အကယ်၍ ကျန်းမင်က သူတို့ကို သဘောမကျဘူး ဆိုရင် သူတို့ အားလုံးကို သတ်ပစ်လိုက်ရုံသာ။ ယခု သူ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သောကြောင့် သူ့ လှုပ်ရှားမှုများကို စတင်ရမည့် အချိန် ရောက်လာခဲ့လေပြီ။
သို့သော် မစတင်မီတွင် သူက ကြိုတင် ပြင်ဆင်မှု အချို့ ပြုလုပ်ရပေမည်။
သူ မျက်လုံးများ မှိတ်လိုက်ပြီး အထွတ်အထိပ် စကားပြောခန်းထဲသို့ ဝင်ရောက်သွား၏။
[ကျန်းမင် - အဆင့် (၁၀) ကျင့်ကြံခြင်း စွမ်းအင်တွေကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ ပစ္စည်းတွေ လိုချင်လို့... တစ်ယောက်ယောက်ဆီမှာများ ရှိမလား...]
[မင်ဖေး - ငါ့ဆီမှာ ရှိတယ်... ဘယ်လို ပုံစံမျိုး လိုချင်တာလဲ...]
[ကျီလဲ့ - ကျွန်တော့်ဆီမှာလည်း တချို့ ရှိတယ်... အထွတ်အထိပ်အဆင့် ဝိညာဉ်အရည်ဆိုရင် အဆင်ပြေမလား...]
[ထျန်းဖိုကျီ - ကျွန်တော့်ဆီမှာ တာအိုဗုဒ္ဓကြာပန်း တစ်ပွင့် ရှိတယ်... တစ်ဖတ်တည်းနဲ့ အဆင့် (၁၀) အတွက် ကုန်ဆုံးသွားတဲ့ စွမ်းအင် အားလုံးကို ပြန်လည် ဖြည့်တင်းပေးနိုင်ရုံသာမက ဒဏ်ရာတွေကိုလည်း ကုစားပေးနိုင်တယ်...]
[လိုဟန် - အစ်ကိုကျန်း... ကျွန်တော် ရှာပေးလို့ ရပါတယ်... ဘယ်လောက် လိုချင်တာလဲ...]
[ယဲ့ချင်ရှန်း - ကျွန်မဆီမှာလည်း တချို့ ရှိတယ်... ဘယ်လောက် လိုချင်လဲသာ ပြောလိုက်...]
[တုန်ဖန်းချန်းရှီ - အစ်ကိုကျန်း... အဆင့် (၁၀) လောက်ပဲလား... ကျွန်မဆီမှာ အများကြီး ရှိတယ်... ကျွန်မ ဥယျာဉ်ထဲက အနိမ့်ဆုံး ဝိညာဉ်ပစ္စည်းကတောင် အဆင့် (၁၀) ထက် ပိုမြင့်တယ်... အော် ဟုတ်သားပဲ... ကျွန်မ မေ့တော့မလို့... ကျွန်မဆီမှာ ပုလဲငယ်လေးတွေ အများကြီး မြှုပ်နှံထားတဲ့ တောင်တစ်တောင် ရှိတယ်... အဲ့ဒါတွေက ဝိညာဉ်ပုလဲတွေလေ... ပုလဲတစ်လုံးက ဝိညာဉ်အရည်တပိုင်း ရေကန်ငယ်လေး တစ်ကန်နဲ့ ညီမျှတယ်...]
လူတိုင်း ရုတ်တရက် တိတ်ဆိတ်သွားကြတော့သည်။
ကောင်းကင် နတ်ဘုရား ကမ္ဘာငယ်လေး အတွင်း၌။
နတ်ဘုရား ဧကရာဇ်၏ သမီးတော် ဖြစ်သူ မင်ဖေး တစ်ယောက် အဖွဲ့စီမံခန့်ခွဲသူကို ဖားယားရန် တစ်စုံတစ်ခု ပြင်ဆင်ပေးသင့်သည်ဟု တွေးရင်း ကျောက်စိမ်းရည်များကို သောက်သုံးနေ၏။
သူမတွင် အဆင့် (၁၀) ကျင့်ကြံခြင်း စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ဝိညာဉ်ပစ္စည်း များစွာ ရှိလေသည်။
"အခု ဖုန်းဝူနဲ့ ဝမ်ရဲ့တို့ မရှိတော့ဘူး ဆိုတော့ ဂရုထဲမှာ ငါ့လောက် ချမ်းသာတဲ့သူ ဘယ်သူမှ မရှိတော့ဘူး..."
