လူတိုင်းသည် လုပေါင်ကြောင့် အံ့အားသင့်နေကြရသည်။
မီတာ ၁၅၅ ခန့်နက်သော ပင်လယ်အောက်ခြေတွင် ရေငုပ်ကိရိယာ တစ်ခုမှမပါဘဲ ရေငုပ်မျက်မှန်မှအပ အပေါ်ပိုင်းဗလာနှင့် အမျိုးသားတစ်ဦး ရှိနေသည်။ ပြီးတော့ သူက... ခရုကပ်ပါးတွေကို ခွာပေးနေတာလား။ပင်လယ်လိပ်ကြီးကိုလား။
လိပ်တစ်ကောင်က ဘယ်လိုလုပ် ဒီလောက်ကြီးနိုင်ရတာလဲ။
ဒီလူက လိပ်ကြီးပေါ်က ခရုကပ်ပါးတွေကို တကယ်ပဲ ခွာပေးနေတာလား။အောက်ခြေရှိ ရေငုပ်သမားသည် ချက်ချင်းပင် လုပေါင်ရှိရာသို့ ငုပ်ဆင်းသွားတော့သည်။ ယခုအချိန်တွင်ဟီလီယို’ သည် သူ့အတွက်ချန်ပီယံက အရေးမကြီးတော့ပေ။ ပင်လယ်အောက် မီတာ ၁၅၅ အနက်မှာ ရှိနေတဲ့ ဒီလူက ဘယ်သူလဲဆိုတာ သူ သိချင်နေပြီ။
ဒါတင်မကသေးဘူး။သူက ဒီအနက်မှာ အလုပ်တောင် လုပ်နေသေးတာလား။
ခရုကပ်ပါးခွာရသည်မှာ ခက်ခဲလှပြီး ပင်လယ်နက်ထဲတွင် ခွာပေးနေခြင်းမျိုးမှာ တစ်ခါမှ မကြားဖူးသော ကိစ္စပင်။
ရေငုပ်သမား ချဉ်းကပ်လာသည်ကို မြင်သောအခါ လုပေါင်က လက်လှမ်းပြပြီး နှုတ်ဆက်လိုက်သည်။
ရေငုပ်သမားက လုပေါင်ကို လက်ညှိုးထိုးပြပြီးနောက် အပေါ်သို့ လက်ညှိုးထိုးပြကာ အချက်ပြသည်။ လုပေါင် တစ်ခုခုဖြစ်သွားမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။ဒါက အလွန်အန္တရာယ်များလွန်းသည် မဟုတ်ပါလား။
“ငါ့ကို အပေါ်တက်ခိုင်းနေတာလား။”
လုပေါင်သည် လိပ်ကြီးကို ကြည့်လိုက်ရာ ခရုကပ်ပါးထက်ဝက်ခန့် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ သူကိုယ်တိုင်လည်း အသက်ရှူရန် လိုအပ်နေပြီ ဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် လိပ်ကြီးကို အပေါ်သို့ လက်ညှိုးထိုးပြကာ သူ အသက်ရှူရန် အပေါ်တက်တော့မည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။
တစ်ဖက်တွင်မူ အနက်စိန်ခေါ်ပွဲ နွှဲနေသည့် ဟီလီယိုသည် ၁၃၀ မီတာအနက်သို့ ရောက်ရှိနေပြီး ငုပ်ဆင်းသည့် အရှိန်မှာ စတင်နှေးကွေးလာသည်။
၁၃၅... ၁၃၆... မီတာ ၁၃၆ အရောက်တွင်မူ အခြေအနေ မကောင်းတော့ကြောင်း ဟီလီယို ခံစားလိုက်ရသည်။ သူသည် တွန့်ဆုတ်မနေဘဲ နောက်ပြန်လှည့်လိုက်သည်။ သူ၏ အခြေအနေမှာ အကောင်းဆုံးမဟုတ်ဘဲ ရေအောက်တွင် တစ်မီတာချင်းစီ ပိုနက်သွားခြင်းမှာ သိသာသော အပြောင်းအလဲ ရှိသောကြောင့် ဖြစ်သည်။
