ခန္ဓာကိုယ် ပေါ့ပါးသွားသော နှစ်တစ်ထောင်လိပ်ကြီးသည် ပျော်ရွှင်စွာ ကူးခတ်နေတော့သည်။ သူ့အပေါ်တွင် ကပ်ငြိနေသော ခရုကပ်ပါးများမှာ အလွန်လေးလံလှသဖြင့် ရေပေါ်တက်ရန် ခက်ခဲခြင်း အသက်ရှူရကျပ်ခြင်းနှင့် ပုံမှန်အစာစားရန်ပင် မဖြစ်နိုင်ခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။
ယခုအခါ အကုန်စင်ကြယ်သွားပြီဖြစ်သောကြောင့်ခန္ဓာကိုယ်သစ်တစ်ခု ရရှိလိုက်သကဲ့သို့ ခံစားနေရပြီး သူ၏ မျက်နှာတွင် အပြုံးများ ဝေဆာနေတော့သည်။
“တီ... တီ နှစ်တစ်ထောင်လိပ်ကြီးကို ကယ်တင်ခြင်း မစ်ရှင် အောင်မြင်ပါသည်။”
“ဆုလာဘ် - ပင်လယ်ဘုရင် ခန္ဓာကိုယ်။
မစ်ရှင် ပြီးဆုံးသွားပြီ ဖြစ်သည်။
လိပ်ခွံကြားရှိ နောက်ဆုံးခရုကပ်ပါးလေးကို ဖယ်ရှားပြီးသည်နှင့် မစ်ရှင်အောင်မြင်ကြောင်း အကြောင်းကြားစာ ရောက်ရှိလာသည်။ သို့သော် ဤဆုလာဘ်က အနည်းငယ် ထူးဆန်းနေသည်။
“ငါ့ကိုမိန်းမချောလေးတွေ ဝိုင်းဝိုင်းလည်နေမယ့် ပင်လယ်ဘုရင် တစ်ယောက် ဖြစ်အောင် လုပ်ပေးမှာလား။”
လုပေါင်သည် စိတ်လှုပ်ရှားစွာဖြင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးလိုက်သည်။
Host: လုပေါင်။
ပါရမီ : သားရဲများ၏ နှစ်သက်မှု +၁၀၀ (ရွှေရောင်) ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေရောင်)။
ကျွမ်းကျင်မှု: တရုတ်ရိုးရာ လေမှုတ်တူရိယာ (ပါရဂူအဆင့်) မျောက်ဝံသိုင်းပညာ (အငယ်တန်းအဆင့်)။
ပစ္စည်းများ: Super Live Eye ၊ ရွှေရောင်ကမ်းခြေ မြေဧက ၂၀၀။
ငွေရောင်စွမ်းရည်ပင်လယ်ဘုရင် ခန္ဓာကိုယ်။
လုပေါင်က ထိုပါရမီကို နှိပ်လိုက်သောအခါ အသေးစိတ် ဖော်ပြချက်များ ပေါ်လာသည်။
သမုဒ္ဒရာအောက်ခြေတွင် ငါးတစ်ကောင်ကဲ့သို့ အရှိန်နှုန်းနှင့် ဒေါင်းပုစွန်ကဲ့သို့ ခွန်အားများကို ပိုင်ဆိုင်နိုင်မည်။
၎င်းကို ကြည့်ပြီးနောက် လုပေါင်သည် ဝမ်းသာသလို စိတ်ပျက်သလို ဖြစ်သွားသည်။ ဤပင်လယ်ဘုရင်မှာ သူထင်ထားသည့် ကောင်မလေးများနှင့် ပတ်သက်ရမည့် ပင်လယ်ဘုရင်မျိုး မဟုတ်ပေ။ သူက အကြီးစားPlayboyဖြစ်လာတော့မည်ဟု ထင်ကာ အဝေးကြီး တွေးမိသွားခြင်းပင်။
လိပ်ကြီးသည် လုပေါင်ကို အလွန်ခင်တွယ်သွားပြီး သူ၏ ဘောင်းဘီကို ခပ်ဖွဖွကိုက်ကာ ခြေလက်များကို ယမ်းခါပြနေသည်။ ဤမျှကြီးမားသော သတ္တဝါကြီးက ချစ်စဖွယ် ပြုမူနေသည်မှာ ချစ်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။
ပရိသတ်များမှာလည်း ပြုံးတတ်ပြီး ချစ်စရာကောင်းသော ဤလိပ်ကြီးကို ချစ်ခင်သွားကြသည်။
လုလင်းဟွာမှာမူ အရှေ့ဘက်ကမ်းခြေသို့ အမြန်သွားချင်နေသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေသည်။ လုပေါင်သည် Live ကို အချိန်မရွေး ပိတ်သွားနိုင်သည် မဟုတ်ပါလား။ လက်ရှိ Ocean Live Stream တွင် လူကြည့်နှုန်းမှာ မကြုံစဖူး ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အားလုံးမှာ လုပေါင်ကြောင့်ပင်။
