ချင်းယွင်ဂိုဏ်းတွင်။
ချင်ဖုန်းဇီ ပြန်လည် ရောက်ရှိလာချိန်၌ သူ့ မျက်နှာပေါ်တွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ ရောယှက်နေခဲ့သည်။ သူက တည်ကြည်နေဟန် ရှိသော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းသာနေပုံလည်း ရ၏။ မျက်နှာထက်တွင် အကြောက်တရား အရိပ်အယောင် အချို့လည်း စွန်းထင်းနေပြီး ရယ်ချင်နေသည့် ပုံစံမျိုးလည်း ဖြစ်နေသည်။
မကြာမီ သူက အကြီးအကဲ ခန်းမဆောင်ဆီသို့ ရောက်လာခဲ့၏။ ထိုနေရာတွင် အစွမ်းထက်သော ကျင့်ကြံသူ များစွာ ရှိနေကြသည်။ လေထုက တင်းမာနေသော်လည်း ထိတ်လန့်မှု အရိပ်အယောင် အချို့ကိုပါ ခံစားရနိုင်သည်။
"ဖုန်းဇီ... အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ..." အဘိုးအို တစ်ယောက်က မေးလိုက်၏။ "သူတို့အချင်းချင်း ပြန်တိုက်ခိုက်နေကြတာများလား..."
"မဟုတ်ဘူး..." ချင်ဖုန်းဇီက ခေါင်းခါယမ်းရင်း ပြန်ဖြေသည်။
"ဒါဆို ဘာဖြစ်တာလဲ..." အဘိုးအိုက နှာမှုတ်လိုက်ကာ… "စကားကို လှည့်ပတ် မပြောဘဲ လိုရင်းကိုသာ ပြောစမ်းပါ..."
"တောင်းပန်ပါတယ် အစ်ကိုကြီး... ကျွန်တော့်စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထားဖို့ အချိန်နည်းနည်းလောက် ပေးပါဦး..."
ချင်ဖုန်းဇီက ခါးသီးစွာ ရယ်မောရင်း ပြောလိုက်၏။ အချိန်တို အတွင်းမှာပင် သူ့ မျက်နှာထားမှာ တည်ကြည်သွားပြီး ဆက်ပြောလာသည်။ "ယင်မိစ္ဆာဂိုဏ်း လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ အားလုံး ဖျက်ဆီးခံလိုက်ရပြီ..."
"မင်း သေချာလို့လား..." အဘိုးအိုက မေးခွန်းထုတ်လာသည်။
ကျန်ရှိနေသော လူများ အားလုံးကလည်း လှည့်ကြည့်လာကြပြီး ချင်ဖုန်းဇီအား သံသယဖြင့် ကြည့်နေကြ၏။ ယင်မိုဂိုဏ်း၊ လုံယွမ်နှင့် ရေအောက်နဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ ဖျက်ဆီးခံလိုက်ရသည် ဆိုခြင်းကို သူတို့ မယုံကြည်နိုင်ကြပေ။
"အရှေ့ဘက်ဒေသကို ရောက်လာတဲ့ သူတွေ အားလုံး... မိစ္ဆာတွေပဲ ဖြစ်ဖြစ် လူသားတွေပဲ ဖြစ်ဖြစ် အားလုံး သေကုန်ကြပြီ..."
ချင်ဖုန်းဇီက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီးကာ…
"ကျွန်တော် ရွှေပြည်နယ်၊ ယွီပြည်နယ်က တာမင်ရေကန်နဲ့ လေပြည်နယ်က ရေအောက်နဂါး အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ နေထိုင်ရာ နေရာတွေကို သွားကြည့်ခဲ့တယ်... အားလုံး သေကုန်ကြပြီ... အလောင်းတွေက မည်းခြောက်နေတာ ဒါမှမဟုတ် ပြာဖြစ်သွားတာချည်းပဲ..."
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ထျန်းယွမ်ကျောင်းတော်က ကျုံးပြည်နယ်ရဲ့ တော်ဝင်မြေတွေကနေ ကျွမ်းကျင်သူတွေကို ခေါ်ပြီး သတ်ပစ်လိုက်တာများလား..."
