ထိုအချိန်တွင် ခက်တောင့်တောင့်လုံခြုံရေးဝန်ထမ်း အများအပြားက သူတို့ကို ပိတ်ဆို့ထားပြီး အထဲသို့ အဝင်မခံဘဲ တားဆီးနေကြသည်။
“အဖေ...တစ်ခုခု မြန်မြန်စဉ်းစားဦး။ ဒီဆိုင်းဘုတ်တွေကိုသာ မဖယ်ရှားနိုင်ရင် ပိုက်ဆံရဖို့ ဝေးရော အကြီးအကျယ် အရှုံးပေါ်တော့မယ်။”
စုန့်မယ်ကျိန်းက ဒါကို ကောင်းကောင်းသိသည်။ ချမ်းသာတဲ့သူတွေက ပတ်ဝန်းကျင်ကောင်းလို့ ဒီနေရာကို ရွေးကြတာ မဟုတ်လား။
ဒါကိုသာ သူတို့ မြင်သွားရင် စရံတင်ထားသူတွေကတော့ ချက်ချင်း နောက်လှည့်ပြန်သွားကြမှာ သေချာတယ်။
ပြဿနာသာ တစ်ခုခု တက်လာရင် သူတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။
“ငါ စုံစမ်းနေတုန်းပဲ။”
စုန့်ခွန်လင်းက နဖူးမှာ ချွေးစေးများ ပြန်လျက် ပြောလိုက်သည်။ သူသည် တန်ဖိုးကြီး လက်ဆောင်များ ပေးကမ်းရန်ပင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူသည် ဤနေရာကို တကယ်ပင် လျှော့တွက်ခဲ့မိသည်။
တစ်ဖက်လူက သူ့ကို တမင်တကာ နှောင့်ယှက်လိမ့်မည်ဟုလည်း သူ မထင်ထားခဲ့မိပေ။
“မင်းတို့ သူဌေးက ဘယ်သူလဲ။”
“ငါတို့က ဘယ်သူလဲဆိုတာ မင်းတို့ သိရဲ့လား။ ဟိုအပေါ်မှာ နေမယ့်သူတွေက ဘယ်သူတွေလဲဆိုတာရော သိရဲ့လား။ မြို့တော်ရဲ့ အဆင့်မြင့် အရာရှိကြီးတွေ ကျော်ကြားတဲ့အနုပညာရှင်တွေ ကုမ္ပဏီပိုင်ရှင်တွေ ချင်းကျန်းမြို့ရဲ့ သြဇာအာဏာရှိသူ အကုန်လုံးနီးပါး ဒီမှာ စုဝေးကြမှာ။ မင်းတို့ ဒီလိုလုပ်တာ သေချာပေါက် အသေခံချင်လို့ပဲ ဖြစ်ရမယ်။”
“လမ်းဖယ်စမ်း မင်းတို့ သူဌေးကို ငါတို့နဲ့ လာတွေ့ခိုင်းလိုက်။”
“ငါတို့ အဆက်အသွယ်တွေကို သုံးပြီး အရေးယူရအောင် မလုပ်နဲ့။”
စုန့်မိသားစုက ချမ်းသာသလို သူတို့ သိကျွမ်းသူများကလည်း သြဇာအာဏာ ရှိကြသည်။ သူတို့သာ အဆက်အသွယ်ကောင်းများကို အသုံးပြုလိုက်လျှင် မည်မျှ နောက်ခံရှိသော သူဌေးဖြစ်စေ တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော် သူတို့ တစ်ခုတော့ သိထားသည်။ ဤနေရာကိုဝယ်ယူနိုင်သောသူသည် နောက်ခံ သာမန်တော့ မဖြစ်နိုင်ပေ။
ဒါပေမဲ့ ဒီလုပ်ရပ်ကတော့ ကလေးကလား ဆန်လွန်းမနေဘူးလား။
