သူ ဤတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်မည်ကိုယုံကြည်သွားသည်။
ချက်ချင်းပင် သူသည် ရေပေါ်သို့ ပြန်ကူးတက်ကာ ကျောပိုးအိတ်ထဲမှ ရေငုပ်မျက်မှန်ကို ထုတ်တပ်လိုက်ပြီး တူတစ်လက်နှင့် သစ်သီးလှီးဓားတစ်ချောင်းကို ဆွဲယူကာ ပင်လယ်ထဲသို့ ပြန်ဆင်းသွားတော့သည်။
စနစ်၏ လမ်းညွှန်မှုက ဦးတည်ရာကို စဉ်ဆက်မပြတ် ပြသနေသည်။
ပင်လယ်ကြမ်းပြင်တွင်လုပေါင်သည် ငါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကူးခတ်သွားလာနေသည်။ သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ ရတနာရှာဖွေခြင်းသည် လူတိုင်း၏ အိပ်မက်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ကြမ်းပြင်သည် ထိုအိပ်မက်အတွက် အကောင်းဆုံးရတနာသိုက်ပင် ဖြစ်သည်။
သို့သော်လည်း လူသားတို့အဖို့ ပင်လယ်ပြင်သို့ ရောက်အောင်သွားရသည်မှာ ခဲယဉ်းလွန်းလှသည်။
ကမ္ဘာ့ချန်ပီယံ၏ ရေငုပ်နိုင်သည့် အနက်သည် မီတာတစ်ရာကျော်သာ ရှိသသည်။ယခုတွင်လုပေါင်သည် မီတာတစ်ရာအနက်သို့ ရောက်ရှိနေပြီဖြစ်၍သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော ရေဖိအားမှာ အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးနေဆဲ ဖြစ်သည်။
၁၃၀ မီတာ... ၁၅၀ မီတာ... မီတာ ၂၂၀ အရောက်တွင်မူစနစ်၏ အသံ ထွက်ပေါ်လာသည်။
“မစ်ရှင်ဧရိယာသို့ ရောက်ရှိလာပါပြီ။ Super Live Eye စတင်ပါပြီ။”
တိုက်ရိုက်ထုတ်လွှင့်မှုစတင်သွားလေပြီ။
ရတနာနတ်ဘုရား၏ Live Room တွင် Follower (၃) သန်းကျော် ရှိနေပြီဖြစ်သည်။ သူ Live မလွှင့်သည့်ရက်များတွင်ပင် Follower အရေအတွက်မှာ တစ်ရက်လျှင် တစ်သိန်းကျော်နှုန်းဖြင့်ဆက်လက် တိုးပွားနေသည်။ မရေမတွက်နိုင်သော လူအများအပြားသည် သူ၏ ထုတ်လွှင့်မှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ဝံပုလွေအုပ်နှင့်အတူ အိပ်စက်ခြင်း ကျားဂူထဲတွင် ကျားများကို ပွတ်သပ်ခြင်းနှင့် မျောက်ဖြူဂူရှိ ထွားကျိုင်းလွန်းသော မျောက်ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ခြင်းတို့သည် ကြည့်ရှုသူတို့အတွက် အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည် မဟုတ်ပါလား။
Live စတင်သည်နှင့် Notification ပေးထားသူများက ချက်ချင်းပင် အလုအယက် ဝင်ရောက်လာကြသည်။
“သူ Live လွှင့်နေပြီ။”
“ရတနာနတ်ဘုရား Live လာပြီဟေ့။”
“ဟာ... ပင်လယ်ကြမ်းပြင်လား။ရတနာနတ်ဘုရားကတော့ တကယ်ကို လန်းတယ်ဗျာ။”
“အား... နောက်ဆုံးတော့ Live လာပြီ။စိတ်လှုပ်ရှားလိုက်တာ ပင်လယ်ကြမ်းပြင်ကြီးပါလား။”
