းထဲတွင်...
ဤကျားကြီးသည် လုပေါင်ကို စိုက်ကြည့်နေသည်မှာ အတော်ပင် ကြာလှပြီဖြစ်ရာ ထိုင်လျက်ပင် အိပ်ပျော်သွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်မူ ပရိသတ်များမှာ ဗိုက်နာအောင် ရယ်မောနေကြသည်။
လူတိုင်းက လုပေါင် နိုးလာမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။ ကျားကြီး ထိုင်လျက် အိပ်ပျော်နေသည်ကို ကြည့်နေစဉ်မှာပင်...
အိပ်ပျော်နေသောလုပေါင်က ရုတ်တရက် ကျားကြီးကို ပါးရိုက်လိုက်သဖြင့် ကျားကြီးမှာ ကြောင်အသွားပြီးနောက် အံဩဖွယ် မျက်နှာပေး ဖြစ်သွားသည်။
“ဘုရားရေ... ဒီလောက် ကြောက်စရာကောင်းတဲ့ကျားကြီးကို ဘယ်လိုစိတ်နဲ့များ ရိုက်ရဲတာလဲ။”
“ဟားဟားဟား... ကျားကြီးက ပါးရိုက်ခံလိုက်ရလို့ ကြောင်သွားတာ ကြည့်ကြပါဦး။”
“Streamer တော့ သွားပြီ... သွားပြီ။”
“ရတနာနတ်ဘုရား နိုးလာပြီ။”
လုပေါင်၏ ရုတ်တရက် ပါးရိုက်လိုက်မှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံး ပွက်လောရိုက်သွားပြီး လက်ဆောင်များ တဖွဲဖွဲ ကြလာသည်။
တောရိုင်းကျားကြီးကို ပါးရိုက်ဝံ့သော Streamer မှာ တကယ်ပင် ရဲတင်းလှပေသည်။
လုပေါင်သည် သူ၏လက်ကို သတိထားကာ ပြန်ရုပ်လိုက်သည်။ ကျားကြီး၏ ဒေါသမျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး လုပေါင်ကို တစ်ချက်ကြည့်ကာ အိပ်ပျော်နေဆဲဖြစ်သော ကျားပေါက်လေးနှစ်ကောင်ဆီသို့ လှည့်သွားသည်။
သူ အချိန်ကို အမြန်စစ်ဆေးလိုက်သည်။
Check-in အောင်မြင်သွားပြီ။
သူသည် ၃ နာရီခွဲခန့် အိပ်ပျော်သွားခဲ့ပြီး ထူးခြားသော ဆုလာဘ်တစ်ခုကို ရရှိလိုက်သည်။
လုပေါင်က ဆုလာဘ်ကို နှိပ်၍ ကြည့်လိုက်သည်။
[စနစ်:] သားရဲဘုရင်၏ ဂူတွင် Check-in အောင်မြင်ပါသည်။
ဆုလာဘ်- ရွှေရောင်ကမ်းခြေရှိ စိုက်ပျိုးရေးမြေဧရိယာ ၂၀၀ခန့်။
ဤမြေကို လွှဲပြောင်းရောင်းချ၍မရပါ။ပိုင်ရှင်ကိုယ်တိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက်သာ အသုံးပြုနိုင်သည်။
တစ်ချိန်တည်းမှာပင် သူ၏ စနစ်အချက်အလက်များ ပြောင်းလဲသွားသည်။
ပိုင်ရှင်: လုပေါင်။
စွမ်းရည်: သားရဲတိရစ္ဆာန်များ၏ နှစ်သက်မှု +၁၀၀ (ရွှေရောင်အဆင့်)။
ကျွမ်းကျင်မှု: ဆရာကြီးအဆင့် ပုလွေ မှုတ်ခြင်း။
စနစ်သုံးပစ္စည်း: စူပါကောင်းကင်မျက်လုံး၊ ရွှေရောင်ကမ်းခြေ မြေအသုံးပြုခွင့် ဧရိယာ ၂၀၀ (စိုက်ပျိုးရေးမြေအဖြစ်သာ ကန့်သတ်ထားသည်)။