ခက်ထန်သော လုံခြုံရေးဝန်ထမ်းများကတော့ ဂရုမစိုက်သည့် အမူအရာဖြင့်သာ ရှိနေသည်။ ခေါင်းဆောင်ဖြစ်သူက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ချက်ချင်း ထွက်သွားပေးကြပါ။ ဒါက ပုဂ္ဂလိကပိုင် နယ်မြေ ဖြစ်တယ်။ မထွက်သွားရင်တော့ ကျွန်တော်တို့ အတင်းအကျပ် ဖယ်ရှားရလိမ့်မယ်။”
“မင်းကများးး”
စုန့်ချင်းဝေတစ်ယောက် မအောင့်နိုင်တော့ပေ။ ထောင်လွှားရသည်ကိုအကျင့်ပါနေသောကြောင့် သူသည် ချက်ချင်း ဒေါသထွက်သွားပြီး လုံခြုံရေး၏ အင်္ကျီကို ဆွဲကိုင်ရန် လက်လှမ်းလိုက်သည်။”
“တော်တော့။”
စုန့်ခွန်လင်းက သူ့ကို ဆွဲတားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အရင် ပြန်ကြမယ်။ပြဿနာ လာမရှာနဲ့ဦး။”
“အဖေ။”
“ပြန်မယ်လို့ ပြောနေတယ်လေ။”
စုန့်ခွန်လင်းသည် အံကြိတ်ကာ ထွက်ခွာသွားသည်။ သူ ဒုက္ခအကြီးအကျယ် ရောက်နေပြီဆိုတာ သူသိလိုက်ပြီ။ ဤလုံခြုံရေးဝန်ထမ်းများက အလွန် တင်းမာလှသည်၊ သူတို့ကို ကြိုတင် မှာကြားထားပြီးသား ဖြစ်မှာ သေချာသည်။
အခုမှ သူ သဘောပေါက်တော့သည်။အမှတ် (၁) မြေကွက်ပိုင်ရှင်က သူ့ကို တမင်တကာ ဒုက္ခပေးနေခြင်းပင်။
ဝိုင်ချက်စက်ရုံတွင် ကြက် ဘဲ ဝက်နှင့် သိုးများ နေရာအနှံ့ ပြေးလွှားနေကြသည်။ နာရီအနည်းငယ်အတွင်းမှာပင် နံစော်သော အနံ့အသက်များ ထွက်ပေါ်လာပြီး လေတိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ ဤအနံ့များက အမှတ် (၂) ဗီလာဇုန်ဘက်သို့ လွင့်ပျံ့နေတော့သည်။
မနက် ၁၀ နာရီခန့်တွင် လုပေါင်သည် ပွဲကြည့်ရန် ဤနေရာတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။ ချင်းကျန်းမြို့မှ နာမည်ကြီး ပုဂ္ဂိုလ်များစွာ ရောက်ရှိနေကြပြီး ပျော်ပျော်ပါးပါး စကားပြောနေကြသည်။
“ဟင်...ရှောင်ပေါင် နင် ဘာလို့ ဒီကိုရောက်နေတာလဲ။”
လုပိုင်ဟောက်နှင့် ကျန်းရွှယ်ချီတို့က သူတို့သားကို တွေ့သွားကြသည်။ ခဏတာ မှင်တက်သွားပြီးမှ အနားသို့ လာမေးကြခြင်း ဖြစ်သည်။
“အဖေတို့ရော ဘာလို့ ဒီမှာလဲ။”
လုပေါင်လည်း ဆွံ့အသွားသည်။ မလာဘူးလို့ ပြောထားကြတာ မဟုတ်လား။
လုပိုင်ဟောက် နည်းနည်း ရှက်သွားသည်။ သူက ချောင်းဟန့်လိုက်ပြီး မျက်စောင်းထိုးကာ
“ငါက မင်းကို မေးနေတာလေ။”
“ကျွန်တော်ကလည်း အဖေတို့ကို ပြန်မေးနေတာလေ။”
