ညှို့ယူဖမ်းစားနိုင်သော ထိုအသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။ ကြားလိုက်ရသူတိုင်း၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ပေါ်လွင်သွားကြသည်။
‘ဒါက ဝင်စားခြင်းအဆင့် ပညာရှင်တစ်ယောက်နဲ့ တိုက်ပွဲဝင်နေတာ တကယ်ရော ဟုတ်ရဲ့လား။ မိုးကြိုးတွေ ပစ်ချခံနေရတာတောင် ဒီလိုအသံမျိုးနဲ့ အော်နိုင်သေးတယ်ပေါ့'
‘မိုးကြိုးပစ်တာကပဲ အားမပါတာလား... ဒါမှမဟုတ် မင်းကပဲ နောက်ပြောင်နေတာလား'
ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့မှ လင်းချင်းကျူ၏ မျက်နှာလေးမှာ ထိုအသံကို ကြားလိုက်ရသောအခါ နီရဲသွားသည်။ ဤအသံက သူမအနည်းငယ် ရင်းနှီးနေသလိုပင်...
သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်၊ ယခုလို အခြေအနေမျိုးတွင် ဤအသံက အနည်းငယ် အံ၀င်ဂွင်ကျမဖြစ်နေပေ။
ရှက်ရွံ့သလို ခံစားနေရသော လင်းချင်းကျူသည် သူမ၏ ပုံမှန်မဟုတ်သော အခြေအနေကို အခြားသူများ သတိထားမိသွားမည်စိုး၍ ဘေးဘီဝဲယာသို့ပင် တစ်ချက် ဝေ့ကြည့်လိုက်သေးသည်။ သို့ရာတွင် လူတိုင်း၏ အာရုံကမူ ယခုအခါ ကောင်းကင်ယံဆီသို့သာ ရောက်ရှိနေကြသည်။
ထိုကြောက်မက်ဖွယ် မိုးကြိုးပင်လယ်ကြီးကို မြင်တွေ့လိုက်ရသောအခါ ဤစူပါဂိုဏ်းကြီးများမှ တပည့်များဆိုထားဘိ... အဖွဲ့များကို ဦးဆောင်လာသော ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲများပင် ထိတ်လန့်တုန်လှုပ်နေကြသည်။
အကယ်၍ သူတို့သာ ထိုမိုးကြိုးပင်လယ်ကြီးထဲသို့ ကျရောက်သွားပါက သေချာပေါက် ပြာကျသွားမည်ဖြစ်သည်။ ဆန်းကြယ်သေဆုံးခြင်းအဆင့် ပညာရှင်များပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
‘ဝူယွမ်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တည်ငြိမ်အေးဆေးနေနိုင်ရတာလဲ'
“ဂိုဏ်းချုပ်ကြီးရန်ယွမ်ဇီ... ခင်ဗျားရဲ့ မိုးကြိုးက ဒီထက် ပိုပြင်းလို့မရတော့ဘူးလား”
ထိုအချိန်တွင် ဝူယွမ်၏ အသံက ကောင်းကင်ယံမှ ထပ်မံထွက်ပေါ်လာပြန်သည်။ ရန်ယွမ်ဇီကို လှောင်ပြောင်နေဟန်ပင်။
သို့သော် ဝူယွမ်သည် ရင်ထဲမှလာသော စကားများကိုသာ ပြောနေခြင်းဖြစ်သည်။
မိုးကြိုးစွမ်းအားများကို သူ၏ ကစဉ်ကလျားသန္ဓေသားက စဉ်ဆက်မပြတ်စုပ်ယူနေသည်။ မူလမိုးကြိုးရူန်းများ၏ ကျင့်စဉ်နည်းလမ်းဖြင့် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ မိုးကြိုးရူန်းများမှာ တဖြည်းဖြည်း ပုံပေါ်လာနေပြီဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရူန်းတစ်ခုလုံး၏ ထက်ဝက်ခန့် ပြီးစီးသွားခဲ့ချေပြီ။
ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦး ဆင့်ခေါ်ထားသော မိုးကြိုးသည် တကယ်ကို အစွမ်းထက်လွန်းလှပြီး မိုးကြိုးနိယာမများနှင့်အတူ မိုးကြိုး၏ အစစ်အမှန် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေပြီဖြစ်သည်။
