အဝေးဆီတွင် နေမင်းကြီးက တဖြည်းဖြည်း ဝင်ရောက်သွားလေပြီ။
ခေါင်မိုးထက်တွင်တော့ ဇီလင်းလုံက ကျန်းမင်နှင့် တစ်သားတည်း ပေါင်းစပ်သွားလိုသည့်အလား သူ့ ရင်ခွင်ထဲတွင် တိုးဝှေ့နေ၏။
"ဘာဖြစ်လို့လဲ အရူးမလေးရဲ့..."
"ဘာမှမဖြစ်ပါဘူး... အစ်ကို့ကို အရမ်းလွမ်းနေလို့ပါ..."
"ဟင်... ဟားဟား... တစ်လလောက်ပဲ ရှိသေးတာကို..."
"တစ်လနေနေသာသာ တစ်ခဏလေးတောင် အစ်ကို့ဘေးကနေ မခွာချင်ဘူး... ဒီတစ်ခါတော့ အစ်ကို့ကို ထားပြီး ဘယ်မှ မသွားတော့ဘူး..."
"ကောင်းပါပြီကွာ..."
ကျန်းမင်က သူမ၏ ဆံပင်ရှည်များကို လက်ချောင်းများဖြင့် ထိုးဖွရင်း ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်သည်။
ရှီယောင်လည်း ထိုနေရာသို့ ရောက်ရှိလာခဲ့၏။
သူတို့နှစ်ယောက် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဖက်တွယ်နေကြသည်ကို မြင်လိုက်ရချိန်တွင် သူမမျက်နှာလေးမှာ ရှက်သွေးဖြာကာ ပန်းရောင်သန်းသွားတော့သည်။ သို့သော် သူမ ခေါင်းလှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးထောင့်မှနေ၍ သူတို့ပတ်လည်၌ တဝဲလည်လည် ပျံသန်းနေသော နတ်သမီးလေး နှစ်ပါးအား သတိထားမိလိုက်ပေသည်။
"သူတို့က နတ်သမီးလေးတွေလား..." ရှီယောင်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။
နတ်သမီးလေး နှစ်ပါးစလုံးမှာ အလွန် နုနယ်ပြီး ချစ်စရာ ကောင်းလွန်းသဖြင့် သူမကိုယ်တိုင်ပင် ပွေ့ဖက် နမ်းရှိုက်ချင်စိတ်များ ပေါက်လာရ၏။
ကျန်းမင်က ဇီလင်းလုံအား အသာအယာ တွန်းဖယ်ကာ…"ကဲ... ကဲ... အရမ်း ကပ်ချွဲမနေနဲ့တော့... ဧည့်သည် ရောက်နေတယ်..."
"ညီမလေးက အစ်ကိုကြီးကို ဖက်ထားချင်လို့ကို..." ဇီလင်းလုံက နှုတ်ခမ်းစူ၍ တုံ့ပြန်လာသည်။ ထို့နောက် နတ်သမီးလေးများကို ကြည့်ကာ မေးလာ၏။ "အစ်ကိုကြီး... သူတို့က ဘာလေးတွေလဲ..."
"သူတို့က ပန်းနတ်သမီးလေးတွေလေ... ပန်းပွင့်တွေထဲကနေ မွေးဖွားလာတာ..." ကျန်းမင်က ရှင်းပြလိုက်သည်။
ဇီလင်းလုံ ခေါင်းညိတ်ပြလိုက်၏။ သူမ စိတ်ထဲ ထူးဆန်းနေသော်ငြား ဆက်လက် မေးမြန်းနေခြင်း မပြုတော့ချေ။
သူမ၏ ဂိုဏ်းတူအစ်ကိုတွင် အင်မော်တယ် အခွင့်အရေး တစ်ခု ရှိနေကြောင်း သူမ ကောင်းကောင်း သိထားသည်။ မည်သို့ပင်ဆိုစေ ထျန်းယွမ် လောကကြီးထဲတွင် ပန်းနတ်သမီးများ ထွက်ပေါ်လာစရာ အကြောင်း မရှိပေ။
"သခင်မလေး ရှီယောင်... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်..." ကျန်းမင်က နှုတ်ခွန်းဆက်လိုက်သည်။
သူ့အမြင်တွင် ရှီယောင်မှာ ယခင်ကထက်ပင် ပို လှပလာသကဲ့သို့။ ဇီလင်းလုံလောက် မလှပသော်ငြား သူမနည်းသူမဟန်ဖြင့် ဆွဲဆောင်မှု ရှိလှသည်။ ကောက်ကြောင်းပေါ်လွင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူမ၏ အပြုံးမှာလည်း ရင်ခုန်ချင်စရာ ကောင်းလှ၏။
"တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုကျန်း..."