“ဟဲ့ အိုလု ဟိုမှာ စုန့်ခွန်လင်းနဲ့ သူ့မိန်းမကို ကြည့်ဦး။ ဘာလို့ လာပြီး မကြွားကြတာလဲ မသိဘူး။ သူတို့ မျက်နှာတွေလည်း သိပ်မကောင်းပါလား။”
ကျန်းရွှယ်ချီက ထူးခြားမှုကို သတိထားမိသွားသည်။ ပုံမှန်ဆိုလျှင် ဤအခြေအနေမျိုးတွင် ထိုလင်မယားက သူတို့ကို လာရောက် လှောင်ပြောင်နေရမည် မဟုတ်လား။ဘာလို့များ ဒီလောက် ပြောင်းလဲသွားရတာလဲ။
“လူစုံတဲ့အထိ စောင့်နေတာ ဖြစ်မှာပေါ့။ ခွေးကတော့ မစင်စားရရင် မနေနိုင်ပါဘူး။”
လုပိုင်ဟောက်ကနှာခေါင်းရှုံ့သည်။ သူ့ဇနီးက လာချင်လွန်းလို့သာ လိုက်လာရခြင်း ဖြစ်သည်။
လုပေါင်က စပ်စုလိုက်သည်။
“ကျွန်တော့်အတွက် မင်္ဂလာဦးအိမ် ဝယ်ပေးမလို့တော့ မဟုတ်ပါဘူးနော်။”
သူ့စိတ်ထဲတွင် နွေးထွေးသွားမိသည်။ သူ့မိဘများက သူ့ကိချစ်နေကြဆဲ ဖြစ်ပုံရသည်။ပြိုင်ဘက်ဆီက ဗီလာကို သိက္ခာချခံပြီး ဝယ်ပေးဖို့အထိ ဆုံးဖြတ်ထားကြတာပဲ။ သူ သူတို့ကို အထင်လွဲခဲ့မိတာပဲ။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ စကားပြောစောသွားမှန်း သိလိုက်ရသည်။
“ဘာ မင်္ဂလာဦးအိမ်လဲ။ဒါက နင့်ညီမအတွက်။ သူ နောင်တစ်ချိန် အိမ်ထောင်ကျရင် လက်ထဲမှာ ဗီလာကောင်းကောင်းတစ်လုံး မရှိဘဲနဲ့ ဘယ်လိုလုပ် ယုံကြည်မှု ရှိမှာလဲ။နင်က ဘာလို့ မင်္ဂလာဦးအိမ် လိုရမှာလဲ။နင့်အဖိုးမှာ နယ်ဘက်မှာ အိမ်ကြီးအိမ်ကောင်း ရှိတာပဲ မဟုတ်လား။”
လုပိုင်ဟောက်က ဘေးတိုက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြောချလိုက်သည်။
ဇနီးမောင်နှံ နှစ်ယောက်လုံးက အမူအရာ အတူတူပင် အတွေးတူကြပုံရသည်။
နယ်က အုတ်အိမ်ကြီး။ လုပေါင် နောက်ထပ် DNA စစ်ဆေးမှု တစ်ကြိမ်လောက် ထပ်လုပ်ဖို့ လိုပြီဟု ခံစားလိုက်ရသည်။ အရင်တစ်ခါက မှားသွားတာ ဖြစ်မှာပါ။
စုန့်ခွန်လင်း၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းလို့နေသည်။ဝိုင်ချက်စက်ရုံ၏ ဆိုင်းဘုတ်များအကြောင်းကို လူတွေ သိသွားကြပြီး ကောလာဟလများလည်း ပျံ့နှံ့နေပြီ ဖြစ်သည်။
“ဘာ...အမှတ် (၁) မြေကွက်မှာ ဇီဝဓာတ်ငွေ့ကန် လုပ်နေတာလား။ပြီးတော့ ဝက်တွေ သိုးတွေ ကြက်တွေ ဘဲတွေကို လွှတ်ထားတာဟုတ်လား။”
သူဌေးတစ်ဦးက မယုံနိုင်စရာ ဖြစ်နေသဖြင့် အံ့သြတကြီး မေးသည်။
