ပတ်ဝန်းကျင်ရှိ လူများက တီးတိုးဆွေးနွေးနေကြလေသည်။
“အစ်ကိုကြီးဇီတျောင်းနဲ့ အစ်ကိုကြီးလင်းယန်ပဲ...” စုရိုက ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
“သူတို့က အခု ဒီလောက်တောင် အားကောင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး...”
“နင် သူတို့ကိုသိလို့လား...” လင်ချင်းကျူက မေးလိုက်လေသည်။
“အင်း၊ အင်း... ပြည်ထောင်တစ်ရာတိုက်ပွဲတုန်းက ကျွန်မတို့ အတူတူ အချိန်တချို့ကုန်ဆုံးခဲ့ဖူးတယ်... အဲဒီအချိန်တုန်းကလည်း သူတို့က အရမ်းအားကောင်းနေပြီ...”
စုရိုက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်လေသည်။ ယခုအခါ ဝူယွမ်နှင့် အခြားသူများအတွက် သူမ အရမ်းကြီးစိတ်ပူနေရန် မလိုတော့ပေ။
“မင်းတို့နှစ်ယောက်က အချိန်ကိုက် ရောက်လာတာပဲ...” ဝူယွမ်က ထိုနှစ်ဦးကို အနည်းငယ် စိတ်ပျက်နေသည့်အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ကျွန်တော်တို့ ဒီကိုရောက်နေတာကြာပြီ၊ ဒါပေမယ့် ငါတို့ ရောက်လာတဲ့ အချိန်မှာ လူတချို့က ကမ္ဘာခြားနတ်ဆိုးနယ်မြေကနေ စပြီး ထွက်လာနေကြပြီဆိုတော့ ကျွန်တော်တို့အထဲ ပြန်မဝင်တော့တာ...”
ကမ္ဘာခြားနတ်ဆိုး နယ်မြေထဲမှာ အစ်ကိုကြီးတို့ ဘာတွေ ဖစ်ခဲ့လဲဆိုတာကို ကြားတော့ ကျွန်တော်တို့ အမြန်ပြေးလာခဲ့တာ... ဒီတစ်ခေါက် အစ်ကိုကြီး အလုပ်ကောင်းကောင်းလုပ်ခဲ့ပေမယ့် ဖိအားကလည်း မသေးဘူးနော်...” ရှောင်တျောင် က ရှင်းပြလိုက်လေသည်။
သူသည်လည်း ဝူယွမ်နှင့် အခြားသူများ ယွမ်ဂိုဏ်းမှ လူများနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်သဖြင့် ကူညီရန် အမြန်ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
“အင်း၊ အင်း...”
ဝူယွမ်က ခေါင်းညိတ်လိုက်လေသည်။ ရှောင်တျောင်၊ ရှောင်ယန် တို့နှင့် သူတို့၏ သံယောဇဉ်မှာ သံသယ၀င်စရာမရှိလောက်အောင် ရိုးသားစစ်မှန်လှပေသည်... သူတို့ထဲမှ တစ်ဦးဦး ဒုက္ခရောက်နေချိန်တွင် မည်သူမှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သူတို့သည် ယွမ်ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်ရမည်ဖြစ်သည်။
မူလဇာတ်လမ်းအရ ရှောင်တျောင်း ရောက်ရှိလာမှုကြောင့် သူသည် ကောင်းကင်မိစ္ဆာမြွေပါတစ်ကောင်ဖြစ်ကြောင်း ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသုံးပါးက ဖော်ထုတ်နိုင်သွားခဲ့လေသည်။
ထို့နောက် ယွမ်ဂိုဏ်းဂိုဏ်းချုပ်များက ပဋိပက္ခကို ကောင်းကင်မိစ္ဆာမြွေပါထံသို့ လွှဲပြောင်းပေးလိုက်ပြီး လင်းတုန်ကို တောင်ဂိုဏ်းမှ နုတ်ထွက်ရန် ဖိအားပေးခဲ့ကာ ညီအစ်ကို သုံးယောက်က ယွမ်ဂိုဏ်းကို အသေအလဲ တိုက်ခိုက်ခဲ့ကြရလေသည်။