သူသည် ၁၄၀ မီတာကို အောင်မြင်အောင် စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း သိလိုက်ပြီ။
ဒါပေမဲ့ ဘာဖြစ်လဲ။
ဘယ်သူက ငါ့စံချိန်ကို ချိုးနိုင်မှာလဲ။
ဟီလီယိုသည် မိမိကိုယ်ကို နှစ်သိမ့်ကာ အပေါ်သို့ ပြန်ကူးတက်လာသည်။ ရေငုပ်ရာတွင် အပြန်ခရီးသည် မတော်တဆမှု ဖြစ်နိုင်ခြေ (၈၀) ရာခိုင်နှုန်း ရှိသောကြောင့် သူ အထူးဂရုစိုက်နေရသည်။
ရေအောက်တွင်မူ ရေငုပ်သမားသည် လုပေါင်ကို လက်ပြကာ မီတာ ၁၅၀ နေရာတွင် ထားရှိထားသော ဘောလုံးပြာလေးကို ယူရန် အချက်ပြလိုက်သည်။
လုပေါင်မှာ ပြောစရာ စကားမဲ့သွားသော်လည်း ထိုဘောလုံးလေးကို ကောက်ယူကာ အပေါ်သို့ တက်လာခဲ့သည်။ ထိုဘောလုံးပေါ်တွင်၁၅၀ မီတာဟု ရေးသားထားသည်။
သူ၏ အရှိန်မှာ အလွန်မြန်လှသည်။ ရေငုပ်သမားက သူ့ကို လွှတ်လိုက်သည်နှင့် လုပေါင်သည် ငါးမန်းတစ်ကောင်ကဲ့သို့ ရေပေါ်သို့ ပျံတက်သွားသည်ဟုပင် ထင်ရသည်။
ဟီလီယိုသည် လက်ထောက်၏ အကူအညီဖြင့် နောက်ဆုံး မီတာ ၂၀ ကို အောင်မြင်စွာ တက်လာနိုင်ခဲ့သည်။ ရေပေါ်သို့ ရောက်သည်နှင့် သူသည် အသက်ကို အဝရှူလိုက်ပြီး မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ မအောင်မြင်ခဲ့သော်လည်း သူ၏ စံချိန်ကို မည်သူမှ မကျော်နိုင်သေးဟု သူ ယူဆထားသည်။
သို့သော် မကြာမီမှာပင် အခြေအနေတစ်ခုခု မှားယွင်းနေကြောင်း သူ သိလိုက်ရသည်။ အောင်ပွဲခံသံများ မကြားရသလို အင်တာဗျူးရန် လာသည့် သတင်းထောက်များလည်း မရှိပေ။ သူ၏ နည်းပြပင်လျှင် သူ့နားတွင် မရှိဘဲ ရေအောက်တိုင်းတာရေး ကိရိယာတစ်ခု၏ ဘေးတွင် အံ့သြတကြီး ဝိုင်းအုံကြည့်နေကြသည်။
သူ့ကို ကူညီခဲ့သော လက်ထောက်သည်လည်း ထိုနေရာသို့ ချက်ချင်း ပြေးသွားတော့သည်။
ဘာဖြစ်နေတာလဲ။သူတို့ ဘာကိုကြည့်နေကြတာလဲ။
“သူ လာနေပြီ။”
“သူ ရေပေါ်ပေါ်လာပြီ။”
တစ်စုံတစ်ယောက်ကအော်ဟစ်လိုက်သည်။
“ဘုန်းးးး”
ဟီလီယို ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် သူ၏ နောက်ဘက်တွင် ရေလှိုင်းများ ထသွားပြီး လုပေါင် ပေါ်လာတော့သည်။
