ရောင်းမထွက်ခဲ့ရင်ကော... သူ တွေဝေနေစဉ်မှာပဲ ဖုန်းသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ သူ့သားဖြစ်နေကြောင်း စုန့်ခွန်လင်းမြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဒေါသများ အလိပ်လိုက် တက်လာတော့သည်။ ဒီအသုံးမကျတဲ့ကောင်က သူ့ကို ဒုက္ခပေးဖို့ကလွဲရင် ဘာမှမတတ်ဘူး။
သူ အံကြိတ်ကာ ဖုန်းကို ကိုင်လိုက်သည်။
“အဖေ ကျွန်တော့်သူငယ်ချင်း အချို့ကို ရဲတွေ ဖမ်းသွားလို့။ အဖေ့အဆက်အသွယ်တွေ သုံးပြီး သူတို့ကို ထုတ်ပေးလို့ရမလား ကြည့်ပေးပါဦး။”
“ဘာလို့ အဖမ်းခံရတာလဲ။”
စုန့်ခွန်လင်း ဒေါသကြောင့် မေးရိုးများထောင်နေသည်။ ဒီကောင်က သူ့လူတွေကိုလွှတ်ခိုင်းဖို့ ငါ့ကို အကူအညီတောင်းရဲသေးတယ်ပေါ့။
တစ်မိသားစုလုံးသောက်တုံးတွေချည်းပဲ။
“အမှတ်(၁) မြေကွက်ပေါ်က ဝိုင်ချက်စက်ရုံကို သွားရိုက်ခွဲဖို့ ကျွန်တော် လွှတ်လိုက်တာလေ။ တောက် အဲ့ဒီပိုင်ရှင်က ဘယ်သူလဲဆိုတာ သိတာနဲ့ ချက်ချင်းအဲ့ကောင်ကို သတ်ပစ်မယ်။”
စုန့်ချင်းဝေကတော့ သူ့အဖေ အံကြိတ်ပြီး ပြောနေတာကို သတိမထားမိသေးပေ။
ဒီအချိန်မှာ သူက အမှတ်(၁) မြေကွက်ပိုင်ရှင်အပေါ် ဒေါသထွက်နေတုန်းပင်။ အမြဲတမ်း ဗိုလ်ကျစိုးမိုးလာခဲ့သည့်သူက မည်သူ့ကိုမှ ဂရုမစိုက်ပေ။
“မင်းလို အမှိုက်ကများ လူသတ်ချင်တယ် ဟုတ်လား။မင်းက မင်းရဲ့တုံးအတဲ့ အမေလိုပဲ အသုံးမကျတဲ့ကောင် ဘယ်သူက မင်းကို အဲ့ဒီနေရာကို သွားရိုက်ခွဲခိုင်းလို့လဲ။မင်းကြောင့် ငါ့ရဲ့ လွတ်လမ်းတွေ အကုန်ပိတ်သွားပြီဆိုတာ မင်းသိလား။အမှတ်(၁) မြေကွက်ပိုင်ရှင်က ခုနတင် ငါ့ကို ဆက်သွယ်လာတာ။ မင်းက သူ့ကို သတ်လို့ရမှာမဟုတ်ဘူး။သူက ငါတို့ကို သတ်မှာ ငါတို့ကို သတ်တော့မှာကွ။”
ပြောရင်းနှင့် ပိုဒေါသထွက်လာကာ စုန့်ကွန်းလင်က ဖုန်းကို ဝုန်းခနဲ ရိုက်ချလိုက်ပြီး ရုံးခန်းထဲရှိ ပစ္စည်းများကိုဖျက်ဆီးတော့သည်။ သူ၏ လပ်တော့ကိုပင် ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်၏။
“သူဌေး...”
အတွင်းရေးမှူးမလေးမှာ ဆူညံသံများကြောင့် အပြေးအလွှား ဝင်လာကြည့်သည်။ စုန့်ခွန်လင်း၏ မျက်လုံးများ နီမြန်းကာ အသက်ပြင်းပြင်းရှူနေသည်ကို မြင်ရသောအခါ သူမ ကြောက်လန့်တကြားနှင့် ဘာမှမပြောရဲတော့ပေ။
“စုန့်ချင်းဝေကို အလုပ်ကနေ ချက်ချင်းထုတ်လိုက် ပြီးတော့ ငါပေးထားတဲ့ သူ့ရဲ့ ခရက်ဒစ်ကတ်ကိုလည်း ပိတ်ပစ်လိုက်။”
ဒီအကောင်ကိုတော့ ဒီနေ့ကစပြီး ကိုယ့်ဘာသာကိုယ်ပဲရှာစားခိုင်းမယ်။
“ရှင်...”