ကျန်းမင်ကဲ့သို့ လူတစ်ယောက်က ဇီလင်းလုံလို ပါရမီရှင် တစ်ယောက်အား နောက်ဆွဲနေမည်ကို ရှီယောင် စိတ်ပျက်နေမိသော်လည်း ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းထားနိုင်ဆဲပင်။ သူမက နွေးထွေးစွာ ပြုံးပြရင်း ဆက်ပြောလာသည်။ "သခင်မလေးလို့ ခေါ်စရာ မလိုပါဘူး... ရှီယောင်လို့ပဲ ခေါ်ပါ..."
"ကောင်းပါပြီ... ရှီယောင်..." ကျန်းမင်က တုံ့ပြန်လိုက်၏။
သူမ မျက်လုံးထဲရှိ အထင်သေးသည့် အရိပ်အယောင်များကို သတိထားမိသော်လည်း သူ ဂရုမစိုက်ပေ။
မည်သို့ဖြစ်စေ သူက ရွှေအမြုတေအဆင့် တစ်ယောက်သာ မဟုတ်ပါလား။
"ဟွာယွီ... ဟွာရွေ့... မှတ်ထားကြ... အခုကစပြီး သူက ဒီအိမ်တော်ရဲ့ သခင်မလေးပဲ..." ကျန်းမင်က ဇီလင်းလုံကို လက်ညှိုးထိုးပြရင်း ပြောပြသည်။
"ဟုတ်ကဲ့ပါ သခင်..." ပန်းနတ်သမီးလေး နှစ်ပါးစလုံးက ရိုသေစွာ ဖြေကြားလာကြသည်။ ထို့နောက် ဇီလင်းလုံကို လှမ်းကြည့်၍ ချိုသာသော အသံလေးဖြင့်... "သခင်မလေးက အရမ်း လှတာပဲ... နတ်သမီးလေးများလား..."
ဇီလင်းလုံက ပြုံးမိသွားကာ…"နင်တို့ နှစ်ယောက်က တကယ်ကို ချိုသာလွန်းတာပဲ..."
ထို့နောက် ပန်းနတ်သမီးလေး နှစ်ပါးက သူတို့အား လက်ဖက်ရည် တည်ခင်းပေးကြသည်။
ကြိမ်ကုလားထိုင်ပေါ်တွင် ကျန်းမင်က ဘယ်ဘက်၊ ဇီလင်းလုံက ညာဘက်၌ ထိုင်နေကြ၏။ သူမက မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲတွင် ကြုံတွေ့ခဲ့ရသမျှကို ပြန်လည် ဖောက်သည်ချနေလေသည်။
ရှီယောင်ကိုတော့လော... သူတို့ နှစ်ယောက်လုံး လုံးဝ လျစ်လျူရှုထားကြတော့သည်။
ကြည့်ရတာ ငါက ဒီနေရာမှာ ပိုနေတဲ့သူ ဖြစ်နေပြီထင်တယ်... ရှီယောင်မှာ သူတို့နှစ်ယောက်ကို ကြည့်ရင်း ဆွံ့အစွာဖြင့် ကိုယ့်ကိုယ်ကိုယ်သာ တွေးနေမိတော့၏။
သူမက ရိယွဲ့ တော်ဝင်မြေ၏ သန့်စင်သော သတို့သမီးပင်။ သွားလေရာ နေရာတိုင်းတွင် လူတိုင်း၏ ယဉ်ကျေးစွာ ဆက်ဆံမှုကို ခံရမြဲ ဖြစ်သည်။ လူအများက သူမ ပတ်လည်တွင် ဝန်းရံ၍ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးတတ်ကြသော်လည်း ဤနေရာတွင်တော့ အရာအားလုံးက ကွာခြားနေခဲ့သည်။ သူမကို မမြင်ရသည့် လူတစ်ယောက်လိုပင်။
ထိုနတ်သမီးလေးများကို သူမ ပွေ့ဖက်ချင်နေသော်ငြား သူတော်စင် သမီးတော် တစ်ယောက်၏ ဂုဏ်သိက္ခာက ထိုသို့ပြုလုပ်ခွင့် မပေးပေ။
သူမ လှည့်ထွက်သွားရန် ဆုံးဖြတ်လိုက်ချိန်မှာပင် လေထုထဲမှ တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိလိုက်သည်။
"ဒါက..." ဤနေရာတွင် ဝိညာဉ်ချီများ အလွန် ထူထပ်နေကြောင်း သူမ သတိပြုမိသွား၏။ ပတ်ဝန်းကျင်ရှိ မြူခိုးများပင်လျှင် ဝိညာဉ်ချီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်နေသည်။