“ဒီတစ်ခါ ပင်လယ်အောက်မှာ ငါးမန်းတွေနဲ့များ စကားပြောဖို့ ပြင်နေတာလား မသိဘူး။”
“ရေအောက်မှာ ဘာလို့ ဒီလောက်တောင် ကြည်လင်နေရတာလဲ။ဘုရားရေ... ပင်လယ်ကြမ်းပြင်က အရမ်းလှတာပဲ ရွှံ့နွံတွေနဲ့ မှောင်မည်းနေမယ် ထင်ထားတာ။ ကမ်းခြေတွေထက်တောင် ပိုလှနေသေးတယ်။”
Live လွှင့်ပြီး တစ်မိနစ်အတွင်းမှာပင် လူပေါင်း သိန်းချီ၍ဝင်ရောက်ကြည့်ရှုလာသည်။ ရေအောက်ကမ္ဘာ၏ မြင်ကွင်းများ ပေါ်လာသည်နှင့် ကြည့်ရှုသူများ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ ဤသည်မှာ တကယ့်ပင်လယ်အောက်ခြေ ရတနာရှာဖွေမှုပင်။
လုပေါင်သည် နှစ်တစ်ထောင်လိပ်ကြီးကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ သူသည် သန္တာကျောက်တန်းများရှိရာ နေရာသို့ ရောက်ရှိလာသည်။စနစ်က နှစ်တစ်ထောင်လိပ်ကြီးသည် အနီးအနားတွင် ရှိနေကြောင်း သတိပေးသော်လည်း သူ ရှာမတွေ့သေးပေ။
အရမ်းကြီးလွန်းနေလို့လား။
လုပေါင်သည် ကျောက်ဆောင်ကြီးများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်သော်လည်း ရှာမတွေ့သေးပေ။
Ocean Live Stream ရုံးချုပ်တွင်လုလင်းဟွာ သည် ကြီးမားသော screen ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး သူ၏လက်ထောက်ကို ချက်ချင်းအမိန့်ပေးလိုက်သည်။
“ချက်ချင်း Banner တွေ ပြင်လိုက် screen ပေါ်မှာ ကြော်ငြာတွေတင် Pop-up တွေပါ ထည့်လိုက်တော့။ အမြန်လုပ်လိုက် Operations အဖွဲ့ကို ပြောလိုက် လုပ်နိုင်သမျှ အကုန်လုပ်ခိုင်းလိုက်။”
သူတို့ပလက်ဖောင်းတွင် ထိပ်တန်း Streamer တစ်ဦး အမြဲတမ်း လိုအပ်နေခဲ့သည်။ Streamer အကြီးစားအချို့ ရှိသော်လည်း ပလက်ဖောင်းတစ်ခုလုံးကို ဆွဲတင်နိုင်လောက်သည့် စွမ်းဆောင်နိုင်သူတော့ မရှိခဲ့ပေ။
ထို့ကြောင့် လုပေါင်သည် အသင့်တော်ဆုံး streamer ပင်။ လုပေါင်ကို အခြားပလက်ဖောင်းတစ်ခုခုက ခေါ်သွားမှာ သို့မဟုတ် သူက အပျော်တမ်း live လွှင့်နေတာမျိုး ဖြစ်နေမှာကို သူ အလွန်စိုးရိမ်နေခဲ့သည်။
ယခုမူ သူ ထပ်မံ Live လွှင့်လာပြီ။
“သူ့ရဲ့ တည်နေရာကို ရှာလို့ရမလား ကြည့်စမ်း။”
သူသည်လုပေါင်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး မည်သည့်စျေးနှင့်မဆို စာချုပ်ချုပ်ဆိုချင်နေသည်။
အခြားသော Live streaming ပလက်ဖောင်း များမှာလည်း ဤမိနစ်အနည်းငယ်အတွင်း ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရသည်။ နာမည်ကြီး ပလက်ဖောင်းအချို့တွင် လူကြည့်နှုန်း၁၀ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး လူတိုင်းက ရတနာနတ်ဘုရားကို ကြည့်ရန် Ocean Live Stream သို့ စုပြုံရောက်ရှိသွားကြသည်။
