အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ။ဒါပေမဲ့ ပြဿနာတစ်ခုပဲ ကျန်တော့တယ်အဲ့ဒါက ပိုက်ဆံမရှိတာပဲ။
လုပေါင်သည် ဧက ၂၀၀ ရှိသော မြေကွက်အကြောင်းကို သူ့မိသားစုကို လောလောဆယ် မပြောချင်သေးပေ။ထိုမြေကို သူဘယ်လိုရခဲ့သလဲဆိုတာ ရှင်းပြဖို့ ခက်နေသောကြောင့်ဖြစ်သည်။ သို့သော် ရန်ပုံငွေမရှိသည့်ကိစ္စကို သူဘာလုပ်သင့်သနည်း။
ရွှေတုံးတွေကို ရောင်းရမလား။
သို့မဟုတ်... သူ့တွင် သူဌေးမလေး ဖြစ်နေသော ညီမတစ်ယောက်ရှိသည်ကို ရုတ်တရက် သတိရသွားသည်။ သူ ချက်ချင်းပင် ဖုန်းထုတ်ပြီး ခေါ်လိုက်သည်။
“ဘာလိုချင်လို့လဲ။”
လုရှောင်တိုက်က ဖုန်းကို ချက်ချင်းဖြေသည်။
“မျက်နှာဝိုင်းလေးနင့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ။ငါနည်းနည်းလိုနေလို့။ ငါ့ကတ်ထဲကို လွှဲပေးဦးနော်။”
သူ့ကိုယ်တိုင်မှာ ပိုက်ဆံအများကြီးမရှိသော်လည်းညီမဖြစ်သူဆီမှာတော့ သေချာပေါက်ရှိသည်။ သူ့မိသားစုသည်သားထက် သမီးကို ပိုအလိုလိုက်သည့် အကျင့်မှာ ရူးသွပ်လုနီးပါးပင်။ ထို့ကြောင့် သူသည် ညီမဖြစ်သူထံမှ မုန့်ဖိုးတောင်းနေကျဖြစ်သည်။
“ငါ့မှာ ပိုက်ဆံမရှိဘူး။” မျက်နှာဝိုင်းလေးက ချက်ချင်း ကန့်ကွက်သည်
“တစ်သိန်း။”
“ဒါဆို အကြွေးစာချုပ်ချုပ်ထားဖို့ မမေ့နဲ့။ နောက်လတွေ ငါ့ဆီက ထပ်ချေးဖို့ မစဉ်းစားနဲ့တော့ ငါ့ဆီမှာလည်း အများကြီး မကျန်တော့ဘူး။”
မကျေမနပ် ကန့်ကွက်မှုများ ပြုလုပ်ပြီးနောက် မျက်နှာဝိုင်းလေးက ဖုန်းချသွားသည်။ မကြာမီ လုပေါင်၏ ဖုန်းထဲသို့ ဘဏ်မှ အကြောင်းကြားစာ ရောက်လာသည်။ငွေ တစ်သိန်း လွှဲပြောင်းမှု ရောက်ရှိလာပြီဖြစ်သည်။
သူဌေးမလေး နင်သာအစ်ကို့ကို ထောက်ပံ့တဲ့ နတ်မိမယ်လေး မဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ။
အိမ်တွင် မျက်နှာဝိုင်းလေး၏ အဆင့်အတန်းမှာ သူ့ထက် အဆပေါင်းတစ်ထောင်မက မြင့်မားသည်။
သူသည် ရသမျှပိုက်ဆံအားလုံးကို တင်းလင်ထံသို့ တစ်ခါတည်း လွှဲပေးလိုက်ပြီး ဆိုင်းဘုတ်တွေ အရင်တပ်ဆင်ရန်နှင့် ကြက်ဘဲများ အရင်ဝယ်ထားရန် ပြောလိုက်သည်။ ငွေထပ်လိုလျှင် ထပ်ပေးမည်ဟုလည်း ဆိုသည်။