သို့သော် ဤသည်က သူမကို အံ့အားအသင့်စေဆုံး အရာတော့ မဟုတ်သေး။ မည်သို့ပင်ဆိုစေ ရိယွဲ့ တော်ဝင်မြေတွင်လည်း ဤကဲ့သို့ နေရာမျိုး အများအပြား ရှိသည် မဟုတ်ပါလား။
သူမကို အံ့အားအသင့်စေဆုံး အရာမှာ ဤနေရာရှိ တာအိုစည်းချက်များပင်။ သူမတို့၏ တော်ဝင်မြေရှိ ဉာဏ်အလင်းပွင့် သန့်စင်သော မြေထက်ပင် ပို ရှင်းလင်းစွာ ခံစားနေရ၏။
အကယ်၍ သူမသာ ဤနေရာတွင် ကျင့်ကြံနိုင်ပါက သူမ၏ ကျင့်ကြံခြင်း အမြန်နှုန်းနှင့် အဆင့်မှာ မျက်တောင်တစ်ခတ် အတွင်း တဟုန်ထိုး တက်လာပေလိမ့်မည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ထိုအချက်ကို သဘောပေါက်သွားသည်နှင့် ရှီယောင် အာမေဋိတ်သံ ထွက်သွားရတော့သည်။
ဉာဏ်အလင်းပွင့် သန့်စင်သော မြေကို ဖန်တီးရန် အန္တိမအဆင့်ဉ်နှင့် အကြို အင်မော်တယ်အဆင့် မျိုးဆက်ပေါင်း များစွာ၏ အားထုတ်မှုများ လိုအပ်ခဲ့သော်လည်း ဤနေရာနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့သလိုပင်။
သူမ အလွန် အံ့အားသင့်သွားသဖြင့် ခေါင်းထဲ၌ ခဏတာ ဗလာကျင်းသွားခဲ့လေသည်။
သူမ ကျန်းမင်ဘက်သို့ ပြန်ကြည့်လိုက်ချိန်တွင်တော့ သူမ၏ အကြည့်များ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
"ရှီယောင်... နင် ပြန်တော့မလို့လား..." ဇီလင်းလုံက မေးလာ၏။ "ငါ အစ်ကိုကြီးနဲ့ ပြောစရာတွေ အများကြီး ရှိသေးလို့ လိုက်မပို့တော့ဘူးနော်... ကျုံးပြည်နယ်ကို လာတဲ့အခါ နင့်ကို လာရှာပါ့မယ်..."
"ငါ... ငါ... ငါ..." ဇီလင်းလုံ ဘာကို ဆိုလိုနေမှန်း ရှီယောင် ကောင်းကောင်း သိထားသည်။ သူမကို ပြန်ရန် သွယ်ဝိုက်ပြီး နှင်ထုတ်နေခြင်းပင်။
သူတော်စင် သမီးတော် တစ်ယောက် အနေဖြင့် သူမ ချက်ချင်း လှည့်ထွက်သွားသင့်သည်။ သို့သော် သူမ ရင်ထဲ၌ ဒေါသများ ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားတော့၏။
သူမက ဇီလင်းလုံ၏ အရိပ်အမြွက်ကို နားမလည်ဟန် ဆောင်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး... "လင်းလုံ... ငါ ဒီရောက်တာ သိပ်မကြာသေးဘူးလေ... တကယ်လို့ ငါ အခုချက်ချင်း ပြန်သွားရင် အပြင်က လူတွေက ငါတို့ နှစ်ယောက် ရန်ဖြစ်ထားကြတယ်လို့ ထင်သွားလိမ့်မယ်... ကောလာဟလတွေကြောင့် ငါတို့ ဆက်ဆံရေးကို အပျက်ခံလို့ မဖြစ်ဘူးလေ... ငါ ဒီမှာပဲ ခဏလောက် နေပြီး ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပြီ... ဒါ့အပြင် တစ်ယောက်ယောက်များ နင့်ဂိုဏ်းကို လာတိုက်ခိုက်ရင် ငါက အကူအညီ ဖြစ်နိုင်သေးတယ်..."
