လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူပေါင်းများစွာ စောင့်ကြည့်နေကြသည်။
ထိုစဉ် အတန်ကြာ ငြိမ်သက်နေသော လုပေါင်၏ ထုတ်လွှင့်မှုအခန်း၌ ရုတ်တရက် ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
[အောင်မြင်သည်:] မျောက်ဝံဖြူဂူတွင် Check-in လုပ်ဆောင်မှုအောင်မြင်ပါသည်။
တစ်ခဏချင်းမှာပင် လုပေါင်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဘေးနားရှိ မျောက်ဝံဘုရင်ကြီးပင် လန့်သွားကာ သူ့ကို လှည့်ကြည့်ရသည်။
[ဆုလာဘ်:] မျောက်ဝံတိုက်ကွက် အဆင့်ငယ် အောင်မြင်မှု။
ထိုအချိန်တွင် လုပေါင်သည် သူ၏တစ်ကိုယ်လုံးကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာ ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မလှုပ်ရှားနိုင်တော့ဘဲ မျက်လုံးများ သွေးကြောများ ဦးနှောက်နှင့် အတွေးအခေါ်များပင် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။
ဤအခြေအနေသည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပြီးနောက် လုပေါင်သည် မြေပြင်ကို လက်သီးနှစ်ဖက်ဖြင့် အားပြင်းစွာ ထိုးချလိုက်သည်။
“ဝူးးးးး”
ရူးသွပ်ဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။
ခံရခက်လှသော ကိုက်ခဲယားယံမှုနှင့် နာကျင်မှုအားလုံးမှာ ထိုထုချက်နှင့် ဟိန်းဟောက်သံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် စူပါမန်းတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မီတာ ရာချီမြင့်သော ကမ်းပါးယံကြီးကို ကြည့်ရင်း သူသည် အောက်သို့ ပြေးဆင်းချင်စိတ်ပင် ပေါက်လာသည်။ ယခင်ကဆိုလျှင် ဤအမြင့်မှ ငုံ့ကြည့်ရန်ပင် သူ မဝံ့ရဲခဲ့ပေ။
ဖြူမျောက်ဝံဂူတွင် Check-in လုပ်ခြင်းက သူ့ကို မျောက်ဝံတိုက်ကွက် ကျင့်စဉ်၏ အဆင့်ငယ် အောင်မြင်မှုကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်ခြင်းပင်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာလည်း လုပေါင်၏ ရုတ်တရက် အပြောင်းအလဲကြောင့် လန့်သွားကြပြီး မှတ်ချက်များ တရစပ် တက်လာသည်။
“တောက်... အေးအေးဆေးဆေး နေတာ မဟုတ်ဘူး။ဟိုမှာကြည့်ဦး... မျောက်ကလေးတွေကို လန့်ကုန်အောင် လုပ်နေတယ်။”
“မျောက်ဝံဘုရင်ကြီးက ပြောနေမှာပဲမင်းကတော့ တကယ့်ကောင်ပဲလို့။”
“သူ ဘာလုပ်နေတာလဲ။ဟို ဖြူဖျော့ဖျော့ မျောက်အိုကြီး ပါးရိုက်သတ်တာကို ခံချင်လို့လား။”
ရုတ်တရက် အပြောင်းအလဲအဖြစ် မျောက်ဝံဘုရင်ကြီးက လုပေါင်ကို လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။
“ဟင်...”
လုပေါင် ထိတ်လန့်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လိုက်သည်။ နောက်သို့ လွှားခနဲ ခုန်လိုက်ရာ မီတာ ၃ မီတာခန့် အကွာသို့ ရောက်သွားသည်။
“မျောက်ဝံတိုက်ကွက်”
မျောက်ဝံဘုရင်ကြီးသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရာ မူလက ၂ မီတာကျော်ရှိသော အရပ်မှာ ၃ မီတာခန့်အထိ မြင့်တက်လာသည်။ သူ၏ မျက်လုံးများမှာ အေးစက်သော်လည်း တောက်ပသော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ လသာည၏ နောက်ခံနှင့်အတူ ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
“စီနီယာ ဖြူကြီး... ဒါ အထင်မှားတာပါ။အထင်မှားတာ။”
လုပေါင်သူ့ကိုယ်သူ ပါးရိုက်ချင်စိတ် ပေါက်သွားသည်။ ဘာလို့ အကြောင်းမဲ့ သွားအော်မိပါလိမ့်။
မျောက်ဝံဘုရင်ကြီးက လက်တစ်ဖက်ကို ရုတ်တရက် ဝေ့ယမ်းလိုက်ပြန်သည်။
“သွားပြီ...”
