“စနေနေ့က သဘက်ခါ မဟုတ်ဘူးလား။ သူတို့ ဒီမြေကွက်ကို လေလံအောင်ရုံရှိသေးတယ်။အခုပဲ ဗီလာတွေအတွက် ကြိုတင်မှာယူမှုတွေကို လက်ခံနေပြီပေါ့လေ။”
“ဒီလောက်တောင် ရောင်းကောင်းနေတာလား။”
လုပေါင်က တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားတို့ဘာပြောပြော ယုံကြည်ပေးမယ်လေ။”
“ကြည့်စမ်း.. သူ ဘယ်လောက်တုံးလဲဆိုတာ။ ကျန်းရွှယ်ချီက ဒီလောက် ပါးနပ်တဲ့သူ ဖြစ်ပါလျက်နဲ့ ဒီလို အူကြောင်ကြောင်သားမျိုး ဘယ်လိုမွေးလိုက်တာလဲ မသိဘူး။”
စုန့်ခွန်လင်း၏ ဇနီးသည် လက်ရှိအောင်မြင်မှုကြောင့် ဘဝင်မြင့်နေပြီး သူမ၏ အမူအရာမှာ ပို၍ပင် မောက်မာလာသည်။
လုပေါင်က သူမကို တစ်ချက်ကြည့်ပြီးပြုံးနေလိုက်သည်။
“အမှတ် (၁) မြေကွက်ပေါ်မှာ ဘယ်သူမှ ဝက်လာမမွေးလောက်ပါဘူးနော်။”
လုပေါင်ကထိုနေရာမှာတင် အလွန်ကြီးမားသော ဆိုင်းဘုတ်ကြီးများ စိုက်ထူရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
“ဟားဟားဟား..”
“တကယ့် ငတုံးပဲ။”
“ဟားဟားဟားဟား သူကတော့ လုပိုင်ဟောက်ရဲ့ သားအရင်းမှန်းအရမ်းသိသာတာပဲ။”
လှောင်ပြောင်သံများကြားတွင် လုပေါင်က အပြုံးဖြင့်သာ ထွက်ခွာသွားသည်။
စနေနေ့မွန်းတည့်အချိန်ပေါ့ ဟုတ်လား။မင်းတို့ ဒီမြေကွက်ကြီး ငါ့လက်ထဲမှာ ပုပ်သိုးသွားဖို့သာ ပြင်ထားကြတော့။
ချမ်းသာတဲ့သူတွေဟာ အလွန် ဇီဇာကြောင်တယ်ဆိုတာ သိထားသင့်သည်။ ပတ်ဝန်းကျင် အခြေအနေဆိုးနေရင် သူတို့ ဝယ်ပါဦးမလား။ရယ်နိုင်ကြပါစေနောက်ထပ် နှစ်ရက်လောက် ထပ်ရယ်ထားကြပါဦး။ စနေနေ့ ရောက်လာရင် မင်းတို့ကို ငါ ငိုအောင် လုပ်ပေးမယ်။
သူ့ဒီမြေကွက်ကို ပြုပြင်ဖို့အတွက် ပိုက်ဆံ နည်းနည်းလောက်တော့ သုံးသင့်သည်။
ဒီဝိုင်ချက်စက်ရုံဟာ အစပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု အတော်များများ လုပ်ထားပုံရသည်။ ပြန်လည် ပြုပြင်လိုက်လျှင် ကောင်းမည့်ပုံပင်။ ဒါပေမဲ့ ခဏတော့ မေ့ထားလိုက်ဦးမည်။သူတို့ကို စိတ်ပျက်ပြီး သေသွားအောင် အရင်ဆုံး ဝက်တွေ ကြက်တွေ ဘဲတွေ မွေးပြဦးလိုက်မည်။