"အဲ့ဒီလိုတော့ မထင်ဘူး... ဘာလို့လဲဆိုတော့ တခြား ကျင့်ကြံသူ တစ်ယောက်ကိုမှ ကျွန်တော် မတွေ့ခဲ့ရလို့ပဲ... အနန္တဆေးလုံး စံအိမ်က အဘိုးအိုထျဲ့နဲ့ ထျန်းယွမ်ကျောင်းတော်က ယဲ့မင်တို့ကို ဆက်သွယ်ကြည့်တော့ သူတို့အားလုံးက ကျုံးပြည်နယ်ရဲ့ တော်ဝင်မြေတွေက ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလို့ ပြောကြတယ်... သူတို့က ဒီမှာ ဖြစ်နေတာ အားလုံးကို စောင့်ကြည့်နေရုံ သက်သက်ပဲတဲ့... ခင်ဗျားတို့ ကိုယ်တိုင် သွားကြည့်သင့်တယ်လို့ ထင်တယ်..."
"ကောင်းပြီလေ..."
သူတို့အားလုံး အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွားကြပြီး အကြီးအကဲ ခန်းမဆောင်ထဲမှ ထွက်ခွာလာခဲ့ကြသည်။
ထိုနေ့တွင် အရှေ့ဘက်ဒေသရှိ ကျန်ရှိနေသော အင်အားစုများ အားလုံး ဝမ်းသာအားရ အော်ဟစ်နေခဲ့ကြ၏။
ကျုံးပြည်နယ်မှ အနန္တဆေးလုံး စံအိမ်နှင့် ထျန်းယွမ်ကျောင်းတော်၊ တောင်ပိုင်းဒေသမှ သောင်းချီ မိစ္ဆာတောင်တန်း၊ အနောက်ပိုင်းဒေသမှ ကောင်းကင်မိစ္ဆာ၏ လမ်းစဉ်ငါးသွယ်နှင့် ဖိုဂိုဏ်းတို့ အားလုံး အံ့အားသင့်ကာ မင်သက်သွားကြတော့သည်။ သူတို့ အားလုံးက အရှေ့ဘက်ဒေသကို သိမ်းပိုက်ခြင်း မရှိဘဲ အရှေ့ဘက်ဒေသ မဟာမိတ်အဖွဲ့ကို မည်သူက ဖျက်ဆီးပစ်ခဲ့သနည်း ဟု တွေးတောနေကြ၏။ မည်သို့ပင်ဆိုစေ ဤကမ္ဘာပေါ်တွင် အစွမ်းထက်သော အင်အားစု အနည်းငယ်သာ ရှိသော်လည်း မည်သူကမျှ လှုပ်ရှားခဲ့ခြင်း မရှိသည် မဟုတ်ပါလား။
ဤသည်က သူတို့ကို ပို၍ပင် သံသယ ဝင်လာစေပြီး အများအပြားက အခြေအနေကို ကိုယ်တိုင် မျက်မြင် လာရောက် စစ်ဆေးရန် အရှေ့ဘက်ဒေသသို့ လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ကြသည်။
ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်တွင်။
နေရောင်ခြည်က ကျန်းမင် ကိုယ်ပေါ် ဖြာကျနေ၏။ ၎င်းက သူ့ ညီမငယ်လေး လက်ကို ဆုပ်ကိုင်ထားသကဲ့သို့ နွေးထွေးမှုကို ခံစားနေရစေသည်။
ကျန်းမင်က မျက်လုံးများ ဖွင့်လိုက်ပြီး ကိုယ်လက် ဆန့်ထုတ်လိုက်သည်။
တကယ်ကို ကောင်းမွန်တဲ့ အိပ်စက်ခြင်းပါပဲ။
ထို့နောက် သူက ထိုက်ယန်တောင်ထွတ်ဘက်သို့ လှမ်းကြည့်လိုက်၏။ တောင်၏ အနောက်ဘက်တွင် ထိုက်ယန် နတ်ဘုရား ရေကန် တစ်ကန် ရှိပြီး ယခင်က ဇီလင်းလုံ ထိုနေရာ၌ ကျင့်ကြံခဲ့ဖူးသည်။ ထိုရေကန်၏ အောက် မီတာ (၁၀,၀၀၀) အကွာရှိ လေဟာနယ် အမှတ်အသားပေါ်တွင် အစစ်အမှန် ပုံရိပ်ယောင် နယ်ပယ်၏ အနည်းငယ် လှုပ်ခတ်မှု ရှိနေကြောင်း သူ သတိပြုမိလိုက်သည်။
တကယ်လို့ သူ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့လျှင် သို့မဟုတ် သမ္ဗောဓိဉာဏ်အားလုံးတွင် ကျွမ်းကျင်မှု၊ ဟင်းလင်းပြင် တာအိုနှင့် အစစ်အမှန် ပုံရိပ်ယောင် တာအိုတို့ကို နားလည် သဘောပေါက်မှုတို့ကြောင့် လေဟာနယ်ကို ထိုးဖောက် မမြင်နိုင်ခဲ့လျှင် ဤအရာကို သူ သတိထားမိနိုင်မည် မဟုတ်ချေ။