ဇီလင်းလုံ မျက်လုံးများ မှေးစင်းသွားပြီး သူမ၏ စိတ်ခံစားချက် အနည်းငယ် ပြောင်းလဲသွားသည်ကို ကျန်းမင် သတိပြုမိေန၏ ။ သူက ဇီလင်းလုံ၏ လက်ကို အသာပုတ်၍ ရှီယောင်အား ပြုံးပြရင်း... "ရပါတယ်... ညီမလေး ရှီယောင် ဒီမှာ နေတာက ငါတို့အတွက် ဂုဏ်ယူစရာပါပဲ... ဒါပေမဲ့ ငါတို့ဆီမှာ ဧည့်သည် လာတာ ရှားတော့ ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
ရှီယောင် မင်သက်သွားသည်။
သူက ခုလေးတင် ငါ့ကို ညီမလေး ရှီယောင်လို့ ခေါ်လိုက်တာလား... ငါက သူ့ထက် အသက်ပိုကြီးတယ်၊ ပိုသန်မာတယ်... ပြီးတော့ သန့်စင်သော နယ်မြေရဲ့ သူတော်စင် သမီးတော်မီးလေ... သူက ဒုတိယတန်းစား ဂိုဏ်းငယ်လေး တစ်ခုရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲကို... ဘယ်လို သတ္တိနဲ့ ငါ့ကို အဲ့လို ခေါ်ရဲရတာလဲ... ငါ့ကို "ညီမလေး" လို့ ခေါ်ဖို့ ဘယ်သူက သူ့ကို အခွင့်အရေးနဲ့ သတ္တိတွေ ပေးထားတာလဲ...
သို့သော်လည်း ဇီလင်းလုံကို ကြည့်ပြီး ပတ်ဝန်းကျင်ရှိ ကြီးမားလှသော တာအိုစည်းချက်များ အကြောင်း တွေးမိချိန်တွင် ကျန်းမင်အား လောလောဆယ် သည်းခံထားရန် ဆုံးဖြတ်လိုက်၏။
ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ငါသိတာနဲ့ နင့်ကို ဇောက်ထိုးဆွဲကြိုးချပြီး ကျေနပ်တဲ့အထိ အပြစ်ပေးပစ်မယ်...
"ဒါပေါ့... ငါ စိတ်ထဲ မထားပါဘူး..." ရှီယောင်က ပြန်ပြောသည်။ "ငါ ဒီနား တစ်ဝိုက် လမ်းလျှောက်ကြည့်လို့ ရမလား..."
"ရတာပေါ့... လွတ်လွတ်လပ်လပ် သာကြည့်ပါ..." ကျန်းမင် ခေါင်းညိတ်ပြလိုက်သည်။
" ကျေးဇူးတင်ပါတယ်..." ရှီယောင်က တုံ့ပြန်လိုက်ပြီး မဏ္ဍပ်ထဲရှိ ကျန်းမင်နှင့် ဇီလင်းလုံကို ထားရစ်ကာ တောင်အနောက်ဘက်သို့ ပျံသန်းသွားတော့သည်။
ဇီလင်းလုံက ကျန်းမင်အနားသို့ ပိုတိုးကပ်လာသည်။ သူမ ခေါင်းကို ကျန်းမင် လက်မောင်းပေါ် မှီ၍ ညည်းညူလာ၏။ "ဒီ သူတော်စင် သမီးတော်က တကယ် စိတ်အိုက်စရာ ကောင်းတာပဲ..."
