လူတိုင်း၏ အကြည့်များက ဝူယွမ်ပေါ်သို့ ကျရောက်သွားကြလေသည်။
‘သူက တကယ်ကိုရဲတင်းတာပဲ...’
ဝူယွမ်က ဤမျှလောက် ပွင့်လင်းစွာ ဝန်ခံလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြသကဲ့သို့ လူငယ်ဘုရင သုံးပါးမှာ အလွန်းအားကောင်းသော်ငြား ဝူယွမ်၏ လက်မှ မလွတ်မြောက်နိုင်ခဲ့သည်ကိုလည်း သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။
ယခုအခါ ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေသော ယွမ်ဂိုဏ်း၏အကြီးအကဲကို ရင်ဆိုင်ရချိန်တွင် သူသည် မည်သည့်ကြောက်ရွံ့မှုမျှ မပြရုံသာမက ဂုဏ်ယူနေသည့် အရိပ်အယောင်လေးတစ်ခုပင် ရှိနေသေး၏။
“အဘိုးအို တစ္ဆေရှီတုန်း... မင်းက ယွမ်ဂိုဏ်းက ဌာနတစ်ခုရဲ့ ခေါင်းဆောင်လေ၊ အဲဒီလောက်အမြင်မကျဉ်းစမ်းပါနဲ့... ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်းတို့ ယွမ်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ တောင်ဂိုဏ်း တပည့်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ”
“ဂိုဏ်းပြိုင်ပွဲမှာ သေတာရှင်တာက ကံကြမ္မာအပေါ်မှာပဲ မူတည်ပြီး အနိုင်အရှုံးက ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ မူတည်တယ်... ဒီတစ်ခေါက် ပွင့်ပွင့်လင်းလင်းပြောရရင်.. မင်းတို့ ယွမ်ဂိုဏ်းတပည့်တွေရဲ့ စွမ်းရည်က နိမ့်ကျနေတာပဲ”
ချန်ကျန်းက ရှီတုန်းကို အေးစက်သော အကြည့်များဖြင့်ကြည့်ကာ ပြောလိုက်လေသည်။
“သူတို့ သေဖို့ ထိုက်တန်တယ်...”
တောင်ဂိုဏ်းမှ လူများမှာ ယွမ်ဂိုဏ်းအပေါ်၊ အထူးသဖြင့် လေပြင်းခန်းမမှလူများ မကျေနပ်မှုများ ရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်လေသည်။
ကျိုးထုံ ယွမ်ဂိုဏ်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရကတည်းက လေပြင်းခန်းမမှာ ယွမ်ဂိုဏ်းကို အမုန်းဆုံးဖြစ်နေခဲ့သည်။
ယခုအခါ ယွမ်ဂိုဏ်းမှလူများကို ဝူယွမ်၏အဖွဲ့က အမြစ်ပြတ်သုတ်သင်ပစ်လိုက်သည်ကို မြင်ရသောအခါ သူတို့ အနည်းငယ် စိုးရိမ်နေကြသော်လည်း အလွန်အမင်း ဝမ်းသာနေကြသည်မှာ သေချာလှပေသည်။
“ချန်ကျန်း... အဲ့ဒါကိုထပ်ပြောစမ်း...”
ယွမ်ဂိုဏ်း၏ အကြီးအကဲခြောက်ဦးမှာ ချက်ချင်းပင် မျက်နှာများနီရဲသွားကြပြီး ဒေါသများ တောက်လောင်နေသော မျက်လုံးများဖြင့် ချန်ကျန်းကို စိုက်ကြည့်လိုက်ကြလေသည်။
“သေချာနားထောင်... ဒီအဘိုးကြီးပြောလိုက်တာက ‘သူတို့၊ သေဖို့ထိုက်တန်တယ်၊’ လို့...”
ချန်ကျန်းက မည်သည့်အားနည်းမှုမျှမပြဘဲ ‘သေဖို့ထိုက်တန်တယ်’ ဟူသော စကားလုံးများကိုပင် လေသံမြှင့်၍ ပြောဆိုလိုက်လေသည်။
“ဟန့်၊ အဘိုးကြီးချန်ကျန်း... စကားနဲ့ ရန်ဖြစ်နေတာက အသုံးမဝင်ပါဘူး၊ ဒီကိစ္စကို ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးတွေဆီ အစီရင်ခံပြီးသွားပြီ၊ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါးရဲ့ ဒေါသကို မင်းတို့ လေးယောက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”
ရှီတုန်းက သူ၏ ရင်တွင်းရှိ ဒေါသကို ဖိနှိပ်ထားလိုက်ပြီး မကောင်းဆိုးဝါးဆန်သောအကြည့်ဖြင့် ပြောလိုက်လေသည်။
ချီလဲ့က ပြန်ပြောလိုက်၏။ “ရှီတုန်း၊ ဂိုဏ်းပြိုင်ပွဲရဲ့စည်းမျဉ်းတွေကို စူပါဂိုဏ်းကြီးရှစ်ခုက ပူးပေါင်းပြီး သတ်မှတ်ထားတာလေ၊ ယွမ်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးသုံးပါးကို ထုတ်သုံးနေတာက အသုံးမဝင်ဘူး...”