ရှောင်တျောင်း ရောက်ရှိလာမှုက အကျိုးထက် အဆိုးကို ပိုဖြစ်စေခဲ့ပြီး ယွမ်ဂိုဏ်းက အပြည့်အဝ ပဋိပက္ခ တစ်ခု စတင်ရန်အတွက် မီးစတစ်ခု ဖြစ်လာခဲ့ပုံ ရလေသည်။
သို့သော် ဝူယွမ် ကောင်းစွာ သိရှိထားသည်က ၎င်းမှာ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်ကြောင်းကိုပင်။ ယွမ်ဂိုဏ်း၏ ပါဝင်ယှဉ်ပြိုင်သော တပည့်များ အားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသဖြင့် ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး သုံးပါးသည် မည်သို့ပင်ဖြစ်စေ သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။
ကောင်းကင်မြွေပါ မိစ္ဆာသားရဲကို အကြောင်းပြချက် တစ်ခုအဖြစ် အသုံးပြုခြင်းမှာ တောင်ဂိုဏ်း ပါ၀င်ခြင်းကို တားဆီးရန်နှင့် ဝူယွမ်နှင့် အခြားသူများကို တစ်ကိုယ်တော် ဖြစ်သွားစေရန်သာ ဖြစ်လေသည်။
ရှောင်တျောင်း မရှိလျှင်တောင်မှ ယွမ်ဂိုဏ်းသည် လှုပ်ရှားရန်အတွက် အခြားအကြောင်းပြချက်များကို ရှာဖွေမည်ဖြစ်ပြီး သို့မဟုတ် မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ရိုးရိုးရှင်းရှင်းပင် လှုပ်ရှားပေလိမ့်မည်။
ပြိုင်ပွဲ၏ စည်းမျဉ်းများမှာ သူတို့အတွက် မည်သည့်ကန့်သတ်ချက်မျှ မရှိပေ။
အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းများကို သူတို့က ဖန်တီးထားသောကြောင့်ပင်။
ထိုသို့ လုပ်ဆောင်ခြင်း၏ရလဒ်မှာ တောင်ဂိုဏ်းကို သူတို့နှင့် အတင်းအကျပ်ပူးပေါင်းသွားစေပြီး ယွမ်ဂိုဏ်းနှင့် ချက်ချင်း ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲရုံသာရှိပေလိမ့်မည်။
သို့သော် ဇာတ်လမ်းကို သိရှိထားသော ဝူယွမ်သည် သဘာဝကျကျပင် ထိုသို့မလုပ်လိုပေ။
လက်ရှိယွမ်ဂိုဏ်းသည် နတ်ဆိုးများ၏ ဌာနချုပ်တစ်ခုဖြစ်နေပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားမှာ သူတို့ ပြသထားသည်ထက် များစွာ ပိုမိုကြီးမားလှပြီး တောင်ဂိုဏ်းအနေဖြင့် သူတို့ကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက အနိုင်ရနိုင်ခြေ လုံးဝမရှိပေ။
အကယ်၍ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးများနှင့် ပူးပေါင်းထားကြောင်း အမှန်တရားသာ စောစောစီးစီးပေါ်ပေါက်သွားမည်ဆိုပါက ယွမ်ဂိုဏ်းသည် တိုက်ကြီးတစ်ခုလုံးရှိ အားကောင်းသော သိုင်းပညာရှင်များစွာ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သော်လည်း ၎င်းမှာ နောက်ပိုင်းမှဖြစ်လာမည့် ကိစ္စတစ်ခုဖြစ်လေသည်။