“အကြီးအကဲ... ကျွန်တော်တို့ ဒီဘက်ကနေ အတင်းအကျပ် ဆက်သွယ်လို့ ရပါတယ်။”
နည်းပညာရှင်တစ်ဦးကပြောလိုက်သည်။
လုလင်းဟွာ ခေတ္တကြောင်သွားသော်လည်း ချက်ချင်း နားလည်သွားသည်။ ဟုတ်သည်အသံဖြင့် အတင်းအကျပ် ဆက်သွယ်၍ ရသော်လည်း ထိုသို့လုပ်ပါက ပြောသမျှစကားများကို Live ကြည့်နေသူ အားလုံး ကြားရမည် ဖြစ်သည်။
ခဏမျှ တွန့်ဆုတ်နေပြီးနောက် လုလင်းဟွာက
“ပြင်ဆင်လိုက်တော့။”
လုပေါင်၏ မစ်ရှင်မှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း သူသည် ကယ်ဆယ်ရေးလှေများဝိုင်းရံခြင်းကို ခံနေရသည်။ ရေငုပ်သမားများနည်းပြများနှင့် သတင်းထောက်များမှာ လှေငယ်များဖြင့် လုပေါင်ရှိရာသို့ လာနေကြသည်။ ရာ့ခ်သင်္ဘောကြီးများမှာမူ ဤကျောက်တန်းဧရိယာသို့ ဝင်၍မရပေ။
“ဆရာ... ခဏလောက် စကားပြောရအောင်ပါ။”
“ညီလေး... မသွားပါနဲ့ဦး။”
“ရတနာနတ်ဘုရား... ကျွန်တော်က ခင်ဗျားရဲ့ fan ပါ ရေထဲ ပြန်မဆင်းပါနဲ့ဦး။”
လုပေါင်က လိပ်ကြီးကို ကျောက်တန်းပေါ်မှ တွန်းချကာ ကျောပေါ်သို့ ခုန်တက်လိုက်သည်ကို မြင်သောအခါ ထိုလူများက ထိတ်လန့်တကြား အော်ဟစ်ကြသည်။
“အားလုံးပဲ ဆောရီးပါဗျာ၊း ခင်ဗျားတို့ရဲ့ ပြိုင်ပွဲကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားတယ်။ ကျွန်တော် သွားတော့မယ်။”
လုပေါင်ကအမြန်အော်ပြောလိုက်ပြီး လိပ်ကြီးကို ပုတ်ကာ ...
“သူငယ်ချင်းကြီး... ငါတို့ပြေးကြစို့။”
“ဝုန်းးး”
ပေါ့ပါးသွားသော လိပ်ကြီးသည် လုပေါင်ကို တင်ကာ ရေအောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။
ပင်လယ်အောက်ခြေတွင်...
လိပ်ကြီးသည် ပျော်ရွှင်စွာ ကူးခတ်နေသည်။ ဤမျှ ပေါ့ပါးမှုကို မခံစားရသည်မှာ ကြာလှပြီဖြစ်သည်။လုပေါင် ဖယ်ရှားပေးလိုက်သော ခရုခွံများ၏ အလေးချိန်မှာ လိပ်ကြီး၏ ကိုယ်အလေးချိန်နှင့်ပင် မရှေးမနှောင်း ဖြစ်နေသည်။ ပုံမှန်ဆိုလျှင် အသက်ရှူရန် ရေပေါ်တက်ခြင်းမှာအလွန်နာကျင်လှသော်လည်း ယခုမူ ထိုနာကျင်မှုများ မရှိတော့ပေ။
“ဘုတ်... ဘုတ်”
အချိန်တန်ပြီဟု ယူဆသဖြင့် လုပေါင်က လိပ်ကြီးကို ပုတ်ကာ ရေပေါ်သို့ ညွှန်ပြလိုက်သည်။ လိပ်ကြီးက နားလည်သည့်အလား ခေါင်းငြိမ့်ပြကာ ရေပေါ်သို့ အရှိန်ဖြင့် ကူးတက်သွားသည်။
ထိုစဉ် Live ထဲတွင် အသံဖြင့် ဆက်သွယ်မှု စတင်လာပြီး လုလင်းဟွာ ပေါ်လာသည်။
“မင်္ဂလာပါ ရတနာနတ်ဘုရား။ ကျွန်တော်တို့ Ocean Live Streaming ပလက်ဖောင်းကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က Ocean Live Stream ရဲ့ အကြီးအကဲ လုလင်းဟွာပါ။ ခင်ဗျားရဲ့ ကြိုးစားမှုကို ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။ အသေးစိတ်ကို WeChat မှာ စစ်ဆေးပေးပါ၊ ကျွန်တော်ကိုယ်တိုင်ဆုချီးမြှင့်မှာပါ။”