တိန်လင်းသည် လုပေါင်တွင် ငွေကြေးအခက်အခဲရှိနေသည်ကို သတိထားမိပုံရသည်။ သူမက အနည်းငယ် ထူးဆန်းနေသည်ဟု ထင်ရသော်လည်း သူမကိုယ်တိုင် ငွေကြေးအရင် စိုက်ထုတ်ပေးနိုင်ကြောင်း ပြောလာသဖြင့် လုပေါင်အတွက် အများကြီး အဆင်ပြေသွားစေသည်။
“စနစ် ပိုက်ဆံ ဆုလာဘ်မျိုးပေးမယ့် တာဝန်မျိုးက ဘယ်တော့လာမှာလဲ။သန်းအနည်းငယ်လောက်ဆိုရင်တော့ကောင်းမှာပဲ။”
လုပေါင်ကစနစ်၏ တာဝန်သစ်များကို မျှော်လင့်နေမိသည်။ သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပိုက်ဆံထုတ်လျှင် ရှစ်သောင်းမှ တစ်သိန်းဝန်းကျင် ရနိုင်သော်လည်း လုပ်ငန်းစဉ်က တစ်ပတ်ခန့် ကြာသည့်အပြင် ပမာဏကလည်း နည်းလွန်းသည်။
သူသည် ဒုတိယအဆင့် ဗီလာစီမံကိန်း သတင်းများကိုလည်း တင်းလင်ကို စုံစမ်းခိုင်းထားသည်။ ချင်းကျန်းမြို့တွင် ချမ်းသာသောသူများအမှန်တကယ် များပြားကြောင်း သူတွေ့ရှိခဲ့ရသည်။ စုန့်မိသားစုသည် တစ်ရက်တည်းနှင့်ပင် ဗီလာ အလုံး ၂၀ နီးပါးကို ကြိုတင်ရောင်းချပြီးနေပြီ ဖြစ်သည်။
စုန့်ခွန်လင်းသည် ချမ်းသာသူများစွာနှင့် ရင်းနှီးသည့်အပြင် ထိုနေရာသည် အနာဂတ်တွင် တန်ဖိုးတက်လာမည့် အလားအလာရှိသဖြင့် ထိုသူဌေးများကလည်း ဝယ်ယူရန် ဝန်မလေးကြပေ။
နှင်းလုံးလေး(Snowball) အမည်ရှိ ကြက်တူရွေးကြီးမှာ ပတ်ဝန်းကျင်သစ်နှင့် အသားမကျသေးသဖြင့် အပြင်မထွက်ရဲဘဲ ဖြစ်နေသည်။ ဒါပေါင်ကတော့ အဖော်အသစ်ရသဖြင့် အလွန်ပျော်နေပြီး အားအင်တွေ လွန်ကဲကာ တစ်နေကုန် ကြက်တူရွေးနောက်ကို တကောက်ကောက် လိုက်နေတော့သည်။
သူက နှင်းလုံးလေးကို လိုက်လံနှောင့်ယှက်လွန်းသဖြင့် ကြက်တူရွေးကြီးမှာ ဒေါသထွက်ကာ ဆဲဆိုတော့သည်။ ကြက်တူရွေးကြီးမှာ တစ်နေကုန် ခွေးကို ဆဲဆိုအော်ဟစ်နေလေတော့သည်။
စနေနေ့သို့ရောက်ရှိလာခဲ့ပြီ။
ယနေ့သည် စုန့်မိသားစုက ဖောက်သည်များကို ခေါ်ယူကာ မြေကွက်ကြည့်ရှုစစ်ဆေးမည့် နေ့ဖြစ်သည်။ အရှေ့ဘက်တွင် စည်ကားသော မြို့လယ်ခေါင် အနောက်ဘက်တွင် ကျယ်ပြောသော သမုဒ္ဒရာ တောင်ဘက်တွင် ရွှေရောင်သဲသောင်ပြင် မြောက်ဘက်တွင် တိမ်ဖြူများနှင့် အထက်တွင် နေ လ ကြယ်များကို မြင်တွေ့နိုင်သော ဤရတနာမြေကို သူဌေးများကို လိုက်ပြမည်ဖြစ်သည်။