ဤကဲ့သို့သော မိုးကြိုးစွမ်းအားကို စစ်မှန်သော မိုးကြိုးရူန်းများ ထုတ်ယူရန်အတွက် အသုံးပြုနိုင်သည်။ ဝူယွမ်အတွက်မူ သဘာဝရူန်းများကို စုပ်ယူရန် ရှားပါးသော အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်နေသော လျှပ်စီးစွမ်းအားများနှင့် ပတ်သက်၍ နာကျင်မှုအနည်းငယ်ရှိသော်လည်း ၎င်းသယ်ဆောင်လာသော စွမ်းအားများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။
နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင်၊ ကိုယ်ခန္ဓာကျမ်း၏ ‘ဟွန်း’အက္ခရာနှင့် ကျဲ့အက္ခရာလျှို့ဝှက်ချက်... ဤသုံးခု၏ ထိန်းသိမ်းမှုအောက်တွင် မိုးကြိုးစွမ်းအားများကို ဝူယွမ်က ရူးသွပ်စွာစုပ်ယူနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က စဉ်ဆက်မပြတ် သန်စွမ်းလာနေသည်။
အဓိက ကျင့်စဉ်နည်းလမ်း နှစ်ခုက စွမ်းအားများကို စုပ်ယူပြီး ကျဲ့အက္ခရာလျှို့ဝှက်ချက်က ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပေးသဖြင့် ဝူယွမ်ကို ဒဏ်ရာမရဘဲ ပိုမိုသန်စွမ်းလာစေသည်။
ဝူယွမ်၏ လှောင်ပြောင်မှုကို ကြားလိုက်ရသော ရန်ယွမ်ဇီသည် လက်မလျှော့လိုသဖြင့် မိုးကြိုးထုတ်လွှတ်မှုကို တိုးမြှင့်လိုက်ရာ ငွေရောင်မိုးကြိုးပင်လယ်ကြီးထဲတွင် ခရမ်းရောင် မိုးကြိုးများ ထွက်ပေါ်လာသည်။
သူ၏အမြင်တွင် ဤသည်မှာ ဝူယွမ်၏ နောက်ဆုံးရူးသွပ်မှုသာ ဖြစ်သည်။ ဆန်းကြယ်ရှင်ခြင်းအဆင့် လူငယ်တစ်ယောက်သည် ဤအဆင့်ရှိ တိုက်ခိုက်မှုအောက်တွင် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။
တူညီသောအဆင့်ရှိ ပညာရှင်များပင်လျှင် ဤသို့ပြုလုပ်ရန် ရဲဝံ့မည်မဟုတ်ပေ။
သူ၏ အကြည့်အောက်တွင် ခရမ်းရောင်မိုးကြိုးမျက ဝူယွမ်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး သေချာပေါက်ပင် ဝူယွမ်၏ ခန္ဓာကိုယ်မှာ အက်ကွဲသွားသည်။
သို့သော် မကြာမီမှာပင် ဝူယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး သူ၏ အသားအရေမှာ တောက်ပသော ခရမ်းရွှေရောင် ဖြစ်နေခဲ့သည်။
ရန်ယွမ်ဇီ တည်ငြိမ်မနေနိုင်တော့ပေ။
သူ တကယ်ပဲ ဤကောင်လေးအား ဒဏ်ရာရအောင် မလုပ်နိုင်တော့ဘူးဟု ထင်လာလေသည်။
“ကျစ်”
သူ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မိုးကြိုးဧကရာဇ်ကျမ်း အသုံးပြုခြင်းကို ရပ်တန့်ရန် ပြင်ဆင်လိုက်သည်။
“ဟေး... မလုပ်နဲ့လေ”
မိုးကြိုးများ ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရသည့် ဝူယွမ်က လေထဲတွင် အော်ဟစ်လိုက်သည်။
“ဟွန့်... ပြန်ရုပ်သိမ်းချင်တာလား၊ ကျုပ်ကူညီပေးမယ်လေ”