Live ထဲတွင်ပင်လယ်ရတနာဟုခေါ်သော လက်ဆောင်များကို အကြိမ်ပေါင်းများစွာကိုရာနှင့်ချီ၍ ပေးပို့နေကြသည်။ ထိုအထဲတွင် ၅ ခုမှာ ကြည့်ရှုသူကို ပိုမိုဆွဲဆောင်ရန် Ocean Live Stream အဖွဲ့က ပေးပို့ခြင်း ဖြစ်သည်။
၅ မိနစ်အတွင်းမှာပင် တကယ့်ကြည့်ရှုသူ
၂ သန်းအထိ ရှိလာခဲ့သည်။ လူတိုင်းသည် လုပေါင်ကို ကြည့်ကာ အံ့သြမှင်သက်နေကြရသည်။
“ဒါ တကယ့်ပင်လယ်အောက်ခြေလား။ သူ အသက်ရှူဖို့ မလိုဘူးလား။”
“ဘယ်လို အသက်ရှူနေတာလဲ။”
“ရေအောက်မှာ ၅ မိနစ်တောင် အောင့်ထားတာလား။စောစောက အပေါ်ကို လှမ်းပြတဲ့ပုံအရဆိုရင် တော်တော်နက်မယ့်ပုံပဲ။ သူ ဘယ်လောက်အနက်အထိ ငုပ်သွားတာလဲ။”
လူအများ အံ့သြနေစဉ်မှာပင် လုပေါင်အတွက် System Prompt အသံ ထွက်ပေါ်လာသည်။
“Check-in ဝင်နေပါသည်...”
သူသည် ကားတစ်စီးခန့် ပမာဏရှိပြီးခရုကပ်ပါးများ ဖုံးလွှမ်းနေသည့် ကျောက်ဆောင်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူရှာနေသည့် နှစ်တစ်ထောင်လိပ်ကြီးမှာ ဤကျောက်ဆောင်ကြီး ဖြစ်နေမှန်း သူ သိလိုက်ရပြီ
သူသည် အောက်သို့ အမြန်ဆင်းသွားပြီး သဲများကို ဖယ်ရှားကာ လိပ်ကြီး၏ခန္တာကိုယ်ကိုရှာဖွေလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် အားကုန်သုံး၍ မလိုက်သည်။
“ဝူး...” သဲများ လွင့်စင်သွားပြီး ရေလှိုင်းများ ထသွားသည်။
အရမ်းလေးလွန်းသည်။
လုပေါင် လက်လွှတ်လိုက်ရသည်။ ဆက်ကိုင်ထားပါက သူ အသက်ရှူရန် လိုအပ်တော့မည်ဖြစ်သည်။ ဤနေရာရှိ ရေဖိအားမှာ ပြင်းထန်လွန်းလှသည်။ သူ၏ ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်ပင် လုံးဝပေါ့ပေါ့ပါးပါး မနေပေ။
နှစ်တစ်ထောင်လိပ်ကြီးသည် လန့်နိုးသွားပြီး ကြီးမားသော ဦးခေါင်းကို ဖြည်းညှင်းစွာ ထုတ်လာသည်။ အခွံဝတွင် ထူထပ်စွာ ကပ်ငြိနေသော ခရုကပ်ပါးများမှာ စတင်ကွဲအက်ပြီး ပြုတ်ကျလာသည်။ လိပ်အိုကြီးမှာ အကြာကြီး အိပ်ပျော်နေခဲ့သဖြင့် ခေါင်းကို ချက်ချင်း အပြည့်အဝ မထုတ်နိုင်ဘဲ ဖြစ်နေသည်။
“အသက်ရှူဖို့ အချိန်တန်ပြီ။”
လုပေါင်သည် ရေပေါ်သို့ ငါးမန်းတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ထိုးတက်သွားသည်။ သူသည် လတ်ဆတ်သော လေကို အဝရှူသွင်းပြီးနောက် ရေအောက်သို့ တစ်ဖန် ပြန်ငုပ်ဆင်းသွားပြန်သည်။
လိပ်ကြီးမှာ လုံးဝနိုးကြားခြင်း မရှိသေးဘဲ အပေါ်သို့တက်ရန်သာ ကြိုးစားနေသည်။ သို့သော် သူ၏ အခွံပေါ်တွင် ခရုကပ်ပါးများ အလွန်အမင်း ကပ်ငြိနေသည်။