အနည်းငယ်စိုစွတ်နေသည်မှလွဲလျှင် ဤနေရာသည် အပြစ်ပြောစရာ မရှိပေ။ ချမ်းသာသူများစွာက မျက်စိကျနေကြပြီး ဝယ်ယူရန် ပြင်ဆင်နေကြသည်။
“အဖေ ရွှေရောင်ကမ်းခြေက ဗီလာတွေကို သွားကြည့်ချင်လား။”
မနက်စာစားနေစဉ် လုပေါင်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ အဲဒီက အံ့သြစရာကြီးကို သွားကြည့်သင့်တယ်လေ။
“မသွားချင်ဘူး။”
လုပိုင်ဟောက်က နှာခေါင်းရှုံ့ရင်း ပြောသည်။
“သူ့မျက်နှာကို သွားကြည့်ရမှာလာ။ငါသာ သူ့ဗီလာကို ဝယ်လိုက်ရင် တစ်သက်လုံး ခေါင်းမဖော်နိုင်ဘဲ နေရလိမ့်မယ်။”
“တစ်ခုလောက် ဝယ်ထားရင်လည်း အဆင်ပြေမှာပါ။”
ကျန်းရွှယ်ချီကတော့ တကယ်တမ်း ဝယ်ချင်နေသည်။ သို့သော် လုပိုင်ဟောက်၏ မျက်နှာပျက်နေသည်ကို မြင်သဖြင့် စကားစဖြတ်လိုက်ရသည်။ သူမက လုပေါင်ကို ကြည့်ပြီး
“နောက်ရက်တွေကျရင် နင့်ညီမကို သွားကြိုလိုက်ဦး။ အခုတလော အပြင်မှာ သိပ်မအေးချမ်းဘူး။”
“ကျွန်တော် အပြင်သွားတုန်းကတော့ မအေးချမ်းဘူးလို့ တစ်ခါမှ မပြောဖူးဘူးနော်။”
လုပေါင်စကားမပြောနိုင်အောင် ဖြစ်သွားသည်။ မျက်နှာဝိုင်းလေး ခရီးသွားလျှင် တစ်မိသားစုလုံးက တကယ်ကို စိတ်ပူကြသည်။
သူ တစ်လခွဲလောက် ပျောက်သွားတုန်းကတော့ ဘယ်သူမှ ဂရုမစိုက်သလို မမေးကြပေ။
“နင်က ဘာစိတ်ပူစရာလိုဦးမှာလဲ။”
လုပိုင်ဟောက်က သူ့သားကို ခပ်အေးအေးပင် ကြည့်လိုက်သည်။ သူ အလွန်ချစ်ရသော သမီးလေး အပြင်ထွက်နေသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ သူ အလွန်စိတ်ပူနေသည်။
“ဝုတ် ဝုတ်”
ဒါပေါင်က လုပေါင်အနားကို တိုးလာပြီး ဟောင်လိုက်သည်။ မျက်နှာဝိုင်းလေးကို မြန်မြန်သွားကြိုဖို့ ပြောနေသယောင်ပင်။
“သွားစမ်းးး”
လုပေါင်မျက်စိစောင်းကြည့်လိုက်သည်။ လူတွေက သူ့ကို အနိုင်ကျင့်တာ ထားပါဦး။အခုတော့ ခွေးကပါ သူ့ကို လာအနိုင်ကျင့်နေပြီ။
“ဂူး... ဂူး”