"လိုဟန်လား... သူနေတဲ့ ကမ္ဘာက ထူးဆန်းပြီး အရင်းအမြစ်တွေ အများကြီး ရှိတာ မှန်ပေမဲ့ သူ့အဆင့်က အရမ်း နိမ့်လွန်းတယ်..."
"အောက်ကျိုလား... သူ့မှာ ပစ္စည်းတွေ သိမ်းဆည်းထားတတ်တဲ့ အကျင့် ရှိမယ် မထင်ဘူး... သူက ရူးနေတဲ့ နှာဘူး နဂါး တစ်ကောင်ပဲဟာကို..."
"ထျန်းဖိုကျီလား... သူက မဟာယာနဗုဒ္ဓဂိုဏ်းကဆိုတော့ ဖြစ်နိုင်ချေ မရှိဘူး..."
"တုန်ဖန်ချန်းရှီ... အင်း... သူ တစ်ယောက်ပဲ ငါ့ထက် သာတာ... ဒါပေမဲ့ သူက ကောင်မလေး တစ်ယောက်ပဲ ရှိသေးတာ... ဒီလောက် လူအများကြီး ရှေ့မှာ သူ ဝင်ပြောရဲမယ် မထင်ဘူး..."
"ဒါက အဖွဲ့စီမံခန့်ခွဲသူဆီကနေ အမှတ်တချို့ ရဖို့ ငါ့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ... အဲ့ဒါမှ အထူးစွမ်းရည်တွေကို ပိုပြီး နားလည် သဘောပေါက်နိုင်မှာ..."
ထိုအတွေးနှင့်အတူ ဝိညာဉ်ပစ္စည်း များစွာက သူမရှေ့တွင် ပေါ်လာသည်။ သို့သော် တုန်ဖန်ချန်းရှီ၏ စာကို မြင်လိုက်ရချိန်တွင်တော့ သူမ အံ့အားသင့်သွားတော့၏။
သူမက လက်ထဲရှိ ဇွန်းကို ချိုးဖဲ့ပစ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့သွားကာ…
"အလိုလိုက်ခံထားရတဲ့ ကောင်မလေး..."
ထို့နောက် သူမရှေ့ရှိ ပစ္စည်းများကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ဟုတ်ပေသည်။
သူမ ဒေါသမထွက်ပါချေ။ လုံးဝကို ဒေါသမထွက်ပါချေ။
[တုန်ဖန်းချန်းရှီ - နေပါဦး... ကျွန်မဆီမှာ ပုလဲ စုစုပေါင်း (၃၆,၀၀၀) ရှိတယ်... ဒါပေမဲ့ အားလုံးက အဆင့် အရမ်း နိမ့်နေတော့ အစ်ကိုကျန်းကို ပေးဖို့ သိပ်မကောင်းဘူး ထင်တယ်... ကျွန်မ အစ်ကို့ကို အထွတ်အထိပ်အဆင့် အင်မော်တယ် အရည်တချို့ပါ ထည့်ပေးလိုက်ရင်ကော ဘယ်လိုလဲ...]
ဂရုထဲရှိ မည်သူကမျှ ဘာပြောရမည်ကို မသိတော့ချေ။
[ကျန်းမင် - ငါ့ကျင့်ကြံခြင်း အဆင့်က သိပ်မမြင့်သေးတော့ အဆင့်မြင့် ပစ္စည်းတွေက ငါ့အတွက် အသုံးမဝင်ဘူး... ငါ့ကို ဝိညာဉ်ပုလဲ တစ်လုံးလောက် ပေးလိုက်ရင် ရပါပြီ...]
[တုန်ဖန်းချန်းရှီ - ကောင်းပါပြီ... တကယ်လို့ တစ်ယောက်ယောက်က အစ်ကို့ကို အနိုင်ကျင့်ရင် ကျွန်မကို ပြောနော်... အစ်ကို့ကိုယ်အစ်ကို ကာကွယ်ဖို့ အစွမ်းထက်တဲ့ လက်နက်တချို့ ပေးမယ်...]