လုပေါင် ဟိုဟိုဒီဒီ လျှောက်ကြည့်နေစဉ် အနီရောင် BMW ကားလေးတစ်စီး ရောက်လာသည်။ လိမ္မော်ရောင် ဂါဝန်ဝတ်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ကားပေါ်မှ အမြန်ဆင်းလာပြီး သူမ၏ နက်မှောင်သော ဆံပင်ရှည်များက လေထဲတွင် ဝေ့ဝဲနေသည်။
“သူဌေးအဲဒီလူက ဟိုဘက်မှာပါခင်ဗျ။”
လုံခြုံရေးဝန်ထမ်းတစ်ဦးကပြေးလာပြီး လုပေါင်ရှိရာဘက်သို့ ထိုအလှလေးကို လက်ညှိုးထိုးပြလိုက်သည်။
တင်းလင်ဆိုတဲ့ တစ်ယောက်လား။
လုပေါင် သဘောပေါက်လိုက်သည်။ သူမသည် ဤနေရာ၏ ယခင်ပိုင်ရှင် ဖြစ်ဟန်တူသည်။
“အင်း။”
တင်းလင်ကခေါင်းညိတ်ပြပြီး လက်ကိုင်အိတ်လေးကို ကိုင်ကာ လုပေါင်ရှိရာသို့ လျှောက်လာသည်။
တင်းလင်သည် အသက် ၃၀ အောက်သာ ရှိဦးမည့် စွဲမက်ဖွယ် အလှပိုင်ရှင်လေးဖြစ်သည်။ သူမက လုပေါင်ကို ပြုံးလျက် အကဲခတ်ပြီး သွယ်လျဖြူစင်သော လက်ကလေးကို ကမ်းပေးလိုက်သည်။
“မင်္ဂလာပါ ဒါရိုက်တာလု။ ကျွန်မနာမည် တင်းလင်ပါ။ ဒီဝိုင်ချက်စက်ရုံက ကျွန်မအဖိုး ပိုင်ခဲ့တာပါ။ ကျွန်မပဲ ဒီစက်ရုံကိုစီမံခန့်ခွဲလာခဲ့တာပါ။”
“မင်္ဂလာပါ မစ္စတင်း”
လုပေါင်ကပြုံးပြီး သူမ၏လက်ကို နှုတ်ဆက်လိုက်သည်။
“ရှင့်ရဲ့ ဓာတ်ပုံကို မြင်တုန်းက ကျွန်မအတော်အံ့သြသွားခဲ့တာ။ အချက်အလက်တွေ မှားနေတယ် ထင်လို့ သုံးကြိမ်တောင် ပြန်စစ်ခဲ့ရသေးတယ်။ ဒါရိုက်တာလုက ဒီလောက်ငယ်ငယ်လေးနဲ့ တကယ်ပါရမီရှိတာပဲ။ ရှင့်ကို ဒီနေရာအနှံ့ကိုလိုက်ပြပေးရမလား။
တင်းလင်သည် အခုထိပင်မယုံနိုင်သေး။ဤမြေကွက်သည် အလွန်တန်ဖိုးကြီးသည်။ ကန့်သတ်ချက်များစွာ ရှိသော်လည်း လေလံကြမ်းခင်းစျေးမှာပင် ကုဋေတစ်ရာဟုသတ်မှတ်ထားခြင်း ဖြစ်သည်။
ဤမြေကွက်ကို ဆယ်ကျော်သက်လေးတစ်ယောက်က ရုတ်တရက် ပိုင်ဆိုင်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ရတာပေါ့ဗျာ..ကျေးဇူးတင်ပါတယ် မစ္စတင်း။”
“ကျွန်မကို တင်းလင်လို့ပဲ ခေါ်ပါရှင်။”
တင်းလင်က ပြုံးလျှက် မြေကွက်အကြောင်း စတင်မိတ်ဆက်ပေးသည်။ သူမ၏ အဖိုးသည် ငယ်စဉ်ကတည်းက ဤမြေကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။
“ဒီမှာ ဝိုင်ချက်စက်ရုံထောင်လိုက်တာ ပိုက်ဆံအမြတ်အစွန်းရရဲ့လား။”