လုပေါင်၏ အရှိန်မှာ အံ့မခန်းပင်။ သူ ရေပေါ်ရောက်သည်နှင့် လူအုပ်ကြီးနှင့် ရာ့ခ်သင်္ဘောကြီးတစ်စီးကို မြင်ကာ ကြောင်သွားသည်။
“ဟာ... ငါ တခြားလူတွေ စိန်ခေါ်ပွဲလုပ်နေတဲ့ နေရာထဲ ရောက်သွားတာပဲ။”
လူအများအပြားသည် သူ့ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြသည်။
လုပေါင်သည် သူ၏ လက်ထဲမှ ၁၅၀ မီတာ အမှတ်အသားပါသော ဘောလုံးပြာလေးကို တိတ်တဆိတ် ကြည့်နေမိသည်။
“ဝုန်းးးး” သတင်းထောက်တစ်ဦးသည် သင်္ဘောပေါ်မှ ရေထဲသို့ တိုက်ရိုက်ခုန်ချကာ လုပေါင်ရှိရာသို့ အမြန်ကူးလာသည်။ ဤနေရာသို့ လာရောက်သတင်းယူသော သတင်းထောက်များမှာ ရေကူးကျွမ်းကျင်သူများဖြစ်ပြီး အင်တာဗူးရရန်အတွက်ဆိုလျှင် ဘာမဆို လုပ်မည့်သူများ ဖြစ်သည်။
“ဘာဖြစ်နေတာလဲ။ဘာတွေ ဖြစ်ကုန်တာလဲ။”
ဟီလီယိုသည်မိမိကိုယ်ကို အပယ်ခံတစ်ယောက်လိုခံစားလိုက်ရသည်။လူတိုင်းက ရေထဲမှ ရုတ်တရက် ပေါ်လာသော ထိုလူကိုသာ စိုက်ကြည့်နေကြသည်
“ဒါ Ocean Live Stream က ရတနာနတ်ဘုရားပဲ။”
“ဘုရားရေ... ဝံပုလွေတွေနဲ့ အတူအိပ်ကျားဂူထဲမှာ ကျားကို ရိုက် မျောက်ဘုရင်ကို နှိပ်ကွပ်တဲ့ ရတနာနတ်ဘုရားလား။ဟုတ်တယ်... သူပဲ။ကျွန်တော်က သူ့ပရိသတ်ဗျ။”
“၁၅၅ မီတာ အနက်တဲ့... သူ ခုလေးတင် အောက်ကို ဆင်းပြီး ပြန်တက်လာတာ။”
“သူ ဘယ်လိုလုပ်လိုက်တာလဲ။”
“သူ ကမ္ဘာ့စံချိန်ကို ချိုးလိုက်ပြီ။”
လူတိုင်းက အော်ဟစ်အားပေးနေကြသည်။
“ဝုန်းးး”
လုပေါင်၏ ခြေထောက်အောက်တွင် အားကောင်းသော ခံစားမှုတစ်ခု ရလိုက်သည်။ နှစ်တစ်ထောင်လိပ်ကြီးသည် ရေပေါ်သို့ ပေါ်လာပြီး လုပေါင်ကို သူ၏ ကျောပေါ်တင်ကာ ရေမျက်နှာပြင်ပေါ်သို့ မြှောက်တင်ပေးလိုက်သည်။
“သူက ဘယ်သူလဲ။”
လုပေါင်ကို မြင်သောအခါ ဟီလီယိုက သူ၏ နည်းပြကို အော်မေးလိုက်သည်။
“ခင်ဗျားတို့ ဘာတွေကို ကြည့်နေကြတာလဲ။”
ပင်လယ်အောက်ခြေကနေ တက်လာတာလား။သူ ရေပေါ်တက်လာတုန်းက ဒီလူကို မမြင်ခဲ့ပါဘူး။
“ဒီလူက... ၁၅၅ မီတာ အနက်ကနေ တက်လာတာ။”
ဟီလီယို၏ နည်းပြက လုပေါင်နှင့် လိပ်ကြီးကို မယုံနိုင်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေသည်။