လုပေါင်သည် တူကိုယူကာ ခရုခွံများကို စတင်ထုရိုက် ဖယ်ရှားပေးတော့သည်။ သူသည် ယခု Check-in လုပ်ငန်းစဉ်ထဲတွင် ရှိနေသည်။ အချိန်ကန့်သတ်ချက် မရှိသော်လည်း ဤလိပ်ကြီးပေါ်ရှိ ခရုခွံအားလုံးကို စင်ကြယ်အောင် ရှင်းလင်းပေးနိုင်မှသာ အောင်မြင်မည်ဖြစ်သည်။
လိပ်ကြီးပေါ်ရှိ ခရုကပ်ပါးများမှာ အံ့သြစရာကောင်းလောက်အောင် ကြီးမားလှသည်။ အချို့မှာ သေနေပြီဖြစ်သော်လည်း အများစုမှာ အသက်ရှင်နေဆဲဖြစ်ပြီး အလွန်ထူထပ်လှသည်။ လိပ်ကြီး၏ ခေါင်းထွက်လာချိန်တွင် လုပေါင်ပင် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
လိပ်ကြီး၏ ခေါင်းပေါ်မှာပင် ခရုကပ်ပါးများ အပြည့်အသိပ် ကပ်ငြိနေသည်။
သူ၏ ခြေလက်များမှာလည်း အပြည့်ဖုံးလွှမ်းခံထားရသည်။ လိပ်အိုကြီးတစ်ကောင်လုံးမှာ ကျောက်သားဝတ်စုံ ဝတ်ထားသည့် နဂါးတစ်ကောင်နှင့်ပင် တူနေတော့သည်။ လိပ်ကြီးမှာ အလွန်ပင် နာကျင်စွာ ရှင်သန်နေရပုံရသည်။
သူသည် ခေါင်းလှည့်ကြည့်ပြီး လုပေါင်ကို မြင်သောအခါ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းကို ဟိုဘက်ဒီဘက် ခါလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို အထပ်ထပ် ညွှန်ပြကာ လုပေါင်ကို အကူအညီတောင်းသည့်အနေဖြင့် ပွတ်သပ်လေသည်။
ရွှေရောင်စွမ်းရည်ကြောင့် ဤလိပ်ကြီးသည် လုပေါင်ကို ချက်ချင်း အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။
လုပေါင်ကလက်ဖြင့် OK ဟု အမှတ်အသားပြပြီးလိပ်ကြီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် ဓားနှင့် တူကို အသုံးပြု၍ ခေါင်းပေါ်မှ ခရုခွံများကို ဂရုတစိုက် ခွာပေးတော့သည်။ လိပ်အိုကြီးသည် ငြိမ်သက်စွာ နေပေးပြီး မျက်တောင်ကိုသာ ခဏခဏ ခတ်နေရှာသည်။
Live ထဲတွင်မူ ကြည့်ရှုသူများ ပေါက်ကွဲထွက်ကုန်ကြပြီ။
“ဘုရားရေ...”
“ဒါ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ရေအောက်မှာ ခရုကပ်ပါးကိုခွာပေးပြီး ကယ်တင်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ လိပ်တွေက ကမ်းပေါ်တက်လာပြီး လူတွေကို အကူအညီတောင်းတာပဲ မြင်ဖူးတာ။ တကယ့်ကို ဉာဏ်ကောင်းလိုက်တာ။”
“ဟာ... အဲ့ဒီ ခရုကပ်ပါးတွေက ရွံစရာကြီးပဲ။ ကျွန်တော်တော့ကြက်သည်းတွေတောင်ထတယ်။”
လူအများအပြား သတိမထားမိသော အချက်တစ်ခုမှာ လုပေါင် ရောက်ရှိနေသည့် ရေအနက်ပင် ဖြစ်သည်။
“လုပေါင် အသက်ရှူဖို့ ရေပေါ်တက်သွားတဲ့ အကွာအဝေးကို ကျွန်တော် ခန့်မှန်းကြည့်တာ မီတာ ၁၅၀ လောက် ရှိတယ်။ ကမ္ဘာ့စံချိန်တောင် ဒီလောက် မနက်ဘူးဆိုတာ မင်းတို့ သိလား။”
“သနားစရာ လိပ်ကြီးပါလား။”
***