သူ တောနက်ထဲသို့ ပိုတိုးဝင်လာသည်နှင့်အမျှ မျောက်ဝံများဖြူ၏ အရေအတွက်မှာ တဖြည်းဖြည်း များပြားလာလေသည်။
အရွယ်အစားမျိုးစုံရှိသော မျောက်ဝံနက်များနှင့် မျောက်ဝံဝါအချို့ပင် ရှိနေသေးသည်။ အချို့က သူ၏အိတ်ကို လုယူရန် ကြိုးစားနေကြသဖြင့် လုပေါင်မှာ တကယ်ပင် ခေါင်းခဲနေရသည်။
“ထွက်သွားကြစမ်းးးး”
အိတ်ထဲတွင်ဆေးဝါးများ အစားအစာများနှင့် အပြင်ထွက်လျှင် သုံးသည့် ပစ္စည်းများပါဝင်ပြီး အားလုံးမှာ မရှိမဖြစ် အရေးကြီးသောအရာများ ဖြစ်သည်။ အကယ်၍ ဤမျောက်များက လုသွားပါက ဤတောနက်ကြီးထဲတွင် သူ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။
မျောက်ဝံဖြူပေါက်လေးတစ်ကောင်က သွားဖြဲပြကာ အိတ်ကို လုရန် ကြိုးစားသဖြင့် သူ ကန်ထုတ်ပြစ်လိုက်သည်။
“ဒီမျောက်စုတ်လေးကတော့ မင်းရဲ့ လက်သည်းတွေနဲ့ငါ့ကို လာထပ်ထိရင် မင်းအမေတောင် မမှတ်မိအောင် ငါမင်းကိုရိုက်လွှတ်လိုက်မယ်။”
လုပေါင်သည် ကျောပိုးအိတ် အနည်းငယ် ပြဲသွားသည်ကို မြင်သောအခါ ဒေါသထွက်သွားပြီး နောက်ထပ်တစ်ချက် ထပ်ကန်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ဆွံ့အသွားကြသည်။ တကယ်ကြီးလား။ ရက်စက်တဲ့ မျောက်ဝံအုပ်ကြီးကြားထဲမှာ မျောက်ဖြူကလေးကို ချနေတာလား။အခြေအနေကိုလည်း ကြည့်ဦးလေ။
သို့သော် အံ့ဩစရာကောင်းသည်မှာ မည်သည့် မျောက်ဝံဖြူမှ ဒေါသထွက်မလာခြင်းပင်။ ထိုအစား မျောက်ဝံဖြူလေးများနှင့် မျောက်ဝံနက်အချို့မှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ၎င်းမှာ ပျော့လျှင်ဖိ နာလျှင်ရှိဟူသော သဘောကို ကောင်းကောင်း သက်သေပြနေခြင်းပင်ဖြစ်သည်။
ဤနေရာ၏ အနံ့အသက်မှာ အလွန်ဆိုးဝါးလှပြီးမျောက်ဝံဖြူများ၏ ဆီးနံ့များမှာအလွန် နံစော်နေသည်။ အကယ်၍ မျောက်ဝံဖြူဂူထဲတွင် သုံးနာရီကြာ Check-in လုပ်ရမည်ဆိုပါက သူ အသက်ရှူကျပ်ကာ သေသွားနိုင်သည်ဟု လုပေါင် ခံစားနေရသည်။
ဖောက်။
တစ်ခုခုကို နင်းမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လုပေါင်သည် ခြေထောက်ကို အမြန်ဖယ်လိုက်ပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အသက်ရှူမှားသွားသည်။ ၎င်းမှာ အဝတ်အိတ်တစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော လက်တစ်ဖက် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် သစ်ရွက်များအောက်တွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။
လုပေါင် ဆက်မကြည့်ရဲတော့ပေ။ဒီနေရာတွင် အဘယ်ကြောင့် အနံ့ဆိုးနေရသနည်းဆိုသည်မှာ မဆန်းတော့။ သူသည် သေသည်အထိ မလွှတ်တမ်း ဆုပ်ကိုင်ထားသော အဝတ်အိတ်ကို ကန်လိုက်ရာ ရွှေတုံးနှစ်တုံး ထွက်ကျလာသည်။
“ဘုရားရေ”