လုပေါင်သည် လှည့်၍ ထွက်ပြေးရင်း မျောက်ဝံတိုက်ကွက်၏ အမွေအနှစ်များကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေမိသည်။ မတ်စောက်လှသော ကမ်းပါးယံမှာ သူ့အတွက် မြေပြန့်သဖွယ် ဖြစ်နေပြီး မျောက်ဝံဘုရင်ကြီးကလည်း နောက်မှ ကပ်လျက် လိုက်ပါလာသည်။
ပရိသတ်များမှာ မှင်သက်ကုန်ကြသည်။
“ငါတို့ကစွန့်စားခန်း ရုပ်ရှင်ကြည့်နေတာလေ အခုတော့ ဘယ်လိုဖြစ်ပြီး သိုင်းရုပ်ရှင်ဖြစ်သွားတာလဲ။”
“တစ်ချက်ခုန်တာ မီတာ ၁၀ ကျော်တောင်လား။”
ယခုအချိန်တွင် လုပေါင်သည် မျောက်ဝံဖြူတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း မျောက်ဝံဘုရင်ကြီးက ပို၍ မြန်ဆန်နေဆဲပင်။
မျောက်ဝံဘုရင်ကြီးသည် လုပေါင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လက်မောင်းဖြင့် ရိုက်ချလိုက်သည်။ လုပေါင်က လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း လွင့်ထွက်သွားကာ ခြေလှမ်း ရှစ်လှမ်းခန့် ပြန်ခုန်ပြီးမှ အရှိန်သတ်နိုင်တော့သည်။
“ဝိညာဉ်မျောက်ခုန်ချက် မျောက်ဝံကိုယ်ဟန် မင်းက တကယ်ပဲ မျောက်ဝံတိုက်ကွက်ကို နားလည်သွားတာလား။”
မျောက်ဝံဘုရင်ကြီးကအမှောင်ထဲမှ ထွက်လာသည်။
လုပေါင်သည် ခြေဖျားထောက်ကာ ဒူးကို အနည်းငယ် ကွေးထားပြီး ပခုံးကို ဘယ်ညာ ယိမ်းနွဲ့နေမိသည်။ မျက်လုံးများကလည်း မျောက်ဝံဘုရင်ကြီးကို စိုက်ကြည့်နေသည်။ ၎င်းမှာ အလိုအလျောက် ဖြစ်ပေါ်လာသော ကိုယ်ဟန်ပင်။
မျောက်ဝံဘုရင်ကြီးသည် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်သော်လည်း လုပေါင်က လျင်မြန်စွာ ရှောင်တိမ်းနေသည်။ ၎င်းမှာ အမှန်တကယ် တိုက်ခိုက်ခြင်း မဟုတ်ဘဲ လေ့ကျင့်ပေးနေခြင်းသာ ဖြစ်သည်ကို လုပေါင် နားလည်လိုက်သည်။
သို့သော် အပြင်လူအမြင်တွင်မူ အလွန် ကြောက်စရာ ကောင်းလှသည်။ဒီလူက တကယ်ရော လူ ဟုတ်ရဲ့လားဟု ဝိုင်းမေးနေကြသည်။
မျောက်ဝံဘုရင်ကြီးသည် လုပေါင်ကို ပခုံးဖြင့် တိုက်ထုတ်လိုက်ပြီးနောက် ရပ်လိုက်သည်။ ၎င်းက လုပေါင်ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် ဟိန်းဟောက်ကာ ဂူအတွင်းသို့ ပြန်ဝင်သွားတော့သည်။