ဝူယွမ်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှ ပြင်းထန်သောစုပ်ယူမှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လျှပ်စီးစွမ်းအားများကို မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက ဆွဲငင်သွားသည်။
ကျယ်ပြောလှသော မိုးကြိုးစွမ်းအားများက ဝူယွမ်၏ လက်ထဲရှိ ကောင်းကင်ဓားနှင့်အတူ စုစည်းသွားပြီး မိုးကြိုးဒီရေလှိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
“ခုတ်ပိုင်းစမ်း”
သိပ်သည်းလွန်းသော မိုးကြိုးစွမ်းအားများကို သယ်ဆောင်လျက် ဝူယွမ်က ပြတ်သားစွာ ခုတ်ပိုင်းချလိုက်သည်။
မြို့တစ်မြို့လုံး၏ ကောင်းကင်ယံတွင် ပြည့်နှက်နေသော မိုးကြိုးတိမ်တိုက်များသည် ယခုအခါ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ဧရာမ ဓားအလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားသည်။
တောက်ပနေသော မိုးကြိုးဓားအလင်းတန်းက ရန်ယွမ်ဇီထံသို့ ခုတ်ပိုင်းကျင်းဆင်းလာသည်။ လူတိုင်း ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။
ဤဓားအလင်းတန်း၏ စွမ်းအားက ရန်ယွမ်ဇီ ယခုလေးတင် စုစည်းထားခဲ့သော လောကကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် မိုးကြိုးလှံကြီးထက် မအားနည်းပေ။
ဤမျှ အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုက ဆန်းကြယ်ရှင်ခြင်းအဆင့် ပညာရှင်တစ်ဦးထံမှ ထွက်ပေါ်လာသည်မှာ အမှန်တကယ် မယုံနိုင်စရာပင်။
သို့သော် ယခုအခါ ဝူယွမ်သည် ပြိုင်ဘက်၏ သိုင်းပညာရပ်စွမ်းအားကို အသုံးပြုနေခြင်းဖြစ်ကြောင်း လူတိုင်းနားလည်သွားကြပြီဖြစ်သည်။ ခွန်အားကို ခွန်အားဖြင့် တုံ့ပြန်ကာ ပြိုင်ဘက်၏စွမ်းအားကို ပြိုင်ဘက်ထံသို့ ပြန်လည်လွှဲပြောင်းပေးခြင်း ဖြစ်လေသည်။
‘သူ့ဆီမှာ တကယ်ပဲ မိုးကြိုးကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိနေတာပဲ'
“ဒီကောင်လေးကို အရှင်ထားလို့မဖြစ်တော့ဘူး”
ရန်ယွမ်ဇီ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။ ပြဿနာကို အမြစ်မှစ၍ နှိမ်နှင်းရန် သူ တွေးတောထားပြီးဖြစ်၏။
ဝူယွမ်ပြသခဲ့သော နည်းလမ်းများက အလွန်ထူးဆန်းလွန်းလှသည်။ သူသည် ဤအဆင့်တွင်ပင် မိမိကို ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်၏။ အကယ်၍ သူ့ကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်ပါက ခြိမ်းခြောက်မှုမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလာပေလိမ့်မည်။
ဝူယွမ်၏ မိုးကြိုးဓားအလင်းတန်းကို ရင်ဆိုင်ရာတွင် ရန်ယွမ်ဇီက ထိတ်လန့်ခြင်း မရှိပေ။ သူသည် မိုးကြိုးဧကရာဇ်ကျမ်းကို ကျင့်ကြံထားသူဖြစ်ပြီး မိုးကြိုးတိုက်ခိုက်မှုများတွင် ကြီးမားသော ခုခံနိုင်စွမ်းရှိသည်။