“ဒါ တကယ်ပဲ လူသားတစ်ယောက်ရောဟုတ်ရဲ့လား။”
“ဘာ”
ဟီလီယို၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားရသည်။
“ဒါတရုတ်လူမျိုးပဲ။”
“ရတနာနတ်ဘုရားကတရုတ်လူမျိုးကွ။ဘုရားရေ... အနက်စိန်ခေါ်ပွဲရဲ့ ကမ္ဘာ့စံချိန်ဟာ အခုတော့ တရုတ်လူမျိုးလက်ထဲ ရောက်သွားပြီ။”
တရုတ်လူမျိုးရေငုပ်သမားများ နည်းပြများနှင့် သတင်းထောက်များသည် ထိုအချက်ကို သိလိုက်ရသောအခါ စိတ်လှုပ်ရှားစွာအော်ဟစ်ကုန်ကြသည်။ ၁၅၅ မီတာအနက်နေရာရှိ ရေဖိအားမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
လုပေါင်မှာ အနည်းငယ်ကြောင်တောင်တောင် ဖြစ်နေပြီး လိပ်ကြီး၏ ကျောပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်။ သူသည် ရုတ်တရက်ကြီး လူစွမ်းကောင်း ဖြစ်သွားပုံရသည်... Live Room ထဲတွင်လည်း လက်ဆောင်များတရှိန်ထိုးတတ်လာတော့သည်။
“ရတနာနတ်ဘုရားကတော့ ရှယ်ပဲ။”
“ဟားဟား... ကျွန်တော် အခုပဲ Baidu မှာ ရှာကြည့်တာ။ ဟို ဟီလီယိုက ကမ္ဘာ့စံချိန် ချိုးထားတာတဲ့ အခုတော့ ရတနာနတ်ဘုရားက သူ့စံချိန်ကို အမှုန့်ချေပစ်လိုက်ပြီ။”
“မရည်ရွယ်ဘဲ လုပ်လိုက်တာက ပိုပြီး ပြင်းထန်တယ်ဗျာ။ ကျွန်တော့်ရဲ့ ဝါသနာရှင် အဆင့်လောက်နဲ့တင် ကမ္ဘာ့ချန်ပီယံကို အနိုင်ယူလိုက်တာ။”
ယခုအချိန်တွင် Ocean Live Stream ၏ အကြီးအကဲမှာ လုပေါင်ကို သူတို့ ပလက်ဖောင်း ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန်သာ စိတ်ကူးရှိတော့သည်။ မည်သည့်စျေးပေးရပေးရ လုပေါင်ကို စာချုပ်ချုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
လုပေါင်သည် လူအုပ်ကြီးကို တိတ်တဆိတ် ကြည့်နေရင်း လက်များကမူ လိပ်ကြီးပေါ်မှ ခရုကပ်ပါးများကို မနားတမ်း ခွာပေးနေဆဲ ဖြစ်သည်။ ခရုကပ်ပါးအချပ်ကြီးများကို ရေထဲသို့ လွှင့်ပစ်နေသည်။
ရေငုပ်သမားမှာလည်း ရေပေါ်သို့ တက်လာပြီး လုပေါင်ကို တစ္ဆေတစ်ကောင်လို စိုက်ကြည့်နေသည်။ လုပေါင် အပေါ်သို့ တက်လာသည့် အရှိန်မှာ သူ့ကို ကြောက်လန့်သွားစေခဲ့သည်။
“မြန်မြန်လုပ် ဟိုမှာ ကျောက်တန်းတွေ ရှိတယ် အဲ့ဒီမှာ သွားပြီး ဆက်ခွာကြစို့။”