လုပေါင်သည် ဒဏ်ရာမရသော်လည်း မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားခဲ့သဖြင့် နာကျင်မှုကို ခံစားနေရသည်။ သို့သော် သူသည် အလွန် သန်မာလာပြီး လျင်မြန်လာသည်ကို ခံစားရသည်။ လေတိုးသံ မျောက်ဝံများ၏ အသက်ရှူသံ သူ၏ နှလုံးခုန်သံနှင့်သစ်ရွက်ကြွေသံများကိုပင် ရှင်းလင်းစွာ ကြားနေရသည်။
“အံ့ဩဖို့ ကောင်းလိုက်တာ။”
သူ၏ အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်လာသည်။ သူ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်လိုက်ရာ ပရိသတ်များ၏ မှတ်ချက်များနှင့် လက်ဆောင်များမှာ အလွန်အမင်း တက်နေသည်ကို တွေ့ရသည်။
မျောက်ဝံချိုင့်ဝှမ်းမှာ ပြန်လည် တိတ်ဆိတ်သွားသည်။ လုပေါင်သည် မျောက်ဝံဘုရင်ကြီးနှင့်အတူ လကို စိုက်ကြည့်ရင်း တစ်ညလုံး ထိုင်နေခဲ့သည်။
မိုးလင်းသောအခါ လုပေါင်သည် ထူးခြားသော ခံစားချက်ကို ရရှိလိုက်သည်။ ညက လရောင်အောက်တွင် ကျင့်ကြံခြင်းက အေးမြသော်လည်း နေရောင်အောက်တွင်မူ ပူပြင်းလှသည်။ ၎င်းမှာ မျောက်ဝံတိုက်ကွက်၏ နေရောင်နှင့် လရောင် သန့်စင်ခြင်းကျင့်စဉ်ပင် ဖြစ်ပေလိမ့်မည်။
“ဖြူကြီး... ကျွန်တော် သွားတော့မယ်။ ခင်ဗျား မနေ့ကပေးတဲ့ ရွှေတုံးတွေကို ယူသွားမယ်နော်။”
ကြက်တူရွေးကြီး ပြန်ရောက်လာပြီး အပြင်ဘက်မှ အော်မြည်နေသည်။ ၎င်းသည် လုပေါင်၏ ဟိန်းဟောက်သံကြောင့် လန့်ပြီး ထွက်ပြေးသွားရာမှ ယခုမှ ပြန်လာခြင်းဖြစ်သည်။
မျောက်ဝံဘုရင်ကြီးက ဂူထဲမှ ထွက်လာကာ သူ့ကို မျောက်အရက်တစ်အိုး ပေးလိုက်ပြီး ရွှေတုံးတစ်ဆုပ်ကိုလည်း ထပ်ပေးလိုက်ပြန်သည်။
“ကျေးဇူးပဲနော်..လက်ဆောင်တွေ ထပ်ပေးတာလား။ဟဲဟဲ..စိတ်မပူပါနဲ့ ကျွန်တော် ပေါင်းရှင်းကျီကို ရှာပေးပါ့မယ်။”
လုပေါင်ပျော်ရွှင်သွားပြီး အိတ်ထဲသို့ အတင်းထည့်လိုက်သည်။ ရွှေတုံးပေါင်း ၅၀ ကျော်သွားပြီဖြစ်သည်။
လုပေါင်သည် ခေတ္တစဉ်းစားပြီးနောက် သူ၏ ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀ တန် တစ်ရွက်ကို ထုတ်ပေးလိုက်ကာ
“အခုခေတ်မှာ သံစုတ်တောင် တစ်ပိဿာဆိုတန်သလောက်ရတာပဲ။ ဖြူကြီးပေးတာကိုတော့ ကျွန်တော် ယူလိုက်ပါ့မယ်။ကျေးဇူးတင်ပါတယ်။ဒီမှာ ယွမ် ၁၀၀ပါ အပိုကို အကြွေပြန်အမ်းစရာ မလိုပါဘူး။ ဒါ တရားဝင် ရတဲ့ ဝင်ငွေပါ။”
***