“ပြန့်ကွဲသွားစမ်း”
သူက တိုးညှင်းစွာအော်ဟစ်လိုက်ပြီး လက်ချောင်းကို ဆန့်ထုတ်ကာ ဓားအလင်းတန်းဆီသို့ ညွှန်ပြလိုက်သည်။
“ငါက ပေါက်ကွဲပစ်မှာကွ”
ဝူယွမ်က ကျယ်လောင်စွာ ဆဲရေးလိုက်သည်။ ပြိုင်ဘက်၏ လက်ချောင်းနှင့် မထိတွေ့မီမှာပင် ဧရာမဓားအလင်းတန်းကြီးက ဘုန်းခနဲ ပေါက်ကွဲသွားပြီး ကြမ်းတန်းသော စွမ်းအားတစ်ခုက လေထုထဲတွင် တိုက်ခတ်သွားသည်။
ဓားသွားများနှင့် မိုးကြိုးအလင်းတန်းများက ရန်ယွမ်ဇီထံသို့ ကျဆင်းလာလေသည်။
ဓားလေပွေနှင့် မိုးကြိုးလှိမ့်ဆင်းမှုကဲ့သို့ ရန်ယွမ်ဇီ၏ မျက်နှာကို အပြင်းအထန်တိုက်ခတ်သွားသည်။ သူ၏ ဆံပင်များနှင့် ဝတ်ရုံများ ဖရိုဖရဲဖြစ်သွားဦ၏။
“မင်းက ငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီပဲ”
ရန်ယွမ်ဇီ၏ မျက်လုံးများထဲမှ အနက်ရှိုင်းဆုံးနေရာတွင် အေးစက်သောအရိပ်အယောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ချက်ချင်းပင် သူ၏ လက်ဝါးကို ဆုပ်လိုက်ရာ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ပေါင်းစပ်ထားသော ကျယ်ပြောလှသည့် စွမ်းအင်များ ရုတ်တရက် ဟိန်းဟောက်ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ပေတစ်သောင်းခန့်ရှိသော အနက်နှင့် အဖြူရောင် တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းထံမှ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုလှိုင်းများ ရူးသွပ်စွာထွက်ပေါ်နေသည်။
“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံဆိပ်”
သူ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ အနက်နှင့် အဖြူရောင်ရောယှက်နေသော ဧရာမတံဆိပ်ကြီးက ပြင်းထန်စွာ ဟိန်းဟောက်ထွက်ပေါ်လာပြီး ဝူယွမ်အပေါ်သို့ ရက်စက်စွာ ဖိချလိုက်သည်။
အနက်နှင့်အဖြူ တံဆိပ်ကြီး ကျဆင်းလာရာနေရာတွင် လေဟာနယ်ပင် ပြိုကျတော့မည့် လက္ခဏာများ ပြသနေသည်။
“ပြိုကွဲသွားစမ်း”
ဝူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မူလဝိညာဉ်အထက်တွင် မူလဝိညာဉ်နှင့် ပေါင်းစပ်ထားပြီးဖြစ်သော စကြဝဠာရှေးဟောင်းအစီအရင်မြေပုံက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
ဝူယွမ် လက်များ လှုပ်ရှားလိုက်သည်နှင့် အစီအရင်မြေပုံက ပြောင်းပြန်လှည့်သွားသည်။ မူလက စွမ်းအားများကို ပေါင်းစပ်ရန် အသုံးပြုသော အစီအရင်မြေပုံသည် စွမ်းအားများကို ဖြိုခွဲရန် ၎င်း၏လုပ်ဆောင်ချက်ကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံဆိပ် ကျဆင်းလာပြီး ကျယ်ပြောလှသော စွမ်းအားတစ်ခုက ဝူယွမ်၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အကျဉ်းချထားသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူ၏ စကြဝဠာရှေးဟောင်းအစီအရင်က ဤစွမ်းအားနှင့် ထိတွေ့သွားသောအခါ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း တံဆိပ်မှာ ချက်ချင်း ပြိုကွဲသွားပြီး သောင်းနှင့်ချီသော သေးငယ်သည့် စွမ်းအားအမျှင်များအဖြစ် ပြောင်းလဲသွားသည်။