“တကယ်ကြီးလား။မြို့ပြဧရိယာထဲကရွှေရောင်ကမ်းခြေမှာ မြေဧရိယာ ၂၀၀ တောင်ရတာလား။”
လုပေါင် အံ့အားသင့်သွားသည်။ ထိုနေရာသည် ရွှေထက်ပင် တန်ဖိုးရှိသော နေရာဖြစ်သည်။ အကယ်၍ ထိုနေရာကို လေလံတင်မည်ဆိုပါက တစ်စတုရန်းမီတာလျှင် ယွမ်သောင်းဂဏန်းအထိ တန်ဖိုးရှိပေမည်။
ဧရိယာ ၂၀၀ ဆိုလျှင် စုစုပေါင်းတန်ဖိုးမှာ ယွမ်သန်းပေါင်း ထောင်ချီတန်ဖိုးရှိပေမည်။
သူ ခေါင်းထဲ မူးသွားသည်။ ဤစနစ်က ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျားဂူထဲတွင် Check-in တစ်ခါလုပ်ရုံဖြင့် သန်းပေါင်းများစွာ တန်ဖိုးရှိသည့်အရာကို ရလိုက်ခြင်းပင်။
နှမြောစရာတစ်ခုမှာ ထိုနေရာတွင် ပင်လယ်မြင်ကွင်းရ ဗီလာများ ဆောက်၍မရဘဲ စိုက်ပျိုးရေးအတွက်သာ အသုံးပြုရမည် ဖြစ်သည်။ သို့သော်လည်း ထိုနေရာသည် လူစည်ကားသော ခရီးသွားဇုန်ဖြစ်သဖြင့် စည်းစိမ်ဥစ္စာများစွာကို ဖန်တီးပေးနိုင်မည်မှာ အသေအချာပင်။
“ငါ ချမ်းသာပြီ ဟား ဟား..”
လုပေါင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ပေါင်ကိုပြန်ကို ရိုက်လိုက်သည်။
“ဝူးးး”
လေးလျောင်းနေသော ကျားမကြီးမှာ သူ၏ရိုက်သံကြောင့် ရုတ်တရက် လန့်နိုးလာပြီး အမွေးများ ထောင်သွားကာ သူ့ကို သတိဖြင့် လှည့်ပတ်ကြည့်နေသည်။ ပါးရိုက်ခံထားရသဖြင့် ကြောက်စိတ်ဝင်သွားပုံရသည်။
“ရပါတယ်... ဘာမှမဖြစ်ဘူးနော်။”
လုပေါင်သည် ပျော်ရွှင်စွာဖြင့် ကျားမကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ဤစနစ်သည် အလွန်အံ့ဩစရာ ကောင်းလှသည်။ စနစ်သည် သူ့ကို တစ်ခဏချင်းအတွင်းမှာပင် သူဌေးတစ်ဦး ဖြစ်စေခဲ့သည်။
လုပေါင်သည် ပစ္စည်းများကို သိမ်းဆည်းကာ ကျားပေါက်လေးတစ်ကောင်ကို ချီ၍ နဖူးကို နမ်းလိုက်သည်။ ကျားပေါက်လေးမှာ ကြောက်လန့်တကြား အော်ဟစ်နေသည်။
“ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပဲ နောက်မှ ထပ်တွေ့ကြတာပေါ့။”
လုပေါင်သည် ကျားဂူထဲမှ ထွက်လာခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ ပရိသတ်များမှာလည်း ကျားကြီး၏ ဖိအားပေးမှုမှ လွတ်မြောက်သွားသဖြင့် သက်ပြင်းချနိုင်ကြတော့သည်။
ထုတ်လွှင့်မှု စာရင်းဇယားကို စစ်ဆေးလိုက်သောအခါ Follower ၁.၀၄ သန်းအထိ ရှိနေသည်ကို တွေ့ရသည်။ Follower တစ်သန်းရှိသော Streamer မှာ အလွန်ကျော်ကြားသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