ကြက်တူရွေးကြီးက လုပေါင်၏ ပုခုံးပေါ်တွင် ရပ်နေပြီး သူ့ခြေသည်းဖြင့် လုပေါင်၏ နှာခေါင်းကို တွန်းကာ အစေ့အဆန်များ တောင်းနေသည်။
လက်တစ်ကမ်းပေးရင်အတောင်တစ်ခုယူဆိုသလိုပင် ၎င်း၏ အမူအရာမှာ အတော်လေး မောက်မာလှသည်။
ငါ့ကို သနားမယ့်သူ တစ်ယောက်မှ မရှိဘူးပဲ... လုပေါင် သက်ပြင်းချမိသည်။
သူသာ တိတ်တဆိတ် DNA စစ်ဆေးမှု နှစ်ကြိမ် မလုပ်ထားခဲ့လျှင် သူသည် လမ်းဘေးက ကောက်ရလာသော ကလေးဟု တကယ်သံသယဝင်မိမည်ဖြစ်သည်။
သူ ဝိုင်ချက်စက်ရုံသို့ စောစောစီးစီး ရောက်သွားသည်။ သူ့၏ လိုအပ်ချက်များအရ တပ်ဆင်ရေးလုပ်သား ၁၀ ဦးကျော်သည် မနက်စောစောကတည်းက အလွန်ကြီးမားပြီး သိသာထင်ရှားလှသော ဆိုင်းဘုတ်ကြီးများကို စိုက်ထူနေကြသည်။
အလုပ်သမားများကလည်း ဤသူဌေး၏ ဦးနှောက်မှာ မနှံ့ဘူးဟု ခံစားနေရသည်။ ဒီလို နေရာကောင်းမှာ ဘာလို့ ဒီလို ရှုပ်ပွနေတဲ့ ဆိုင်းဘုတ်တွေကို လာတပ်နေတာလဲ။
ပြီးတော့ အဲဒါတွေက အတော်လေး ရွံစရာကောင်းလှသည်။ သူတို့ သက်တမ်းတစ်လျှောက်မှာ ဒီလောက် ရွံစရာကောင်းတဲ့ ဆိုင်းဘုတ်မျိုး တစ်ခါမှ မမြင်ဖူးပေ။
“ကျွန်တော်ကတော့ လူလုံးထွက်မပြဘူး။ သူတို့ ဒီနေ့ ညှိနှိုင်းဖို့ လာကြလိမ့်မယ်။ပြတ်ပြတ်သားသားသာ နေပါ။တတ်နိုင်သမျှ သူတို့ ရွံသွားအောင် လုပ်လိုက်။ ကြက်တွေဘဲတွေ ဝက်တွေ သိုးတွေကိုလည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်။”
ယနေ့တွင် စုန့်ခွန်လင်း၏ မိသားစု ဆက်ပြီး မောက်မာနိုင်ဦးမလားဆိုတာ လုပေါင် ကြည့်ချင်နေသည်။
တင်းလင်က ပြုံးလျှက်ပြောသည်။
“စိတ်မပူပါနဲ့။ ကျွန်မ အားလုံး စီစဉ်ထားပြီးပြီ။ ဒါနဲ့...သူငယ်ချင်းတစ်ယောက်ဆီက မြန်မာစပါးအုန်းမြွေတစ်ကောင် ငှားထားတယ်။ ခဏနေရင် လွှတ်ထားလိုက်မလား။မြွေထိန်းလည်း ပါလာတယ်ဆိုတော့မတော်တဆဖြစ်မှာ စိတ်မပူပါနဲ့။”
လုပေါင်၏ တောင်းဆိုချက်အရ မြွေတစ်ကောင်ရလျှင် အကောင်းဆုံးဖြစ်သည်ဟုပြောသဖြင့်တင်းလင်က သူမ၏ အဆက်အသွယ်များကို သုံးကာ ရှာဖွေပေးခဲ့ခြင်းဖြစ်သည်။
“ဘယ်လောက်ကြီးလဲ။”
လုပေါင်မျက်လုံးများ တောက်ပသွားသည်။ မြန်မာစပါးအုန်းမြွေဆိုသည်မှာ အလွန်ရှားပါးသည့်အရာဖြစ်သည်။