အချက်တစ်သောင်းခန့်စုစည်းထားသော တိုက်ခိုက်မှုတစ်ခုကို ဝူယွမ်က တစ်ချက်တည်းနှင့် တိုက်ခိုက်မှု တစ်သောင်းအဖြစ် ဖြိုခွဲလိုက်သကဲ့သို့ပင်။
ဤကဲ့သို့ ဖြိုခွဲလိုက်ပြီးနောက် ဝူယွမ်အပေါ် သက်ရောက်မည့် ထိခိုက်မှုမှာ ကြီးမားခြင်း မရှိတော့ပေ။
သို့သော် ၎င်းသည် ရှင်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားများကို သယ်ဆောင်ထားသောကြောင့် အချို့သော သံသရာတိုက်ခိုက်မှုများရှိနေပြီး ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကုသရန်ခက်ခဲသော ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။
သို့သော် ဤအရာက ဝူယွမ်ကို ဒုက္ခမပေးနိုင်ပေ။ ‘ကျဲ့’အက္ခရာ လျှို့ဝှက်ချက်ပညာရပ်ကို အသက်သွင်းလိုက်ရာ သူသည် ၎င်းကို လျင်မြန်စွာ ဖြေရှင်းလိုက်နိုင်ပြီး ထိုစွမ်းအားများကို သူ၏ ကိုယ်ပိုင်ခွန်အားအဖြစ်သို့ပင် ပြောင်းလဲပစ်လိုက်နိုင်လေသည်။
ဝူယွမ်၏ ကုန်ဆုံးခြင်းမရှိသော နည်းလမ်းများကို လူတိုင်း အံ့ဩမှင်တက်နေကြရသည်။ သူသည် စွမ်းအားပိုင်းဆိုင်ရာ ကွာဟချက်ရှိနေသည်မှာ ထင်ရှားသော်လည်း တိုက်ပွဲတွင်မူ အသာစီးရနေပုံပေါ်သည်။
သေချာသည်မှာ ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ တကယ်တမ်းတွင် သူသည် ရန်ယွမ်ဇီ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်သေးပေ။
အများဆုံးအနေဖြင့် သူ၏စိတ်ဓာတ်ကို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပေးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
တကယ်တမ်းလည်း ယခုအချိန်တွင် ရန်ယွမ်ဇီ၏ စိတ်ဓာတ်မှာ အနည်းငယ်ပြိုလဲနေပြီဖြစ်သည်။ ဂုဏ်သိက္ခာကြီးမားလှသော ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သည့် သူသည် ဤဆန်းကြယ်ရှင်ခြင်းအဆင့် လူငယ်လေးကို မကိုင်တွယ်နိုင်ဘူးလော။
“ဒီလိုတိုက်ခိုက်မှုမျိုးကို မင်း ဘယ်နှစ်ကြိမ်တားဆီးနိုင်မလဲ”
ရန်ယွမ်ဇီက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း လက်ချောင်းကို တစ်ချက်ခေါက်လိုက်သည်။
ရှင်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အလင်းတန်းတစ်ခုက လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲကာ ဝူယွမ်ထံသို့ ပစ်လွှတ်လာသည်။
“ခင်ဗျား ဘယ်နှစ်ကြိမ်ထုတ်လွှတ်နိုင်သလဲ... ကျုပ်က အကြိမ်တိုင်း တားဆီးနိုင်တယ်၊ ဒီသခင်လေးက အစွမ်းရှိတယ်ဗျ”
***