“အဲဒါထက် ပိုသေးတယ် လာပါ သွားကြည့်ရအောင်။ ဟားဟား...ကြားတာတော့ အဲဒီမှာ လေလွင့်ခွေးနဲ့ ကြောင်တွေကိုလည်း လက်ခံထားတယ်တဲ့ အဆိပ်ရှိတဲ့ မြွေတွေ ကြွက်တွေ တောကြောင်တွေလည်း မွေးထားသေးတယ်တဲ့။”
တစ်စုံတစ်ယောက်ကတော့ ဘေးကနေ ဝမ်းသာအားရ ပြောနေသည်။
“တကယ်လား...မဖြစ်နိုင်တာ။”
“တကယ်ဗျ။ ကိုယ်တိုင် သွားကြည့်လိုက်ဦး။ ဆယ်မီတာ (၃၃ ပေ) နီးပါးရှည်တဲ့ စပါးအုန်းမြွေကြီးတောင် ရှိတယ်တဲ့။ အဲဒါကြီးက လူတစ်ကိုယ်လုံးကို တစ်ခါတည်း မျိုချနိုင်တာနော်။”
“အိုစုန့်တော့ တစ်ယောက်ယောက်ကို သွားညိမိပြီ ထင်တယ်။”
ကြည့်ရှုစစ်ဆေးခြင်း အစီအစဉ်ကို ဆက်လုပ်ရန် မလိုတော့ပေ။ သတင်းများ ပျံ့နှံ့သွားသည်နှင့် လူအားလုံးသည် အမှတ် (၂) နှင့် အမှတ် (၁) မြေကွက် အစပ်သို့ ပြေးသွားကြသည်။ ရောက်သွားသည့်အခါ လူတိုင်း ဆွံ့အသွားကုန်ကြတော့သည်။
ဒါ တကယ်ကြီးလား။
“ကြွက်မျိုးပွားရေးနှင့် မွေးမြူရေး စင်တာ။”
“လေလွင့် တောကြောင်နှင့် ခွေး ကယ်ဆယ်ရေး စင်တာ။”
“ကျီးကန် ၃,၀၀၀ မွေးမြူရေးခြံ။”
“တောရိုင်းအဆိပ်ပြင်းမြွေ မွေးမြူရေးခြံ။”
“အကြီးစား သဘာဝ ပျား မွေးမြူရေး စင်တာ။”
“ကြက်ကောင်ရေ တစ်သိန်းမွေးမြူရေး စခန်း။”
“တောဝက်မျိုးစပ် မွေးမြူရေး စင်တာ။
“ဘဲရိုင်းကောင်ရေ တစ်သိန်းမွေးမြူရေးစခန်း”။
ပြီးတော့ ...
သဘာဝမစင် ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရေးကန်။”
ပိုကြောက်ဖို့ ကောင်းတာက မလှမ်းမကမ်းမှာ မြန်မာစပါးအုန်းမြွေကြီးက သိုးတစ်ကောင်ကို ရစ်ပတ်ထားပြီး သွေးရောင်လွှမ်းနေတဲ့ ပါးစပ်ကြီးကို ဟကာ တဖြည်းဖြည်း မျိုချနေခြင်းပင်။
ထိုသူများ၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ပေါ်လာသည်။ အချို့က ဆွံ့အသွားကြသည်။အချို့က ရွံရှာသွားကြသည်၊။အချို့ကတော့ ထူးထူးခြားခြား ပြုံးနေကသည်။
ဥပမာအားဖြင့် လုပိုင်ဟောက်ဆိုလျှင် အူလှိုက်သဲလှိုက် ရယ်မောနေတော့သည်။
“ဟားဟားဟားဟား ဟွတ်ဟွတ် ဟားဟားဟား ဟွတ်ဟွတ်ဟွတ် ဟွတ်ဟွတ် အဲဒီ... ဟွတ်ဟွတ် အဲဒီနေရာက မဆိုးဘူးပဲ ဟားဟားဟားဟား ဟွတ်ဟွတ် ဆောရီးနော် ဟားဟားဟား ကျွန်တော် တကယ် မအောင့်နိုင်တော့လို့ပါ ဟားဟားဟားဟား ဟွတ်ဟွတ်...”