လုပေါင်တွင်မိသားစုထံမှ အကူအညီမတောင်းဘဲ ရင်းနှီးမြှုပ်နှံရန် အရင်းအနှီး မရှိသေးပေ။ လောလောဆယ်တွင် ကုန်ကျစရိတ် အနည်းဆုံး နည်းလမ်းမှာ ဝိုင်ချက်စက်ရုံကို ပြန်လည် လည်ပတ်ရန်သာ ဖြစ်သည်။
“ရတာပေါ့။ ဝိုင်ချက်စက်ရုံ တည်ထောင်ဖို့အတွက် မူဝါဒ နှစ်မျိုးရှိတယ်။ တစ်ခုက 3Sမူဝါဒပဲ sea,sand,sun ပေါ့။ ဒါက ကျွန်မတို့ဆီမှာ ရှိနေတာပဲ အဓိကကတော့ ဝိုင်ချက်စက်ရုံကို ခရီးသွားလုပ်ငန်းအနေနဲ့ အသုံးချတာ။ နောက်တစ်ခုကတော့ စပျစ်သီးကောင်းကောင်းထွက်တဲ့နေရာမှာ အရည်အသွေးမြင့် ဝိုင်ထုတ်လုပ်ဖို့ တည်ထောင်တာ။ ကျွန်မတို့က ဒုတိယ အမျိုးအစားနဲ့တော့ မကိုက်ဘူး။
တင်းလင်၏ ရှင်းပြချက်ကြောင့် လုပေါင် ဆုံးဖြတ်လိုက်သည်။ဒီဝိုင်ချက်စက်ရုံကို သူ လက်မလွှတ်နိုင်တော့ပါ။
ဒါပေမဲ့ သူ့မှာ ပိုက်ဆံမရှိဘူး။ ရွှေတုံးတွေ အားလုံးရောင်းရင်တောင် ငွေအများကြီးရမှာ မဟုတ်ဘူး။ မိသားစုကိုပဲ အကူအညီတောင်းရမလား ဒါမှမဟုတ် မျောက်ဝံဘုရင်ဆီ ပြန်သွားပြီး ရွှေတုံးတွေ ထပ်ယူရမလား။
“ကျွန်မက အဆင့်မြင့် ဝိုင်ထုတ်လုပ်သူတစ်ယောက်ဖြစ်သလို ပထမတန်းစား ဝိုင်ကျွမ်းကျင်သူ လည်း ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုပညာကိုလည်း လေ့လာထားပါတယ်။ ကျွန်မ ဒီမှာပဲ ကြီးပြင်းလာတာ။ ရှင် အကူအညီလိုတယ်ဆိုရင် ကျွန်မကို ရွေးချယ်ပေးနိုင်မလား။ကျွန်မမှာ ပိုက်ဆံရှိပါတယ် လစာပေးဖို့တောင် မလိုပါဘူး။ ကျွန်မမှာ ဖောက်သည်တွေ အဆက်အသွယ်တွေနဲ့ ဖြန့်ချိရေး လမ်းကြောင်းတွေ ရှိတယ်။ ပြောရရင် ကျွန်မထက် သင့်တော်တဲ့သူ မရှိနိုင်ပါဘူး။”
တင်းလင်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဝိုင်ချက်စက်ရုံကို ဆက်လက် စီမံခန့်ခွဲနိုင်ရန် ဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက ဤနေရာတွင် ရှိနေခဲ့ခြင်း ဖြစ်ရာ ဤနေရာသည် သူမနှင့် မသက်ဆိုင်တော့ဘဲ နောက်ထပ် လာခွင့်မရှိတော့ဟု သိလိုက်ရသည့်အခါ စိတ်ဓာတ်ကျခဲ့ရသည်။ ဝိုင်များနှင့် စက်ရုံကို ထိန်းသိမ်းထားခြင်းသည် သူမ ပြန်လာနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သည်။
“အိုး...”
