အမည် - ဟွာဟော့
လိင် - မိန်းကလေး
ကျင့်ကြံခြင်း အဆင့် - ချီကျင့်ကြံခြင်းအဆင့်
နောက်ခံ - ကျန်းမင်နှင့် ပတ်သက်ဆက်နွှယ်သူ
ရင်းနှီးကျွမ်းဝင်မှု - ၉၉
မွေးရာပါ ပါရမီ - ကြယ်ခြောက်လုံး
အခြေအနေ - သခင်ဖြစ်သူမှ မွေးမြူထားသူ။ သခင့်အား အလုပ်အကျွေးပြုရန် မွေးဖွားလာပြီး သခင့်အတွက် သေခံဝံ့သူ။ သဘာဝအရ အိမ်မှုကိစ္စ ကျွမ်းကျင်သူ။ ဆေးဥယျာဉ်ကို စောင့်ရှောက်ပေးနိုင်ပြီး သခင်ဖြစ်သူ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးနိုင်သည်။
ကျန်းမင် အားပါးတရ ရယ်မောမိနေ၏။
ပန်းနတ်သမီးလေးက သူ့အပေါ် ဤမျှ ရင်းနှီးကျွမ်းဝင်မှု ရှိနေလိမ့်မည်ဟု ကျန်းမင် မျှော်လင့်မထားခဲ့ချေ။ သူမ၏ မွေးရာပါ ပါရမီမှာ သိပ်မထူးခြားလှသော်ငြား သူ့အတွက်တော့ လုံလောက်သည်ထက် ပိုနေပြီဟုသာ သတ်မှတ်ထားသည်။
[ဒင်... ထူးခြားသော သက်ရှိ သုံးဦးအား အောင်မြင်စွာ မွေးမြူနိုင်ခဲ့သည့်အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် နှစ်သုံးထောင်စာ ကျင့်ကြံမှု၊ သူတော်စင်ခန္ဓာ တာအိုသန္ဓေသားလောင်းနှင့် အထွတ်အထိပ်အဆင့် ဉာဏ်အလင်းပွင့် လက်ဖက်ရွက် တစ်ထောင်တို့အား ချီးမြှင့်လိုက်ပါပြီ။]
နောက်ထပ် ပန်းနတ်သမီး သုံးပါး ထပ်မံ မွေးဖွားလာခဲ့၏။ သူ အဖိုးတန် ဆုလာဘ်များစွာ ရရှိခဲ့ပြီး ထိုအထဲမှ တစ်ခုမှာ သူတော်စင်ခန္ဓာ တာအိုသန္ဓေသားလောင်းပင် ဖြစ်ပေသည်။
ထိုနတ်သမီးလေးများအား ဟွာယွီ၊ ဟွာရွေ့နှင့် ဟွာကျင်း အဖြစ် အသီးသီး အမည်ပေးလိုက်တော့သည်။
ပန်းနတ်သမီးလေး လေးပါးမှာ သူ့ပတ်ပတ်လည်တွင် တဖျပ်ဖျပ် ပျံဝဲနေကြပြီး တစ်ခါတစ်ရံ သူ့ပါးပြင်အား ရင်းနှီးစွာ လာရောက် နမ်းရှိုက်တတ်ကြ၏။
" အရွယ်အစား အရမ်း သေးငယ်လွန်းနေတာလေးကတော့ နှမြောစရာပဲ..." ကျန်းမင် တီးတိုး ရေရွတ်လိုက်သည်။
ချူယန် အင်မော်တယ် ဂူအတွင်းမှ ထွက်ခွာလာပြီး မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့၏။ ကျန်းမင် ခဏတာ တွေဝေပြီးနောက် သူတော်စင်နယ်မြေ တာအိုရင်ပြင်အား ချူယန်တောင်ထွတ်နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။ ကန့်သတ်ချက် တစ်ခုအရ တောင်တစ်လုံးကိုသာ အသွင်ပြောင်းလဲနိုင်ခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ကျန်းမင်က သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး သူ့ထိန်းချုပ်မှုအောက် ရောက်နေကြောင်း ခံစာမိသွား၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ယုံမျှဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ခံစားချက်မျိုးပင်။ ဤချူယန်တောင်ထွတ်ပေါ်သို့ ခြေချလာပါက အင်မော်တယ်အဆင့်သို့ တက်လှမ်းခါနီး ကျင့်ကြံသူ တစ်ယောက်ပင် သူ့အား ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
"ငါ ချူယန်တောင်ထွတ်ပေါ်မှာ ရှိနေသရွေ့တော့ ပြိုင်ဘက်ကင်းပဲ ထင်တယ်..."