[ကျန်းမင် - ရပါတယ်... တစ်ခုခု ဖြစ်လာရင် မင်းကို သေချာပေါက် ဆက်သွယ်လိုက်ပါ့မယ်...]
[တုန်ဖန်းချန်းရှီ - ဒါပေါ့... အစ်ကိုက အဖွဲ့စီမံ ခန့်ခွဲသူလေ... အစ်ကို ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျွန်မတို့က မကူညီဘူးဆိုရင် မကောင်းဘူး မဟုတ်လား... ဘာပဲဖြစ်ဖြစ် အစ်ကိုကျန်းဆီကို ပစ္စည်းတွေ ပို့လိုက်ပြီနော်...]
ရုတ်တရက် မီတာ ရာပေါင်းများစွာ မြင့်မားသော နတ်ဘုရားတောင်ကြီး တစ်တောင် သူ့ရှေ့တွင် ပေါ်လာပြီး ယင်းထဲမှ ပါဝင်သော အငွေ့အသက်များက သူ့နှလုံးသားကိုပင် တုန်ခါသွားစေသည်။ သိပ်သည်းလှသော ဝိညာဉ်ချီများ ပေါက်ကွဲထွက်လာပြီး ချူယန်တောင်ထွတ် တစ်ခုလုံးကို လွှမ်းခြုံသွားကာ တိမ်တိုက်များ ပေါ်လာပြီး မိုးရွာသွန်းလာစေတော့သည်။
"သေစမ်း..." ကျန်းမင် အာမေဋိတ်သံ ထွက်သွား၏။ သူက ကောင်းကင် သမ္ဗန်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး နတ်ဘုရားတောင်ကြီးကို ၎င်းထဲသို့ သိမ်းဆည်းလိုက်သည်။
အထွတ်အထိပ် စကားပြောခန်းထဲတွင်တော့။
[ကျန်းမင် - မင်းက ဘာလို့ တစ်တောင်လုံးကို ပေးလိုက်ရတာလဲ... မင်းကို ငါ အမှတ် ဘယ်လောက် ပြန်ပေးရမလဲ...]
[တုန်ဖန်းချန်းရှီ - အင်း... အဲ့ဒါတွေက ကျွန်မအတွက် ဘာမှ အသုံးမဝင်တော့လို့လေ... ပြီးတော့ ကျွန်မက ပိုကောင်းတာတွေကို ရှာနေတာ... အစ်ကို ကျွန်မကို အမှတ်တွေ ပြန်ပေးစရာ မလိုပါဘူး...]
[ကျန်းမင် - ကောင်းပါပြီလေ... ကျေးဇူးအများကြီး တင်ပါတယ် ချန်ရှီး... မင်းက ငါတွေ့ဖူးသမျှထဲမှာ အလှဆုံးနဲ့ အကြင်နာဆုံး မိန်းကလေးပဲ...]
[တုန်ဖန်းချန်းရှီ - ဟီးဟီး... ရပါတယ် အစ်ကိုရ...]
စကားပြောခန်းမှ အဖွဲ့ဝင်များနှင့် ခဏတာ စကားပြောပြီးနောက် ကျန်းမင်လည်း လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့သည်။
"သူက အရမ်းကို ချမ်းသာတာပဲ... မိဘကောင်း ရှိဖို့ ဆိုတာ တကယ် အရေးကြီးပုံ ရတယ်..."
"ဒါပေမဲ့ အနာဂတ်မှာ သူ့ကို ဘယ်လို ပြန်ဆပ်ရမလဲ မသိတော့ဘူး..."