သူက ဆက်လက် စစ်ဆေးကြည့်ရှုလိုက်ရာ ရှေးဟောင်း ကျောက်စာတိုင် တစ်ခုကို တွေ့လိုက်ရသည်။ ကျောက်စာတိုင်ပေါ်တွင် ဓားရာများဖြင့် ပြည့်နှက်နေပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ထင်ရှားနေ၏။
ကျန်းမင် ရှေ့ဆက်သွား၍ စစ်ဆေးကြည့်ရန် ပြင်လိုက်ချိန်တွင် ကြီးမားသော ထိတ်လန့်မှု တစ်ခုက သူ့အပေါ် လွှမ်းမိုးလာပြီး နောက်ဆုတ်သွားစေခဲ့သည်။
အကြောင်းမဲ့ သက်သက် ဘယ်အရာမှ ဖြစ်မလာနိုင်ပေ။ ကျိုယန်ဂိုဏ်းမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော မီးတောင် တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ယခုမှသာ သူ အတည်ပြုနိုင်တော့၏။ သူသာ မရှိခဲ့လျှင် ကျိုယန်ဂိုဏ်းမှာ အချိန်အတော် ကြာကတည်းက ဖျက်ဆီးခံခဲ့ရပေလိမ့်မည်။
မဟုတ်သေးဘူး... သူသာ မရှိခဲ့ရင် ကျိုယန်ဂိုဏ်းက ပျက်စီးဖို့ ကံပါလာခဲ့တာလို့ ပြောရမယ်။
"ထားပါ... စိုးရိမ်စရာ ဘာမှ မရှိပါဘူး... ကျိုဏ်းကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ရမှာပဲ... ငါ ဂရုစိုက်ရတဲ့ လူတွေကို ဘယ်သူမှ လာထိလို့ မရဘူး..." ကျန်းမင် ရေရွတ်နေမိသည်။
သူက ခုန်ဆင်းလိုက်ပြီး ခြံဝင်းထဲသို့ ရောက်လာခဲ့၏။ ထောင့်တစ်နေရာမှ တံမြက်စည်း တစ်ချောင်းကို ယူ၍ ခြံဝင်းကို စတင် တံမြက်စည်း လှည်းကျင်းတော့သည်။
[ဒင် - အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... တံမြက်စည်း လှည်းတဲ့အတွက် ယင်ယန် တာအို သန္ဓေသားလောင်း တစ်ခု ဆုချီးမြှင့်လိုက်ပါတယ်...]
တံမြက်စည်းကို ချထားလိုက်သည်နှင့် စနစ်ထံမှ အသိပေးချက်ကို ကျန်းမင် ကြားလိုက်ရ၏။ သို့သော် ဆုလာဘ်ကို မြင်လိုက်ရချိန်တွင်တော့ သူ အံ့အားသင့်သွားတော့သည်။
စူးစမ်းလိုစိတ်များ မြင့်တက်လာသဖြင့် ကျန်းမင်လည်း ထိုအရာကို ထုတ်ယူလိုက်၏။ ၎င်းမှာ (၉၀)စင်တီမီတာ ခန့်ရှိသော လူသားငယ်လေး တစ်ယောက် ဖြစ်သည်။ အစစ်အမှန် လူသား တစ်ယောက်နှင့် တူညီပြီး သဘာဝ စွမ်းအားများ ပြည့်နှက်နေကာ ကြီးမားလှသော အသက်စမ်းအင်များ ပိုင်ဆိုင်ထားသည်။
သို့သော် ၎င်းတွင် ဝိညာဉ် မရှိသော်လည်း အမျိုးသမီး လက္ခဏာများလည်း ရှိနေသည်။
[ယင်ယန် တာအို သန္ဓေသားလောင်း - ကောင်းကင်နှင့် မြေကြီးမှ ပြုစုပျိုးထောင်ထားသော ရှားပါး ရတနာ တစ်ပါး ဖြစ်သည်။ ၎င်းတွင် မွေးရာပါ ယင်နှင့် ယန် တာအို စည်းချက်များ ပါဝင်ပြီး အဆုံးမရှိသော အလားအလာများ ရှိသည်။ ကိုယ်ပွား တစ်ခု ဖန်တီးရန်အတွက် ပြီးပြည့်စုံသော ပစ္စည်း တစ်ခု ဖြစ်သည်။]
"ဒါဆို ငါက မိန်းကလေး ကိုယ်ပွား တစ်ခု ဖန်တီးရတော့မှာလား..."
