ဝူယွမ် ရောက်ရှိလာသည်ကိုမြင်သောအခါ ယွမ်ဂိုဏ်းမှ လူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး ယုံကြည်မှုများ ချက်ချင်း ပျောက်ကွယ်သွားကြလေသည်။
သူတို့၏ လူငယ်ဘုရင်သုံးပါးမှာ ပေါ်မလာသေးဘဲ ယခင်က ဝူယွမ်ပြသခဲ့သော စွမ်းအားများဖြင့်ဆိုလျှင် လက်ရှိ ယွမ်ဂိုဏ်းအဖွဲ့တွင် မည်သူကမျှ သူ့ကို တားဆီးထားနိုင်စွမ်း မရှိပေ။
“ငါ... ငါတို့... မင်းတို့... မင်းတို့အားလုံး...”
“သွားကြစို့...”
ဝိညာဉ်စစ်သူကြီးတစ်ဦးက ထွက်လာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
အခြေအနေ မကောင်းကြောင်းကို မြင်သောအခါ ယွမ်ဂိုဏ်းမှလူများကို ဦးဆောင်၍ ဆုတ်ခွာရန် ပြင်ဆင်လိုက်၏။
“အခုမှ ထွက်သွားဖို့စဉ်းစားနေတာလား... နောက်ကျသွားပြီ...”
ဝူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
ချက်ချင်းပင် သူက ယွမ်ဂိုဏ်းထံသို့ အရှိန်အဝါများက လှိုင်းတံပိုးများအလား ပေါ်ထွက်နေပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် လျှောက်သွားလိုက်ရာ သူ၏အရှိန်အဝါ တစ်ခုတည်းကပင် ယွမ်ဂိုဏ်းအဖွဲ့ကို တစ်လှမ်းချင်းစီ နောက်ဆုတ်သွားအောင် ဖိအားပေးနေခဲ့၏။
တောင်ဂိုဏ်းအဖွဲ့သည်လည်း ဝူယွမ်၏ နောက်မှ အနီးကပ် လိုက်ပါလာပြီး ယွမ်ဂိုဏ်းကို မြင့်မားသော တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် ဖိအားပေးလာခဲ့ကြလေသည်။
“ဝူယွမ်... မင်းဘာလုပ်နေတာလဲ၊ ငါတို့ရဲ့ ယွမ်ဂိုဏ်းကို မင်းတိုက်ခိုက်ရဲတယ်ပေါ့လေ...”
“ဂိုဏ်းနှစ်ခုကြားမှာ စစ်ပွဲစတင်အောင် မင်းကြိုးစားနေတာလား...”
“တကယ်လို့ မင်း ငါတို့ကိုသတ်ရင် ဂိုဏ်းက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်...”
ယွမ်ဂိုဏ်းကို ဦးဆောင်နေသော ဝိညာဉ်စစ်သူကြီးအချို့က ဒေါသတကြီးအော်ဟစ်ကာ သူ့ကို ခြိမ်းခြောက်လိုက်ကြလေသည်။
ဝူယွမ်ကို ရင်ဆိုင်ရချိန်တွင် သူတို့ တကယ်ကို ကြောက်ရွံ့နေခဲ့ကြ၏။
“ရယ်စရာကောင်းလိုက်တာ... မင်းတို့ ယွမ်ဂိုဏ်းကလူတွေက ငါတို့ တောင်ဂိုဏ်းကလူတွေကို လမ်းပိတ်ဖမ်းလို့ ရပြီးတော့ ငါတို့ကကြ ပြန်တိုက်ခိုက်လို့မရဘူးပေါ့လေ...”
ဝမ်ယန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်လေသည်။ သူ လှုပ်ရှားချင်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ယွမ်ဂိုဏ်းမှ လူများ သူတို့ကို ဤနေရာတွင် ပိတ်ဆို့ထားခြင်းမှာ လူငယ်ဘုရင်သုံးပါး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းပြီး သူတို့ကို ချုံခိုတိုက်ခိုက်ရန်ပင် ဖြစ်သည် မဟုတ်လော။
“အဲ့ဒီအချိန်တုန်းက မင်းတို့က ဒီနေရာမှာ ငါတို့ရဲ့ တောင်ဂိုဏ်း တပည့်တွေကို သတ်ဖြတ်ခဲ့ပြီး ငါတို့ တောင်ဂိုဏ်းရဲ့ ဂိုဏ်းတူအစ်မကြီး ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်... ဒီနေ့ မင်းတို့ အဲ့ဒီအကြွေးကို ပြန်ဆပ်ရမယ်...”