“၇ မီတာ (၂၃ ပေခန့်) ရှိတယ်။ အရွယ်ရောက်ပြီးသား စပါးအုန်းမြွေကြီးပဲ။ ဒါပေမဲ့ ဒါက တောရိုင်းဆန်ဆန် မွေးထားတာမို့ နည်းနည်းတော့ ကြမ်းတယ်။”
တင်းလင်က Tablet ကို ယူလာပြီး လုပေါင်ကို မြွေပုံများ ပြလိုက်သည်။
လုပေါင် မြင်မြင်ချင်းပင် သဘောကျသွားသည်။ ကံမကောင်းတာက ၎င်းမှာ လှပလွန်းနေပြီး ကြောက်စရာ သိပ်မကောင်းခြင်းပင်။ တခြားအရောင်သာ ဖြစ်ပါက ဤနေရာတွင် ဗီလာလာဝယ်မည့် သူဌေးများကို သေအောင် ခြောက်လှန့်နိုင်မည် ဖြစ်သည်။
“ဒီမြွေကြီးကို မြင်သာတဲ့နေရာမှာပဲ ထားလိုက်ပါ။”
မြွေဆိုသည်မှာ လှလှ မလှလှ လူတိုင်း ကြောက်ကြသည်သာ။
“ကောင်းပါပြီ။ ပြီးတော့ စုန့်မိသားစုရဲ့ ဝန်ထမ်းတွေ ကျွန်မဆီကို ဆက်သွယ်နေကြပြီ။ သူတို့ ဆိုင်းဘုတ်တွေကို မြင်တော့ ဒေါသထွက်ပြီးပေါက်ကွဲနေကြတယ်။”
တင်းလင်သည်လုပေါင် တောင်းဆိုသည့်အတိုင်း မနက်အစောကြီးကတည်းက ဆိုင်းဘုတ်များကို တပ်ဆင်ခဲ့ရာ ထိရောက်မှုမှာ အလွန်မြန်ဆန်ပြီး စုန့်မိသားစုကို အငိုက်မိသွားစေသည်။
လုပေါင်၏ မျက်လုံးများ တောက်ပလာပြီး ပြုံးလိုက်သည်။
“သူတို့ကို မတွေ့နဲ့ဦး။ မွန်းတည့်ချိန်ထိ စောင့်လိုက်။ သူတို့ရဲ့ စိုးရိမ်စိတ်တွေ အထွတ်အထိပ် ရောက်ပါစေဦး။”
ဤအချိန်တွင် စုန့်ခွန်လင်း၏ မိသားစု တစ်ခုလုံး ရူးမတတ် ဖြစ်နေကြသည်။ ဆိုင်းဘုတ်တွေ တစ်ခုပြီးတစ်ခု တက်လာသည်ကို ကြည့်ပြီး သူတို့ အိပ်မက်မက်နေသည်ဟုပင် ထင်နေကြသည်။ ဘယ်လို ဆိုင်းဘုတ်မျိုးတွေလဲ။
“ကြွက်မျိုးပွားရေးနှင့် မွေးမြူရေး စင်တာ။
“လေလွင့်ခွေးနှင့် ကြောင် ကယ်ဆယ်ရေး စင်တာ။
“ကျီးကန် ၃,၀၀၀ မွေးမြူရေးခြံ။
“တောရိုင်းအဆိပ်ပြင်းမြွေ မွေးမြူရေးခြံ။”
“အကြီးစား သဘာဝ ပျားမွေးမြူရေး စင်တာ။”
နောက်ထပ် ပို၍ ပို၍ ချဲ့ကားထားသော ဆိုင်းဘုတ်များလည်း ပါဝင်သည်။
“ကြက်ကောင်ရေ တစ်သိန်းမွေးမြူရေးခြံ။”
“တောဝက်မျိုးစပ် မွေးမြူရေး စင်တာ။”
“ဘဲရိုင်းကောင်ရေတစ်သိန်းမြွေးမြူရေးခြံ။”
ပို၍ပင် ရွံစရာကောင်းသည်မှာ
“သဘာဝ မစင် ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရေးကန်။”