"သူမက သူတော်စင် သမီးတော် တစ်ယောက် ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အေးအေးဆေးဆေး ထိန်းချုပ်နိုင်တာတော့ အတော်လေး ရှားပါးတယ်နော်..." ကျန်းမင် တဟက်ဟက် ရယ်မောမိသည်။ "ဒါနဲ့ မင်းတို့ နှစ်ယောက်က အချစ်ဆုံး သူငယ်ချင်းတွေ မဟုတ်ဘူးလား..."
"သူနဲ့က ခဏလေးပဲ ဆုံဖူးတာပါ... အချစ်ဆုံး သူငယ်ချင်း မဟုတ်ပါဘူးနော်... ဂိုဏ်းတူအစ်ကို... သူမရဲ့ ကောက်ကြောင်းပေါ်လွင်တဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ဝင်စားနေတာလို့တော့ မပြောနဲ့နော်..."
"ဘာတွေ လျှောက်ပြောနေတာလဲ... သူက သူတော်စင် သမီးတော်လေ... ငါနဲ့ လုံးဝ တန်တာမှ မဟုတ်တာ..."
"အဲ့ဒါဆို အစ်ကို့အဆင့်လောက် ရှိတဲ့သူဆိုရင် စိတ်ဝင်စားမယ်ပေါ့..."
"ငါ့ကို လိုက်မစမ်းနဲ့တော့ကွာ..."
"ဟီးဟီး... ဒါနဲ့ ဒီနေရာက တာအိုစည်းမျဉ်းတွေက မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲက ဉာဏ်အလင်းပွင့် နေရာထက်တောင် ပိုထူထပ်ပြီး အရည်အသွေး ပိုမြင့်နေတယ်နော်... ဒါကရော အစ်ကို့ရဲ့ အင်မော်တယ် အခွင့်အရေး တစ်ခုပဲလား..."
"အင်း... ညီမလေးလည်း အခွင့်အရေးတွေ ရှာဖို့ အပြင်ထွက်စရာ မလိုတော့ဘူး... ဘာလိုလို အစ်ကို့ကိုသာ ပြောလိုက်..."
"ဂိုဏ်းတူအစ်ကိုက အကောင်းဆုံးပဲ..."
သူမ လှည့်ကာ သက်သောင့်သက်သာ ရှိမည့် နေရာတစ်ခု ရှာ၍ ကျန်းမင် ကိုယ်ပေါ်သို့ မှီချလိုက်လေသည်။
တောင်အနောက်ဘက်တွင်တော့ ဤနေရာမှာ အလွန် သာမန်ဟု ထင်ရသော်လည်း အကန့်အသတ်မဲ့သော တာအိုစည်းမျဉ်းများဖြင့် ပြည့်နှက်နေကြောင်း ရှီယောင် သတိပြုမိနေသည်။
သူမက မြူများ ဖုံးလွှမ်းနေသော နေရာကို လှမ်းကြည့်လိုက်၏။ ထိုမြူခိုးများကို ဖောက်ထွင်းမြင်နိုင်ရန် မျက်လုံးများ မှေးစင်း၍ ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ။
ဒီနေရာမှာ ဘာမှော်အစီအရင်မှ မရှိဘူး... သာမန် မြူတွေပဲကို ငါက ဘာလို့ ဖောက်မမြင်ရတာလဲ...
"ဒီတောင်ထွတ်က တကယ်ကို မယုံနိုင်စရာ နေရာတစ်ခုပဲ..." ရှီယောင် တီးတိုး ရေရွတ်မိသွားသည်။ သူမ အနောက်သို့ လှည့်ကြည့်ရာ ကျန်းမင်နှင့် ဇီလင်းလုံကို မြင်နေရသော်လည်း မည်သည့်အရာကိုမျှ မခံစားရသလို အသံတစ်သံမျှလည်း မကြားရပေ။
သူက တကယ်ပဲ ရွှေအမြုတေ အဆင့်မှာ ရှိနေတာလား... ဒါက စိတ်ဝင်စားစရာ ကောင်းလာပြီ... ရှီယောင် ပြုံးလိုက်၏။ ငါ ဆုံးဖြတ်လိုက်ပြီ... ဒီမှာပဲ ဆက်နေမယ်... နင်တို့ နှင်ထုတ်ရင်တောင် ထွက်မသွားဘူး... နင်တို့ နှစ်ယောက် ဖက်နေတာ တွေ့ရင်တောင် မျက်လုံးမှိတ်ပြီး မမြင်ချင်ယောင် ဆောင်နေလိုက်မယ်... ငါ့ရှေ့မှာတော့ လိင်ပိုင်းဆိုင်ရာ နှစ်ကိုယ်တူ ကျင့်စဉ်တွေ ကျင့်ရဲတဲ့ သတ္တိမျိုး နင်တို့မှာ ရှိမယ် မထင်ပါဘူး...