လုပေါင်တို့ မိသားစုကတော့ ပျော်ရွှင်စွာ အချိန်ကုန်နေကြသည်။
မိသားစုဝင်များ နေ့လယ်စာ အတူစားနေစဉ်မှာပင် စနစ်၏ စက်ရုပ်ဆန်သော အသံ ထွက်ပေါ်လာသည်။
မစ်ရှင်အသစ် ရောက်လာပြီ။
“တုန်: အထူး Check-in မစ်ရှင် စတင်ပါပြီ ရေအောက်ကယ်ဆယ်ရေး။”
“မစ်ရှင် ဖော်ပြချက်: နှစ်တစ်ထောင်လိပ်ကြီးတစ်ကောင်သည် ခရုကပ်ပါးများကြောင့် ဒုက္ခရောက်နေပါသည်။Hostအနေဖြင့် အရှေ့ဘက်ကမ်းရိုးတန်းသို့ သွားရောက်၍ လိပ်ကြီးကို ရှာဖွေပါ။ Check-in ဝင်ပါ။ထို့နောက် ခရုကပ်များကို ဖယ်ရှားပေးပါ။”
တစ်ချိန်တည်းမှာပင် လမ်းညွှန်မြေပုံတစ်ခု ပေါ်လာသည်။ လုပေါင်က စနစ်၏ အချက်အလက်များကို စစ်ဆေးလိုက်၏။
“အပြင်းထန်ဆုံး Live လွှင့် Check-in စနစ်”
Host: လုပေါင်
ပါရမီ: သားရဲများ၏ နှစ်သက်မှု +၁၀၀ (Gold အဆင့်)။
ကျွမ်းကျင်မှု: တရုတ်ရိုးရာ လေမှုတ်တူရိယာ Great Master အဆင့် မျောက်ဝံသိုင်းပညာအငယ်တန်းအဆင့်။
စနစ်ပစ္စည်းများ: စူပါ Live မျက်လုံး ရွှေရောင်ကမ်းခြေ ရှေးဦးလယ်ဧက ၂၀၀။
လက်ရှိမစ်ရှင်: ရေအောက်ကယ်ဆယ်ရေး (အထူးမစ်ရှင်)။
လုပေါင်က ထမင်းကို အမြန်ပင် လေးငါးလုပ် ခပ်စားလိုက်ပြီး
“ကျွန်တော် ဝပြီ လူကြီးမင်းတို့ ဆက်စားကြပါ။ မျက်နှာဝိုင်းလေးငါ့ရဲ့ နှင်းလုံးလေးကို သွားမစနဲ့ဦးနော် အန်တီ နှင်းလုံးလေးကို ရက်နည်းနည်းလောက် ဂရုစိုက်ပေးပါဦး။”
ချက်ပြုတ်ပေးသူ အန်တီကြီးကို မှာကြားပြီး အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
“ဖေဖေ မေမေ ကြည့်ဦး သူ သမီးကို ခေါင်းပုတ်သွားတယ်။”
မျက်နှာဝိုင်းလေးကချက်ချင်းပင် တိုင်တောတော့သည်။
“ဘာလဲ သူက ရက်နည်းနည်းလောက် တရားကျင့်မလို့လား။”
လုပိုင်ဟောက်က လှမ်းမေးလိုက်သည်။ သူ့သားက ဒီရက်ပိုင်း ထူးဆန်းနေပြီး လျှို့ဝှက်ချက်တွေ များနေသလိုပင်။
“ရည်းစားရနေတာ ဖြစ်မှာပါ။ သမီးလေး၊ ဗိုက်ဝပြီလား။ဒီရက်ပိုင်း သမီး ထမင်းစားတာ အရမ်းများနေပါလား။”
ကျန်းရွှယ်ချင်းက သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ရင်း မေးလိုက်သည်။ သမီးက အစားအသောက် ပျက်တတ်သည့်ရောဂါ ရှိသည်မဟုတ်ပါလား။
လုပေါင် ပေးထားသည့် သစ်သီးများက အစားအသောက်ပျက်ခြင်းကို ကုသနိုင်မှန်း မျက်နှာဝိုင်းလေး ကိုယ်တိုင်လည်း မသိဘဲ မုန့်သဖွယ်သာ စားနေခဲ့ခြင်း ဖြစ်သည်။
“ဘယ်သွားမလို့လဲ ဘယ်သွားမလို့လဲ။”
“ဝုတ်”
မကြာခင်မှာပင် အပေါ်ထပ်မှ နှင်းလုံးလေး၏ လုပေါင်နောက်သို့ လိုက်လိုသော အော်ဟစ်သံနှင့် ဒါပေါင်၏ ဟောင်သံများကတစ်အိမ်လုံး ဆူညံသွားတော့သည်။
ယခုတစ်ခေါက် အရှေ့ဘက်ကမ်းရိုးတန်း မစ်ရှင်မှာလည်း ချင်းကျန်းမြို့မှာပင် ဖြစ်သော်လည်း အရှေ့ဘက်ကမ်းခြေ ဒေသဖြစ်သဖြင့် မနီးပေ။ တက္ကစီဖြင့်သွားလျှင် နှစ်နာရီခန့် ကြာလိမ့်မည်။