ဒါတွေကဘာတွေလဲဧက ၂၀၀ ဆိုတာ ဒါတွေလုပ်ဖို့ လောက်ပါ့မလား ဧက ထောင်ချီမှ ဖြစ်မှာပါ။ ပြီးတော့ ဆိုင်းဘုတ်အားလုံးက ဘာလို့ သူတို့ရဲ့ ဗီလာဝင်းဘက်ကို လှည့်ထားတာလဲ။
“ဒါ သူတို့ ဘာတွေ လုပ်နေတာလဲ။ဇီဝဓာတ်ငွေ့ကန် ဆိုင်းဘုတ်က ၈ မီတာ မြင့်ပြီး ၅ မီတာ ကျယ်ရလား။ပြီးတော့ ဘာလို့ ဒီလောက် ရွံစရာကောင်းတဲ့ ပုံကြီး သုံးထားရတာလဲ။ဒါ ငါတို့ကို တမင်အကွက်ချ တိုက်ခိုက်နေတာ မဟုတ်လား။”
စုန့်ချင်းဝေ၏ အသံမှာ စူးရှသွားသည်။ သူတို့ အိမ်တံခါးဖွင့်လိုက်တာနဲ့ ပုံထဲက မစင်ပုံကြီးကို မြင်နေရမှာလား။
ဇီဝဓာတ်ငွေ့ကန် ဆိုတာ ထားပါဦး။ဒါပေမဲ့ မစင်ဆိုတဲ့ စာလုံးနှစ်လုံးကို တမင်တကာ အကြီးကြီး ရေးထားတာ ဖြစ်သည်။ ဒါက သူတို့ကို ရွံသွားအောင် တမင် လုပ်ဆောင်ခြင်းပင်။ ၎င်းအပြင် မစင်ပုံသရုပ်ဖော်ပုံကလည်း... စုန့်ခွန်လင်းသည် ဖုန်းများ တရစပ် ခေါ်ဆိုနေပြီး ဤမြေကို ဘယ်သူ လေလံအောင်သွားသလဲဆိုတာ အဆက်အသွယ်များမှတစ်ဆင့် လိုက်စုံစမ်းနေသည်။ သူ တစ်စုံတစ်ယောက်ကို အငြိုးထားမိသလားဟု သံသယဝင်မိသော်လည်း စုန့်မိသားစုမှာ ရန်သူ အလွန်များပြားလှသည်။
စဉ်းစားနေစရာပင် မလိုတော့ပါ ဒါက တမင် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။
ပုံမှန်လူဆိုလျှင် ဒီလိုနေရာမျိုးမှာ ဒါတွေ လာမွေးပါ့မလား။ကြွက်တွေ လေလွင့်ခွေးနဲ့ ကြောင်တွေ ကျီးကန်တွေ အဆိပ်ရှိတဲ့ မြွေတွေ ကြက် ဘဲ ဝက် သိုး ပျား တွေ... နောက်ဆုံး ဇီဝဓာတ်ငွေ့ကန်ပါ ပါသေးတယ်။
“အိုစုန့်၊ရှင် တစ်ယောက်ယောက်ကို သွားစော်ကားမိလို့လား။ဒီနေ့က ကျွန်မတို့အတွက် သိပ်အရေးကြီးတာ။ အဲဒီ ဖောက်သည်တွေသာ ဒါကို မြင်သွားရင် ဘယ်သူက ကျွန်မတို့ ဗီလာတွေကို ဝယ်တော့မှာလဲ။”
စုန့်ခွန်လင်း၏ ဇနီးလည်း ထိတ်လန့်နေသည်။ သူမသည် ထိုဆိုင်းဘုတ်ကို ကြည့်ရုံနှင့်ပင် အန်ချင်သလို ဖြစ်နေရသည်။ အထူးသဖြင့် အောက်ဘက်တွင် ဝက်တွေ သိုးတွေ ကြက်တွေ ဘဲတွေကလည်း အကောင်ရေ မနည်းဘဲ တကယ်ကြီး လွှတ်ကျောင်းခံထားရသောကြောင့် ဖြစ်သည်။
သူတို့ ဘယ်သူ့ကို သွားထိမိလိုက်တာလဲ။
***