သူက အတွေးအားလုံးကို ရပ်တန့်လိုက်ပြီး ဝိညာဉ်ချီများကို စုပ်ယူရန် ပါးစပ် ဟလိုက်၏။ ထို့နောက် ၎င်းတို့ အားလုံးကို သူ့ ချီစွမ်းအင် အဖြစ် သန့်စင်တော့သည်။
ကျန်းမင်က ကောင်းကင် လှေပျံဆီသို့ ရောက်လာခဲ့သည်။ ထိုအတွင်း၌ လေဟာနယ် တစ်ခု ရှိနေပြီး တောင်ကြီးက ထိုနေရာတွင် တည်ရှိနေ၏။
"ဒီတောင်က သေချာပေါက် အထွတ်အထိပ်အဆင့် ဝိညာဉ်သလင်းကျောက်ပဲ... မဟုတ်ဘူး... ဝိညာဉ်သလင်းကျောက်တပိုင်း ဖြစ်ရမယ်..." ကျန်းမင်က အာမေဋိတ်သံဖြင့်... "ဒါတင် မကသေးဘူး... ဝိညာဉ်ပုလဲ (၃၆,၀၀၀) တောင် မြှုပ်နှံထားသေးတယ်လား... ပြီးတော့ အဲ့ဒါတွေက အလှဆင်ဖို့ သက်သက်ပဲတဲ့လား"
ကျန်းမင် ခေါင်းခါယမ်းသွားကာ…
"သေချာတာပေါ့... ဆင်းရဲမွဲတေမှုက ငါ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို ကန့်သတ်ထားတာပဲ..."
နှိုင်းယှဉ်မှု မရှိလျှင် နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှု ဆိုတာ ရှိမည် မဟုတ်ဟု လူများက အမြဲ ပြောလေ့ရှိကြသည်။
သူ့တွင် လူသားလမ်းစဉ် မှတ်တမ်း ဟူသော စနစ်တစ်ခု ရှိရုံသာမက အထွတ်အထိပ် စကားပြောခန်း၏ စီမံခန့်ခွဲသူလည်း ဖြစ်သည် မဟုတ်ပါလား။ သူက လူတွေ ပြောလေ့ရှိသည့် ဘဝ၏ အောင်နိုင်သူ တစ်ယောက် ဖြစ်သော်လည်း သူ့ ချမ်းသာကြွယ်ဝမှုမှာ ဤတောင်ကြီးကို မယှဉ်နိုင်သေးကြောင်း ယခုမှ သဘောပေါက်သွားတော့သည်။ ထို့အပြင် တုန်ဖန်းချန်းရှီမှာ ဤတောင်ကြီးကို လုံးဝ သဘောမကျကြောင်းလည်း သိလိုက်ရ၏။
ကျန်းမင် ခေါင်းခါယမ်းမိပြန်သည်။
သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး တောင်ကြီးကို စတင် ကြည့်ရှုသည်။ ဤဝိညာဉ်ပုတီးစေ့များကို ဝင်္ကပါ တစ်ခု၏ ပုံစံဖြင့် စီစဉ်ထားကြောင်း သူ တွေ့နေရ၏။ ၎င်းမှာ အစွမ်းထက်သော ဝင်္ကပါ တစ်ခု မဟုတ်ဘဲ မည်သည့် သတ္တိလက္ခဏာမျှလည်း မရှိပေ။ ရိုးရှင်းပြီး သာမန် ဝင်္ကပါ တစ်ခုသာ ဖြစ်သည်။
တောင်ကြီးက ကောင်းကင် ဖြစ်ပြီး ပုလဲများကမူ ကြယ်များပင်။
တကယ်လို့ သူသာ တစ်လုံးကို ယူထုတ်လိုက်လျှင် ဝင်္ကပါ ပျက်စီးသွားလိမ့်မည်။
သို့သော် သူ့တွင် အခြား နည်းလမ်းများ ရှိနေသေး၏။
သူက သူ့ ချီစွမ်းအင်ကို အသက်သွင်းလိုက်ပြီး တောင်ကြီးထံမှ ဝိညာဉ်ချီများကို စတင် စုပ်ယူလိုက်သည်။ ထို့နောက် ဝိညာဉ်ချီများက သူ့ရှေ့တွင် အရည်ပုတီးစေ့များ အဖြစ် စုစည်းသွားတော့သည်။
များမကြာမီ သူ့ရှေ့တွင် ပုတီးစေ့ (၁၀၀) ပေါ်လာ၏။
တစ်လုံးစီတိုင်းက သူ့ ချီစွမ်းအင် ဆယ်ပုံတစ်ပုံကို ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိသည်။
သူက တောင်ကြီးကို ထပ်မံ ကြည့်လိုက်သော်လည်း အနည်းငယ်မျှ ကုန်ဆုံးသွားသည်ဟု မခံစားရပေ။
"အရာအားလုံး ပြင်ဆင်ပြီးသွားပြီ... သတ်ဖြတ်ပွဲ စတင်ဖို့ အချိန်ရောက်ပြီပဲ..."