ကျန်းမင် ခေါင်းမော့၍ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ မိုးတိမ်တိုက်များက ကောင်းကင်ထက်၌ လွင့်မျောနေပြီး ယခုမှသာ သူ့ရင်ထဲ လုံခြုံမှု အပြည့်အဝ ခံစားလိုက်ရတော့၏။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ့ နေအိမ်လေးမှာ ခမ်းနားသော အိမ်တော်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
အလယ်ဗဟိုတွင် နှစ်ထပ် ပင်မအဆောက်အအုံကြီး တစ်ခုရှိပြီး ဘယ်ညာ တစ်ဖက်တစ်ချက်စီ၌ တွဲလျက် အဆောက်အအုံ နှစ်ခု နေရာယူထားသည်။
ခေါင်မိုးထက်တွင် အနားယူရန် မဏ္ဍပ်လေး တစ်ခု ရှိနေဆဲပင်။ သို့သော် တိုင်များတွင် နွယ်ပင်များ ရစ်ပတ်နေပြီး ပန်းများက နေရာအနှံ့ ဖူးပွင့်လို့။ ထိုသည်က အနားယူရန် အကောင်းဆုံး နေရာလေး တစ်ခုဟု ဆိုရပေမည်။
လေထုထဲတွင် မြူခိုးပါးပါးလေးများ ဖုံးလွှမ်းနေပြီး အောက်ဘက် တစ်ဝိုက်ကိုတော့ ခြံစည်းရိုးဖြင့် ဝန်းရံထားလေသည်။
ရုတ်တရက် သူ့ခေါင်းထဲ အကြံတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ဝိညာဉ်စမ်းရေတွင်း အပါအဝင် မြေအောက် အင်မော်တယ် ဂူတစ်ခုလုံးအား ခြံဝင်းအနောက်ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။
လက်ရှိအချိန်တွင် သူ့အား အနိုင်ယူနိုင်မည့်သူ အလွန် ရှားပါးသွားပြီ ဖြစ်သောကြောင့် ဘာကိုမျှ ပူပင်နေရန် မလိုတော့ပေ။
ကျန်းမင် ခြံဝင်းအနောက်ဘက်သို့ ထွက်လာပြီး ဝိညာဉ်စိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်ခင်း နှစ်ခုလုံးကို ပေါင်းစပ်လိုက်၏။ ယခုအခါ စိုက်ခင်းမှာ ခုနစ်မူ အကျယ်အဝန်းထိ ကျယ်ပြန့်သွားပြီး သူ့ကျင့်ကြံခြင်း အဆင့်နှင့်ပင် ကိုက်ညီနေလေပြီ။
ထို့နောက် သူက ဆေးဘုရင် အဆင့်ထိ ကြီးထွားနိုင်သော ဝိညာဉ်ဆေးပင် မျိုးစေ့အချို့ကို ထုတ်ယူကာ စိုက်ပျိုးလိုက်သည်။ စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ ဆေးပင်များမှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာတော့၏။
အလျင်အမြန် ကြီးထွားလာမှုကြောင့် စွမ်းအင် စားသုံးမှု များပြားလွန်းသဖြင့် ကျန်းမင် ခဏတာ တွေဝေပြီးနောက် ကောင်းကင်လှေပျံထဲမှ နတ်ဘုရားတောင်အား အပြင်သို့ ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုတောင်အား ဝိညာဉ်စမ်းရေတွင်း ဘေးနှင့် ဝိညာဉ်စိုက်ခင်း ဗဟိုတည့်တည့်၌ ချထားလိုက်သည်။
တာအိုရင်ပြင်၏ စွမ်းအားကို အသုံးပြု၍ ထိုအထဲရှိ ဝိညာဉ်အရည်များကို မြစ်တစ်စင်း အဖြစ် ပြောင်းလဲလိုက်၏။ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို ဝိညာဉ်စမ်းရေတွင်းထဲ စီးဝင်စေပြီး ကျန်သည်များကို ဆေးစိုက်ခင်း တစ်လျှောက် စီးဆင်းစေသည်။
"ဟွာဟော့... ဒီနေ့ကစပြီး ဒီနေရာကို မင်းဆီ အပ်လိုက်ပြီနော်..."
