ဇီလင်းလုံ ပြန်ရောက်လာပြီးနောက် တောင်ပေါ်ရှိ လေထုမှာ ယခင်ကထက် များစွာ ပို သက်ဝင်လှုပ်ရှားလာခဲ့ပေသည်။
နေမင်းကြီးက တဖြည်းဖြည်း ဝင်ရောက်လာပြီးနောက် ကျန်းမင်လည်း သူတို့အတွက် ညစာ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့၏။
သူက ဟင်းလျာ ၃၂ မျိုးတိတိ ချက်ပြုတ် ပြင်ဆင်မည် ဖြစ်သည်။ ကံကောင်းသည်မှာ သူ့ လက်ရုံးရည်က မြန်ဆန်ပြီး မီးအရှိန်ကလည်း ပြင်းထန်လှသောကြောင့် ဟင်းပွဲများ အားလုံး ပြင်ဆင်ရန် အချိန် အနည်းငယ်မျှသာ ယူလိုက်ရခြင်းပင်။
ရှီယောင်ကိုလည်း ဖိတ်ကြားထားလေသည်။
"ဒါက... ပင်လယ်ပုစွန်ထုပ်ကြီးလား... ဘာလို့ ဒီထဲကနေ ရေစွမ်းအင် သဘောတရားတွေကို ခံစားနေရတာလဲ..."
"ဘုရားရေ... ဒါက ဂဏန်းဥတွေပဲ... ဘုရား... ဘုရား... ဒီထဲမှာ တာအို အပိုင်းအစ တစ်ခုတောင် ပါနေတာလား... ငါ အိပ်မက် မက်နေတာများလား..."
"ဒါ... ဒါ... ဒါကကော ဘာလဲ... ဘာလို့ အကြို အင်မော်တယ်အဆင့် တစ်ယောက်ဆီကမှ ထွက်ပေါ်လာတတ်တဲ့ အင်မော်တယ် အလင်းရောင်တွေ တောက်ပနေရတာလဲ... ဒါ ဘာလဲဆိုတာ ငါ သိပြီ... ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ ဖတ်ဖူးတယ်... ဒါက နဂါးရဲ့ အသည်းပဲ..."
ရှီယောင်မှာ သူမရှေ့ရှိ ဟင်းလျာများကို ကြည့်ရင်း ဆွံ့အ မှင်သက်နေပြီး စားပွဲပေါ်ရှိ နဂါးအသည်းကို မြင်လိုက်ချိန်တွင်တော့ သူမ ခန္ဓာကိုယ်လေးပါ တုန်ယင်သွားခဲ့လေပြီ။
"မင်း ဘာတွေ ပြောနေမှန်း ငါ မသိပါဘူး... ဒါတွေက သာမန် အစားအသောက်တွေပါ..." ကျန်းမင်က ပြန်ဖြေပေးကာ… "လာ... ထိုင်ပြီး မြည်းကြည့်ကြဦး..."
"မြည်းကြည့်နေစရာတောင် မလိုဘူး... အနံ့လေး ရှူလိုက်တာနဲ့တင် အရမ်း ကောင်းမှန်း သိနေပြီ..." ဇီလင်းလုံက ပြုံး၍ ပြောလာ၏။ "ဂိုဏ်းတူအစ်ကို... ညီမလေး စားတော့မယ်နော်..."
သူမက တူတစ်စုံဖြင့် ပုစွန်ထုပ်သား တစ်ဖတ်ကို ညှပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ ပါးစပ်ထဲတွင် ဟင်းရည်များနှင့် မွှေးကြိုင်သော ရနံ့တို့ ပြည့်နှက်သွားတော့၏။
"အရမ်း ကောင်းတာပဲ..." ဇီလင်းလုံက ကျေနပ်အားရစွာ မျက်လုံးများ မှေးစင်းလျက် အာမေဋိတ်သံဖြင့် ပြောလိုက်သည်။ ထို့နောက် နောက်ထပ် တစ်ဖတ်ကို ညှပ်၍ ကျန်းမင်၏ ပါးစပ်ထဲသို့ ခွံ့ပေးလာ၏။
"ဂိုဏ်းတူအစ်ကိုလည်း စားကြည့်ဦး..."