ကျန်းမင်က ကောင်းကင် လှေပျံထဲမှ ထွက်လာခဲ့သည်။ သူက လေဟာနယ်ကို ဆုပ်ကိုင်လိုက်ရာ သမ္ဗန်မှာ သေးငယ်သွားပြီးနောက် သိမ်းဆည်းလိုက်တော့သည်။
လူသားလမ်းစဉ် မှတ်တမ်းက သူ့ရှေ့တွင် ပေါ်လာပြီး လိုရှာလီ၏ နေရာကို ရှာဖွေလိုက်၏။
မိုးသောက်ယံ မရောက်မီ အချိန် အနည်းငယ် ကျန်သေးကြောင်း သူ သတိပြုမိလိုက်သည်။
သူ့ ခန္ဓာကိုယ်က စတင် တောက်ပလာပြီး ကိုယ်ပွား ရှစ်ခု ထွက်ပေါ်လာတော့သည်။
သူတို့ အားလုံးတွင် သူ့ ချီစွမ်းအင် ဆယ်ပုံတစ်ပုံစီ ပါရှိကြ၏။
သူတို့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသော်လည်း တစ်ယောက်ချင်းစီတိုင်းက သူ့ အထူးစွမ်းရည်များကို အသုံးပြုနိုင်စွမ်း ရှိကြသည်။
"သွားကြ..."
ကျန်းမင်က သူတို့ အားလုံးကို လူသားလမ်းစဉ် မှတ်တမ်းမှတဆင့် ပစ်မှတ်များထံ စေလွှတ်လိုက်ရာ သူ့ ချီစွမ်းအင်မှာလည်း ဆယ်ပုံတစ်ပုံခန့် လျော့ကျသွားတော့သည်။
ဤသည်မှာ သူ ပေးဆပ်ရမည့် တန်ဖိုးပင်။
သူက ပါးစပ်ဟလိုက်ပြီး ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် အရည်အဖြစ် ပြောင်းလဲထားသော ဝိညာဉ်ပုလဲ ကိုးလုံးကို တစ်ကျိုက်တည်း မျိုချလိုက်သည်။
ယင်မိစ္ဆာဂိုဏ်း၏ ပင်မဌာနချုပ်တွင်။
ဂိုဏ်းချုပ် သတ်ဖြတ်ခံလိုက်ရသည် ဆိုသည့် အမှန်တရားကို မည်သူကမျှ လက်မခံနိုင်ကြသေးပေ။
လိုရှာလီ တစ်ယောက် အစီအစဉ်များ ချမှတ်ပြီးနောက် သူ့ နန်းတော်သို့ ပြန်လာကာ အချိန်အတော်ကြာ စဉ်းစားနေခဲ့၏။ သို့သော် မည်သည့် အကြံဉာဏ်မျှ မရနိုင်သောကြောင့် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ့ ချီစွမ်းအင်များကို စတင် သန့်စင်သည်။
တစ်ချိန်တည်းမှာပင် သူ စုဆောင်းထားသော သွေးနှင့် အဆီအနှစ်များကို သန့်စင်ရန် ကြိုးစားလိုက်၏။
ရုတ်တရက် သူ့ နှလုံးသား တုန်ခါသွားသည်။
သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ ဘေးပတ်လည်တွင် လူရိပ် ရှစ်ခုကို မြင်လိုက်ရသဖြင့် အလွန် အံ့အားသင့်ကာ ထိတ်လန့်သွားတော့သည်။ မည်သို့ပင်ဆိုစေ ဤနေရာ တစ်ခုလုံးကို ဝင်္ကပါ တစ်ခုဖြင့် ကာကွယ်ထားပြီး နန်းတော်ကိုယ်တိုင်က တာအိုလက်နက် တစ်ခု ဖြစ်သည် မဟုတ်ပါလား။ မည်သူကမျှ မသိဘဲ သူတို့ မည်သို့ ဝင်လာနိုင်ခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။
သူ့ အထူးစွမ်းရည်ကို အသက်သွင်းရန် ပြင်လိုက်ချိန်မှာပင် ဓားစွမ်းအင်များက သူ့ရှေ့တွင် ပေါ်လာတော့သည်။ သူ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ့ တုံ့ပြန်မှု အမြန်နှုန်းမှာ ရပ်တန့်လုနီးပါး နှေးကွေးသွားကြောင်း တွေ့လိုက်ရ၏။
ဖူး...