"စိတ်ချပါ သခင်..."
အစီအစဉ် အားလုံး ပြီးဆုံးသွားပြီးနောက် ကျန်းမင်လည်း ခေါင်မိုးထက်သို့ တက်လာခဲ့သည်။
ဟွာယွီနှင့် ဟွာရွေ့တို့မှာလည်း အနောက်မှ လိုက်လာကြ၏။
တစ်ယောက်က သူ့အတွက် လက်ဖက်ရည် ပြင်ဆင်ပေးပြီး ကျန်တစ်ယောက်က သစ်သီးများ ဆေးကြောပေးနေသည်။
လက်ဖက်ရည်နှင့် သစ်သီးများ တည်ခင်းပြီးနောက် တစ်ယောက်က သူ့အနောက်သို့ ပျံသန်းကာ ပခုံးများကို နှိပ်နယ်ပေးပြီး ကျန်တစ်ယောက်မှာ သူ့ပေါင်ပေါ် ဆင်းသက်၍ ခြေထောက်များအား နှိပ်နယ်ပေးတော့သည်။
ကျန်းမင် မျက်လုံးများ မှေးစင်းလျက် ရှိနေကာ…
"အာ... ဒါမှ ဘဝဆိုတာ..."
အချိန်တိုအတွင်းမှာပင် ဟွာယွီက လက်ဖက်ရည်ခွက်ကို ယူ၍ သူ့နှုတ်ခမ်းနားသို့ တေ့ပေးလာ၏။
ကျန်းမင် တစ်ငုံ သောက်လိုက်သည်နှင့် ဟွာရွေ့က စပျစ်သီး တစ်လုံးကို သူ့ပါးစပ်ထဲ ခွံ့ပေးလာသည်။
"တကယ်ကို ကောင်းလွန်းတယ်..."
သုံးရက်အချိန်မှာ မျက်တောင်တစ်ခတ် အတွင်း ကုန်လွန်သွားခဲ့လေပြီ။ ကျန်းမင်မှာ တာအိုသန္ဓေသားလောင်း များစွာ ရရှိခဲ့သောကြောင့် အံ့အားသင့်မနေတော့ချေ။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာပြီး သူ့ ဂိုဏ်းတူညီမလေး အခြေအနေကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ တောက်ပသွားတော့သည်။
သူမ မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲမှ ထွက်လာခဲ့လေပြီ။
လေပြည်နယ်၊ အင်မော်တယ် ရတနာသိုက် ရှိရာနေရာတွင်...
ရုတ်တရက် တောင်ထိပ်ပေါ်တွင် ဝဲဂယက် တစ်ခု ပေါ်လာပြီး လူတစ်စု ထွက်ပေါ်လာကြ၏။ အားလုံးမှာ လူငယ်များ ဖြစ်ကြသည်။ အမျိုးသားများမှာ ချောမော ခန့်ညားပြီး အမျိုးသမီးများမှာလည်း လှပ ကျော့ရှင်းလို့။
သူတို့ ပတ်ပတ်လည်တွင် မတူညီသော နတ်ဘုရား အလင်းရောင်များ လှည့်ပတ်နေသဖြင့် ပို၍ပင် လောကီဆန်သော ကျက်သရေကို ဖော်ဆောင်နေသည်။
"လင်းလုံ..." ရှီယောင်က ဇီလင်းလုံ ဘေးသို့ ဆင်းသက်လိုက်သည်။ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲကာ…
"မင်း အများကြီး ပိုသန်မာလာတယ် ဆိုတာ ငါခံစားလို့ ရတယ်... အထဲမှာ တကယ့် ရတနာကောင်း တစ်ခုခုနဲ့ ကြုံခဲ့ရတယ် မဟုတ်လား..."