"မင်းပြောတာ မှန်တယ်... တကယ်ကို အရသာ ရှိလှတယ်..." ကျန်းမင်က ထောက်ခံလိုက်ပြီး... "ဒီနေ့ကတော့ ပင်လယ်စာ စားသောက်ပွဲပေါ့... တစ်နေ့ကျရင် မင်းအတွက် ငှက်သား စားသောက်ပွဲကြီး လုပ်ပေးဦးမယ်..."
"ဂိုဏ်းတူအစ်ကို... ညီမလေး ကိုယ်တိုင်လည်း ငှက်တစ်ကောင် အဖြစ် သတ်မှတ်လို့ ရတယ်လေ... အစ်ကိုက ညီမလေးကို စားမလို့လား..." ဇီလင်းလုံက ညှိုးငယ်သော မျက်နှာလေးဖြင့် မေးလိုက်သည်။
ကျန်းမင်နှင့် ရှီယောင်တို့ နှစ်ယောက်လုံး ဆွံ့အသွားကြလေသည်။
ရှီယောင်က စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း... ဒါတွေက တကယ်ပဲ ပင်လယ်သားရဲတွေလား... ဟု တွေးနေမိ၏။
သူမ တူကို ယူ၍ ဂဏန်းဥ အနည်းငယ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်ပင် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ၊ ရေတာအို တာအိုများနှင့် အသက်စစမ်းအင်များက သူမ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဆီသို့ စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူမ တစ်ကိုယ်လုံး သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျင့်ကြံခြင်း အဆင့်မှာလည်း မြင့်တက်လာခဲ့ပေသည်။
"ဒါက သေချာပေါက် အန္တိမအဆင့်က ဂဏန်းသားရဲပဲ..." ရှီယောင် ယုံကြည်ချက် အပြည့်ဖြင့် ပြောလာသည်။
သူမက နဂါးအသည်း ပန်းကန်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မချင့်မရဲ တွေးတောနေမိ၏။ သူက ဒီပါဝင်ပစ္စည်းတွေ အကုန်လုံးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ... ပင်လယ်သားရဲတွေ အကုန်လုံးကို သူပဲ သတ်ခဲ့တာများလား... အာ ဟုတ်သားပဲ... အဘွားဝမ်က လောင်ယွမ်မှာ ရှိတဲ့ အင်အားစုတွေ အကုန်လုံး လွန်ခဲ့တဲ့ တစ်ရက်က အသတ်ခံလိုက်ရတယ်လို့ ပြောခဲ့တယ်... ဒါမှမဟုတ်...
ထိုအချက်ကို သဘောပေါက်သွားသည်နှင့် ရှီယောင်၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားခဲ့လေပြီ။
ဘုရားရေ... သူက နဂါးကို သတ်ပြီး အသည်းကို ယူလာခဲ့တာလား... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... သူက အရမ်း ငယ်သေးတယ်လေ... သူ့အမေ့ ဗိုက်ထဲကတည်းက ကျင့်ကြံလာခဲ့တယ် ဆိုရင်တောင် ဒါမျိုး လုပ်နိုင်စရာ အကြောင်း မရှိဘူး... သူ့နောက်ကွယ်က လူတစ်ယောက်ယောက်များလား... သူ့ထက် အများကြီး ပိုသန်မာတဲ့ လူတစ်ယောက်ယောက်များ ရှိနေတာလား...