သူ့တွင် မည်သည့် ကိုယ်ပွားမျှ ဖန်တီးရန် ရည်ရွယ်ချက် မရှိပေ။ မည်သို့ပင်ဆိုစေ တစ်ခုခု မှားယွင်းသွားပါက အာရုံကြော ချို့ယွင်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး ဝိညာဉ်ကိုပင် စိတ်ကူး၍မရနိုင်သော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ သေချာပေါက် အကြီးမားဆုံး အားနည်းချက်မှာ ကိုယ်ပွားက လွတ်လပ်သော ကိုယ်ရည်ကိုယ်သွေး တစ်ခု ဖွဲ့စည်းသွားပါက သူ ဒုက္ခအကြီးအကျယ် ရောက်ရမည် ဆိုခြင်းပင်။
ယခု သူ့တွင် မဟာ ပုံရိပ်ယောင် စွမ်းရည် ရှိနေလေပြီ။ တစ်ခါသုံး ပုံရိပ်ယောင်များကို လိုသလောက် ဖန်တီးနိုင်သဖြင့် ကိုယ်ပွား တစ်ခုထက် အများကြီး ပိုအဆင်ပြေပြီး ပိုကောင်းမွန်ပေသည်။
"ဒီအတိုင်း သိမ်းထားလိုက်တာပဲ ကောင်းပါတယ်လေ..." ထိုအရာကို သိမ်းဆည်းရင်း ကျန်းမင်က ရေရွတ်လိုက်သည်။
သူ ခေါင်းမော့ကြည့်ရာ နေ့လည်ခင်း အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက အထူးစွမ်းရည် အသုံးမပြုဘဲ ရေ အနည်းငယ် သွားခပ်လိုက်သည်။
[ဒင် - အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... အထူးစွမ်းရည် အသုံးမပြုဘဲ ရေသွားခပ်တဲ့အတွက် ဟင်းလင်းပြင် တာအို သန္ဓေသားလောင်း တစ်ခု ဆုချီးမြှင့်လိုက်ပါတယ်...]
ကျန်းမင် မှင်တက်သွားတော့၏။
ဟင်းလင်းပြင် တာအို သန္ဓေသားလောင်းမှာ အမှန်တကယ်ပင် တန်ဖိုးဖြတ်မရသော ဆုလာဘ် တစ်ခု ဖြစ်ပြီး အင်မော်တယ်တပိုင်း လက်နက် တစ်ခုထက်ပင် အများကြီး ပိုအဖိုးတန်သည်။ ယနေ့ သူ အဘယ်ကြောင့် ဤကဲ့သို့သော ဆုလာဘ်မျိုး အဆက်မပြတ် ရနေသနည်း ဟုသာ တွေးနေမိတော့၏။
အတိတ်တွင် စနစ်က သူ့အား ချီစွမ်းအင် သို့မဟုတ် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် ကဲ့သို့သော အရာများကိုသာ ပေးလေ့ရှိသည်။ ထိုအရာများမှာ အတော်လေး သာမန် ဖြစ်သော်လည်း ဤတာအို သန္ဓေသားလောင်းကမူ အလွန် တန်ဖိုးကြီးမားလှသည်။
"ဒါ ထူးဆန်းတယ်..." ကျန်းမင် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူက မီးဖိုချောင်ထဲသို့ ဝင်လာပြီး ဂျုံမှုန့် တစ်ဝက်ခန့်ကို ပန်းကန်လုံးထဲ ထည့်ကာ ကြက်ဥ နှစ်လုံး ဖောက်ထည့်ပြီး ရေမထည့်ဘဲ မုန့်ညက်နယ်လိုက်၏။
လှုပ်ရှားမှုများက ညင်သာသော်လည်း လျင်မြန်လှပြီး မုန့်ညက်ကို ရွှေရောင်အမြုတေ တစ်ခုလို နယ်လုနီးပါး ဖြစ်သွားစေသည်။
ထို့နောက် ၎င်းကို ပွလာစေရန် ဘေးဖယ်ထားလိုက်သည်။
သူက ဆော့စ် အနည်းငယ် ဖျော်စပ်ပြီး ရေစတင် တည်လိုက်၏။
မကြာမီ ဓားလှီးခေါက်ဆွဲ တစ်ပန်းကန် အသင့်ဖြစ်သွားတော့သည်။