"ဒီကို လာတဲ့သူတိုင်း အခွင့်အရေးကောင်းတွေ ရခဲ့ကြမယ်လို့ ငါယုံပါတယ်..." ဇီလင်းလုံက ပြုံး၍သာ တုံ့ပြန်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင်း မျက်မှောင်ကြုတ်သွားမိ၏။
"ဒါက ထူးဆန်းတယ်... လေထုထဲမှာ ဘာလို့ မိစ္ဆာစွမ်းအင်တွေ ဒီလောက်တောင် ထူထပ်နေရတာလဲ..."
ရှီယောင် ခဏတာ အံ့အားသင့်သွားသည်။ သူမ မျက်လုံးများ မှိတ်၍ ပတ်ဝန်းကျင်ကို ခံစားကြည့်ပြီးနောက် ပြန်ဖွင့်လိုက်ချိန်တွင် မျက်နှာထား လေးနက်သွားကာ…
"ဒါက ကြောက်စရာ ကောင်းတယ်... ကြီးမားပြီး ဆိုးရွားတဲ့ အရာတစ်ခုခု လာနေပြီလို့ ခံစားရတယ်... ဘာတွေ ဖြစ်နေတာလဲ..."
သူတို့သာမက ကျန်လူများ အားလုံးလည်း လေထုထဲမှ ထူးဆန်းမှု တစ်စုံတစ်ရာကို သတိပြုမိသွားကြသည်။
ထိုစဉ် လူတစ်စု ရုတ်တရက် ထွက်ပေါ်လာ၏။ သူတို့ထဲမှ အချို့မှာ လူလတ်ပိုင်းများ ဖြစ်ပြီး အချို့မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
"အဘွားဝမ်... ဘာတွေ ဖြစ်နေတာလဲ သိလား..." ရှီယောင်က သူမ ဘေးသို့ ဆင်းသက်လာသော အဘွားအိုကို မေးလိုက်သည်။ တဆက်တည်းမှာပင် ဇီလင်းလုံကိုလည်း မိတ်ဆက်ပေးလိုက်၏။
အဘွားဝမ်မှာ ရှီယောင်၏ အစောင့်အရှောက် ဖြစ်သည်။ ကျုံးပြည်နယ်ရှိ ရိယွဲ့ သန့်စင်သော နယ်မြေ၏ မူလဝိညာဉ်အဆင့် အကြီးအကဲ တစ်ဦးလည်း ဖြစ်ပေသည်။
"သမီးတို့ မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲ ဝင်သွားပြီးတဲ့နောက် အရှေ့ဘက်ဒေသမှာ စစ်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့တယ်..." အဘွားဝမ်က ရှင်းပြလာသည်။
"ယင်မိစ္ဆာဂိုဏ်း၊ အရှေ့ပင်လယ်က လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့က ပူးပေါင်းပြီး ချင်းယွင်ဂိုဏ်းကို စစ်ကြေညာခဲ့ကြတာပဲ... တောင်တွေ ပြိုကျပြီး မြေကြီးတွေ နိမ့်ကျသွားတယ်... မြစ်တွေ လမ်းကြောင်း ပြောင်းသွားပြီး သက်ရှိတွေ အကုန် သေကုန်တယ်... အရှေ့ဘက်ဒေသ တစ်ခုလုံး ပျက်စီးမတတ် ကပ်ဘေးကြီးထဲ ရောက်နေခဲ့တာ... ဂိုဏ်းတွေ၊ မိသားစုတွေနဲ့ လူအများအပြား အသတ်ခံခဲ့ရတယ်... အရမ်းကို အဖြစ်ဆိုးတာပဲ... ဒါပေမဲ့ အရှေ့ဘက်ဒေသကြီး ကျဆုံးတော့မယ်လို့ လူတိုင်း ထင်နေချိန်မှာပဲ မဟာမိတ် သုံးဖွဲ့လုံး ရှင်းလင်း ခံလိုက်ရတယ်လေ..."