အရှေ့ဘက်ရွှမ်ဒေသတစ်ခုလုံးမှာ မလွှဲသာမရှောင်သာ ယွမ်ဂိုဏ်း၏ မိစ္ဆာနယ်မြေ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် တောင်ဂိုဏ်းသည် ပထမဆုံးရိုက်ခတ်မှုလှိုင်းတွင် ယွမ်ဂိုဏ်း၏လက်ချက်ဖြင့် သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည်။
ထို့ကြောင့် ဝူယွမ်က လက်ရှိယွမ်ဂိုဏ်းကို အရင်ဆုံး တည်ငြိမ်အောင်ထားခြင်းက ပိုကောင်းမည်ဟု ခံစားရလေသည်။
ဘာပဲဖြစ်ဖြစ် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်းမှာ ယွမ်ဂိုဏ်းထက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
ထို့ကြောင့် ရှောင်တျောင်း ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ ဝူယွမ်သည် ဝင်ရောက် စွက်ဖက်ရန် မည်သည့် အစီအစဉ်မျှ မပြုလုပ်ခဲ့ပေ။
သူတို့ကို သဘာဝအတိုင်း ရောက်လာခွင့် ပြုလိုက်လေသည်။ ရှောင်တျောင်ကဲ့သို့ တိုက်ပွဲ တစ်ခုကို စတင်နိုင်စွမ်းရှိသည့် အားကောင်းသော သားရဲနှင့်အတူ ဝူယွမ်သည် ယွမ်ဂိုဏ်း၏ ကြီးမြတ်သော ဂိုဏ်းချုပ်ကြီးသုံးပါးထံမှ အတိုးအချို့ကိုပင် ကြိုတင် ကောက်ခံနိုင်သေးသည်။
သူ၏ လက်ရှိနည်းလမ်းများနှင့် စွမ်းအားများက ယွမ်ဂိုဏ်း၏ ကြီးမြတ်သော ဂိုဏ်းချုပ်ကြီးသုံးပါးကို သတ်ဖြတ်ရန် မလုံလောက်သော်လည်း အကယ်၍ သူထွက်ခွာလိုပါက သူတို့က သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။
ယွမ်ဂိုဏ်းက သူတို့နှင့်အတူ အသေခံပြီး သူတို့၏ မိစ္ဆာနည်းလမ်းများကို ကြိုတင်ဖော်ထုတ်လိုခြင်း မရှိသ၍ပေါ့။
သို့သော် ကမ္ဘာခြားနတ်ဆိုးများပင်လျှင် ဝူယွမ်ကို နောက်ဆုတ်အောင် မလုပ်နိုင်ပုံ ရလေသည်။
အတိုချုပ်ပြောရလျှင် ဝူယွမ် ဤသို့ လုပ်ဆောင်ရဲခြင်းမှာ အရာအားလုံးက သူ၏ တွက်ချက်မှုများ အတွင်း၌ ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
အဆိုးဆုံးအခြေအနေတွင်ပင် သူသည် သူ လိုချင်သလို သွားနိုင်၊ လာနိုင်လေသည်။
ယွမ်ဂိုဏ်းက အရာအားလုံးကို လျစ်လျူရှုပြီး မိစ္ဆာတပ်ဖွဲ့ကို လွှတ်ပေးလိုက်လျှင်တောင်မှ သူက တောင်ဂိုဏ်းတစ်ခုလုံးကို ခေါ်ဆောင်ကာ ထွက်ပြေးသွားနိုင်လေသည်။
သေချာတာကတော့ ယွမ်ဂိုဏ်းကို လမ်းဆုံးအထိ တွန်းပို့ရန်တော့ မလိုအပ်သေးပေ။
ဝက်ကို မသတ်ခင် အရင်ဆုံး အဆီတက်အောင်ကျွေးရအုံးမည်...။
လက်ရှိ ယွမ်ဂိုဏ်းသည် လုံလောက်သော ကမ္ဘာခြားနတ်ဆိုးများကို မစုဆောင်းရသေးပေ။
…..
‘သူတို့ကို နည်းနည်းပိုပြီး စုဆောင်းခွင့်ပြုလိုက်ဦးမယ်..’
နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ပြန်လာသည့်အခါ ကမ္ဘာ့သစ်ပင်၊ ဟွမ် နှင့် တံဆိပ်ခတ်တိမ်တိုက်တို့ အားလုံးက ပိုမိုတိုးတက်လာပြီး ပိုမိုကြီးမားသော ကမ္ဘာခြားနတ်ဆိုး ဘက်ထရီလုံးကြီးများကို စုပ်ယူနိုင်လာပေလိမ့်မည်။
“အခုက အတိတ်ကို ပြန်ပြောနေရမယ့် အချိန်မဟုတ်ဘူး... ယွမ်ဂိုဏ်းက ဒီအဘိုးကြီး ခြောက်ယောက်က ငါ့ကို အပြစ်ပေးဖို့ ယွမ်ဂိုဏ်းဆီခေါ်သွားချင်နေတာ... ဒီမှာတင် သူတို့ကို ငါအရင် အပြစ်ပေးလိုက်ရမယ်လို့ထင်တယ်...”
ဝူယွမ်က လေထုထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော လူဆယ်ယောက်ကို ကြည့်လိုက်ရင်း ယွမ်ဂိုဏ်းမှ ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် အားကောင်းသော သိုင်းပညာရှင် ခြောက်ဦးအပေါ် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ရှိနေခဲ့၏။
ယွမ်ဂိုဏ်းဂိုဏ်းချုပ်များမရောက်လာမီ ဤခြောက်ဦးကို ဖယ်ရှားပစ်ရန် သူစီစဉ်ထားလေသည်။
ထို့ကြောင့် ၎င်းကို လျှပ်စီးအလား လျင်မြန်စွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ယွမ်ဂိုဏ်းဂိုဏ်းချုပ်များ သူတို့ကို မကယ်တင်နိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။
“ငါတို့ ဒီလိုလုပ်ကြမယ်...”
ဝူယွမ်က ရှောင်တျောင်း၊ ရှောင်ယန် နှင့် လင်းတုန်တို့ထံသို့ သတင်းစကား တစ်ခုကို ချက်ချင်းပေးပို့လိုက်ပြီး ကောင်းကင်ယံတွင် တိုက်ခိုက်နေသော ချန်ကျန်းနှင့် အခြားလေးဦးထံသို့လည်း သူ၏ အစီအစဉ်ကို ပြောပြလိုက်လေသည်။
ချင်းတန်နှင့် ပိုင်ယွမ်တို့ကိုမူ တိုက်ပွဲတွင် ပါဝင်ခွင့် မပြုခဲ့ပေ。
ရှေ့တွက်လာမည့် မြင်ကွင်းမှာ သွေးထွက်သံယိုများ အရမ်းများပြီး မိန်းကလေးများအတွက် မသင့်တော်ပေ... သူတို့ ယောကျ်ားများသာ ကိုင်တွယ်နိုင်လေသည်။
“လှုပ်ရှားမယ်...”
ဝူယွမ်နှင့် သူ၏ ညီအစ်ကို သုံးယောက်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ချက်ချင်းပင် သူတို့က ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားကြပြီး အထက်မှ လူဆယ်ယောက်၏ တိုက်ပွဲထဲတွင် ဝင်ပါလိုက်ကြလေသည်။
ချီလဲ့နှင့် ချန်ကျန်းအပါအဝင် ခန်းမသခင်လေးဦးမှာ ယွမ်ဂိုဏ်း၏ ဌာနခေါင်းဆောင်ခြောက်ဦးကို တောင့်ခံထားနိုင်ရန် အံ့ကြိတ်ထားခဲ့ရလေသည်။
ထိုဆယ်ဦး၏ စွမ်းအားကွာဟချက်မှာ မကြီးမားလှပေ... အမှန်တကယ်တော့ ယွမ်ဂိုဏ်းမှ ခြောက်ဦးက ပို၍ အားကောင်းသဖြင့် သူတို့လေးဦးလုံးမှာ လက်ရှိတွင် ဒဏ်ရာအတော်များများ ရရှိထားကြပြီ ဖြစ်သည်။