လုပေါင် ဝမ်းသာသွားသည်။ သူက တိန်လင်းကို အံ့သြတကြီး ကြည့်ကာ
“တကယ်လား အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ။အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်းဘယ်လို စီမံခန့်ခွဲရမလဲဆိုတာမသိသေးလို့စိတ်ပူနေတာ။”
တင်းလင်၏ စကားကြောင့် သူ ပျော်ရွှင်သွားရသည်။ ဤနေရာကို ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ကိုင်တွယ်ပေးမည်ဆိုလျှင် အကောင်းဆုံးပင်ဖြစ်သည်။
“ရှင် တကယ် သဘောတူတာလား။”
တင်းလင်၏ မျက်ဝန်းများ တောက်ပသွားသည်။
“တကယ်ပေါ့။ တင်းလင်သာ ဆန္ဒရှိမယ်ဆိုရင် ဒီနေ့ကစပြီး တင်းလင်က ဒီနေရာရဲ့ မန်နေဂျာပဲ။ ဝိုင်ချက်စက်ရုံက အရာအားလုံးကို တင်းလင်တာဝန်ယူရမယ်။နှစ်ကုန်ရင်လည်း ကျွန်တော်တင်းင်ကို အပိုဆုကြေးပေးပါ့မယ်။”
လုပေါင်ကပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေး။တကယ်ကျေးဇူးတင်ပါတယ်ရှင်။
တိန်လင်းက စိတ်လှုပ်ရှားစွာဖြင့် လုပေါင်ကို ကလေးတစ်ယောက်လို ဖက်လိုက်သည်။ လုပေါင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အားနာနာဖြင့် ရယ်မောကာ မလှုပ်ရဲဘဲ နေမိသည်။
ငါက ကလေးပဲ ရှိသေးတာကို..မင်း ဘာလုပ်နေတာလဲ။
လုပေါင်၏ မျက်လုံးများက ခိုးကြည့်မိသည်။
“ဒါနဲ့... ကျွန်တော့်အတွက် ဆိုင်းဘုတ်ကြီး ကြီးတွေ သွားရိုက်ပေးပါဦး။အလွန်ကြီးမားတဲ့ အမျိုးအစားတွေနော်။ ကြွက်မျိုးပွားရေး စင်တာတစ်ခု လေလွင့်ကြောင် မွေးမြူရေးခြံတစ်ခု ကျီးကန်မွေးဖြူဇုန်တစ်ခု အဆိပ်ပြင်းမြွေမွေးမြူရေးခြံတစ်ခု ကြက်ကောင်ရေ တစ်သိန်းခြံတစ်ခု ဝက်မကောင်ရေ တစ်သောင်း မျိုးပွားခြံ တစ်ခု ဘဲကောင်ရေ တစ်သိန်းခြံတစ်ခု ပြီးတော့ သဘာဝ ဇီဝဓာတ်ငွေ့ (Biogas) ထုတ်လုပ်ရေးကန်တစ်ခုနဲ့ သဘာဝ ပျားခြံ တစ်ခု။ အင်း...အဲဒါဆို စုံပြီထင်တယ်။ ဆိုင်းဘုတ်တစ်ခုချင်းစီက အကြီးကြီး ဖြစ်ရမယ် ဟိုဘက်က မြေကွက်ကို မျက်နှာမူထားရမယ်။ သူတို့ရဲ့ မြင်ကွင်းကို ပိတ်ထားနိုင်ရင် အကောင်းဆုံးပဲ။”
လုပေါင် တွေးထားပြီးသားဖြစ်သည်။ မကောင်းတဲ့အရာမှန်သမျှ ရွံစရာကောင်းတဲ့အရာမှန်သမျှ သူ မွေးမြူမည်။ ခိုးရတာဝါသနာပါတဲ့ မျောက်ဖြူ အချို့ကိုတောင် ဖမ်းလာပြီး ဒီမှာ မွေးထားဦးမယ်။ နေ့တိုင်း လူတွေကို လိုက်လုခိုင်းဖို့ပေါ့။
အလွန်ကြီးမားတဲ့ ဆိုင်းဘုတ်တွေ..ကြွက်တွေ လေလွင့်ကြောင်တွေ ကျီးကန်တွေ အဆိပ်ရှိတဲ့ မြွေတွေ ကြက် ဘဲ ဝက် ပြီးတော့ ဇီဝဓာတ်ငွေ့ကန်... သူ ဘာလုပ်နေတာလဲ။
တိန်လင်း ဆွံ့အသွားသည်။
သူကတိရစ္ဆာန်ရုံဖွင့်မလို့လား။ ပြီးတော့ ကြက်တစ်သိန်း ဝက်တစ်သောင်း ဘဲတစ်သိန်း ဆိုတဲ့ ဆိုင်းဘုတ်တွေက တကယ်ကြီးလား။
“ရှင်... ရှင် ဘာလုပ်မလို့လဲ။