လုပိုင်ဟောက်၏ မျက်နှာမှာ အောင့်ထားရလွန်းသဖြင့် နီရဲနေသည်။ သူ မရယ်ချင်သော်လည်း တကယ်ကို မထိန်းနိုင်တော့ပေ။
ဘယ်သူ့ကို သွားညိထားတာလဲ။ဒါကတော့ တကယ်ကို ရက်စက်လွန်းတယ်။
ဟို ဇီဝဓာတ်ငွေ့ကန် ဆိုင်းဘုတ်ပေါ်က ပုံတွေကလည်း မစင်ပုံတွေချည်းပဲ အတော်လေးကို ရွံစရာ ကောင်းလှသည်။
ကျန်းရွှယ်ချီက လုပိုင်ဟောက်ကို မရယ်ဖို့ ဆွဲတားနေသည်။ သို့သော် သူ၏ ရယ်သံကြောင့် တခြားသူများလည်း မထိန်းနိုင်တော့ဘဲ အားလုံး ဝိုင်းရယ်မိကြတော့သည်။
စုန့်ခွန်လင်း၏ မျက်နှာမှာ ပြာနှမ်းနေသည်။ သူက အမြန်ပင် ပြောလိုက်သည်။
“အားလုံးပဲ ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပါ့မယ်။ ဘယ်သူမှ ကျွန်တော့်ကို ဒုက္ခပေးဖို့အတွက် ဒီလောက် ပိုက်ဆံအကုန်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကိုလည်း အားလုံး သိကြမှာပါ။ဒီနေရာက ဘယ်လောက် ကောင်းလဲဆိုတာလည်း သိကြမှာပါ။ အရှေ့မှာ စည်ကားတဲ့ မြို့ပြ အနောက်မှာ ကျယ်ပြောတဲ့ ပင်လယ် တောင်ဘက်မှာ ရွှေရောင်ကမ်းခြေ မြောက်ဘက်မှာ တိမ်ဖြူတွေနဲ့ အထက်မှာ နေ လ ကြယ်တွေ ရှိနေတာပါ။ ဒီလို နေရာကောင်းမျိုး ချင်းကျန်းမြို့မှာ ဘယ်မှာမှ ရှာမရနိုင်ပါဘူး။”
တစ်ဖက်လူက သူ့ကို တမင် နှောင့်ယှက်နေခြင်း ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ဒါပေမဲ့ ဒီနေရာကတော့ တကယ် ကောင်းတဲ့ နေရာပါ။
“ဒါရိုက်တာစုန့် ဒီအခြေအနေကတော့ အဖြေမဟုတ်သေးပါဘူး။ ဒီမှာ လုပ်ထားတာတွေကို ကြည့်ပါဦး သိပ်ရွံဖို့ ကောင်းတယ်။”
လူအတော်များများကတစ်ချက်ကြည့်ရုံနှင့်ပင် မဝယ်ချင်တော့ပေ။ ဤနေရာ ပုံမှန် ပြန်ဖြစ်မှပဲ ပြန်လာတော့မည်ဟု တွေးကြသည်။
အချို့ကတော့ ဤအခွင့်အရေးကို သုံးပြီး စျေးနှိမ်ရန် ကြိုးစားကြသည်။ အရင်က စျေးနှိမ်ဖို့ ခက်သော်လည်း အခုတော့ အခြေအနေမှာပြောင်းလဲသွားပြီ ဖြစ်သည်။
“အကိုကြီးတူး ကျွန်တော့်ကို မယုံတော့ဘူးလား။ဒီကိစ္စကို ကျွန်တော် သေချာ ကိုင်တွယ်ပါ့မယ်။ စျေးနှုန်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် အများကြီး မပြောတော့ဘူး။ ဒါပေမဲ့ အခု လက်မှတ်ထိုးမယ့်သူတွေအတွက် အိမ်ထောင်စုတိုင်းကို အိမ်ရာစီမံခန့်ခွဲမှုစရိတ်ကိုဆယ်နှစ်စာ ကင်းလွတ်ခွင့် ပေးပါ့မယ်။”
ဒီနေရာက စီမံခန့်ခွဲမှုစရိတ်က အလွန်ကြီးမားသဖြင့် ဤကမ်းလှမ်းချက်မှာ ငွေအမြောက်အမြား သက်သာစေမည် ဖြစ်သည်။
စုန့်ခွန်လင်းသည် အမှတ် (၁) မြေကွက်ပိုင်ရှင်၏ ဘိုးဘေးဘီဘင် ရှစ်ဆက်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ဒါက သူ့ကို အရှုံးပေါ်အောင် တိုက်ရိုက် လုပ်ဆောင်လိုက်ခြင်းပင်။
***