သူ စားသောက်ပြီးနောက် စနစ်က အလင်းနှင့် အမှောင် တာအို သန္ဓေသားလောင်း တစ်ခု ထပ်မံ ချီးမြှင့်လိုက်သဖြင့် ကျန်းမင်လည်း ခေါင်းကုတ်လိုက်မိတော့၏။
သူက စနစ်ကို မေးမြန်းရန် ကြိုးစားသော်လည်း မည်သည့် အဖြေမျှ ပြန်မရခဲ့ပေ။
"စနစ်က ငါ့ကို ကိုယ်ပွား တစ်ခု တကယ် ဖန်တီးစေချင်နေတာလား..."
သူ ကိုယ်ပွား တစ်ခု ဖန်တီးချင်လျှင်တောင် ဘယ်လို လုပ်ရမှန်း မသိပေ။
ကျန်းမင်လည်း ထိုကိစ္စကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူက လှည့်ထွက်လာပြီး ချူယန် အင်မော်တယ် ဂူဆီသို့ ရောက်လာခဲ့၏။
အထွတ်အထိပ် စေတီမှ ပြန်ရောက်လာစဉ်ကတည်းက ဤနေရာသို့ တစ်ခါမှ မလာရသေးပေ။
ဝိညာဉ် ဝင်္ကပါများ၊ သန့်စင်သော စွမ်းအင် သလင်းကျောက်များ ပါဝင်သည့် အထွတ်အထိပ်အဆင့် ဝိညာဉ် စမ်းရေတွင်း တစ်ခု ရှိနေသော်လည်း ဤနေရာရှိ ဝိညာဉ်ချီများမှာ အဆတစ်ရာ ကြီးထွားနှုန်းဖြင့်ပင် သိပ်သည်းနေပုံ မပေါ်ချေ။
"စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း စွမ်းရည်က တတိယအဆင့်ကို ရောက်နေပြီပဲ... ငါ ဒါကို ထပ်သုံးလို့ ရလောက်ပြီ ထင်တယ်..."
ဝိညာဉ် စမ်းရေတွင်းထဲရှိ ဉာဏ်အလင်းပွင့် သစ်ပင်၊ ရှေးဟောင်း စစ်ပွဲသစ်ပင်၊ ပန်းနတ်သမီး သစ်ပင်နှင့် အခြားသော ဝိညာဉ် ဆေးပင်များကို ကြည့်ရင်း ကျန်းမင်၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားတော့သည်။
သူက စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း စွမ်းရည်ကို ဝိညာဉ်ပစ္စည်းများ အပေါ် တစ်ကြိမ်သာ အသုံးပြုနိုင်၏။ သို့သော် သူတို့က အဆင့် ပိုမြင့်သွားပါက သူ ထပ်မံ အသုံးပြုနိုင်သော်လည်း အာနိသင်က ယခင်တစ်ခုကို ဖုံးလွှမ်းသွားမည် ဖြစ်သည်။
သူက အချိန်မဆိုင်းဘဲ အထူးစွမ်းရည်ကို အသက်သွင်းလိုက်ရာ ရေတွက်၍ မရနိုင်သော အစိမ်းရောင် သင်္ကေတများ လေထဲတွင် ပေါ်လာတော့သည်။ ၎င်းတို့ အားလုံးက အစိမ်းရောင် အလင်းတန်းများ အဖြစ် ပေါင်းစပ်သွားပြီး ဝိညာဉ်ပစ္စည်းများ ထဲသို့ ဝင်ရောက်သွား၏။
နောက်တစ်စက္ကန့်တွင် ထိုဝိညာဉ်ပစ္စည်းများ အားလုံး အလျင်အမြန် ကြီးထွားလာကြတော့သည်။ သူတို့၏ သစ်ကိုင်းများ တစ်စထက်တစ်စ ပို တုတ်ခိုင်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ဤနေရာရှိ ဝိညာဉ်ချီများမှာလည်း ပို ပါးလွှာလာခဲ့လေပြီ။
ကျန်းမင်က လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင် သမ္ဗန် လေထဲတွင် ပေါ်လာ၏။ သူက ၎င်းထဲမှ ဝိညာဉ်ချီ မြစ်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး ပြဿနာကို ဖြေရှင်းရန် ထိုနေရာ အနှံ့ ဖြန်းပက်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးက တစ်နာရီခန့် ကြာမြင့်သွား၏။
တောက်...