လုပေါင်၏ မျက်လုံးများ ပြူးသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာလည်း ဆူညံပွက်လောရိုက်သွားသည်။ မူလက အလောင်းကို တွေ့သဖြင့် ကြောက်လန့်နေကြသော်လည်း ရွှေတုံးများ ထွက်ကျလာသည်ကို မြင်လိုက်ရသောအခါ ထိုကြောက်စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“Streamer ရေ... မင်းတော့ သူဌေးဖြစ်ပြီဟ”
လုပေါင်သည်ရွှေတုံးများကို အမြန်ကောက်ယူလိုက်သည်။ နေရောင်အောက်တွင် ၎င်းတို့မှာ ဆွဲဆောင်မှုရှိသော အလင်းတန်းများဖြင့် ဖြာထွက်နေသည်။
ပိုက်ဆံနံ့လေးပဲ။
သူသည် အိတ်ထဲရှိ ရွှေတုံးအားလုံးကို သွန်ချလိုက်သည်။ စုစုပေါင်း ၁၁ တုံး ရှိသည်။ အလွန်မကြီးသော်လည်း တစ်တုံးလျှင် ၁၀၀ ဂရမ်ခန့် အလေးချိန် ရှိသည်။
‘တစ်တုံးကို ၁၀၀ ဂရမ်ဆိုတော့ ၁၁ တုံးဆို ၁၁၀၀ ဂရမ်ပေါ့။ လက်ရှိ ရွှေဈေးနဲ့ တွက်ရင် ယွမ် ၄ သိန်း ၄ သောင်း (မြန်မာငွေ သိန်းထောင်ချီ) ကျော်တန်တာပေါ့။ အရည်အသွေး မပြည့်ရင်တောင် အနည်းဆုံး ၃ သိန်းကျော်တော့ ရမှာပဲ။
လုပေါင်စိတ်ထဲတွင် တွက်ချက်နေသည်။
“ယွမ် ၅၀၀ နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပဲ ရမှာနော်။ Streamer ရေ... နုံအမနေနဲ့။ အခု ကင်မရာရှေ့မှာ လွှင့်ပစ်လိုက်သလို လုပ်ပြီးမှ Live ပိတ်ရင် ပြန်လာကောက်လိုက်တော့။”
“ဘုရားရေ... သူတော့ချမ်းသာပြီ။”
ရွှေတွေ့လျှင် အပ်ရမည်ဆိုသော စည်းကမ်းကို လုပေါင်လည်း သိသည်။ သူသည် ရွှေတုံးများကို ပြန်ထည့်ကာ အလောင်းကို အလေးပြုလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
“Liveပိတ်ရင် ငါ မင်းဆီ ပြန်လာခဲ့မယ်။”
ထိုအမူအရာကြောင့် ပရိသတ်များက ဆရာကျတယ်ဟု ဝိုင်းချီးကျူးကြတော့သည်။
မျောက်ဝံဖြူများ၏ အသိုက်မှာ ချိုင့်ဝှမ်းအတွင်း၌ ရှိသည်။ သူ တောနက်ထဲသို့ ပိုတိုးဝင်လာသည်နှင့်အမျှ မျောက်ဝံဖြူများ ပို၍ များပြားလာသည်။
ဤနေရာတွင် လူများ စိုက်ပျိုးထားသည့်အလား သစ်သီးပင်များမှာ အစီအရီ ရှိနေသည်။ ဤသစ်သီးပင်များကြောင့်ပင် ဤမျှကြီးမားသော ဖြူမျောက်ဝံအုပ်စုကြီး တည်ရှိနေခြင်း ဖြစ်သည်။
နှင်းလုံးလေးဟု အမည်ရသော ကြက်တူရွေးသည် လုပေါင်၏ ကျောပိုးအိတ်ပေါ်သို့ ဆင်းနားလိုက်သည်။
ထူးခြားချက်မှာ မည်သည့် ဖြူမျောက်ဝံမှ သစ်ပင်ပေါ်သို့ တက်၍ အသီးမခူးကြခြင်းပင်။ သို့သော် အသီးတစ်လုံး ကြွေကျလာတိုင်း ဖြူမျောက်ဝံများမှာ လုယက်ရန် ပြေးဝင်သွားကြပြီး ရန်ပင် ဖြစ်ကြသေးသည်။
“အားလုံး သတိထားမိလား။ဒီက မျောက်ဝံဖြူတွေက သစ်ပင်ပေါ်က အသီးတွေကို မခူးရဲကြဘူး။ သူတို့မှာ စည်းမျဥ်း စည်းကမ်းတွေ ရှိပုံရတယ်။ ခုနက ငှက်တစ်ကောင် သစ်ပင်ပေါ် နားတာကို မျောက်အိုကြီးတစ်ကောင်က ခဲနဲ့ ထုသတ်လိုက်တာ တွေ့လိုက်ကြလား။”