ကျန်းမင်အား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ချိန်တွင် ရှီယောင် မျက်လုံးထဲရှိ အထင်သေးမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ ယခုအခါ သူမ စိတ်ထဲ မေးခွန်းများစွာဖြင့် ပြည့်နှက်နေပြီး သူနှင့် ပတ်သက်၍ ပိုသိချင်စိတ်များသာ ကြီးစိုးနေတော့၏။
"ရှီယောင်... ဘာလို့ မစားသေးတာလဲ..." ဇီလင်းလုံ၏ အမေးစကားက ရှီယောင်အား အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်သည်။ သူမက နဂါးအသည်း အချို့ကို စားသောက်ထားပြီး ဖြစ်သဖြင့် သူမ ခန္ဓာကိုယ်လေးမှာ နတ်ဘုရား အလင်းရောင်များဖြင့် တောက်ပနေလေပြီ။ သူမ နောက်ကျောဘက် လေထဲတွင် ဖီးနစ်ငှက်၏ ပုံရိပ်ယောင် တစ်ခုပင် ထွက်ပေါ်နေသေး၏။
စကားပြောနေရင်းပင် သူမ ပါးစပ်ထဲသို့ နောက်ထပ် အပိုင်း အနည်းငယ်ကို ထပ်မံ ထည့်သွင်းလိုက်သည်။
"အခု စားတော့မလို့ပါ..." ရှီယောင်က သူမ၏ သူတော်စင် သမီးတော် ဟူသည့် ဂုဏ်မာန အားလုံးကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ သူမ ဂိုဏ်းတွင် ရှိနေစဉ်က ဤမျှ ကောင်းမွန်သော စားသောက်ပွဲမျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးနှင့် ကြုံတွေ့နေရချိန်တွင် သူမ အနေဖြင့် လက်လွှတ်ခံစရာ အကြောင်း မရှိပေ။
"ရှီယောင်... ဒီအစားအစာတွေက တောင်ပေါ်က ရတာတွေလေ... ငါတို့ ချည်းပဲ သီးသန့် စားသင့်တယ် ထင်တယ်... နင်ကော ဘယ်လို ထင်လဲ..." ဇီလင်းလုံက ခေါင်းပင် မမော့ဘဲ မေးလာခြင်းပင်။
ရှီယောင် ခဏတာ မှင်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်ကာ… "အင်း... အင်း... ငါလည်း အဲ့လိုပဲ တွေးနေတာ... အပြင်လောကက တခြားလူတွေကို ဒီအကြောင်း ပေးသိလို့ မဖြစ်ဘူး..."
သူမက နဂါးအသည်း တစ်ဖတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူမ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
ကျန်းမင်က ဇီလင်းလုံအား အပြုံးတစ်ပွင့်ဖြင့် ငေးကြည့်ရင်း စားသောက်ပွဲကို ခံစားနေ၏။ ကြည့်ရတာ ငါ သင်ပေးထားတာတွေ အကုန်လုံးကို သူ မေ့မသွားဘူးပဲ... သူမက ပါရမီ ပါရုံတင် မကဘူး... အမျှော်အမြင်လည်း ကြီးတယ်... နောင်တစ်ချိန် သူမ တောင်အောက် ဆင်းသွားတဲ့ အခါကျရင် တခြားလူတွေရဲ့ အမြတ်ထုတ်တာ ခံရမှာကို ငါ ပူစရာ မလိုတော့ဘူး...