တော်ဝင်မြေ၏ အကြီးအကဲ တစ်ဦးဖြစ်ပြီး သူတော်စင် သမီးတော်၏ အစောင့်အရှောက် တစ်ဦး ဖြစ်သူပီပီ သတင်းအချက်အလက် ကြွယ်ဝသည်မှာ ပြောစရာပင် မလိုတော့။ မဟာမိတ် သုံးဖွဲ့လုံးကို ရှင်းလင်းခဲ့သူ မည်မျှ အစွမ်းထက်ကြောင်း သူမ ကောင်းကောင်း သိထားပေသည်။
ကျုံးပြည်နယ်ရှိ တော်ဝင်မြေအားလုံး ပူးပေါင်းခဲ့လျှင်ပင် ထိုမဟာမိတ် သုံးဖွဲ့ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။ သို့တိုင် ထိုသူက လုပ်ဆောင်နိုင်ခဲ့ပြီး တစ်ညတည်းနှင့် အားလုံးကို ရှင်းလင်းပစ်ခဲ့ခြင်းပင်။
ရှီယောင်က အာမေဋိတ်သံဖြင့်…
"ဘုရားရေ... ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တာပဲ..."
"စီနီယာ... ကျိုယန်ဂိုဏ်းရဲ့ အခြေအနေကိုကော သိလား..." ဇီလင်းလုံက တုန်လှုပ်သော အသံဖြင့် မေးလိုက်သည်။
သူမ အနာဂတ်တွင် ဖြစ်လာမည့် အရာအားလုံးကို သိထားသော်လည်း အရှေ့ဘက်ဒေသတွင် ဤမျှ အစောကြီး ကပ်ဘေး ကျရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ လက်ရှိတွင် ဂိုဏ်းတူအစ်ကို အတွက်သာ စိုးရိမ်နေမိသည်။ သူမ ဂိုဏ်းတူအစ်ကို အဆင်ပြေနေမှာပါဟု ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ဖြေတွေးနေသည့်တိုင် စိုးရိမ်စိတ်များကိုတော့ မထိန်းချုပ်နိုင်ခဲ့ချေ။
"ကျိုယန်ဂိုဏ်းလား..." အဘွားဝမ် ခဏတာ စဉ်းစားပြီးမှ ဖြေလာသည်။ "အဲ့ဒီနေရာကို ငါသိတယ်... ဒါပေမဲ့ စစ်ပွဲက အဲ့ဒီအထိ မကူးစက်သွားတော့ သူတို့ အဆင်ပြေလောက်မှာပါ..."
"တော်ပါသေးရဲ့..." ဇီလင်းလုံ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
ထိုစဉ် မနီးမဝေးမှ ငိုကြွေးသံ အချို့ကို ရုတ်တရက် ကြားလိုက်ရ၏။
"သခင်လေး... နောက်ဆုံးတော့ ထွက်လာပြီပေါ့... ရှီမင် မိသားစုတော့ ပျက်စီးသွားပါပြီ... ကျွန်တော်တို့ လူတွေ အကုန် သေကုန်ပြီ... ကျွန်တော်က သခင်လေးနဲ့ ဒီကို လိုက်လာလို့သာ ကပ်ဘေးကနေ လွတ်လာတာ... ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမလဲ သခင်လေး..."
"ယွဲ့ယွဲ့... ငါတို့ မျိုးနွယ်စု ပြုတ်ပြုတ်ပြုန်းသွားပြီ... အားလုံး သေကုန်ပြီ..."