ယင်းရှောင်ရှောင်က မျက်နှာချင်းဆိုင်ရှိ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ လင်းလက်နေခဲ့၏။
ယွမ်ဂိုဏ်းတပည့်အများစုမှာ ထိုအချိန်က ဂိုဏ်းတူအစ်မကြီးနှင့် တောင်ဂိုဏ်းတပည့်များအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြသူများ ဖြစ်လေသည်။
“သတ်...”
ဝူယွမ်က ရိုးရှင်းစွာ ပြောလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။ ပြီးပြည့်စုံသည့် တောင်တန်းကိုယ်ခန္ဓာ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဆွဲငင်အားနယ်မြေက အပြည့်အဝပွင့်လာကာ ယွမ်ဂိုဏ်းအဖွဲ့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏。
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယွမ်ဂိုဏ်းမှ လူတိုင်းမှာ ရွှံ့နွံထဲတွင်ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏လှုပ်ရှားမှုများမှာလည်း ကန့်သတ်ခံလိုက်ရလေသည်။
လင်းတုန်၊ ယင်းရှောင်ရှောင်၊ ဝမ်ယန် နှင့် အခြားသူများက သူတို့၏ တိုက်ခိုက်မှုများကို တိုက်ရိုက် စတင်လိုက်ကြ၏။ အားကောင်းသော သိုင်းပညာရပ်အလင်းတန်းများက ယွမ်ဂိုဏ်းအဖွဲ့တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့လေသည်။
လူငယ်ဘုရင်သုံးပါးမပါဘဲ ယွမ်ဂိုဏ်းတွင် နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေသော ဝိညာဉ်စစ်သူကြီးခြောက်ဦးသာရှိပြီး တောင်ဂိုဏ်းဘက်တွင်မူ ဝူယွမ်ထောက်ပံ့ပေးထားသော မသေမျိုးအနှစ်သာရဝိညာဉ်သစ်သီး အမြောက်အမြားနှင့် ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ရရှိခဲ့သော အခွင့်အရေးများကြောင့် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထို့အပြင် လင်းတုန်၊ ဝမ်ယန်နှင့် ယင်းရှောင်ရှောင်တို့ အားလုံးမှာ လူငယ်ဘုရင်သုံးပါး အဆင့်ရှိ အားကောင်းသော သိုင်းပညာရှင်များ ဖြစ်ကြလေသည်။
ဖန်ထုံနှင့် ဖန်းယွမ်တို့မှာလည်း မဟာရှေးဟောင်းကျမ်းကို သင်ယူထားကြပြီး သူတို့၏ စွမ်းအားမှာ လူငယ်ဘုရင်သုံးပါးလောက် မကောင်းသော်ငြား ဝိညာဉ်စစ်သူကြီး ခြောက်ဦးထက်တော့ ပိုမိုအားကောင်းကြလေသည်။
ထို့ကြောင့် ယွမ်ဂိုဏ်းတွင် သူတို့ထက် တပည့်နှစ်ရာကျော် ပိုမိုများပြားသော်လည်း အားကောင်းသောသိုင်းပညာရှင်များက ယွမ်ဂိုဏ်းကို အပြတ်အသတ် ရှင်းလင်းပစ်နိုင်ခဲ့ကြ၏။
တိုက်ပွဲမှာ မည်သည့်စိတ်လှုပ်ရှားဖွယ်ရာမျှမရှိဘဲ တစ်ဖက်သတ်အခြေအနေဖြင့်သာ ဆက်လက် ဖြစ်ပွားနေခဲ့လေသည်။
“ဒီတစ်ခေါက်တောင်ဂိုဏ်းက တကယ်ကိုတိုးတက်လာတာပဲ... ဒီမိစ္ဆာကောင်ဝူယွမ် ပေါ်လာတာနဲ့တင်...”
“ယွမ်ဂိုဏ်းက သူတို့ကို လုံးဝမတားဆီးနိုင်ဘူး... ဘာလို့ လူငယ်ဘုရင်သုံးပါးက ပေါ်မလာသေးတာလဲ...”
“သူတို့ မြန်မြန်ထွက်မလာဘူးဆိုရင် ယွမ်ဂိုဏ်းကတပည့်ငါးရာလုံး ပျောက်ကွယ်သွားတော့မယ်...”
“ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက တောင်ဂိုဏ်းကို ချုံခိုတိုက်ခိုက်ခဲ့တာ ယွမ်ဂိုဏ်းပဲလေ... ဝဋ်လည်တာပေါ့... အခု ယွမ်ဂိုဏ်းက ပိုတောင် သနားစရာကောင်းသေးတယ်၊ ခုခံဖို့ မျှော်လင့်ချက်လုံးဝမရှိဘူး...”
“အဲဒီလင်းတုန်ကလည်း အရမ်းအားကောင်းတာပဲ... ယွမ်ဂိုဏ်းက ဝိညာဉ်စစ်သူကြီးတချို့ သူ့လက်ချက်နဲ့ချက်ချင်းသေသွားတယ်၊ တစ်ချက်တောင် မခံနိုင်ကြဘူး...”
“တောင်ဂိုဏ်းမှာ အားကောင်းတဲ့ နိဗ္ဗာန်အဆင့် ၉ သိုင်းပညာရှင်တွေ ဒီလောက် အများကြီး ရှိနေတာပဲ... ပြီးတော့ လဲ့ချန်နဲ့ ယှဉ်နိုင်တဲ့ မိစ္ဆာအလောင်းလေးလောင်းလည်း ရှိသေးတယ်...”
“အရမ်း ကြောက်စရာကောင်းတယ်... တောင်ဂိုဏ်းရဲ့စွမ်းအားက ဘယ်လိုလုပ် ရုတ်တရက် ဒီလောက်တောင် အများကြီးတိုးလာရတာလဲ...”
“လူငယ်ဘုရင်သုံးပါးရောက်လာရင်တောင်မှ ဘာမှအသုံးမဝင်ဘဲ ရလဒ်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ငါ ဘာလို့များ ခံစားနေရတာပါလိမ့်...”
ပတ်ဝန်းကျင်ရှိ အခြား ဂိုဏ်းများမှ တပည့်များမှာ တိုက်ပွဲကို စောင့်ကြည့်ရင်း အားလုံးက အံ့ဩနေကြပြီး အော်ဟစ်ရေရွတ်ခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။
တောင်ဂိုဏ်းမှာ တကယ်ကို အားကောင်းလွန်းလှပေသည်။ ဝူယွမ်သည် ရွယ်တူများ ကြားတွင် အနိုင်ယူ၍မရနိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်လာလေသည်။
သူ့ကိုအနိုင်ယူနိုင်မည့်သူ မည်သူရှိနိုင်မည်နည်း ဆိုသည်ကို သူတို့ စဉ်းစား၍ပင်မရနိုင်ချေ။
တောင်ဂိုဏ်းရှိ အခြားသူများနှင့် ပတ်သက်၍မူ အားကောင်းသော အဆင့်မြင့် သိုင်းပညာရှင်များ အရပြောရလျှင် မိစ္ဆာအလောင်းလေးလောင်းကိုပါ ထည့်ပေါင်းလိုက်ပါက သူတို့၏ နိဗ္ဗာန်အဆင့် ၉ တိုက်ခိုက်ရေး စွမ်းအားမှာ ဆယ့်ငါးယောက် နီးပါးခန့် ရောက်ရှိနေပြီ ဖြစ်သည်။
ဤအရေအတွက်မှာ သူတို့၏ စူပါဂိုဏ်းကြီးခြောက်ခု ပေါင်းထားသည်ထက်ပင် ပိုမို မျာပြားနေသေး၏။
ယွမ်ဂိုဏ်းမှာ ဤတစ်ကြိမ်တွင် လုံးဝအရှုံးပေါ်သွားခဲ့ပြီဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများ၏ အံ့ဩမှုများနှင့် နှိုင်းယှဉ်လျှင် လင်ချင်းကျူ၏ မျက်နှာပေါ်တွင်မူ အေးစက်စက် အမူအရာတစ်ခု ရှိနေဆဲပင် ဖြစ်လေသည်။
ဤကာလအတွင်း သူမနှင့်ဝူယွမ်တို့ ကြုံတွေ့ခဲ့ရသော အရာများမှာ လက်ရှိမြင်ကွင်းထက် များစွာပိုမိုပြင်းထန်လှပေသည်။ ယွမ်ဂိုဏ်း၏လူငါးရာကို အမြစ်ပြတ်သုတ်သင်ခြင်းမှာ သိပ်ပြီးအရေးပါလှသည်ဟု မသတ်မှတ်နိုင်တော့ပေ။
ယွမ်ဂိုဏ်းနှင့် အတော်လေးရင်းနှီးသော အချို့ ဂိုဏ်းငယ်လေးများမှာ ယခုအခါ ထောင့်တစ်နေရာတွင်ပုန်းအောင်းကာ တုန်ယင်နေကြပြီး အခြားသူများက သူတို့နှင့် ယွမ်ဂိုဏ်း၏ ကောင်းမွန်သောဆက်ဆံရေးကို သိရှိသွားကာ သူတို့ပါ အပြစ်ပေးခံရမည်ကို ကြောက်ရွံ့နေကြလေသည်။