ဝူယွမ်နှင့် သူ၏ ညီအစ်ကို သုံးယောက်တို့ လှုပ်ရှားလာသည်ကို မြင်သောအခါ ဝူယွမ်၏ ညွှန်ကြားချက်များကို ရရှိထားသော ခန်းမသခင်လေးဦးက အရပ်မျက်နှာ တစ်ခုဆီသို့ ချက်ချင်း နောက်ဆုတ်သွားကြပြီး ယွမ်ဂိုဏ်းမှ ခြောက်ဦးကို အတူတကွ မျှားခေါ်သွားကြလေသည်။
ထို့နောက် လင်းတုန်နှင့် ရှောင်ယန်တို့က သူတို့၏ အနောက်မှနေ၍ တိုက်ခိုက်လိုက်ကြ၏။ ရှောင်တျောင်က အောက်ဘက်တွင်ပေါ်လာပြီး ကောင်းကင်မိစ္ဆာလျှို့ဝှက်နည်းလမ်း တစ်ခုကို အသက်သွင်းလိုက်ရာ ခရမ်းနှင့် အနက်ရောင်ရောယှက်နေသော အလင်းတန်းများက လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီး အောက်ဘက်ရှိ လေဟာနယ်ကို လုံးဝ ပိတ်ဆို့ထားလိုက်လေသည်။
အရပ်မျက်နှာသုံးခုမှ ပြင်းထန်သော တိုက်ခိုက်မှုများ၊ အထူးသဖြင့် ရှောင်တျောင်း၏ ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော အလင်းတန်းများမှာ သာမန်ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင်တစ်ဦး ခံနိုင်ရည်ရှိစွမ်းထက် များစွာ ကျော်လွန်နေပြီး အလွန်အမင်း အားကောင်းလှပေသည်။
ဤသည်က ယွမ်ဂိုဏ်းဌာနခေါင်းဆောင်ခြောက်ဦးကို ထိတ်လန့်သွားစေခဲ့ပြီး အားလုံးက ကောင်းကင်ယံသို့ ပိုမိုမြင့်မားစွာ ပျံတက်ရန် ရွေးချယ်လိုက်ကြလေသည်။
ဤအချိန်တွင် ဝူယွမ်က မီးတောက်များကဲ့သို့ နီရဲနေသော ကြေးဝါအိုးတစ်ခုကို ကိုင်ဆောင်ကာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။
ဖန်ထျန်း ကြေးဝါအိုးကြီးက ကျယ်ပြန့်လာပြီး ကြေးဝါအိုးတစ်ခုလုံးမှာ မှောက်ထားသော ပန်းကန်လုံးကြီး တစ်လုံးအလား ဖြစ်နေခဲ့သည်။
“အရသာရှိတဲ့ ဝိညာဉ်ခြောက်ခု... ငါ့ပန်းကန်လုံးထဲ မြန်မြန် ဝင်လာခဲ့...” ဝူယွမ်က ကြေးဝါအိုးပေါ်တွင် ရပ်နေပြီး သူ၏ နှုတ်ခမ်းများက အရိုင်းတန်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်နေခဲ့လေသည်။
ဝုန်း...
မျက်တောင်တစ်ခတ် အတွင်းမှာပင် အစစ်အမှန်မီးတောက်များ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့သွားကာ အလယ်ဗဟိုကိုသာ ချန်ထားခဲ့ပြီး ၎င်းမှ အားကောင်းသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် အားကောင်းသော သိုင်းပညာရှင်ခြောက်ဦးမှာ ထွက်ပြေးစရာ နေရာမရှိတော့ပေ။
လင်းတုန်၊ ချီလဲ့၊ ရှောင်တျောင်နှင့် အခြားအရပ်မျက်နှာသုံးခုတို့မှ ပေါင်းစပ်တိုက်ခိုက်မှုများက ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် ဖိအားပေးမှုများနှင့်အတူ သူတို့ကို ဖန်ထျန်းကြေးဝါအိုးကြီးအတွင်းသို့ အတင်းအကျပ် တွန်းပို့လိုက်လေသည်။
သူတို့ အထဲရောက်သွားပြီးနောက် ဝူယွမ်က ကြေးဝါအိုး၏ အဝကို ချက်ချင်းပိတ်လိုက်လေသည်။