သူမ ဆက်လက် လျှောက်ကြည့်သော်လည်း မည်သည့်အရာမှ မတွေ့ရချေ။
သူမ ချူယန်တောင်ထွတ်မှ ထွက်ခွာလိုက်သည်နှင့် တာအိုစည်းမျဉ်းများလည်း ပျောက်ကွယ်သွားတော့သည်။
ခြေတစ်လှမ်းပဲ ကွာပေမဲ့ မတူညီတဲ့ ကမ္ဘာနှစ်ခုလိုပဲ... ဒါ တကယ် ထူးဆန်းတယ်...
ရှီယောင်မှာ မှော်အစီအရင် တစ်ခု၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။
သူမ ချူယန်တောင်ထွတ်သို့ ပြန်ရောက်လာချိန်တွင် တောင်အနောက်ဘက်ရှိ ကျောက်တုံးများ လေထဲသို့ မြောက်တက်လာသည်ကို တွေ့လိုက်ရ၏။ ထိုကျောက်တုံးများ အားလုံးက မျက်တောင်တစ်ခတ် အတွင်း ကျောက်တုံး အဆောက်အအုံ တစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။ အဆောက်အအုံမှာ ကျောက်တုံး၊ ကျောက်ခဲများဖြင့် တည်ဆောက်ထားသော်ငြား အလွန် ခမ်းနားထည်ဝါသော ရုပ်သွင်ကို ဆောင်နေသည်။
ထိုစဉ် ကျန်းမင်၏ အသံက သူမ နားထဲသို့ ပဲ့တင်ထပ်လာသည်။ "ညီမလေး ရှီယောင်... တကယ်လို့ ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တော့ ဒါက မင်းရဲ့ ယာယီ တည်းခိုရာ နေရာပဲ... စိတ်ထဲ မထားဘူးလို့ မျှော်လင့်ပါတယ်..."
သူက ငါ့ကို စိတ်ထဲ မထားပါနဲ့လို့ ပြောနေတာလား...
ရှီယောင်က အရှေ့ရှိ ကျောက်တုံး အဆောက်အအုံကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။
ငါက ရိယွဲ့ တော်ဝင်မြေရဲ့ သူတော်စင် သမီးတော်လေ... တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူ တစ်ယောက်... ပြီးတော့ နင့်ဧည့်သည်ကို နင်က တောင်အနောက်ဘက်က ကျောက်တုံးအိမ်ကြီးထဲ ပေးနေတာလား...
ရှီယောင်၏ မျက်နှာထားမှာ စိတ်ပျက်အားငယ်သွားပြီး အရှက်ခွဲခံလိုက်ရသလို ခံစားနေရသည်။
စိတ်အေးအေးထား ရှီယောင်... စိတ်အေးအေးထား... သူမ စိတ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်၏။ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီးတာနဲ့ ငါ့ကို စော်ကားရင် ဘာဖြစ်မလဲ ဆိုတာ နင့်ကို သိစေရမယ် ကျန်းမင်...
" ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း... ဒီမှာနေရတာ အများကြီး ပျော်ဖို့ကောင်းမယ်လို့ ယုံကြည်ပါတယ်..." ရှီယောင်က တုံ့ပြန်မှုပြုသည်။
"ဟားဟား... မလိုပါဘူး... ကိုယ့်အိမ်လို သဘောထားပြီး သက်တောင့်သက်သာသာ နေပါ..." ကျန်းမင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
အရှက်မရှိတဲ့ကောင်... တကယ်ကို အရှက်မရှိတဲ့ ကောင်ပဲ... ရှီယောင် စိတ်ထဲမှ ကျန်းမင်ကို ဆဲရေးရင်း ကျောက်တုံးအဆောက်အအုံထဲ ဝင်သွားတော့သည်။
ခေါင်မိုးထက်တွင် ကျန်းမင်က... "သူက ဒါကို လက်ခံလိုက်တာလား... သူတော်စင် သမီးတော် တစ်ယောက် ဆိုပေမဲ့ ဘယ်အချိန်မှာ အလျှော့ပေးရမလဲ၊ ဘယ်အချိန်မှာ တင်းခံရမလဲ ဆိုတာ သိသားပဲ... တော်တော်လေး အခြေအနေ ကောင်းတယ်..."
"ဂိုဏ်းတူအစ်ကို... သူမက အစ်ကို့ကို ကြွေသွားတာများလား..."
"မင်းကကော ဘယ်လို ထင်လို့လဲ..."
"ဒါဆိုလည်း အစ်ကို သူ့ကို ကိုယ်လုပ်တော် အဖြစ် လက်ထပ်လိုက်လေ..."
"ဟားဟား..."
"ညီမလေး ကူညီပေးရဦးမလား..."
"ဟီးဟီး..."
"ဟွန့်..."
"ကဲပါ... ကဲပါ... မင်းရဲ့ နောက်ထပ် အစီအစဉ်တွေက ဘာလဲ..."
"မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲကနေ ပစ္စည်းတွေ အများကြီး ရလာခဲ့တယ်... ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အကြံတစ်ခုတော့ ရှိတယ်... ဒါပေမဲ့ အစ်ကို့ အကြံဉာဏ်လည်း လိုချင်လို့..."
"ပြောပြလေ..."
"ညီမလေး ကိုယ်ပွားဖန်တီးတဲ့ နည်းလမ်းကို သင်ချင်တယ်..."
"ကိုယ်ပွားလား... ဒါက မလွယ်ဘူးနော်... မင်းရဲ့ ဝိညာဉ်ကို ထိခိုက်သွားနိုင်တယ်... ပြီးတော့ တစ်ခုခု မှားယွင်းသွားရင် ကိုယ်ပွားတွေက ထိန်းချုပ်မှု အောက်ကနေ လွတ်ထွက်သွားလိမ့်မယ်... ဒါက သိပ်ကောင်းတဲ့ အကြံလို့တော့ မထင်ဘူး..."
"ဂိုဏ်းတူအစ်ကို... ညီမလေး ကျွမ်းကျင်အောင် လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိပါတယ်... ပြီးတော့ အစ်ကိုလည်း ရှိနေတာဆိုတော့ သေချာပေါက် ကူညီပေးမှာပဲ မဟုတ်လား..."
"ငါလား..."
"ကိုယ်ပွားကျင့်စဉ်ကနေ ဖန်တီးလိုက်တဲ့ ကိုယ်ပွားတွေ အကုန်လုံးကို အသုံးပြုသူက ထိန်းချုပ်ထားလို့ ရတယ်... ဒါကြောင့် သူတို့ ထိန်းချုပ်မှု အောက်ကနေ လွတ်ထွက်သွားမှာ မဟုတ်ဘူး... ဒါ့အပြင် ညီမလေးရဲ့ ကိုယ်ပွားကျင့်စဉ်မှာ ထူးခြားချက် တစ်ခု ရှိတယ်... ကိုယ်ပွားကို တိကျတဲ့ အမိန့်တွေ ပေးထားလို့ ရတယ်..."
"ဒါဆို မင်းကိုယ်ပွားကို ငါနဲ့အတူ ထားခဲ့မလို့လား..."
"အမှန်ပဲ... ဂိုဏ်းတူအစ်ကို... ဘာလို့ ရင်တွေ အရမ်း ခုန်နေရတာလဲ..."
"မင်းအတွက် ဝမ်းသာသွားလို့ပေါ့... မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ ထူးခြားစွမ်းရည် ရှိနေလိမ့်မယ်လို့ မထင်ထားဘူးလေ... ဂိုဏ်းတူညီမလေးက အတော်ဆုံးပဲ... မင်းအတွက် တကယ်ကို ဝမ်းသာပါတယ်ကွာ... ဟားဟား..."
End
***