ကြက်တူရွေးကြီးသည် အောက်သို့ ပြန်လည်ပျံသန်းလာပြီး လုပေါင်ကို တစ်ချက်ဆိတ်လိုက်သည်။ ထို့နောက် သူ၏လက်ကိုပါ လိုက်ဆိတ်နေသော်လည်း သူ့ကို ကြောက်ရွံ့ပုံမပြပေ။
ကြက်တူရွေးကြီးသည် အပင်အမြစ်ကို မတူးရန် သူ့ကို တားနေခြင်းလော။ သို့မဟုတ် ၎င်းနှစ်သက်သော အသီးဖြစ်နေ၍လော။
“တောက်... မင်းနော်”
လုပေါင် မျက်စိလှန်ကြည့်လိုက်သည်။ ကျားကြီးတောင် သူ့ကို ရန်မမူဝံ့တာ ဒီငှက်စုတ်လေးက သူ့ကို လာဆိတ်ရဲတယ်ပေါ့။ ဒါပေမဲ့ ကြည့်ရတာ ချစ်ဖို့ကောင်းနေလို့ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။
“ဂူး... တောက်... မင်းနော်”
ကြက်တူရွေးကြီးက ခေါင်းကိုမော့လိုက်ပြီး ပါးစပ်ဟလိုက်ချိန်တွင် လုပေါင် ဆွံ့အသွားရသည်။ အသံက စူးရှနေသော်လည်း ၎င်းပြောလိုက်သည့် အသံမှာ လုပေါင်၏ အသံအတိုင်းပင် ဖြစ်နေသည်။
၎င်းက သူ့အသံကို တုပနေခြင်းလော။ထိပ်တန်းအဆင့် ကြက်တူရွေးပဲ။
လုပေါင် မယုံနိုင်ဘဲ ကြည့်နေမိသည်။ ခေတ္တစဉ်းစားပြီးနောက် သူက
“ငါက သောက်ပေါ။
“ဂူး... ငါက လူသောက်ပေါ။”
လုပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤကြက်တူရွေးသည် ရိုးရိုးမဟုတ်ပေ။ စကားပြောရုံတင်မကဘဲ လေယူလေသိမ်းကိုပါ ထပ်တူတုပနိုင်စွမ်းရှိသေးသည်။
ကြက်တူရွေးသည် ခေါင်းကိုစောင်းကာ စဉ်းစားနေပြီးနောက် အခြားအသံများကို ဆက်တိုက် တုပလေတော့သည်။
“ကျိကျိ... ကျိကျိ..” (မျောက်သံ)
“ဆရာကြီး... ဂူး... ဒီမျောက်ဂူထဲမှာ ရတနာတွေ ရှိတယ်။ ငါတို့ ချမ်းသာပြီဟေ့။”
“ဂူး... ရွှေတွေရှိတယ်။”
“မြန်မြန်ပြေး... ပြေးကြတော့။ ဂူး... ဒါတွေက ရက်စက်တဲ့ မျောက်ဝံအုပ်တွေပဲ။ နှင်းလုံးလေး မြန်မြန်ပျံတက်တော့။ အားလုံးကို လွတ်အောင်ပြေးခိုင်းလိုက်။”
“အိုထျန်း... ကယ်ပါဦးးး အားးး”
မျောက်ဝံဟိန်းသံများ အမျိုးသားတစ်ဦး၏အသံအမျိုးသမီးတစ်ဦး၏အသံနှင့် စူးရှသောအော်သံများကိုကြက်တူရွေးကတုပလိုက်သောကြောင့် လုပေါင်ကြက်သီးများ ထသွားရသည်။ တစ်ချိန်တည်းမှာပင် နောက်ကျောမှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
[တီ... တီ...:] မတော်တဆတာဝန် ပေါ်လာပါပြီ။ မျောက်ဝံဖြူဂူတွင် Check-in လုပ်ပါ။
မျောက်ဝံဖြူဂူ။
ဤကြက်တူရွေးသည် ယခင်က သေဆုံးသွားသူတစ်ဦးဦး၏ အိမ်မွေးတိရစ္ဆာန် ဖြစ်ပုံရသည်။ ၎င်းသည် သူ့ကို မြင်သောအခါ အန္တရာယ်ရှိကြောင်း သတိပေးရန် ပျံသန်းလာခြင်း ဖြစ်နိုင်သည်။
သူ့အတွေးကို အတည်ပြုသည့်အလား။မျောက်ဝံဖြူကြီးတစ်ကောင်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။ ၎င်း၏လက်ထဲတွင် ဟောင်းနွမ်းနေသော မြေတူးဂေါ်ပြား တစ်ခုကို ကိုင်ထားပြီး လုပေါင်ကို အကဲခတ်၍ နေသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သစ်ပင်နောက်ကွယ်မှ သူ့ကို စောင့်ကြည့်နေသော ပိုကြီးသည့် မျောက်ဝံဖြူကြီး တစ်ကောင်ကိုလည်း ထပ်မံတွေ့လိုက်ရသည်။
ကြက်တူရွေးသည် တောင်ပံခတ်ကာ ပျံသန်းသွားရင်း...
