“ယွမ် ၅၀၀ နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာဆိုတာကို သွားရည်မကျဘူးဟေ့။ ဒါက လူကြီးသူမက လက်ဆောင်ပေးတာ။ ပြီးတော့ စည်းကမ်းတကျ အသေအချာ အလဲအလှယ်လုပ်ခဲ့တာ။ ဒါ တရားဝင်ဝင်ငွေပဲ။ ဘာလို့ မှတ်တမ်းလွှာသွားယူနေရမှာလဲ။”
“ဒီမှာ ယွမ်တစ်ရာ အကြွေပြန်အမ်းစရာ မလိုဘူးနော်။”
မျောက်ဝံဘုရင်ကြီးလည်းကြောင်အသွားလေသည်။
“ဂူး...”
ပရိသတ်များလည်းမှင်သက်စွာကြည့်နေသည်။
“တောက်... ဒီလိုလုပ်လို့လည်း ရတာလား။ဒါပေမဲ့ ဟုတ်တော့လည်း ဟုတ်သားပဲ။သက်သေတွေအများကြီးရှေ့မှာ မျောက်အိုကြီးက သူ့ဘာသာပေးတာလေ။ သူကလည်း ပိုက်ဆံထားခဲ့သေးတယ်။ အစိုးရကိုအပ်စရာ မလိုတော့ဘူးထင်တယ်။”
“လူကြီးပေးတဲ့လက်ဆောင်တဲ့... လန်းလိုက်တာဗျာ..”
“ဆရာကြီးပဲ။တကယ်ကို ပရိယာယ်ကြွယ်ဝတယ်။”
“အရမ်းမိုက်တာပဲ။”
“ဟားဟားဟား... နတ်ဘုရားအဆင့် အကွက်ပဲဟ”
“ဘာမှမှားတာမရှိဘူး။ လူကြီးပေးတဲ့လက်ဆောင်ကို သူက ပိုက်ဆံတောင် ပြန်ပေးခဲ့သေးတာ ပိုတောင်ပေးခဲ့သေးတယ်။ အိမ်မှာ လူကြီးရှိတာ ရတနာရှိတာနဲ့တူတူပဲ”
“တရားဝင်ရရှိတာပဲ။ ပြဿနာမရှိပါဘူး။”
“ငါတော့ပညာအသစ်တစ်ခု ရသွားပြီ။”
ဤအကွက်မှာ တကယ်ပင် အပြစ်ပြောစရာမရှိအောင်ပင်။ လူကြီးမိဘကပေးတာကို လိုက်အပ်ခိုင်းလို့မှ မရတာပဲ မဟုတ်လား။
မျောက်ဝံဘုရင်ကြီးသည် ဂူဝတွင်ပြန်ထိုင်ကာ နေမင်းကို စိုက်ကြည့်နေပြန်သည်။ လုပေါင်သည် သူ့ကိုကြည့်ကာ နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့တော့သည်။
မျောက်ဝံဖြူချိုင့်ဝှမ်းသည် ပြန်လည်စည်ကားလာပြီး နေရာအနှံ့တွင် မျောက်ဝံဖြူများကို တွေ့နေရသည်။
လုပေါင်သည် ပရိသတ်များကို နှုတ်ဆက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ ထို့နောက် သေဆုံးသူများ၏ အကြွင်းအကျန်များအနီးရှိ ရွှေတုံးများကို လည်းပြန်လည်ကောက်ယူခဲ့သည်။
‘ဒါတွေအားလုံးကငါ့ပိုက်ဆံတွေပဲလေ။’
အလောင်းများနှင့်ပတ်သက်၍ လုပေါင်သည် သေချာစဉ်းစားပြီး မြေမြှုပ်ပေးခဲ့သည်။ နောက်ဆုံးတွင် ကြက်တူရွေးကြီး၏ သခင်အလောင်းကိုပါ မြေမြှုပ်ပေးလိုက်သည်။ သူ အလုပ်ရှုပ်နေသည်ကို ကြက်တူရွေးကြီးက စိုက်ကြည့်နေသော်လည်း တားဆီးခြင်းမပြုပေ။
၎င်းသည် တစ်ခါတစ်ရံတွင် ရှေ့နောက်လျှောက်ရင်း ဝမ်းနည်းဖွယ်ကောင်းသော အသံကိုသာ ပြုလုပ်နေတော့သည်။ ၎င်းသည် အလွန်အသိဉာဏ်ရှိပြီး သူ၏သခင် နောက်တစ်ကြိမ် နိုးထလာတော့မည်မဟုတ်သည်ကို ကောင်းကောင်းသိပုံရသည်။
သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် ကြက်တူရွေးကြီးသည် လုပေါင်၏ ကျောပိုးအိတ်ထဲသို့ တိုးဝင်သွားပြီး ပြန်မထွက်တော့ပေ။
“မင်းက ငါနဲ့ လိုက်ချင်တာလား။”
လုပေါင်ဝမ်းသာသွားသည်။
ကြက်တူရွေးက မလှုပ်မယှက် ရှိနေသည်မှာ ၎င်း၏ ဆန္ဒပင် ဖြစ်ပေလိမ့်မည်။
“ငါက မင်းကို ခိုးထုတ်တာမဟုတ်ဘူးနော်။ မင်းဘာသာ စိတ်လိုလက်ရ လိုက်လာတာ။”
လုပေါင် ပြုံးလိုက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ တောအုပ်ထဲသို့ လွှားခနဲ ခုန်ဝင်သွားသည်။ မျောက်ဝံတိုက်ကွက်၏ အကြီးမားဆုံးသော အားသာချက်မှာ မျောက်ဝံတစ်ကောင်ကဲ့သို့ လျင်မြန်သော အရှိန်နှုန်းပင် ဖြစ်သည်။
မျောက်ဝံဂူရှေ့တွင် မျောက်ဝံဘုရင်ကြီးသည် ခေါင်းကိုလှည့်ကာ လုပေါင် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေခဲ့သည်။
ယခင်က ရက်အတော်ကြာ လျှောက်ခဲ့ရသော ခရီးမှာ ယခုတော့ မလိုအပ်တော့ပေ။ မျောက်ဝံတိုက်ကွက်ကြောင့် လုပေါင်သည် တောနက်ထဲမှ နတ်သူငယ်တစ်ဦးကဲ့သို့ ဖြစ်နေပြီး ကျောက်တုံးများ တောများကို ဖြတ်ကျော်ကာ မြစ်များကို ခုန်ကူးလျက် တောအုပ်ကို တည့်တည့်ဖြတ်သန်းသွားသည်။ မွန်းလွဲပိုင်း တစ်ချိန်အတွင်းမှာပင် ရက်ပေါင်းများစွာ လျှောက်ရမည့် ခရီးကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း သူသည် မောပန်းခြင်းမရှိဘဲ အားအင်များ ပြည့်ဝနေဆဲပင်။
ကြည်လင်သော ရေကန်တစ်ခုကို တွေ့ရှိချိန်တွင် လုပေါင်သည် ရေချိုးလိုက်ပြီး သူ့ကို လာရောက်တိုက်ခိုက်သော ရေမြွေကြီးတစ်ကောင်ကိုလည်း သတ်ပစ်လိုက်သည်။
ညစ်ပေနေသော အဝတ်အစားများကို လွှင့်ပစ်ကာ အိတ်ထဲတွင် ပါလာသော သန့်ရှင်းသည့် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။
“ငါတော့ အပြင်ကို ရောက်ပြီဟေ့။”
လုပေါင်စိတ်ဓာတ်များ တက်ကြွနေသည်။နောက်ဆုံးတော့ သူ လွတ်မြောက်လာခဲ့ပြီ။
မြို့လယ်ခေါင်မှ မြေဧက ၂၀၀ ။မျောက်ဝံတိုက်ကွက် ။ရွှေတုံးများ။မျောက်အရက်။တကယ့်ကို အမြတ်အစွန်းကြီးမားသော ခရီးစဉ်ပင်။
သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အကြီးအကျယ် ကျော်ကြားသွားသည်ကို သူ မသိသေးပေ။ ယွမ်သန်းပေါင်းများစွာတန်သော ရွှေများ မျောက်အရက်နှင့် လျှို့ဝှက်ဆန်းကြယ်သော သိုင်းကျမ်းများကြောင့် စွန့်စားရှာဖွေရေးအဖွဲ့များစွာမှာ တောထဲသို့ စတင်ထွက်ခွာနေကြပြီဖြစ်သည်။ သို့သော် သူ မည်သည့်နေရာတွင် ရှိခဲ့သည်ကို မည်သူမှမသိသဖြင့် ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ငါကတော့ သောက်ပေါ ဂူး..”