ပန်းတစ်ပွင့် ပွင့်လာခဲ့သည်။
ကျန်းမင် လှမ်းကြည့်လိုက်ရာ ပန်းနတ်သမီး သစ်ပင်ထက်ရှိ ပန်းတစ်ပွင့် ပွင့်လာသည်ကို တွေ့လိုက်ရ၏။ ယင်းထံမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး သေးငယ်သော လူသားပုံသဏ္ဍာန် တစ်ခု ထွက်ပေါ်လာတော့သည်။
သူမက (၃၀) စင်တီမီတာခန့်သာ အရပ်မြင့်ပြီး ကျောဘက်တွင် ဖောက်ထွင်းမြင်ရသော အတောင်ပံ နှစ်ခု ရှိနေသည်။ ပန်းဖတ်များဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းရနံ့များ သင်းပျံ့နေ၏။
သူမက ပျံသန်းလာပြီး ကျန်းမင်ကို ဦးညွှတ်လိုက်ကာ…
"သခင်..."
သူမ၏ အသံက အလွန် ချိုမြိန်ပြီး ဆွဲဆောင်မှု ရှိလွန်းသဖြင့် ကြားရသူတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေနိုင်သည်။
"မင်းက မွေးမွေးချင်း စကားပြောနိုင်တာလား..." ကျန်းမင်က မေးမိသည်။
"မင်းက မင်းအရင်က လူဆီကနေ မှတ်ဉာဏ်တွေကို အမွေဆက်ခံနိုင်တာများလား..."
"သခင်…ကျွန်မ မွေးဖွားလာတာနဲ့ စကြဝဠာဆီကနေ သတင်းစကားတွေ လက်ခံရရှိခဲ့တယ်... အဲ့ဒါကြောင့် စကားပြောနိုင်တာပါ... ပြီးတော့ သခင်က ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့သူ ဆိုတာကိုလည်း သိပါတယ် သခင်..."
"ဒါ တကယ် အံ့ဩစရာပဲ... မင်းမှာ နာမည် ရှိလား..."
"မရှိပါဘူး... ကျေးဇူးပြုပြီး နာမည်လေး ပေးပါ သခင်..."
"မင်းက ပန်းလေးထဲကနေ မွေးဖွားလာတာ... အခုလည်း နေ့လည်ခင်း ရောက်နေပြီဆိုတော့ မင်းကို ဟွာဟော့လို့ ခေါ်ကြတာပေါ့..."
"နာမည်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သခင်..."
[ဒင် - အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... နှစ် (၁,၀၀၀)စာ ကျင့်ကြံခြင်းနဲ့ သူတော်စင်နယ်မြေ တာအိုရင်ပြင် တစ်ခု ဆုချီးမြှင့်လိုက်ပါတယ်...]
ဆုလာဘ်ကို ရရှိလိုက်ချိန်တွင် ကျန်းမင်၏ မျက်လုံးများ တောက်ပသွားတော့သည်။ သူတော်စင်နယ်မြေ တာအိုရင်ပြင်၏ ဖော်ပြချက်ကို ဖတ်ရှုလိုက်ချိန်တွင်တော့ အသက်ရှူမှားလုမတတ် ဖြစ်သွားရ၏။
[သူတော်စင်နယ်မြေ တာအိုရင်ပြင် - ပိုင်ရှင်ထက် အဆတစ်ရာ အစွမ်းထက်သူ မဟုတ်ပါက မည်သူ့ကိုမဆို လွယ်ကူစွာ ဖိနှိပ် ထိန်းချုပ်နိုင်သည်။]
End
***