ခရုကပ်ပါးအဟောင်းများကို ရှင်းလင်းရသည်မှာ ရိုးရှင်းပါသည်။
လုပေါင်သည် ခရုကပ်ပါးများကို လက်ဗလာဖြင့် ချေမွကာ ခွာထုတ်ခြင်းက ပို၍ပင် မြန်ဆန်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ နှစ်တစ်ထောင်လိပ်ကြီးသည် အလွန်ပင် ပူးပေါင်းဆောင်ရွက်ရှာသည်။ နာကျင်မှုရှိနိုင်သော ခေါင်းပေါ်မှ ခရုခွံများကို ခွာပေးနေချိန်တွင်ပင် သူသည် လုံးဝမလှုပ်ရှားဘဲ ငြိမ်သက်စွာ နေပေးသည်။
သို့သော်လည်း အလုပ်ပမာဏမှာ အလွန်ပင် များပြားလှသည်။ ခရုခွံများမှာ စိပ်လွန်းပြီး အချို့နေရာများတွင် အထပ်ထပ် ဖြစ်နေသည်။ အချို့နေရာများကိုမူ ဖြည်းညှင်းစွာ ရှင်းလင်းပေးရန် လိုအပ်သည်။
“ဟူး... ဟူး...”
လုပေါင်သည် အသက်ရှူရန်အတွက် ရေပေါ်သို့ တစ်ခေါက်တက်လိုက်ပြီး ပြန်အဆင်းတွင် အကြံတစ်ခု ရသွားသည်။ သူသည် လိပ်ကြီးကို လက်ယပ်ခေါ်ကာ အနည်းငယ် ပိုနက်သော နေရာသို့ ကူးခတ်သွားသည်။ လိပ်ကြီးမှာ အနည်းငယ် လေးကန်နေသော်လည်း အမှီလိုက်လာခဲ့သည်။
ကျန်းချင်းမြို့အရှေ့ဘက်ကမ်းခြေ။
ဤနေရာတွင်ကမ္ဘာ့အနက်ဆုံး အောက်ဆီဂျင်မဲ့ ရေငုပ်စိန်ခေါ်ပွဲကို ကျင်းပနေသည်။ ဤသည်မှာ အလွန်ပင် အန္တရာယ်များပြီး မတော်တဆမှု အလွယ်တကူ ဖြစ်နိုင်သော အားကစားမျိုး ဖြစ်သည်။
သတင်းထောက်များကလည်း ဤပွဲကို တိုက်ရိုက်ထုတ်လွှင့်နေကြသည်။
သတင်းထောက်တစ်ဦးသည် Eagle Country မှ ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးပြာပိုင်ရှင် ရေငုပ်အားကစားသမား တစ်ဦးကို အင်တာဗျူးနေသည်။ ဤအားကစားသမားမှာ အလွန်ကျော်ကြားသူဖြစ်ပြီး လွန်ခဲ့သော ၃ နှစ်က ၁၃၀ မီတာအနက်အထိ ငုပ်နိုင်ခဲ့သူ ဟီလီယိုပင် ဖြစ်သည်။ သူသည် ယနေ့စိန်ခေါ်ပွဲ၏ အဓိကဇာတ်ဆောင် ဖြစ်သည်။
“၁၄၀ မီတာ..”