ဇီလင်းလုံက သူမ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ရှီယောင် အနေဖြင့် မည်သူ့ကိုမျှ မပြောပြစေလိုချေ။
ရှီယောင်လည်း စကားဝှက်များကို နားလည်သဖြင့် မည်သူ့ကိုမျှ မပြောပြပါဟု ကတိပေးလိုက်သည်။
လူတိုင်းက စားသောက်ပွဲကို အလွန် နှစ်သက် သဘောကျခဲ့ကြ၏။ ပန်းနတ်သမီးလေး လေးပါးပင်လျှင် အစားအစာ အချို့ကို စားသုံးခဲ့ကြပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်များ မြင့်တက်လာခဲ့သည်။
စားသောက်ပြီးနောက် အားလုံးက စွမ်းအင်များကို ချေဖျက်ရန် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြသည်။
ကျန်းမင် သက်ပြင်းတစ်ချက် ချလိုက်ပြီး စားပွဲကို ရှင်းလင်းရန် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်၏။
ထို့နောက် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်စဉ် သူ့စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာတော့သည်။
[ဒင်... အိမ်ရှင်ကို ဂုဏ်ပြုပါသည်... ဇီလင်းလုံ၊ ရှီယောင်နှင့် ပန်းနတ်သမီး လေးပါး အပါအဝင် လူတိုင်းအတွက် အလွန် ကောင်းမွန်သော စားသောက်ပွဲ တစ်ခု ပြင်ဆင်ပေးခဲ့သည့်အတွက် ဆုလာဘ်အဖြစ် နှစ်တစ်ထောင်စာ ကျင့်ကြံမှုနှင့် နဂါးဖီးနစ် ကောင်းကင်နှလုံးသား ကုတင်တစ်လုံးကို ချီးမြှင့်လိုက်ပါပြီ။]
ကျန်းမင်၏ မျက်လုံးများ တောက်ပသွား၏။
ထမင်းတစ်နပ်အတွက် နှစ်တစ်ထောင်စာ ကျင့်ကြံမှုလား... ဒါ တကယ် မိုက်တာပဲ...
သို့သော် ချက်ပြုတ်ရာတွင် သူ အသုံးပြုခဲ့သော ပါဝင်ပစ္စည်းများကို တွေးမိချိန်တွင်တော့ ဤဆုလာဘ်မှာ အံ့ဩစရာ မဟုတ်တော့ကြောင်း သဘောပေါက်လိုက်သည်။
နဂါးဖီးနစ် ကောင်းကင်နှလုံးသား ကုတင်နှင့် ပတ်သက်၍မူ ဖော်ပြချက်ကို ဖတ်ပြီးနောက် သူ အတော်လေး တုန်လှုပ်သွားခဲ့ရပေသည်။
နဂါးဖီးနစ် ကောင်းကင်နှလုံးသား ကုတင်... လူနှစ်ယောက်မှ တစ်ထောင်အထိ ဆံ့သည်။ အကယ်၍ အမျိုးသားနှင့် အမျိုးသမီးတို့ အချင်းချင်း ချစ်မြတ်နိုးကြပါက ကြီးမားသော တာအိုစည်းမျဉ်းကို အသက်သွင်းနိုင်သည်။ လူနှစ်ဦးစလုံး စကြဝဠာအတွင်းရှိ တာအိုများကို ပို လွယ်ကူစွာ နားလည် သဘောပေါက်နိုင်စွမ်း ရှိလာမည်။
ရုတ်တရက် ကျန်းမင် ခေါင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူ့ စိတ်ကူးထဲရှိ ဧရာမ နဂါးဖီးနစ် ကောင်းကင်နှလုံးသား ကုတင်ကြီးပေါ်တွင် သူ့ဘယ်ဘက်၌ ဇီလင်းလုံ (၅၀၀)၊ ညာဘက်၌ ဇီလင်းလုံ (၅၀၀) ရှိနေပြီး သူကိုယ်တိုင်က အလယ်ဗဟို၌ အိပ်စက်နေသည့် မြင်ကွင်းပင်။
ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် တပြိုင်နက် ကျန်းမင်လည်း အတွေးများကို ဖယ်ရှားရန် ခေါင်းကို အလျင်အမြန် ခါယမ်းပစ်ရသည်။
သူ ကုတင်ကို ပြန်ကြည့်လိုက်ရာ ၎င်းတွင် အဆင့်သတ်မှတ်ချက် မရှိကြောင်း သတိပြုမိသွား၏။ ထိုအရာက သာမန် ရတနာပစ္စည်း တစ်ခုသာ ဖြစ်ပေလိမ့်မည်။
"နောက်ဆုံးတော့လည်း ငါ့မှာ ကုတင်ကောင်းကောင်း တစ်လုံး ရလာပြီပေါ့..."