သို့သော် ယခင်ကျားဂူထက်စာလျှင် ပို၍ အဆင်ပြေပါသည်။
“ပင်လယ်ရေအောက်ထဲမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမယ်။ လိပ်ကြီးက ကုန်းပေါ်တက်လာရင် အကောင်းဆုံးပဲ ကျွန်တော်က ရေငုပ်မှ မငုပ်တတ်တာ။”
လုပေါင်အတွက်ဒီအထူးမစ်ရှင်က အနည်းငယ် ခက်ခဲနေသည်။ နှစ်တစ်ထောင်လိပ်ကြီးဆိုတော့ ပင်လယ်ကြမ်းပြင်မှာပဲ နေမှာ မဟုတ်လား။
ရေအောက်ထဲမှာဆိုရင် သူ ဘယ်လိုကယ်ရမလဲ။
ကိရိယာနှင့်အသုံးအဆောင်ပစ္စည်းအချို့ ပါသည့် အိတ်ကိုလွယ်ကာ လုပေါင်က သူ့နောက်လိုက်နေသည့် နှင်းလုံးကိုထားခဲ့ပြီး အမြန်ထွက်လာခဲ့သည်။
“မင်းမေဂျီးတော်...မင်းမေဂျီးတော်...”
နှင်းလုံးမှာသူ့ကို ရှာမတွေ့တော့သဖြင့် ဒေါသတကြီး အော်ဟစ်နေတော့သည်။ သူလည်း လိုက်ချင်တာပေါ့။အိမ်က ခွေးနက်ပြာကြီးက သူ့ကို လာလာခင်နေတာ စိတ်ပျက်ဖို့ ကောင်းလှပြီ။
“နှင်းလုံးလေးရေ...”
မျက်နှာဝိုင်းလေးကလည်းပျော်ရွှင်စွာ အော်ခေါ်နေသည်။
“ဂူး....”
နှင်းလုံးလေးမှာစိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူက ကစားစရာ မဟုတ်ဘူးလေ။
ဒီရက်ပိုင်းအတွင်း Ocean Live Stream က အရမ်းခေတ်စားနေသည်။
အကြောင်းမှာ အလွန်တောင့်တင်းကြံ့ခိုင်သည့် streamer တစ်ဦး ပေါ်ထွက်လာခြင်းကြောင့်ဖြစ်သည်။ သူက ဝံပုလွေဂူထဲမှာ အိပ်သည်။ကျားဂူထဲက ကျားတွေကို ပွတ်သပ်ရဲသည်။ကျားရဲ့မျက်နှာကိုတောင် ရိုက်ရဲသေးသည်။ နောက်ဆုံး Live မှာဆိုလျှင် မျောက်ဝံအုပ်စုကြားတွင် ရတနာရှာပြီး မျောက်ဝံဘုရင်ကြီးကို ယှဉ်ပြိုင်ကာ မျောက်ဝိုင်နှင့် ရတနာများကို ရရှိခဲ့သေးသည်။
ထို့ကြောင့် လူတိုင်းကရတနာနတ်ဘုရား live ပြန်လွှင့်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ သို့သော် Live လွှင့်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။
Liveလွှင့်ပလက်ဖောင်း အများအပြားကလည်း ဒီလူသစ်ကို လိုက်ရှာနေကြသည်။ Live သုံးကြိမ်ဖြင့် သူက ထိပ်တန်း Streamer တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ထပ် ဒီလိုအရည်အသွေးမျိုးသာ ထပ်လွှင့်နိုင်လျှင် သူသည် Live လောက၏ နတ်ဘုရားပင်ဖြစ်လာနိုင်ပေလိမ့်မည်။
“အခုထိ ဆက်သွယ်လို့ မရသေးဘူးလား။”
Ocean Live Stream မှ လုလင်းဟွာကတော့ စိတ်ပူနေသည်။ သူ၏ပလက်ဖောင်း လူကြည့်များနေသော်လည်း သူ မပျော်နိုင်ပေ။ ရတနာနတ်ဘုရားသာ သူတို့ဆီက ထွက်သွားလျှင် ဒီလူကြည့်နှုန်းတွေ အကုန်ပျောက်သွားမည်ကို သူသိသည်။
“သူဌေး...ဆက်သွယ်လို့ မရဘူး။ ဖုန်းနံပါတ်ပဲ ရှိတယ် WeChat မှာ ရာနဲ့ချီပြီး Add ခဲ့ပေမယ့် သူက လက်မခံဘူး...”