သို့သော် ယွမ်ဂိုဏ်း၏ သစ္စာရှိသော လက်အောက်ငယ်သား အချို့လည်း ရှိနေသေးပြီး အခြေအနေ မကောင်းသည်ကို မြင်သောအခါ နေရာရွှေ့ပြောင်းရေးအစီအရင်အတွင်းသို့ တိတ်တဆိတ်ခုန်ဆင်းကာ ကမ္ဘာခြားနတ်ဆိုးနယ်မြေမှ ထွက်ခွာသွားကြလေသည်။
ယွမ်ဂိုဏ်း အဖွဲ့မှာ လုံးဝ အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် စောင့်ဆိုင်းနေသော အကြီးအကဲများထံသို့ ဤသတင်းကို သူတို့ ပြန်လည် ပေးပို့ရမည် ဖြစ်သည်။
ထင်သည့်အတိုင်းပင် ယွမ်ဂိုဏ်းတပည့်များ အားလုံးမှာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေသည်။
“ဒီနေရာမှာပဲအနားယူကြ... နာရီဝက်နေရင် ကမ္ဘာခြားနတ်ဆိုးနယ်မြေကနေ ငါတို့ ထွက်ခွာမယ်...” ဝူယွမ်က အမိန့်ပေးလိုက်လေသည်။
တောင်ဂိုဏ်းတပည့်များအားလုံးမှာ ဤအချိန်တွင် သွေးဆူနေကြလေသည်။ သူတို့၏ စွမ်းအင်သုံးစွဲမှုမှာ များပြားသော်လည်း သူတို့၏ နှလုံးခုန်သံများမှာမူ ဂနာမငြိမ် ဖြစ်နေကြ၏။
သူတို့သည် ယွမ်ဂိုဏ်း၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းများစွာကြာ ခံခဲ့ရလေသည်။ ဂိုဏ်းပြိုင်ပွဲများတွင် ယွမ်ဂိုဏ်းတပည့်များ၏ အရှေ့၌ သူတို့သည် အမြဲတစေ ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရပြီး သူတို့ကို ရှောင်ရှားခဲ့ရလေ၏။
ယခုအခါ သူတို့၏ ဂုဏ်ကျက်သရေရှိသော အခိုက်အတန့်ကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်ပြီး ယွမ်ဂိုဏ်းတပည့်များအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
“ညီလေးဝူယွမ်... ငါ မေးချင်တာက လူငယ်ဘုရင်သုံးပါး အသက်ရှင်နေသေးလား...” သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသော ဝမ်ယန်က ဝူယွမ်၏ဘေးသို့ လာကာ မေးလိုက်လေသည်။
“ပြာဖြစ်သွားပြီ...” ဝူယွမ်က ဤစကားလုံး လေးလုံးကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်...”
ဝမ်ယန်က မျက်ရည်များစီးကျလျက် လေးနက်စွာပြောလိုက်လေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူ၏ညီမလေးအတွက် သူနောက်ဆုံးတော့ လက်စားချေနိုင်ခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီ... ဒုတိယညီလေး၊ ဂိုဏ်းတူအစ်ကိုကြီးဝမ်ယန်၊ ဂိုဏ်းတူအစ်မကြီးရှောင်ရှောင်၊ ဟွမ်ဟွမ်၊ ချင်းတန်၊ ညီအစ်ကိုချန်ကွေ့... ငါနဲ့ ခဏလောက်လိုက်ခဲ့ကြပါ...”
ဝူယွမ်က လူအနည်းငယ်ကို ခေါ်လိုက်လေသည်။
“ဒီတစ်ခေါက် ငါတို့ယွမ်ဂိုဏ်းအဖွဲ့ကို အမြစ်ပြတ်သုတ်သင်ပစ်နိုင်ခဲ့တယ်... သူတို့က ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး... ငါတို့ မထွက်သွားခင် ငါတို့ရဲ့စွမ်းအားတွေကို ထပ်ပြီးမြှင့်တင်ကြတာပေါ့...”