ဟီလီယိုသည် စကားပြောရပ်လိုက်ပြီး သူ၏ အခြေအနေကို စတင်ထိန်းညှိလိုက်သည်။
“ဘုရားရေ... ဟီလီယိုသာ ဒီစိန်ခေါ်မှုကို အောင်မြင်ရင် သူဟာ ကမ္ဘာ့စံချိန်ကို ထပ်ပြီးချိုးဖျက်နိုင်မှာပါ။”
သတင်းထောက်ကအံ့သြတကြီး ရေရွတ်လိုက်သည်။
“ကြည့်ရှုသူ မိဘပြည်သူများခင်ဗျာ... ၁၄၀ မီတာအနက်ကို စိန်ခေါ်ရာမှာ ဟီလီယိုဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အခက်အခဲများစွာကို ရင်ဆိုင်ရမှာပါ။ အဆုတ်ထဲက လေကိုပဲ အားကိုးပြီး ၅ မိနစ်နီးပါး အသက်အောင့်ထားရမှာ ဖြစ်ပါတယ်။ ရေအောက်ကို ဆင်းနေချိန်မှာ သူဟာ တရားမှတ်နေသလို အခြေအနေမျိုး ရောက်အောင် ကြိုးစားရမှာဖြစ်ပြီး မျက်လုံးကို အမြဲမှိတ်ထားရမှာပါ။ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၃၀ အောက်အထိ ကျဆင်းသွားပါလိမ့်မယ်။ မီတာ ၁၀၀ ကျော်သွားတာနဲ့ နားစည်တွေဟာ မတွေးဝံ့စရာ ရေဖိအားဒဏ်ကို ခံရမှာပါ။ နားစည်မပေါက်ထွက်သွားဖို့အတွက် နားတွင်းဖိအားကို မျှတအောင် ထိန်းညှိနိုင်တဲ့ ကျွမ်းကျင်မှု အဆင့်မြင့်ဖို့ လိုအပ်ပါတယ်။”
ဤသည်မှာ လူသားတို့၏ ကန့်သတ်ချက်ကို စိန်ခေါ်ခြင်းပင်။
“ဒီစိန်ခေါ်ပွဲအတွက် ထိပ်တန်းရေငုပ်သမားတွေနဲ့ လုံခြုံရေးအဖွဲ့တွေ စုဖွဲ့ထားပါတယ်။ ဒါဟာ အောက်ဆီဂျင်မဲ့ ရေငုပ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်တာလည်း ဖြစ်ပါတယ်။ အခု ဟီလီယို အသက်ရှူနှုန်းကို နောက်ဆုံးအကြိမ် ထိန်းညှိနေပါပြီ။ ကျွန်တော်တို့ ခဏလောက် ငြိမ်ပေးကြရအောင်ပါ။”
ကျွမ်းကျင်ရေငုပ်သမားများ နည်းပြများနှင့် ဝါသနာရှင်များစွာ စောင့်ကြည့်နေကြသည်။ သို့သော် ပင်လယ်ကြမ်းပြင်အောက်တွင် မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည့် ဧည့်သည်နှစ်ဦး ရှိနေသည်ကိုမူ သူတို့ မသိကြပေ။
၎င်းတို့မှာ ကြီးမားလွန်းသော လိပ်ကြီးတစ်ကောင်နှင့် ခရုခွံခွာပေးနေသော လူသားတစ်ဦးပင်။
“ဒီကြိုးက ဘာလဲ။”
လုပေါင်သည် လိပ်ကြီးကိုခေါ်ကာ ခရုခွံကပ်ပါးခွာရန် သဲသောင်ပြင်တစ်ခုကို ရွေးလိုက်စဉ် အမှတ်အသားများပါသည့် ကြိုးတစ်ချောင်း ရေအောက်သို့ တန်းဆင်းနေသည်ကို တွေ့လိုက်ရသည်။
“၁၅၀ မီတာ...”
၎င်းမှာ ထူးဆန်းသော အပြာရောင်ဘောလုံးလေး ဖြစ်သည်။ လုပေါင်၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်သဖြင့် ထိုအပေါ်တွင် ရေးထားသော စာလုံးများကို အတိုင်းသား မြင်နေရသည်။
လိပ်ကြီးက သူ၏ ခေါင်းကြီးဖြင့် လုပေါင်ကို တွန်းလိုက်သည်။ ဤအချိန်တွင် လိပ်ကြီး၏ ခေါင်းပေါ်၌ ခရုခွံများ တစ်ခုမှ မရှိတော့သော်လည်း ခြေလက်များနှင့် အခွံအောက်ပိုင်းတွင်မူ ထူထပ်စွာ ကျန်ရှိနေသေးသည်။ လုပေါင်သည် ထိုကြိုးကို ဂရုမစိုက်ဘဲ ဆက်လက်၍ ခရုခွံများကို ရှင်းလင်းပေးနေသည်။