လူရိပ် တစ်ခုက သူ့အား ခုတ်ပိုင်းလိုက်ပြီး အခြား တစ်ခုက အဆုံးမဲ့နိယာမ အပြန်လမ်း လက်ချောင်းကို အသက်သွင်းကာ သူ့ နဖူးကို ထိုးဖောက်၍ မူလဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
လိုရှာလီမှာ အကြို အင်မော်တယ် တစ်ယောက် ဖြစ်သော်လည်း ကျန်းမင်၏ သတ်ဖြတ်မှု ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
လူရိပ် ရှစ်ခုလုံးက သူ့ ပစ္စည်းများကို စုသိမ်းပြီးနောက် အခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
"မဟာ ကပ်ဘေး စွမ်းရည်... သန်းချီတဲ့ ကပ်ဘေးတွေ ဆင်းသက်လာခြင်း..."
"မဟာ အလင်း စွမ်းရည်... ဖယ်ရှားခြင်း..."
"မဟာ မီး စွမ်းရည်... ငရဲကမ္ဘာ..."
"မဟာ လျှပ်စီး စွမ်းရည်... ကောင်းကင်ဘုံရဲ့ မိုးကြိုး ပြစ်ဒဏ်..."
ကျန်းမင်၏ ကိုယ်ပွား လေးခုက အထူးစွမ်းရည် လေးခုကို အသက်သွင်းလိုက်ရာ ပြင်းထန်သော အလင်းရောင်များက မိစ္ဆာနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ကျန်ရှိနေသော လေးခုကမူ ကျန်ရှိနေသည့် အန္တိမအဆင့် ကျင့်ကြံသူ လေးယောက်ကို ရှာဖွေရန် ထွက်သွားကြ၏။ သူတို့က ချီစွမ်းအင်ကို ဓားအဖြစ် ပြောင်းလဲကာ မဟာ ထောင်စုနှစ် စွမ်းရည်ကို အသက်သွင်းလိုက်ပြီး တစ်ဖက်လူများ မတုံ့ပြန်နိုင်မီမှာပင် သတ်ဖြတ်ပစ်လိုက်ကြသည်။
ချူယန်တောင်ထွတ်ပေါ်တွင် သူ့ ကိုယ်ပွား ရှစ်ခုလုံး တန်ဖိုးရှိသော ပစ္စည်းများစွာနှင့်အတူ ပြန်လည် ရောက်ရှိလာကြသည်။ ကျန်းမင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကျေနပ်စွာ သက်ပြင်းချလိုက်၏။
"မင်းရဲ့ နာမည်ကို ငါ သိသွားပြီဆိုတာနဲ့ ငါ့လက်ထဲက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး..."
"လုံရီ... မင်းက နောက်တစ်ယောက်ပဲ..."