“မြန်မြန်ပြေး... ပြေးကြတော့။”
နှင်းလုံးလေး ၏ သခင်မှာ ဤနေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လုပေါင်သည် အမည်မသိအသီး၏ အမြစ်ကို အိတ်ထဲသို့ အသာအယာထည့်ကာ မတ်တတ်ရပ်လိုက်သည်။ ဤမျောက်ဝံဖြူများက ဘာကြောင့် ဤမျှ ဒေါသကြီးနေရသနည်း။
သို့သော် သူ၏ ရွှေရောင်စွမ်းရည်မှာ အလွန်အစွမ်းထက်လှသည်။ ခေတ္တမျှ စောင့်ကြည့်ပြီးနောက် မျောက်ဝံဖြူများမှာ ရန်လိုစိတ်များ လျော့ပါးသွားကြသည်။ ၎င်းတို့သည် သူ့အနားသို့ လာရောက်ကာ လူသားတစ်ဦးကဲ့သို့ စူးစမ်းကြည့်နေကြတော့သည်။
အချို့မျောက်ဝံများက သူ၏ ကျောပိုးအိတ်ကို လုယူရန် ကြိုးစားကြသည်။ အခြားလူများ၏ အိတ်များကို ဖွင့်ကြည့်ဖူးသည့် အတွေ့အကြုံ ရှိပုံရသည်။
“ဒါ ငါ့ပိုင်တဲ့ဟာ”
လုပေါင်က ရှောင်လိုက်သည်။
လုပေါင်သည် Check-in လုပ်ရန် တာဝန်ရှိရာ ဧရိယာသို့ ရောက်ရှိသွားသည်နှင့် သူ၏ ကောင်းကင်မျက်လုံး ကင်မရာသည် အလိုအလျောက် ပွင့်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု စတင်လေတော့သည်။
ရက်အနည်းငယ်အတွင်း လုပေါင်၏ Follower အသစ်များမှာ အလွန်တိုးပွားနေသည်။ ဝံပုလွေဂူနှင့် ကျားဂူထဲတွင် အိပ်ခဲ့သော ထိုလူငယ်ကို လူတိုင်း စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
မျောက်ဝံဖြူနှစ်ကောင်ကို မြင်လိုက်ရသည်နှင့် ပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
“ဘုရားရေ... သူ ပျောက်သွားတာ နှစ်ရက်ရှိပြီ။အခုထိ တောထဲမှာရှိနေတာလား။”
“မျောက်ဝံဖြူတွေလား။ ကြည့်ရတာ တော်တော် ရက်စက်မယ့်ပုံပဲ။ လက်ထဲမှာ မြေတူးဂေါ်ပြားကြီးနဲ့ အိုးးး”
“ရတနာနတ်ဘုရားရေ... ပုလွေလေး မှုတ်ပြပါဦးလားဗျာ။”
လုပေါင်သည် ပရိသတ်များကို အာရုံမစိုက်နိုင်သေးပေ။ သူသည် မျောက်ဝံဖြူဂူရှိရာ လမ်းကြောင်းအတိုင်း တစ်လှမ်းချင်း လျှောက်နေသည်။ ဂူသည် သူနှင့် မီတာတစ်ထောင်ပင် မဝေးတော့ပေ။
ဤနေရာသည် မျောက်ဝံဖြူများ၏ နယ်မြေဖြစ်သည်မှာ သိသာလှသည်။ လမ်းတစ်လျှောက်တွင် ဖြူမျောက်ဝံ ၇ ကောင် ၈ ကောင်ခန့်ကို ထပ်မံတွေ့ရှိရသည်။
“ဂူးးးး”
ကြက်တူရွေး၏ အော်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