လုပေါင်၏ Live Room မှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး Ocean Live Stream အဖွဲ့ကမူ လုပေါင်ကို သူတို့၏ သံတမန်အဖြစ် ခန့်အပ်ချင်နေကြသည်။ သူ၏ ပုံစံမှာ သူတို့ပလက်ဖောင်းအမည်နှင့် အလွန်လိုက်ဖက်လွန်းနေသောကြောင့် ဖြစ်သည်။
ခရုကပ်ပါးများက အလွန်များပြားလှသည်။ လုပေါင်က တရစပ်ထုရိုက်လိုက်ရာ ခရုခွံအချပ်ကြီးများ ပြုတ်ကျလာသည်။ လိပ်ကြီးသည် သူ၏ လည်ပင်းရှည်ကြီးကို ဆန့်ထုတ်ကာ ခရုကပ်ပါးများ လျော့နည်းသွားသည်ကို ကြည့်နေသည်။
သူ၏ ပါးစပ်နှင့် မျက်လုံးများမှာ ပြုံးနေသကဲ့သို့ပင်။
“ဟားဟား... ချစ်စရာကြီး။”
“သူ တကယ် ပြုံးတတ်တာပဲ။”
“ဒါတွေကို မခွာပေးရင် သူ သေမှာမဟုတ်ပေမဲ့ တစ်သက်လုံး နာကျင်စွာ နေသွားရမှာဗျ။”
“လိပ်ကြီးက တကယ့်ကို ချစ်စရာပဲ ရတနာနတ်ဘုရား ကူညီနေတာကို သိလို့ နောက်ကနေ ပျော်ပျော်ကြီး လိုက်လာတာ။”
ကြည့်ရှုသူများ ပိုမိုများပြားလာပြီး လက်ဆောင်များနှင့် Follower များမှာလည်း တရှိန်ထိုး တိုးတက်လာသည်။ လုပေါင်၏ Live များမှာ တစ်ခုထက်တစ်ခု ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်။
“ဟင်..”
လုပေါင် ခရုကပ်ပါးများခွာ၍ ပြီးခါနီးအချိန်တွင် သူ၏ခေါင်းပေါ်၌ အရိပ်တစ်ခုကို ခံစားလိုက်ရသဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။
ဝေဝါးသော လူရိပ်တစ်ခုမှာ တဖြည်းဖြည်း ငုပ်ဆင်းလာသည်။ ထိုသူမှာ အောက်ဆီဂျင်ဘူး ၆ ဘူးနှင့် ရေငုပ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော ရေငုပ်သမားတစ်ဦး ဖြစ်သည်။
“ငါ အပျော်တမ်း ရေငုပ်ဧရိယာထဲ ရောက်နေတာလား ဒါမှမဟုတ် ရတနာရှာသူတစ်ယောက်များလား။”
စက်ကိရိယာ မပါဘဲ အနက်ဆုံး ငုပ်နိုင်သည့် စံချိန်မှာ ၁၃၂ မီတာ ဖြစ်ပြီး စက်ကိရိယာ ပါပါက ၃၃၂ မီတာ ဖြစ်သည်။
မဟုတ်သေးဘူး။
လုပေါင် တစ်ခုခု မှားနေပြီဟု ရုတ်တရက် သိလိုက်ရသည်။ ဤလူသည် အပေါ်မှ တစ်စုံတစ်ယောက် ဆင်းလာမည်ကို စောင့်နေပုံရသည်။
ဤအချိန်တွင် ဟီလီယိုသည် ငါးတစ်ကောင်ကဲ့သို့ ကြိုးတစ်လျှောက် မီတာ ၃၀ ခန့်အထိ ငုပ်ဆင်းလာပြီ ဖြစ်သည်။ သတင်းထောက်ကလည်း ရေအောက် ဗီဒီယိုကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။
“ဟီလီယို အောင်မြင်နိုင်မလား ဆိုတာကိုဆက်လက် စောင့်ကြည့်ကြရအောင်ပါ။”