“မင်းတို့ယွမ်ဂိုဏ်းက ကျန်တဲ့ဂိုဏ်းခုနစ်ခုကို လျစ်လျူရှုနိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့...”
“ဒီကိစ္စက ကောင်းကောင်းအဆုံးသတ်နိုင်မှာမဟုတ်ဘူး၊ မင်းတို့ရဲ့ တခြား တောင်ဂိုဏ်း တပည့်တွေကို ငါတို့ လျစ်လျူရှုထားပေးနိုင်ပေမယ့် ဝူယွမ်ကတော့ သတ်ဖြတ်မှုတွေ အရမ်းများလွန်းတယ်... သူ့ကို ယွမ်ဂိုဏ်းဆီခေါ်လာခဲ့ဖို့ ဂိုဏ်းချုပ်ကြီးသုံးပါးက အမိန့်ပေးထားပြီးသား”
ရှီတုန်းက ဝူယွမ်ကို အေးစက်စက်အကြည့်များဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “တကယ်လို့ မင်းတို့ သူ့ကိုပြန်လိုချင်ရင် မင်းတို့ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်လာခေါ်ခိုင်းလိုက်...”
“မဖြစ်နိုင်တာ၊ တကယ်လို့ ဝူယွမ်ကို ခေါ်သွားချင်တယ်ဆိုရင် ဒီအဘိုးကြီးရဲ့အလောင်းကို အရင်ဖြတ်ကျော်သွားလိုက်...”
ချန်ကျန်းက ပထမဆုံး မတ်တတ်ရပ်ကာ ကန့်ကွက်လိုက်လေသည်။
“တကယ်လို့ ငါတို့က မင်းတို့ကို သူ့ကို ခေါ်သွားခွင့်ပြုလိုက်မယ်ဆိုရင် ငါတို့တောင်ဂိုဏ်းက အရှေ့ဘက်ရွှမ်ဒေသမှာရပ်တည်ဖို့ ဘယ်လို မျက်နှာမျိုးရှိတော့မှာလဲ...” ချီလဲ့က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်လေ၏။
“ငါက မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး၊ အသိပေးနေတာ... မင်းတို့လေးယောက်တည်းနဲ့ ငါတို့ကို တားလို့မရပါဘူး...” ရှီတုန်းကပြောလိုက်ပြီး သူ့အနောက်ရှိ လူငါးယောက်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများ လင်းလက်လာကာ ကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့လေသည်။
“ဒါဆို စမ်းကြည့်ကြတာပေါ့...”
ချီလဲ့နှင့်အခြားသုံးဦးမှာ နောက်ဆုတ်မည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြကြပေ။
တိုက်ပွဲတစ်ခု စတင်တော့မည်ဖြစ်သည်။ ယွမ်ဂိုဏ်းမှ လူခြောက်ယောက်က လူခွဲလိုက်ကြပြီး လေးယောက်က ချီလဲ့၏အဖွဲ့ကို ကိုင်တွယ်ကာ အခြားနှစ်ယောက်က တောင်ဂိုဏ်းအဖွဲ့ဆီသို့ ဦးတည်သွားကြလေ၏။
ကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များက ကောင်းကင်ယံတွင် ပြင်းထန်စွာတိုက်မိသွားကြ၏။
ဦးရေပြားကို ထုံကျဉ်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက အထက်မှနေ၍ လျင်မြန်စွာပြန့်နှံ့သွားပြီး မိုးခြိမ်းသံအလား တုံးအိအိအသံကြီးများက ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။
“ဝူယွမ်... မင်းတို အားလုံး ဂိုဏ်းကို အရင်ပြန်သွားကြ...”