လုပေါင်ကလိပ်ကြီး၏ ခေါင်းကို ပုတ်ကာ အဝေးရှိ ကျောက်တန်းဧရိယာသို့ ညွှန်ပြလိုက်သည်။ လူတွေက သူ့ဆီလာပြီး ဒုက္ခပေးတော့မည်ဟု သူ ခံစားနေရသည်။
လိပ်ကြီးသည် နားလည်ပုံရပြီး ချက်ချင်းပင် ဦးခေါင်းကို လှည့်ကာ ကျောက်တန်းဧရိယာဘက်သို့ ကူးခတ်သွားတော့သည်။
“အစ်ကိုကြီး အစ်ကိုကြီး ပြန်လာခဲ့ပါဦး။”
“မသွားပါနဲ့ဦး။”
“အဲ့ဒီလိပ်ကြီးက... တကယ်ပဲ အဲ့ဒီလောက်အထိ ကြီးတာလား။”
“ဒီလောက်ကြီးဖို့ဆိုရင် နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့ရမှာပဲ။”
ဟီလီယိုသည် သူ၏လက်ထောက် ပြောပြချက်များကို မယုံနိုင်စွာ နားထောင်နေရသည်။သူ၏ စိတ်ဓာတ်များ ပြိုလဲသွားပြီး ...
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါ့ကို ကျော်နိုင်တဲ့သူ ဘယ်သူမှ မရှိစေရဘူး။”
ဒါက ကျော်တက်ရုံတင်မကဘဲ အပြတ်အသတ် ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။
လက်ထောက်က သူ့ကို ဘယ်လိုနှစ်သိမ့်ရမှန်း မသိတော့ပေ။ အမှန်တရားမှာ ထိုလူသည် မီတာ ၁၅၅ အနက်တွင် ရှိနေခဲ့ပြီး ခရုကပ်ပါးများကိုပင် ခွာပေးနေခဲ့သေးသည်။
သူ၏ ရေပေါ်သို့တက်နှုန်းအရဆိုလျှင် ပြင်းထန်သော ရေဖိအားမှာ ထိုလူအတွက် ဘာမှမဟုတ်သလိုပင်။သူ့ရဲ့ ကန့်သတ်ချက်က ဘယ်လောက်အထိ ရှိနေမှာလဲ။
လုပေါင်သည် လိပ်ကြီးကို ကျောက်တန်းတွေရှိသည့် နေရာသို့ ခေါ်လာခဲ့သည်။ ဤနေရာတွင် ခရုကပ်ပါးခွာရသည်မှာ ပို၍ မြန်ဆန်သည်။
“ဘုန်း ဘုန်း ဘုန်း”
မြည်သံများနှင့်အတူ ခရုကပ်ပါးများ ပြုတ်ကျလာပြီး ၎င်းတို့ကို စားရန် ဇင်ယော်ငှက်များစွာ စုပြုံရောက်ရှိလာကြသည်။
“Streamer ကို ကြိုက်ရင် Follow လုပ်ပေးကြပါဦး။”
သူသည် ပေါ့ပေါ့ပါးပါးပင် ကြော်ငြာလိုက်ပြီး ခရုကပ်ပါးများကို ဆက်လက် ရှင်းလင်းပေးနေသည်။
၅ မိနစ်အတွင်းမှာပင် သူ အတော်များများ ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။ သူ၏ အားအင်မှာ ကြီးမားသဖြင့် လက်ဗလာဖြင့်ပင် ခရုခွံများကို အလွယ်တကူ ချေမွပစ်နိုင်သည်။
စနစ်က တာဝန်ပြီးမြောက်ကြောင်း အကြောင်းမကြားသေးသဖြင့် ထောင့်ချိုးများရှိ ခရုကပ်ပါးသေးသေးလေးများကိုပင် သူ မကျန်ရအောင် ရှင်းလင်းပေးနေတော့သည်။
***