စကားပြောနေစဉ် သူက သိုလှောင်အိတ်တစ်လုံးကိုထုတ်ယူကာ ပြောလိုက်လေသည်။ “ဒါတွေအားလုံးက ဆန်းကြယ်ရှင်ခြင်းအရိုးပုလဲတွေပဲ... အကိုတို့လိုသလောက်ယူကြ၊ ပြီးတော့ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားကြ...”
ယင်းဟွမ်ဟွမ်နှင့် အခြားသူများ၏မျက်လုံးများ လင်းလက်သွားကြ၏။ သူတို့အားလုံးက သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာမှုများ ပေါ်လာခဲ့လေသည်။
“အများကြီးပဲ...”
သူတို့ အံ့ဩတကြီးရေရွတ်လိုက်ကြလေသည်။ ၎င်းအတွင်း၌ ဆန်းကြယ်ရှင်ခြင်းအရိုးပုလဲ သောင်းနှင့်ချီ၍ ရှိနေသည်မဟုတ်လော။
ဤအရာကို မိစ္ဆာအလောင်းများထံမှသာ ရရှိနိုင်ပြီး မိစ္ဆာအလောင်းတိုင်းက သူတို့ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်ကြောင်း သိထားရမည်ဖြစ်သည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းသို့ သူတို့ပထမဆုံးဝင်ရောက်လာစဉ်က မိစ္ဆာအလောင်း လေးလောင်းနှင့် ဆုံတွေ့ရခြင်းမှာ အနည်းငယ် ကိုင်တွယ်ရ ခက်ခဲခဲ့လေသည်။
ဝူယွမ်နှင့် လင်းတုန်တို့ ဝင်ရောက် စွက်ဖက်မှသာ မိစ္ဆာအလောင်း လေးလောင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဝူယွမ်က သောင်းနှင့်ချီ၍ ရုတ်တရက်ထုတ်ယူလာခဲ့ချေပြီ။
ဆန်းကြယ်ရှင်ခြင်းအရိုးပုလဲများအပြင် မိစ္ဆာသားရဲများထံမှရရှိသော မိစ္ဆာပုလဲများလည်း ရှိနေသေး၏။
“ရှင် ပျောက်နေတဲ့ အချိန်အတွင်းမှာ ကမ္ဘာခြားနတ်ဆိုးနယ်မြေ တစ်ခုလုံးမှာရှိတဲ့ မိစ္ဆာအလောင်းတွေနဲ့ မိစ္ဆာသားရဲတွေအားလုံးကို ရှင် ကိုင်တွယ်ဖြေရှင်းခဲ့တာတာ့ မဟုတ်ဘူးမလား...” ယင်းဟွမ်ဟွမ်က သူမ၏ပါးစပ်လေးကိုအုပ်ကာ ပြောလိုက်လေသည်။
“အနည်းနဲ့အများတော့ ဟုတ်တယ်... အများကြီး မကျန်တော့လောက်ပါဘူး...”
ဝူယွမ်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်လေသည်။
“အစ်ကိုကြီးဝူယွမ်... အစ်ကိုကြီးက တကယ်ကို ရက်စက်တာပဲ... ဒီလိုပျော်စရာကောင်းတဲ့ကိစ္စမျိုးကို ညီမလေးကိုတောင် ခေါ်မသွားဘူး...”
ချင်းတန်မှာ အနည်းငယ်ဒေါသထွက်သွားပြီး မကျေမနပ်ဖြင့်ပြောလိုက်လေသည်။
ဤမျှလောက်များပြားလှသော မိစ္ဆာအလောင်းများနှင့်ဆိုလျှင် ဤကာလအတွင်းဝူယွမ်၏ အတွေ့အကြုံများမည်မျှကြွယ်ဝမည်ကို တွေးကြည့်နိုင်ပေသည်။
သူ့အကိုကြီးသည် ကမ္ဘာခြားနတ်ဆိုးနယ်မြေတစ်ခုလုံးကို စူးစမ်းရှာဖွေခဲ့ပြီး လောက်ပြီ ဖြစ်သည်။
“အာ... ဒါက...”
“နည်းနည်းအန္တရာယ်များမယ်ထင်လို့ မင်းတို့ကိုမခေါ်သွားတာပါ...” ဝူယွမ်က နေရခက်စွာ ပြုံးရင်းပြောလိုက်လေသည်။ သူ၏ ပထမဇနီးလေးနှင့်အတူ အချိန်ဖြုန်းရန်အတွက် ဖြစ်ကြောင်းကိုတော့ သူ ဘယ်တော့မှဝန်ခံမည်မဟုတ်ပေ။
“ဟွန့်...” ချင်းတန်က ခြေဆောင့်လိုက်လေသည်။
***