ချီလဲ့နှင့် ချန်ကျန်းတို့က ပြတ်သားသောအမူအရာများကို ပြသလိုက်ကြပြီး ဝူယွမ်နှင့် အခြားသူများကို အရင်ထွက်သွားခွင့်ပြုရန်အတွက် ပြိုင်ဘက်သုံးဦးစီကို အသီးသီး တားဆီးထားလိုက်ကြလေသည်။
“ခွေးအိုကြီး ချီ... မင်း သူတို့ကို ဘယ်လောက်ကြာကြာတားထားနိုင်မှာလဲ...”
ရှီတုန်းက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ကြမ်းတမ်းသော လက်ဝါးလေပြင်းက ချီလဲ့အပေါ်သို့ ဖိချလာခဲ့၏။
သူက ယွမ်ဂိုဏ်းမှ အခြားသူများကို ပြောလိုက်လေသည်။ “ကျီရှီလျို... ဝူယွမ်ကို ဖမ်းဖို့ လူတွေခေါ်သွား...”
ရောက်ရှိနေသော ဌာနခေါင်းဆောင်ခြောက်ဦးအပြင် ကြီးကြပ်ရေးမှူးအများအပြားလည်း ရှိနေသေး၏။
ဤကြီးကြပ်ရေးမှူးများ အားလုံးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ နီးကပ်နေသော အားကောင်းသည့် သိုင်းပညာရှင်များ ဖြစ်ကြပြီး စွမ်းအား အားနည်းသူများ မဟုတ်ကြပေ။
သူ့အနေဖြင့် ဝူယွမ်ကို ထွက်ပြေးမသွားအောင် တားဆီးထားရန် ဤလူများကိုသာ လိုအပ်ပြီး ချီလဲ့နှင့်အခြားသုံးဦးကို သူတို့ လျင်မြန်စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော် ဝူယွမ်မှာ ထွက်ပြေးမည့်ရည်ရွယ်ချက် အလျဉ်းမရှိချေ။
ဤအချိန်တွင် ထွက်ပြေးခြင်းက သူ၏အသင်းဖော်များကို စွန့်ပစ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ခန်းမသခင်လေးဦးမှာ သေချာပေါက် ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ထွက်ပြေးရန်နည်းလမ်းမရှိပေ။
ဤအချိန်တွင် ကျီရှီလျိုသည် ကြီးကြပ်ရေးမှူးအချို့ကို ဦးဆောင်ကာ ဝူယွမ်ကို ဝန်းရံထားပြီးဖြစ်လေသည်။ တောင်ဂိုဏ်းတပည့် အများအပြားက ဝူယွမ်၏ အနောက်တွင် ရပ်နေကြပြီး တစ်ယောက်မှ နောက်မဆုတ်ကြပေ။
“ကောင်လေး... မင်းက တကယ်ကို အရည်အချင်းရှိတာပဲ” ကျီရှီလျိုက ဝူယွမ်ကို စူးစိုက်ကြည့်လိုက်လေသည်။
သူ၏ လက်ရှိစိတ်အခြေအနေမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့၏။ ပြည်ထောင်တစ်ရာတိုက်ပွဲ တောင်တန်းပေါ်တွင် ဝူယွမ်သည် အဆင့်နိမ့်ပြည်ထောင်စုတစ်ခုမှ အဆင့်နိမ့်လူတစ်ယောက်မျှသာ ဖြစ်ခဲ့သည်ကို သူမှတ်မိနေသေးသည်။
တစ်နှစ်ဟူသော အချိန်တိုလေးအတွင်းမှာပင် သူသည် ဤအဆင့်အထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။
ကျီရှီလျိုမှာ ထိုအချိန်က ဝူယွမ်ကို ယွမ်ဂိုဏ်းအတွင်းသို့ မစုဆောင်းနိုင်ခဲ့ခြင်း သို့မဟုတ် သူ့ကို ဖယ်ရှားပစ်ရန် နည်းလမ်းတစ်ခုကို တိုက်ရိုက်မရှာဖွေနိုင်ခဲ့ခြင်းအတွက် အနည်းငယ် နောင်တရနေခဲ့၏။ မဟုတ်လျှင် လက်ရှိအခြေအနေမျိုး ပေါ်ပေါက်လာမည် မဟုတ်ပေ။