တင်းလင်က လုပေါင်ကို အူကြောင်ကြောင် ကြည့်နေသည်။ ဒါတွေက မွေးမြူစရာ အရာတွေလား။ကြားရတာ နည်းနည်း ရွံစရာကောင်းသလိုပဲ။ပြီးတော့ သူက တမင်တကာ လူတွေကို ဒုက္ခပေးဖို့ လုပ်နေတာနဲ့ တူနေတယ်။
“အမှတ် (၂) မြေကွက်က အိမ်ရာဆောက်လုပ်ရေးသမားက ကျွန်တော့်ကို လာစော်ကားလို့။ သူ့ကို အကုန်ဆုံးရှုံးသွားအောင် လုပ်မလို့။ ဪ...ဆိုင်းဘုတ်တွေကို သူတို့ဘက်ကို တိုက်ရိုက် မျက်နှာမူထားလိုက်။ စနေနေ့ မနက်မတိုင်ခင် အပြီးတပ်ဆင်လိုက်နော်။”
လုပေါင်က သူ့နောက်က အမှတ် (၂) မြေကွက်ဘက်ကို ညွှန်ပြလိုက်သည်။
“ဝက်မွေးရုံနဲ့တင်ဘယ်ကမလဲ။ ဘာပဲဖြစ်ဖြစ်ရွံစရာကောင်းတာတွေအများကြီး မွေးရမှာပေါ့။ဆိုင်းဘုတ်တွေကလည်း ကြီးရမယ်။”
တိန်လင်း မှင်တက်သွားသည်။ တကယ်ကြီး လူတွေကို ဒုက္ခပေးဖို့ပဲ။
“ဒါနဲ့ဝက်ကောင်ရေ တစ်ရာ ကြက်နှစ်ထောင်နဲ့ ဘဲနှစ်ထောင်လောက် ဝယ်ပြီး အဲဒီနေရာမှာ လွှတ်ထားလိုက်။ စပါးအုန်းမြွေတစ်ကောင်လောက် ရရင်တော့ အကောင်းဆုံးပဲ။ဆိုင်းဘုတ်ပဲ ချိတ်ထားလို့ မဖြစ်ဘူး။တကယ့်သက်ရှိတွေလည်း ရှိမှဖြစ်မယ်။”
အပေါ်က ဧရိယာက ဗီလာဇုန်ဆိုတာ သူမ သိထားပြီးသားဖြစ်ကာ ဝယ်ဖို့တောင် စဉ်းစားခဲ့ဖူးသည်။
“သူဌေး...ရှင် ဒီမြေကွက်ကို လေလံဆွဲခဲ့တာ လူတွေကို ဒုက္ခပေးဖို့ သက်သက်ပဲလား။”
တင်းလင်သည်သူမ၏ သူဌေးမှာ မိစ္ဆာတစ်ကောင်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ အပေါ်က အိမ်ခြံမြေစျေးတွေ တက်လာရင် ဒီဘက်ကလည်း အကျိုးအမြတ် ရမှာ မဟုတ်ဘူးလား။
ဒါက ‘တစ်ဖက်သားကိုလည်း နစ်နာစေ။ကိုယ့်ဘက်ကလည်း အထိအခိုက်ခံတဲ့ ဗျူဟာမဟုတ်ရင် ဘာဖြစ်ဦးမှာလဲ။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်တော်က အရမ်းသဘောကောင်းတဲ့သူပါ။”
လုပေါင်ကပြန်ကြည့်ရင်း ပြောလိုက်သည်။
“သဘက်ခါ ရောက်ဖို့ကို ကျွန်တော် တကယ် မျှော်လင့်နေပြီ။”
“တကယ်ကြီး လုပ်မှာလား။”
တင်းလင်က ထပ်မံ အတည်ပြုသည်။
“တကယ်ပေါ့။ ပိုက်ဆံ ဘယ်လောက်လိုမလဲသာ ပြော။”
“ကောင်းပါပြီ...သူဌေး”
ဘယ်တုန်းကမှ မကောင်းမှု မလုပ်ခဲ့ဖူးသော တင်းလင်သည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ ဤခံစားချက်မှာ အတော်လေး ရင်ခုန်ဖို့ ကောင်းလှသည်။
လုပေါင် မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဤမျှဆိုလျှင် လောက်ငပေလိမ့်မည်။ ရွှေရောင်ကျားသစ်ကို ဒီမှာ လွှတ်မထားနိုင်တာပဲ နှမြောဖို့ ကောင်းသည်။ အဲဒီကောင်သာ ရှိရင် တစ်ချက်တစ်ချက် ဟိန်းခိုင်းလိုက်ရုံနဲ့ ဘယ်သူက ဒီမှာ ဗီလာလာဝယ်ရဲဦးမလဲ။
မောက်မာချင်သလောက် မောက်မာကြစမ်းပါ။ နတ်မင်းကြီးတွေပဲ ဆင်းလာပါစေဦး။မင်းတို့ အရှုံးပေါ်ကိုပေါ်စေရမယ်။
***