“အားလုံးပဲ... ထုတ်လွှင့်မှုအစီအစဥ်ကို ဒီမှာပဲ ခေတ္တရပ်ပါမယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ တိရစ္ဆာန်တွေ တွေ့ရင် ပြန်လာခဲ့ပါမယ်ခင်ဗျာ”
လုပေါင်သည် ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး သူ၏ မြေ ဧရိယာ ၂၀၀ ကို သွားကြည့်ရန်အမြန် ပြင်ဆင်တော့သည်။
သူ နောက်လှည့်ကြည့်လိုက်သောအခါ ကျားမကြီးက ဂူထဲမှ လိုက်ထွက်လာသည်ကို တွေ့ရသည်။ လုပေါင်က လက်ပြနှုတ်ဆက်လိုက်ပြီး အနာဂတ်တွင် ကျားမွေးမြူရန် စိတ်ကူးရှိလာပါက ပြန်လာနိုင်ရန် စနစ်မြေပုံပေါ်တွင် တည်နေရာကို မှတ်သားထားလိုက်သည်။
နောက်ထပ် Check-in တာဝန်က ဘယ်တော့လောက်လာဦးမလဲ။
အိမ်အပြန်လမ်းတွင် လုပေါင်သည် စနစ်မြေပုံကို ကြည့်လိုက်ရာ လမ်းကြောင်းနှစ်ခု တွေ့ရသည်။ တစ်ခုမှာ ၅၉ နာရီ လမ်းလျှောက်ရမည်ဖြစ်သည်။စနစ်က အကြံပြုထားသော လမ်းကြောင်းမှာ ၇၀ နာရီ ကြာမြင့်မည်ဖြစ်သည်။
၁၁ နာရီ ကွာခြားသည်။ သူသည် သားရဲတိရစ္ဆာန်များကို ကြောက်စရာ မလိုသဖြင့် ပိုတိုသောလမ်းကိုသာ ရွေးချယ်လိုက်သည်။
သူသည် နှစ်ရက်တိုင်တိုင် လမ်းလျှောက်လာခဲ့သည်။ ဗိုက်ဆာလျှင် ဟမ် စားသည်။ရေဆာလျှင် မြစ်ရေသောက်သည်။ငါးဖမ်း၍ ကင်စားသည်။သို့မဟုတ် တောသီးများ ရှာစားသည်။
“စနစ်... တောသီးတွေကို ရှာဖွေစစ်ဆေးပေးပါ။”
[စနစ်:] စစ်ဆေးနေပါသည်... အမည်မသိ တောသီး အဆိပ်မရှိပါ၊ ဗီတာမင်ကြွယ်ဝပြီး ချိုချဉ်အရသာရှိသည်။ ၎င်းသည် အစာစားချင်စိတ် မရှိခြင်း ရောဂါကို ကုသပေးနိုင်ပါသည်။
လုပေါင်သည် ထိုသတင်းကြောင့် အလွန်ဝမ်းသာသွားသည်။ သူ၏ ညီမလေးမှာ အနည်းငယ် ဝဖြိုးသော်လည်း အစာစားချင်စိတ် မရှိသည့် ရောဂါ အနည်းငယ် ရှိနေသောကြောင့် ဖြစ်သည်။ သူသည် ထိုအသီးများကို ခူးဆွတ်ကာ အမြစ်များကိုပါ တူးယူလိုက်သည်။ အိမ်တွင် ပြန်လည်စိုက်ပျိုးရန် ဖြစ်သည်။
“ဖုန်းးး”
လုပေါင် အမြစ်တူးနေစဉ် ရုတ်တရက် ခေါင်းကို တစ်ခုခုဖြင့် ထိမှန်သွားသဖြင့် နာကျင်သွားရသည်။ သူလှည့်ကြည့်လိုက်သောအခါ အဖြူရောင် ကြက်တူရွေး အကြီးကြီးတစ်ကောင်က သူ၏ခေါင်းပေါ်မှ ဖြတ်သန်းကာ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
ဘာလို့ ငါ့ကို လာတိုက်တာလဲ။
လုပေါင်သည် ထိုကြက်တူရွေးကြီးကို ကြည့်ကာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
***