“ကြီးကြပ်ရေးမှူးလျို... မတွေ့တာကြာပြီနော်...” ဝူယွမ်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
သူ ထွက်မပြေးသည်ကို မြင်သောအခါ ကျီရှီလျို သည်လည်း မလှုပ်ရှားရဲခဲ့ပေ။
ဝူယွမ်သည် ယွမ်ချန်းနှင့် အခြားနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ ယွမ်ချန်း၏ စွမ်းအားမှာ အစောပိုင်း ဆန်းကြယ်ရှင်ခြင်းအဆင့် ဖြစ်ပြီး ပေါက်ကွဲထွက်ပြီးနောက် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် အားကောင်းသော သိုင်းပညာရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းကို သူတို့ သိထားကြလေသည်။
သို့သော် ထိုကဲ့သို့သော စွမ်းအားမျိုးနှင့်ပင် ဝူယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည် မဟုတ်းလော။
ဆန်းကြယ်ရှင်ခြင်းအဆင့်ဝန်းကျင်ရှိ သူတို့သည် ဝူယွမ်၏ပြိုင်ဘက်များ သေချာပေါက် ဖြစ်လာမည် မဟုတ်ကြောင်းကို တွေးကြည့်နိုင်ပေသည်။
“မင်း လိမ္မာပါးနပ်စွာနဲ့အရှုံးပေးဖို့ ငါအကြံပေးချင်တယ်... မင်းဖန်တီးထားတဲ့ ပြဿနာက ကြီးမားလွန်းတယ်၊ တောင်ဂိုဏ်းက မင်းကို မကာကွယ်ပေးနိုင်ဘူး... အဲ့ဒီအချိန်တုန်းက ကျိုးထုံတောင်မှ မင်းလောက်မရက်စက်ခဲ့ဘူး... တကယ်လို့ မင်းက ခုခံရဲတယ်ဆိုရင် ကျိုးထုံရဲ့ကံကြမ္မာက မင်းနောက်ကြုံတွေ့ရမယ့်အရာပဲ...”
ကျီရှီလျိုက သူ့ကို စကားလုံးများဖြင့် ခြိမ်းခြောက်လိုက်လေသည်။
“ခင်ဗျားက အရမ်းအားနည်းလွန်းတယ်၊ ကျွန်တော်နဲ့စကားပြောဖို့ အရည်အချင်း မပြည့်မီဘူး...” ဝူယွမ်က ခေါင်းခါယမ်းလိုက်ပြီး ကျီရှီလျိုကို လုံးဝ အလေးမထားခဲ့ပေ။
“မင်း...”
ကျီရှီလျိုမှာ ဒေါသထွက်သွားခဲ့၏။
လူငယ်တစ်ဦး၏ ဤမျှအထင်သေးခြင်းကို ခံရသဖြင့် သူ အလွန်အမင်း နာကျင်သွားခဲ့ရလေသည်။
“မင်း လှုပ်ရှားလိုက်တော့... ဒီအရေးမပါတဲ့ ကောင်လေးတွေကို မင်းကိုင်တွယ်ပြီး ခန်းမသခင်တွေကို ကူညီပေးလိုက်...”
ဝူယွမ်က လင်းတုန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်သွားကာ ကျီရှီလျိုနှင့် အခြားသူများကို ဖောက်ထွက်ရန် ပြင်ဆင်လိုက်လေသည်။
ချီလဲ့နှင့်အခြားသုံးဦးမှာ ပြိုင်ဘက်ခြောက်ဦးကို မတားဆီးနိုင်သဖြင့် ယခု အပေါ်သို့တက်ကာ ကူညီပေးခြင်းက ပိုကောင်းလေသည်။
“အစ်ကိုကြီး၊ ဒုတိယအစ်ကိုကြီး... ငါတို့ရောက်ပြီ...”