ကြက်တူရွေးကြီးသည်လည်းသူ၏ အမွေးအတောင်များကို ပြုပြင်နေသည်။၎င်းသည် ကောင်းသောစကားများ မတတ်သော်လည်း ပေါက်တတ်ကရ စကားများကိုတော့ အကုန်မှတ်ထားပုံရသည်။
သူ့ဖုန်း လိုင်းပြန်ရသည်နှင့် မက်ဆေ့ခ်ျပေါင်းများစွာ တရစပ် ဝင်လာတော့သည်။
လုပေါင် ဖတ်ကြည့်လိုက်ရာ ညီမဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုနှင့် စာအချို့မှလွဲ၍ ကျန်တာအားလုံးမှာ မသိသော နံပါတ်များဖြစ်နေသည်။ Ocean Live Stream မှ လူများက သူ့ကို စာချုပ်ချုပ်ရန် အသည်းအသန် ဆက်သွယ်နေကြခြင်းပင်။
စာချုပ်ချုပ်လျှင် လူသိများလာမည်ဖြစ်သော်လည်း သူကတော့ လွတ်လပ်မှုကို မဆုံးရှုံးချင်ပေ။ သူ့တွင် စနစ်ရှိနေသဖြင့် ကြော်ငြာခပေးရန်လည်း မလိုအပ်ပေ။
“စာချုပ်မချုပ်ဘူးဟေ့။ စာချုပ်ချုပ်ရင် ငါ့ရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးကုန်မှာပေါ့။”
လုပေါင်သည် ဖုန်းကို ပိတ်လိုက်သည်။ သူ့တွင် ပင်လယ်ကမ်းခြေရှိ ဧက ၂၀၀ ကျယ်သော ခြံကြီး ရွှေတုံးတစ်အိတ် မျောက်ဝံတိုက်ကွက်နှင့် အစွမ်းထက်သော စနစ်ရှိနေသည်။ ဘယ်သူ့ရဲ့ ထောက်ခံချက်မှ မလိုအပ်တော့ပေ။
လုပေါင်သည် စနစ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[အစွမ်းထက်ဆုံး Live Check-in စနစ်]
ပိုင်ရှင်: လုပေါင်
စွမ်းရည်: တိရစ္ဆာန်များ၏ နှစ်သက်မှု +၁၀၀ (ရွှေရောင်)
ကျွမ်းကျင်မှု: အဆင့်မြင့် ပုလွေမှုတ်ခြင်း၊ မျောက်ဝံတိုက်ကွက် (အဆင့်ငယ် အောင်မြင်မှု)
ပစ္စည်းများ: စူပါ Live မျက်လုံး၊ ရွှေရောင်ကမ်းခြေ ရှေးဦးခြံမြေ (ဧက ၂၀၀)
ချင်းကျန်းမြို့ ၏ ရွှေရောင်ကမ်းခြေရှိ ဧက ၂၀၀ သော မြေနေရာကို ခြံမြေအဖြစ်သာ အသုံးပြုနိုင်သော်လည်း ခြံမြေအတွင်းတွင် အပန်းဖြေစခန်းများနှင့် ဗီလာများ ဆောက်လုပ်နိုင်သည် မဟုတ်လား။ ခြံမြေဆိုတိုင်း ဝက်တွေကြက်တွေပဲ မွေးမြူရမည်ဟု မဆိုလိုပေ။
“ထိပ်တန်းအဆင့် ခရီးသွားခြံမြေတစ်ခုသာ တည်ထောင်လိုက်လျှင် ပိုက်ဆံတွေက အလိုလို စီးဝင်လာမှာပဲ။”
လုပေါင်သည် နောက်ထပ် Check-in တာဝန်ကို စောင့်မျှော်နေသည်။ အကယ်၍ ရက်အနည်းငယ်အတွင်း တာဝန်မပေါ်လာပါက သူသည် လူသူမရှိသော နေရာသစ်များကို သွားရောက် စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ သူသည် စူပါမန်းတစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ကျောင်းပြန်တက်လျှင် သူ့ကို အမြဲ ပြဿနာရှာတတ်သော လူများမှာ သူ့ရှေ့တွင် ဒူးထောက် အရှုံးပေးရပေလိမ့်မည်ကိုမြင်ယောင်နေသည်။
လုပေါင်သည် ရွှေတုံးများ ပါလာသဖြင့် လေယာဉ်စီးရန် အစီအစဉ်ကို လက်လျှော့လိုက်သည်။ လေယာဉ်စီးလျှင် ပြဿနာတက်နိုင်သောကြောင့် ဖြစ်သည်။ ချင်းကျန်းမြို့သို့ ရောက်ရန် မိုင်ပေါင်း ၁၈၀၀ ကျော် ဝေးသဖြင့် သူသည် ကိုယ်ပိုင်ကားတစ်စီးကိုသာငှားရမ်းလိုက်သည်။
ကားဆရာသည် သူ့ဇနီးကိုပါ ခေါ်လာပြီး တစ်ယောက်တစ်လှည့် မောင်းမည်ဖြစ်ရာ တစ်ရက်အတွင်း ချင်းကျန်းမြို့သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ကြက်တူရွေးကြီးမှာ ကားမူးနေပုံရပြီး တစ်လမ်းလုံး ငြိမ်နေတော့သည်။
တစ်ရက်နှင့် တစ်ည ကြာပြီးနောက် လုပေါင်သည် နံနက်စောစောတွင် ချင်းကျန်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ချင်းကျန်းမြို့၊ ရိုလန်း ရပ်ကွက်။
လုပေါင်သည် သူခိုးတစ်ယောက်ကဲ့သို့ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အကယ်၍ လုံခြုံရေးများက သူ့ကို မမှတ်မိလျှင် ဝိုင်းဖမ်းခံရမှာ အသေအချာပင်။
“ရှူး... တိုးတိုးနေစမ်းပါဟ။”
လုပေါင်သည် ခြံစည်းရိုးကို ကျော်တက်ကာ ခြေလှမ်းအနည်းငယ်ဖြင့် တတိယထပ် ဝရန်တာသို့ ရောက်ရှိသွားသည်။ အိမ်တွင်မွေးထားသော ခွေးကြီးမှာ တစ်ခုခုကြားပုံရသဖြင့် ခြံထဲသို့ ပြေးထွက်ကြည့်သော်လည်း လုပေါင်က အသံမထွက်သဖြင့် ပြန်လည် အိပ်ပျော်သွားတော့သည်။
***