ဖန်ထျန်းအစီအရင်က အသက်ဝင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက လူခြောက်ယောက်ကို လောင်ကျွမ်းသွားစေခဲ့၏။
သူတို့ အတွင်း၌ မည်မျှပင်အော်ဟစ်ပြီး လူးလှိမ့်နေပါစေ အချည်းနှီးသာ ဖြစ်နေခဲ့ချေပြီ။
ထိုမျှမသာက ဝူယွမ်က ကျီရှီလျိုနှင့် အခြားသူများကိုပါ တိုက်ခိုက်လိုက်သေး၏။ သူတို့ အားလုံးမှာ ဝါရင့် နိဗ္ဗာန်အဆင့် ကိုး သို့မဟုတ် ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ခြေတစ်လှမ်းဝင်ရောက်နေပြီ ဖြစ်သူများ ဖြစ်ကြသဖြင့် သူတို့၏ ဝိညာဉ်များက အတော်လေးအသုံး၀င်လောက်ပေသည်။
ဝူယွမ်သည် ယခုအခါ ဝိညာဉ်စွမ်းအားအများအပြားကို လိုအပ်နေလေသည်။
သူက ဆွဲငင်အားနယ်မြေဖြင့် ဖိချလိုက်ပြီး ဒဏ်ရာရထားပြီးသားဖြစ်သော ယွမ်ဂိုဏ်း ကြီးကြပ်ရေးမှူးများကို မြေပြင်ပေါ်တွင် ဝပ်တွားသွားအောင် ဖိအားပေးလိုက်လေသည်။
ထို့နောက် ကြေးဝါအိုးဖြင့် ရိုက်ချလိုက်ရာ ထိုလူ အနည်းငယ်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များမှာ တစ်ချက်တည်းဖြင့် လုံးဝ ဖျက်ဆီးခံလိုက်ရပြီး ဝိညာဉ်အနည်းငယ်ထွက်ပေါ်လာခဲ့၏။
ဝူယွမ်က လက်ကို ဝှေ့ယမ်းကာ သူတို့၏ ဝိညာဉ်များကို စုဆောင်းလိုက်လေသည်။
ဤအချိန်တွင် ဝူယွမ်၏ အစစ်အမှန် နေမင်းမီးတောက်ဖြင့် အားဖြည့်ထားသော ဖန်ထျန်း ကြေးဝါအိုးကြီးအတွင်းရှိ ဖန်ထျန်းအစီအရင်သည်လည်း လူခြောက်ယောက်ကို သေသည်အထိ ကင်ပေးလိုက်ပြီ ဖြစ်သည်။
အားကောင်းသော ဝိညာဉ်ခြောက်ခု ထပ်မံရရှိလိုက်ချေပြီ။
အရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ တစ်မိနစ်ဝက်ပင် မကြာလိုက်ချေ။
‘မြန်လွန်းတယ်...’
ပတ်ဝန်းကျင်ရှိလူများကို မဆိုထားနှင့်၊ ဝိုင်းရံတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြသောချီလဲ့၊ ချန်ကျန်းနှင့် အခြားသူများပင်လျှင် တုံ့ပြန်ရန်အချိန်မရလိုက်ကြပေ။
လူတိုင်း၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင် ဝူယွမ်က ထိုဝိညာဉ်တစ်ဒါဇင်ကျော်အားလုံးကို သူ၏နီ၀မ်နယ်ပယ်အတွင်းသို့ စုပ်ယူလိုက်လေသည်။
ကစဉ်ကလျားသန္ဓေသားက လည်ပတ်သွားပြီး နတ်ဘုရားကြိတ်ဆုံ နည်းလမ်းက အလုပ်လုပ်ကာ ဝိညာဉ်များအတွင်းရှိ အသိစိတ်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး စင်ကြယ်သော ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ယွမ်ဂိုဏ်းသည် နောက်တစ်ကြိမ် အမြစ်ပြတ် သုတ်သင်ခံလိုက်ရချေပြီ...။
တိတိကျကျပြောရလျှင် ဝူယွမ်၏လက်ချက်ဖြင့် နောက်တစ်ကြိမ် အမြစ်ပြတ် သုတ်သင်ခံလိုက်ရခြင်းပင် ဖြစ်လေတော့သည်။
***