ရုတ်တရက် ကမ္ဘာခြားနတ်ဆိုးမြို့တော်၏ အထက်မှ အသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့၏。
ဤအသံမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် အားကောင်းပြီး မြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေသည်။
လူတိုင်းက ၎င်းထံသို့ ဆွဲဆောင်ခံလိုက်ရ၏။ ဂိုဏ်းကြီးနှစ်ခုကြားရှိ တိုက်ပွဲမျိုးတွင်ပါဝင်ရန် မည်သူက ဤမျှလောက် ရဲတင်းနေသနည်း။
လူအုပ်ကြီး၏ အံ့ဩနေသော အကြည့်များအောက်တွင် အဝေးရှိမိုးကုတ်စက်ဝိုင်းမှ လျှပ်စီးအလား လျင်မြန်သော အလင်းတန်းနှစ်ခုက ပစ်လွှတ်ဝင်ရောက်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့က ဤဧရိယာ၏ ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ဝူယွမ်၏ ဘေးတွင် လူရိပ်နှစ်ခု ပေါ်လာခဲ့လေသည်။
ဤလူရိပ်နှစ်ခုထဲမှ တစ်ခုမှာ သံမဏိမျှော်စင်ကြီးတစ်ခုအလား အရပ်ရှည်ပြီး တောင့်တင်းကာ အနက်ရောင်သံမဏိဖြင့် သွန်းလုပ်ထားသည့်အလား အသားအရေက မည်းနက်နေလေသည်။
၎င်းပေါ်သို့ ကျရောက်နေသော နေရောင်ခြည်က သတ္တုရောင် တောက်ပမှုတစ်ခုကိုပင် ရောင်ပြန်ဟပ်နေခဲ့၏။ ဖော်ပြ၍မရနိုင်လောက်အောင် မာကျောသည့် ခံစားချက်တစ်ခုနှင့် အားကောင်းသော လှိုင်းဂယက်များက လှိုင်းတံပိုးများအလား ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။
အခြားတစ်ဦးမှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ မတ်မတ်ရပ်နေလေသည်။ သူ၏ ဘေးရှိ ကြံ့ခိုင်တောင့်တင်းသော အမျိုးသားနှင့် နှိုင်းယှဉ်လျှင် သူ၏ ခန္ဓာကိုယ်မှာ အထူးသဖြင့် သွယ်လျနေပုံရလေသည်။
ထို့အပြင် အံ့ဩစရာအကောင်းဆုံးမှာ နတ်ဆိုးတစ်ကောင်အလား ချောမောလှသော သူ၏ မျက်နှာဖြစ်ပြီး အမျိုးသမီးအချို့ပင်လျှင် မနာလို ဖြစ်သွားစေလောက်အောင် ချောမောလှပေသည်။
သူတို့ကား အခြားသူများ မဟုတ်ဘဲ အချိန်အတန်ကြာ ကွဲကွာနေခဲ့သော ရှောင်ယန်နှင့် ရှောင်တျောင်းတို့ပင် ဖြစ်လေသည်။
ရှောင်ယန်သည်လည်း ယခုအခါ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်တျောင်း၏ စွမ်းအားကိုမူ အခြားသူများ လုံးဝမခန့်မှန်းနိုင်ကြချေ။
ယွမ်ဂိုဏ်းကြီးကြပ်ရေးမှူးများက ဝူယွမ်နှင့် အခြားသူများအား ဝန်းရံထားသည်ကို မြင်သောအခါ ရှောင်တျောင်းက စကားတစ်ခွန်းမျှမပြောဘဲ ချက်ချင်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ခရမ်းနှင့် အနက်ရောင် ရောယှက်နေသည့် စွမ်းအင်များက မုန်တိုင်းတစ်ခုအလား ပြန့်နှံ့ထွက်ပေါ်လာပြီး ကျီရှီလျိုနှင့် အခြားသူများကို ပြင်းထန်စွာရိုက်ခတ်သွားခဲ့၏။
ဘန်း... ကျီရှီလျိုနှင့် အခြားသူများမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ဤကြမ်းတမ်းသော စွမ်းအင်များကြောင့် အားလုံး နောက်သို့လွင့်စင်သွားကြပြီး လေထုထဲတွင် သွေးအန်ကာ မျက်ရည်များဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားကြလေသည်။
အမျိုးသမီးတစ်ဦးထက်ပင် ပိုမိုလှပသော ဤအစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားကို လူတိုင်းက အံ့ဩတကြီး ကြည့်လိုက်ကြလေသည်။
သူက အလွန်အားကောင်းလွန်းလှသည်။ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ နီးကပ်နေသော သို့မဟုတ် ယခုလေးတင် ထိုးဖောက်ဝင်ရောက်ထားသော ကြီးကြပ်ရေးမှူးအချို့ကို လက်ဝါးတစ်ချက်တည်းဖြင့် တကယ်ကြီး ဒုက္ခိတ ဖြစ်သွားစေခဲ့သည် မဟုတ်လော။
“အဲ့ဒါဘယ်သူလဲ...”
“အရမ်းအားကောင်းတာပဲ...”
“ဒီစွမ်းအားနဲ့ဆိုရင်၊ နောက်ထပ် ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင်နှစ်ယောက် ထပ်တိုးလာတာပဲ...”
“သူတို့က ဝူယွမ်ကို အစ်ကိုကြီးလို့ ခေါနေကြတာပဲ...”
“ဒီနှစ်ယောက်ရဲ့ ဇာစ်မြစ်ကဘာလဲ...”
“သူတို့ ပေးနေတဲ့ ဖိအားခံစားချက်က အရမ်းပြင်းထန်တာပဲ...”
.......
***