“ဆက်ကြိုးစား။”
လုလင်းဟွာက အကောင်းဆုံး စာချုပ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ရတနာနတ်ဘုရားဆီကနေ တစ်ပြားမှ မမြတ်ရင်တောင် သူ့ကို သူတို့ဆီမှာ ဆွဲထားရမည်။ လူကြည့်နှုန်းကသာ အဓိက ဖြစ်သည်။
“ဒါနဲ့... ငါတို့ ရတနာနတ်ဘုရားကို စာချုပ်ချုပ်ဖို့ ပြင်နေတယ်ဆိုတဲ့ ကောလာဟလကို အသာလေး လွှတ်ထားလိုက်။ တရားဝင်တော့ ကြေညာစရာ မလိုသေးဘူး။”
ပြိုင်ဘက်တွေကိုဟန့်တားရန် သူ ဆုံးဖြတ်လိုက်သည်။
အရှေ့ဘက်ကမ်းရိုးတန်းတွင် လုပေါင်က ကျောက်ဆောင်တစ်ခုပေါ်၌ ရပ်ကာ ပင်လယ်လှိုင်းများကို ကြည့်ရင်း တွေဝေနေသည်။ လိပ်ကြီးက မီတာ ၅၀၀ ခန့် အကွာမှာ ရှိနေသည်။ဒါပေမဲ့ သူ ဘယ်လိုဆင်းသွားရမလဲ။
ပြီးတော့ ရေအောက်ထဲမှာ။
စူပါ Live မျက်လုံးကလည်း အလိုအလျောက် ပွင့်မလာသေးသဖြင့် Live လွှင့်ရန် အကောင်းဆုံးအခြေအနေ မဟုတ်သေးဟု ဆိုလိုသည်။ ရေကူးသွားရမှာလား။သူ အခု အားအင်တွေ သန်မာနေပြီဆိုပေမယ့်... ကဲ စမ်းကြည့်တာပေါ့။
စနစ်က ဒီမစ်ရှင်ကို ပေးတယ်ဆိုရင် မဖြစ်နိုင်တဲ့အရာတော့ မဟုတ်တန်ရာ။ လုပေါင်က အင်္ကျီ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ကျောက်ဆောင်ပေါ်မှ ပင်လယ်ထဲသို့ ခုန်ချလိုက်တော့သည်။
“ဗွမ်းး”
ရေထဲရောက်သွားသည့်အခါ လုပေါင် အံ့သြသွားရသည်။ မျက်လုံးအနည်းငယ် စပ်သည်မှအပ သူသည် အလွန်ပင် နေရထိုင်ရ သက်သောင့်သက်သာ ရှိနေသည်။
ရေချိုးနေရသလိုမျိုးပါပဲ။
တစ်မီတာ နှစ်မီတာ သုံးမီတာ... ဒီနေရာက ငါးမီတာခန့် နက်သည်။ လုပေါင်က ပင်လယ်ကြမ်းပြင်မှာ ရပ်ရင်း အပေါ်က နေရောင်ခြည်ကို လှမ်းကြည့်လိုက်သည်။ သူက... အသက်ရှူဖို့ မလိုတော့သလိုပဲ။
ဒါ့အပြင် ရေဖိအားကိုလည်း သူ မခံစားရပေ။
ဒါဟာ မျောက်ဝံ သိုင်းပညာ ကြောင့် ဖြစ်ရမည်။
***