အချို့မှာ သူတို့ မိသားစုများကို ဆုံးရှုံးခဲ့ရပြီး အချို့မှာ သူတို့ မျိုးနွယ်စု တစ်ခုလုံးကို ဆုံးရှုံးခဲ့ရလေပြီ။
အားလုံးမှာ ကိုယ့်ကိုယ်ကိုယ် ပို သန်မာလာစေရန် မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲ ဝင်ရောက်ခဲ့ကြသော်လည်း ထွက်လာချိန်တွင်မူ အထီးကျန်စွာ ကျန်ရစ်ခဲ့ကြရသည်။
ပါရမီရှင် အများအပြားမှာ တိတ်ဆိတ်သွားကြ၏။ လက်ရှိအချိန်တွင် မည်သို့ ရှေ့ဆက်ရမည်ကိုပင် မသိကြတော့ပေ။
"သူတော်စင်သမီးတော်... အရှေ့ဘက်ဒေသမှာ နေဖို့က မလုံခြုံတော့ဘူး... ကျွန်မတို့ တော်ဝင်မြေကိုပဲ ပြန်ကြရအောင်..." အဘွားဝမ်က အကြံပြုလာသည်။
"ပြန်မယ် ဟုတ်လား..." ရှီယောင် ခဏတာ တွေဝေပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ "အရှေ့ဘက်ဒေသမှာ ဖြစ်သွားတဲ့ ကိစ္စက ကပ်ဘေး တစ်ခု ဖြစ်နိုင်ပေမဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တယ်... ငါ နည်းစနစ်တွေကို အဆင့်မြင့်အောင် လေ့ကျင့်ချင်တယ်... ဒါကြောင့် အရှေ့ဘက်ဒေသမှာပဲ နေပြီး ဆက်ကျင့်ကြံမယ်... ပြီးတော့ လင်းလုံက ငါ့သူငယ်ချင်းပဲလေ... ငါ့သူငယ်ချင်းကို အန္တရာယ်ကြားထဲမှာ တစ်ယောက်တည်း အဖြစ်ခံမှာ မဟုတ်ဘူး..."
ပြောပြီးသည်နှင့် သူမ ဇီလင်းလုံဘက် လှည့်၍... "ငါ မင်းဆီ လိုက်ခဲ့လို့ ရမလား လင်းလုံ..."
"ရှီယောင်..." လင်းဟန်က လေထဲမှတဆင့် သူတို့ထံ ပျံသန်းလာသည်။ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက်... "ငါနဲ့ ချင်းယွင်ဂိုဏ်းကို လိုက်ခဲ့ပါလား... ညီမလေး လင်းလုံကောပဲ... ငါ အင်မော်တယ် အခွင့်အရေး တစ်ခုနဲ့ ကြုံခဲ့ရတယ်... ပြီးတော့ နင်တို့ နှစ်ယောက်လုံးနဲ့ အတူ ကျင့်ကြံချင်လို့ပါ..."
"ငါ မလိုက်တော့ဘူး ထင်တယ်..." ဇီလင်းလုံက ကမ်းလှမ်းမှုကို ငြင်းပယ်၍ ခေါင်းခါလိုက်သည်။ ထို့နောက် လေထဲသို့ ပျံဝဲကာ ပြောလိုက်၏။ "ငါ ကိုယ့်ဂိုဏ်းကိုပဲ ပြန်တော့မယ်... ရှီယောင် ငါနဲ့ လိုက်နေလို့ ရတယ်နော်..."