လုပေါင်သည် ဤထူးခြားသော အချက်ကို ရှာဖွေတွေ့ရှိသွားသည်။ ဤဖြူမျောက်ဝံများသည် လူသားများကဲ့သို့ စနစ်တကျ နေထိုင်နေကြခြင်းပင်။
ဤနေရာတွင် ကြီးမားသော မျောက်ဝံဖြူဘုရင် တစ်ကောင် ရှိနေပေဦးမည်။
ခေတ္တအကြာတွင် သူ၏ ထင်မြင်ချက်မှာ အတည်ဖြစ်သွားသည်။ ဝါးတောင်းများ လွယ်ထားသော သန်မာသည့် မျောက်ဝံဖြူ ဒါဇင်ပေါင်းများစွာသည် သစ်ပင်များပေါ်မှ မှည့်နေသော အသီးများကို ခူးဆွတ်နေကြသည်။
သူတို့သည် အသီးများကိုအောက်တွင် စောင့်နေသည့် မျောက်ဝံများထံ ပစ်ချပေးနေကြသည်။ အသီးကောင်းများကိုမူ သစ်ရွက်များဖြင့် ပတ်ကာ ဝါးတောင်းများထဲသို့ သေချာ ထည့်ကြသည်။ မျောက်ဝံဖြူအိုကြီး တစ်ကောင်က ခေါင်းဆောင်အဖြစ် ညွှန်ကြားနေပုံရသည်။
ဤအံ့ဩဖွယ် မြင်ကွင်းကြောင့် ပရိသတ်များမှာ ဆွံ့အသွားကြသည်။
“Rise of the Planet of the Apes ဇာတ်ကားက တကယ်ကြီးအပြင်မှာရှိတာပဲ။”
“ဒီမျောက်အိုကြီးရဲ့ မျက်လုံးတွေက ဉာဏ်ပညာရှိတဲ့ပုံပဲ အံ့ဩဖို့ကောင်းလိုက်တာနော်။”
လုပေါင်သည် မျောက်များ နေထိုင်ရာ ကျောက်တောင် ကမ်းပါးသို့ ရောက်ရှိလာသည်။
ကမ်းပါးတွင် ဂူပေါက်ပေါင်းများစွာ ရှိနေပြီး မျောက်ဝံဖြူများ ပြည့်နှက်နေသည်။ သူ Check-in လုပ်ရမည့် မျောက်ဝံဖြူဂူမှာ တောင်တစ်ဝက်ခန့်တွင် ရှိသော ကြီးမားသည့် ဂူကြီးပင် ဖြစ်သည်။
“ကျောက်လှေကားတွေတောင် ရှိတာပဲ...”
လုပေါင်သည် ဂူဆီသို့ တိုက်ရိုက် ဦးတည်နေသော ကြီးမားသည့် ကျောက်လှေကားများကို တွေ့လိုက်ရသည်။
“ပြေးတော့... ပြေးတော့။”
“ဂူး ဆရာကြီး... ပြေးတော့ အထဲမှာ မျောက်ဝံဖြူဘုရင် ရှိတယ် ပြေးတော့”
ကြက်တူရွေးက အော်ဟစ်ကာ လုပေါင်ကို လာဆိတ်ပြီး သူ၏ ယခင်သခင် ပြောခဲ့သော စကားများကို တုပပြောဆိုနေသည်။
၎င်း၏ အသံမှာ အလွန် ထိတ်လန့်နေပုံရသည်။
လုပေါင်သည် မြေပြင်ရှိ သစ်ရွက်ခြောက်များကြားတွင် ရွှေရောင် တဖိတ်ဖိတ် တောက်နေသည်ကို တွေ့လိုက်ရသည်။ သူ သစ်ရွက်များကို ဖယ်လိုက်ရာ ရွှေတုံးတစ်တုံးကို တွေ့ရသည်။ သူ ဆက်ရှာကြည့်ရာ နောက်ထပ် ရွှေတုံးတစ်တုံးကို ထပ်တွေ့ပြီး ၎င်းမှာ ပို၍ပင် ကြီးမားသေးသည်။
‘ဒါက ရတနာသိုက်ပဲ။ဒီမှာ ရွှေတုံးတွေ ဒီလောက်တောင် များနေတာလား။’
လုပေါင်သည် ခေတ္တစဉ်းစားပြီးနောက် ၎င်းတို့ကို အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။
မျောက်ဝံများ ပိုမို စုရုံးလာကြပြီး ၎င်းတို့ထဲတွင် ခေါင်းဆောင်ကဲ့သို့သော မျောက်ဝံအိုကြီးများလည်း ပါဝင်ကာ ဆူညံစွာ အော်ဟစ်နေကြသည်။
၎င်းတို့မှာ သူ့အပေါ် ရန်လိုစိတ် မရှိသည်ကို အတည်ပြုပြီးနောက် လုပေါင်သည် ကျောက်လှေကားများအတိုင်း ဖြည်းညင်းစွာ တက်လာခဲ့လိုက်သည်။
ကျောက်လှေကားများမှာ ကြမ်းတမ်းပြီး မျောက်များ ကိုယ်တိုင် ထွင်းထုထားသည့်အလား ဖြစ်နေတော့သည်။
***