ကျန်းမင် အေးစက်စက် ပြုံးလိုက်သည်။
ဒီညက အိပ်မပျော်နိုင်တဲ့ ညတစ်ညပါပဲ။
ရွှေပြည်နယ်ရှိ တောင်တန်းများကြားတွင် ယင်မိစ္ဆာဂိုဏ်း၏ အသိုက်အမြုံ ထွက်ပေါ်လာသော်လည်း တစ်စစီ ပေါက်ကွဲသွားခဲ့ပြီး အတွင်းရှိ မည်သူကမျှ အသက်မရှင်တော့ပေ။
ကျင့်ကြံသူ များစွာက လာရောက် စစ်ဆေးကြပြီး ထိုနေရာသို့ ရောက်လာချိန်တွင် အားလုံး အံ့အားသင့်သွားကြတော့သည်။
…
ယွီပြည်နယ်၊ တာမင်ရေကန် အလယ်တွင်။
၎င်းမှာ ကြီးမားလှသော ရေကန်ကြီး တစ်ခု ဖြစ်ပြီး အရှေ့ဘက်ဒေသကို မကျူးကျော်မီ လုံယွမ်၏ ယာယီ နေထိုင်ရာ နေရာ ဖြစ်လာခဲ့၏။
အကြို အင်မော်တယ်အဆင့် လုံရီမှာလည်း သူတို့ထဲမှ တစ်ယောက်ပင်။
ခန်းမဆောင်ထဲတွင် သက်ဝင်လှုပ်ရှားကာ စည်ကားနေပြီး ဟင်းလျာများ အားလုံးမှာ လူသားများ ဖြစ်ကြသည်။
ကိုယ်ပွား ရှစ်ခုက ဒေါသတကြီး ဝင်ရောက်လာပြီး လုံရီကို နေရာမှာတင် သတ်ဖြတ်ပစ်လိုက်ကြ၏။ လုံရီမှာ အနက်ရောင် နဂါးတစ်ကောင် ဖြစ်သည်။ သူ အစွမ်းထက်သော်လည်း ကျန်းမင်ကိုမူ ယှဉ်နိုင်စွမ်း ရှိမနေပေ။
မနက် (၅) နာရီ ခန့်တွင် ရှောင်ကျင်းယွမ် ရှိနေသော ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့လည်း အသတ်ခံလိုက်ရလေပြီ။
ယနေ့ညတွင် ကျွမ်းကျင်သူ အများအပြား သေဆုံးသွားခဲ့ပြီး အများစုမှာ ပင်လယ်မျိုးနွယ်စုမှ ဖြစ်ကြသည်။
ထိုသူများမှာ အရှေ့ဘက်ဒေသကို အောင်နိုင်ပြီးနောက် မြစ်မှတဆင့် ကုန်းမြေဆီသို့ ချီတက်လာခဲ့ကြသည်။ သို့သော် အောင်ပွဲ၏ အသီးအပွင့်များကို မရိတ်သိမ်းနိုင်မီမှာပင် အားလုံး အသတ်ခံလိုက်ရတော့၏။
ကျန်းမင်က ပင်လယ်သားရဲ တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ရမည်ဟု ခန့်မှန်းထားသည်။
ချူယန်တောင်ထွတ်ပေါ်တွင် ကိုယ်ပွား ရှစ်ခုက ကျန်းမင်ထံ ပြန်လည် ရောက်ရှိလာကြ၏ ။
ကျန်းမင်က အရှေ့ပင်လယ်ဘက်သို့ လှမ်းကြည့်မိသည်။ တကယ်လို့ သူတို့ ကုန်းမြေပေါ် ထပ်မံ ခြေချရဲပါက တစ်ကောင်မကျန် သတ်ဖြတ်ပစ်မည်ဟု သေချာပေါက် ဆုံးဖြတ်ထားလေပြီ။
ကံမကောင်းစွာဖြင့် သူက သူတို့ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်ခဲ့သောကြောင့် လုံယွမ်နှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များ မစုဆောင်းနိုင်ခဲ့ပေ။
"ငုပ်လျှိုး အင်မော်တယ် မဟာမိတ်အဖွဲ့က လာဦးမှာလား..." သူက အနောက်ဘက်သို့ ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"အခု ကောင်းကင်မိစ္ဆာရဲ့ လမ်းစဉ်ငါးသွယ် ကျန်သေးတယ်..."
ကျန်းမင်၏ အကြည့်များက ဓားတစ်လက်လို ထက်မြက်နေ၏။
မိုးလင်းလာပြီ ဖြစ်ပြီး နေမင်းကြီးက ကမ္ဘာမြေပေါ်သို့ အလင်းတန်းများ ဖြာကျနေလေပြီ။
"ဒီနေ့က သေချာပေါက် နေ့ကောင်းရက်သာ တစ်နေ့ပဲ..."
ကျန်းမင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကြိမ်ကုလားထိုင်ပေါ် လှဲချလိုက်တော့သည်။ သူ ခဏတာ အိပ်စက် အနားယူတော့မည် ဖြစ်သည်။
သို့သော် သူ မသိလိုက်သည်မှာ ကြောက်မက်ဖွယ် ကောင်းလှသော မုန်တိုင်းကြီး တစ်ခုက ကမ္ဘာမြေ တစ်ခုလုံးကို မကြာမီ လွှမ်းမိုးတော့မည် ဆိုခြင်းပင်။
End
***