လုလင်းဟွာမှာ အခြားရွေးချယ်စရာ မရှိပေ။ လုပေါင်က သူ၏ ဖုန်းကိုလည်း မကိုင် WeChat မှာလည်း လက်မခံသောကြောင့် ဖြစ်သည်။ ပြိုင်ဘက်ပလက်ဖောင်းများကလည်း စောင့်ကြည့်နေသဖြင့် သူ စကားကို အတိအလင်း မပြောဝံ့ပေ။
လုပေါင် ကြောင်သွားသည်။ Ocean Live Stream ရဲ့ အကြီးအကဲလား။ ငါ့ကို ပိုက်ဆံပေးဖို့ လာတာလား။
Live ကြည့်နေသူများကမူ မကျေမနပ် ဖြစ်ကုန်ကြသည်။
“ဒီလူကြီးက ဘာလို့ Live အလယ်မှာ ဝင်ရှုပ်နေတာလဲ။”
ဝိုင်းဆဲကြတော့သည်။
လုပေါင်သည် ဤပလက်ဖောင်းကို အသုံးပြုနေကျဖြစ်သဖြင့် အကြီးအကဲကို အားနာကာ
“ကောင်းပါပြီ အိမ်ပြန်ရောက်ရင် WeChat ကနေ ဆက်သွယ်လိုက်ပါ့မယ်။”
“ကောင်းပါပြီ ရတနာနတ်ဘုရား။ ခင်ဗျားရဲ့ Live ကို ဆက်မနှောင့်ယှက်တော့ပါဘူး။ ဆက်သွယ်ဖို့ မမေ့ပါနဲ့ဦး။”
လုလင်းဟွာသည်ဝမ်းသာအားရဖြင့် ဆက်သွယ်မှုကို ချက်ချင်း ဖြတ်လိုက်သည်။
ယခုအခါ လုပေါင်သည်ပင်လယ်ဘုရင် ခန္ဓာကိုယ်ကို စမ်းသပ်ချင်နေပြီ ဖြစ်သည်။ သူသည် လိပ်ကြီး၏ ခေါင်းကို ပုတ်ကာ ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။
“ဘုန်းးး”
ရေအောက်တွင် လုပေါင်သည် သူ၏လက်များကို မယုံနိုင်စွာ ကြည့်နေမိသည်။ သူ၏ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အားအင်များ ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်ကပင် အသက်ရှူနေသကဲ့သို့ ခံစားရသည်။
တစ်ချက်တည်း ငုပ်လိုက်ရုံဖြင့် မီတာ ၁၀ ကျော်အထိ ရောက်သွားသည်။ သူ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် သူတပ်ထားသော ရေငုပ်မျက်မှန်ပင် ကွဲထွက်သွားတော့သည်။
သို့သော် ရေအောက်တွင် သူ၏ အမြင်အာရုံမှာ အလွန်ကြည်လင်နေဆဲ ဖြစ်သည်။
လိပ်ကြီးက သူ့နောက်မှ အမှီလိုက်ရန် ကြိုးစားသော်လည်း လုပေါင်၏ အရှိန်ကို မမီတော့ပေ။ လုပေါင်သည် ပိုမိုနက်သော နေရာသို့ ဆက်လက်ငုပ်ဆင်းသွားသည်။
၃၀ မီတာ... ၅၀ မီတာ... ၁၀၀ မီတာ... ၂၀၀ မီတာ...
မီတာ ၂၀၀ အနက်သို့ ရောက်သောအခါ Live ကြည့်နေသော နည်းပြများနှင့် ရေငုပ်သမားများမှာ ရူးမတတ် ဖြစ်ကုန်ကြသည်။ ကမ္ဘာ့စံချိန်မှာပင် ၁၄၀ မီတာ မပြည့်သေးပေ။ သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော Streamer မှာမူ မီတာ ၂၀၀ ကျော်အထိ ရောက်နေပြီ ဖြစ်သည်။
“ရေဖိအားကို.... တကယ်ပဲ ဘာမှမခံစားရဘူး...”
မီတာ ၃၀၀ အနက်သို့ ရောက်သောအခါ လုပေါင်သည် ပင်လယ်ကြမ်းပြင်ပေါ်တွင် ရပ်ကာ မယုံနိုင်စွာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် အလွန်ပင် သက်သောင့်သက်သာရှိကာ လွတ်လပ်ပေါ့ပါးနေဆဲ ဖြစ်သည်။
ငါတော့ ချမ်းသာပြီဟေ့။
ပင်လယ်အောက်ခြေက ရတနာတွေ အားလုံးက ငါ့အပိုင်ပဲ။
***