"ကောင်းပြီလေ..." ရှီယောင်က လင်ဟန်အား တောင်းပန်သည့် အပြုံးဖြင့် ပြုံးပြပြီး ဇီလင်းလုံ နောက်သို့ လိုက်သွားတော့သည်။
တဖြည်းဖြည်း ဝေးကွာသွားသော သွယ်လျသည့် ပုံရိပ်နှစ်ခုကို ကြည့်ရင်း လင်းဟန်၏ အကြည့်တို့မှာ စက္ကန့်နှင့်အမျှ ပို အေးစက်လာခဲ့၏။
အဘွားဝမ်က လင်းဟန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုမိန်းကလေး ဘာတွေးနေမှန်း သိသော်လည်း တစ်ခွန်းမှ ဝင်မပြောတော့ဘဲ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။
တောင်ထိပ်ပေါ်ရှိ လူအများစုမှာလည်း အသီးသီး ထွက်ခွာသွားကြသည်။
သို့သော် သူတို့ အိမ်ပြန်ရောက်ချိန်တွင် စောင့်ကြိုနေသည်မှာ မိသားစုများ၏ နွေးထွေးသော ကြိုဆိုမှု မဟုတ်ဘဲ ကြီးမားသော ချိုင့်ခွက်ကြီးများနှင့် ပျက်စီးခြင်း အတိသာ ဖြစ်ပေလိမ့်မည်။
"လင်းလုံ... ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တာ... ငါတို့ အရင်ဆုံး သွားစုံစမ်းကြည့်သင့်တယ် ထင်တယ်... ဘာလို့ ပြန်ဖို့ ဒီလောက်တောင် လောနေရတာလဲ..."
"ရှီယောင်... ငါ ဂိုဏ်းတူအစ်ကို့ကို အရမ်း လွမ်းနေလို့..."
"ဟင်... မင်း သူနဲ့ ခွဲနေရတာ တစ်လပဲ ရှိသေးတာလေ... အဲ့လောက်တောင် လွမ်းနေရလား... မင်း သူ့ကို ချစ်နေတာများလား..."
"ဂိုဏ်းတူအစ်ကိုက ငါ့ရဲ့ အရင်းနှီးဆုံး မိသားစုဝင်ပဲ..."
"ပြန်သွားစရာ လူတစ်ယောက် ရှိနေတာ ကောင်းပါတယ်... ဒါပေမဲ့ စိတ်မဆိုးပါနဲ့ လင်းလုံရယ်... မင်းက ဖီးနစ်ငှက်ပဲ... မင်းက ကောင်းကင်ယံနဲ့ပဲ ထိုက်တန်တာ... မင်းရဲ့ ဂိုဏ်းတူအစ်ကိုမှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ် ဆိုပေမဲ့ တချိန်ကျ မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်..."
"ဂိုဏ်းတူအစ်ကိုက ငါ့ကို ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ မဟုတ်ဘူး..." ဇီလင်းလုံက ပြတ်သားသော မျက်နှာထားဖြင့် တုံ့ပြန်လိုက်သည်။ "တကယ်လို့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ် ဆိုရင်တောင် ငါ ကျေကျေနပ်နပ်ပဲ... ဘာလို့လဲဆိုတော့ ငါ သူ့ကို ချစ်တယ်... သူနဲ့ အတူရှိနေဖို့ အတွက်ဆို ငါ့ဘဝရဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးဘူး..."
"မင်း..." ရှီယောင် ရှုပ်ထွေးသွားပြီး... "မင်း အဲ့ဒါ သေချာလို့လား..."
"သေချာတယ်..."
"ဒါကိုပဲ အချစ်လို့ ခေါ်ကြတာလား..."
ဇီလင်းလုံ ဘာမှ ထပ်မပြောတော့ပေ။
ဇီလင်းလုံ ကျိုယန်ဂိုဏ်းသို့ ရောက်လာချိန်တွင် နေဝင်သွားခဲ့လေပြီ။ သူမ ချူယန်တောင်ထွတ်သို့ ရောက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ ကျန်းမင်နှင့် ပန်းနတ်သမီး အနည်းငယ်ပင်။
သူမ ထိုပန်းနတ်သမီးများကို လျစ်လျူရှု၍ ကျန်းမင် ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက် ဖက်တွယ်လိုက်ကာ…
"အစ်ကိုကြီး... ညီမလေး အစ်ကို့ကို အရမ်း လွမ်းနေခဲ့တာ..."
End
***