လုပေါင် မော့ကြည့်လိုက်ရာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ခြောက်ကပ်နေသည့် လူသေအလောင်းတစ်ခုကို တွေ့လိုက်ရသဖြင့် ကြက်သီးထသွားသည်။ ကြက်တူရွေးသည် ထိုအလောင်းဘေးတွင် နားကာ နှုတ်ဆက်သည့်အလား အော်မြည်နေသည်။
ဒါ သူ့၏သခင်ဖြစ်မည်လော။
လုပေါင် အနားသို့ သွားကြည့်လိုက်ရာ အလောင်းတွင် လက်သည်းရာကြီးများ ပြည့်နှက်နေပြီး လက်တစ်ဖက်မှာလည်း ဆွဲဖြုတ်ခံထားရသကဲ့သို့ ပျောက်ဆုံးနေသည်။ မျောက်ဝံဖြူများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်နိုင်သည်။
ကြက်တူရွေးက လုပေါင်ကို ငုံ့ကြည့်ကာ
“ပြေး... မြန်မြန်ပြေးးး ရက်စက်တဲ့ မျောက်ဝံဖြူတွေကလူသတ်တယ်။”
လုပေါင် ထိတ်လန့်သွားသည်။ ဤကြက်တူရွေးကလိမ်မပြောကြောင်း သူသိသည်။ အကယ်၍ သူသာတိရိစ္တာန်များ၏ နှစ်သက်မှုစွမ်းရည်မရှိခဲ့လျှင်မျောက်ဝံဖြူများ၏ လက်ချက်ဖြင့် သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။
“ဘုရားရေ... Streamer ရေ မြန်မြန်ပြေးတော့။”
“တောနက်ထဲက မျောက်ဝံဖြူတွေက တကယ်ရက်စက်တာ၊။ လူဆိုတာ သူတို့ရဲ့ အစာပဲ မြန်မြန် ပြေး..ပြေးး။”
“အဲဒီ ကြက်တူရွေးက သေခါနီး လူတွေ ပြောသွားတဲ့ စကားတွေကို လိုက်ပြောနေတာလားးးကြောက်စရာကြီးး။”
မျောက်ဝံဖြူအုပ်စုများသည် အသိဉာဏ်ရှိပြီး အုပ်စုလိုက် စနစ်တကျ တိုက်ခိုက်တတ်သဖြင့် ကျားများပင် ၎င်းတို့၏ နယ်မြေထဲသို့ မဝင်ရဲကြပေ။
လုပေါင်သည် တုန်လှုပ်နေသော်လည်း မျောက်ဝံဖြူဂူရှိရာသို့ ဆက်လက် လျှောက်လှမ်းသွားသည်။
“ဆရာကြီး... ဂူး... ရွှေတွေ ငါတို့ ချမ်းသာပြီ။”
ကြက်တူရွေးက ထပ်မံအော်လိုက်ပြန်သည်။
ရွှေ။
လုပေါင်သည် ချမ်းသာသော မိသားစုမှ လာသူဖြစ်သော်လည်း ယခုအခါ စိုက်ပျိုးရေးမြေ ဧရိယာ ၂၀၀ ကို ရရှိထားရာ ငွေကြေးပိုမို လိုအပ်လာမည်ဖြစ်သည်။ အကယ်၍ ရွှေအချို့ ရှာတွေ့ပါက အကျိုးရှိမည်မှာ အသေအချာပင်။
“တိုက်ရိုက်ထုတ်လွှင့်မှုကို ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အခု ဖြူမျောက်ဝံဂူထဲမှာ ရတနာတွေ ရှိ မရှိ သွားရောက် စစ်ဆေးကြည့်ကြရအောာင်ခင်ဗျာ။”
လုပေါင်သည် ပရိသတ်များကို နှုတ်ဆက်ရင်း ဂူအတွင်းသို့ စတင်ဝင်ရောက်ရန် ပြင်ဆင်လိုက်တော့သည်။
***