“ဒီ ၅ မိနစ်အတွင်းမှာ ရေဖိအားဟာ အနက်နဲ့အမျှ တိုးလာမှာ ဖြစ်ပါတယ်။ ၂.၅ တန် အလေးချိန်ရှိတဲ့ အရာတစ်ခုက သူ့အပေါ် ဖိထားသလို ခံစားရမှာပါ။ လူရဲ့ အဆုတ်ဟာ လက်သီးဆုပ်လောက်အထိ ကျုံ့သွားပါလိမ့်မယ်။ အခု မီတာ ၅၀ ရောက်ရှိနေပါပြီ။”
“၆၀ မီတာ..ဟီလီယိုရဲ့ အခြေအနေက အလွန်ကောင်းမွန်နေပါတယ်။”
ဟီလီယို ဆင်းလာသည်ကို လုပေါင် မြင်လိုက်ရပြီး ခေတ္တမျှ ကြောင်သွားသည်။ ငါတို့ တခြားလူတွေ ရေငုပ်နေတဲ့ နေရာထဲ ရောက်သွားတာလား။
လိပ်ကြီးကမူ သူ၏ ကိုယ်ပေါ်တွင် ကျန်ရှိနေသေးသော ခရုကပ်ပများကို ခွာပေးရန် လုပေါင်ကို ခေါင်းဖြင့် ထိုးပြီး အချက်ပြနေသည်။
လုပေါင် သတိပြန်ဝင်လာပြီး ခရုကပ်ပါးများကို အမြန်ခွာပေးလိုက်သော်လည်း မျက်လုံးကမူ အပေါ်သို့ ခဏခဏ ရောက်နေသည်။ လူအချို့မှာ တောက်လျှောက် ငုပ်ဆင်းလာနေကြပြီး တစ်ယောက်မှာမူ အောက်ခြေတွင် ရုပ်ရှင်ရိုက်ရန် အသင့်ပြင်နေသည်။
တစ်ချိန်တည်းမှာပင် Live ထဲမှ ပရိသတ်များသည်လည်း ဤအံ့အားသင့်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ Super Live Eye၏ ကြည်လင်မှုမှာ လွန်ကဲလွန်းလှသဖြင့် မှောင်မည်းနေသော ပင်လယ်အောက်ခြေမှာပင် အလွန်တောက်ပနေသည်။
“ဒါ အနက်စိန်ခေါ်ပွဲအတွက် သုံးတဲ့ ကြိုး မဟုတ်လား။”
“အပေါ်က ဆင်းလာတဲ့ ရေငုပ်သမားက အောက်မှာ ဘောင်းဘီတိုတစ်ထည်နဲ့ တူနဲ့ ဓားကို ကိုင်ထားတဲ့ ဗလာကိုယ်လုံးနဲ့ လူတစ်ယောက်ကို မြင်ရင် ဘယ်လို ခံစားရမလဲ။”
“ဟာ... Streamer ကတော့ တကယ်ကို ကြမ်းတယ်ဗျာ။”
“ဟားဟား... ဆင်းလာတဲ့လူ စိတ်ဓာတ်တွေ ပြိုကျကုန်တော့မှာပဲ။”
“ဒါ ကျန်းချင်းမြို့က အနက်စိန်ခေါ်ပွဲ ဇုန်ပဲ။”
“ဟိုးမှာ... ရေငုပ်သမားက ရတနာနတ်ဘုရားကို မြင်သွားပြီ။”
၁၄၀ မီတာအနက်သို့ ရောက်နေသော ရေငုပ်သမားသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ် အောက်ဘက်မှ သူ့ကို မော့ကြည့်နေသော လုပေါင်ကို မြင်လိုက်ရသောအခါ အေးခဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ရေပေါ်ရှိ လူအများအပြားထံသို့ ဖုန်းများ ဝင်လာတော့သည်။
“ဘာ...ရတနာနတ်ဘုရားက ငါတို့အောက်မှာ ရှိနေတယ် ဟုတ်လား။အဲ့ဒါ ဘာကို ဆိုလိုတာလဲ “
“Ocean Live Stream က ရတနာနတ်ဘုရားလား။”
“ဘာဖြစ်လို့လဲ။”
“ဘုရားရေ... ဟိုမှာ ကြည့်လိုက်ပါဦး။”
၁၄၀ မီတာအနက်ရှိ ရေငုပ်သမားသည် သူ၏ ကင်မရာကို လုပေါင်ဘက်သို့ လှည့်လိုက်သည်။ လုပေါင်သည် ခရုကပ်ပါးများကို ခွာပေးရင်း သူတို့ကို မော့ကြည့်နေသည်။ ဟီလီယိုမှာမူ ဤအချိန်တွင် သူ၏ စိန်ခေါ်မှုကိုပင် လုံးဝ မေ့သွားပုံရသည်။
သတင်းထောက်များ အပါအဝင် ထိုနေရာရှိ လူအားလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အံ့သြမှင်သက်နေကြတော့သည်။
***