ကျန်းမင် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူ့ အတွေးများ တဖြည်းဖြည်း လွင့်မျောသွားတော့သည်။
သူ့ မူလဝိညာဉ်မှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေလေပြီ။ သူ့ထံတွင် လုံလောက်သော ထူးခြားစွမ်းရည်များလည်း ရှိနေပြီ ဖြစ်သဖြင့် သုခဘုံ အဆင့်သို့ တက်လှမ်းရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်၏။
သုခဘုံ အဆင့်မှာ ထူးခြားသော အဆင့်တစ်ခု ဖြစ်ပြီး ဤအဆင့်တွင် သူ အချိန်အတော်ကြာ ကုန်ဆုံးရလိမ့်မည်ဟု ခန့်မှန်းထားပေသည်။
ညလေပြေက အေးစက်လို့။
တောင်ထွတ် တစ်ခုလုံး မှိန်ဖျော့ဖျော့ အလင်းရောင်များ ဖုံးလွှမ်းနေ၏။ လောကီဆန်ဆန် တောက်ပနေသော ထိုအလင်းက အမှောင်ထုအား ဖယ်ရှားပေးနေလေသည်။
ဇီလင်းလုံက ပထမဆုံး နိုးလာသူ ဖြစ်သည်။ ကျန်းမင်ကို မြင်သည်နှင့် သူမက ကုလားထိုင်ပေါ် ခုန်တက်၍ သူ့ ဘေးတွင် တိုးဝှေ့ ထိုင်လိုက်၏။
"ဂိုဏ်းတူအစ်ကို... ဒီစားသောက်ပွဲက မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲက ညီမလေး ရခဲ့တဲ့ အခွင့်အရေးထက်တောင် ပိုကောင်းသေးတယ်... အချိန်တွေ အများကြီး သက်သာသွားပြီး မကြာခင် ကိုယ်ပွားဖန်တီးတဲ့ နည်းလမ်းကို လေ့ကျင့်နိုင်တော့မယ်လို့ ယုံကြည်တယ်..."
"ကိုယ်ပွား တစ်ခု ဖန်တီးဖို့ ကြားခံခန္ဓာကိုယ် တစ်ခု လိုတယ် မဟုတ်လား... မင်းမှာ ရှိလို့လား..." ကျန်းမင်က သူမကို ရင်ခွင်ထဲ တင်းကျပ်စွာ ဖက်ထားရင်း မေးလိုက်သည်။
ဇီလင်းလုံ ခပ်ရေးရေး ပြုံးလိုက်ပြီး... "ရှိတာပေါ့... မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာသိုက်ထဲကနေ မွေးရာပါ မိုးကြိုး အနှစ်သာရ တစ်ခု ရလာခဲ့တယ်... ညီမလေးရဲ့ ကိုယ်ပွားအဖြစ် အဲ့ဒါကို ကြားခံခန္ဓာကိုယ် အနေနဲ့ သုံးလို့ ရတယ်..."
"မိုးကြိုး အနှစ်သာရလား... အဲ့ဒါက သာမန် မိုးကြိုး အနှစ်သာရပဲလေ... ကိုယ်ပွား ဖန်တီးဖို့အတွက် အကောင်းဆုံး ပစ္စည်း မဟုတ်သေးဘူး..." ကျန်းမင်က ပြောလိုက်၏။ "အစ်ကို့ဆီမှာ အဲ့ဒါထက် အများကြီး ပိုကောင်းတဲ့ အရာတစ်ခု ရှိတယ်... ညီမလေး သေချာပေါက် သဘောကျမှာပါ..."
"တကယ်လား... ညီမလေး ကြည့်လို့ ရမလား..."
"ရတာပေါ့..."
ကျန်းမင်က ကြိမ်ကုလားထိုင် ပတ်လည်တွင် အတားအဆီး တစ်ခု ဖန်တီးလိုက်ရာ အပြင်ဘက်မှ မည်သူမျှ မခံစားနိုင်တော့ချေ။
ဇီလင်းလုံ မျက်လုံးများ တောက်ပသွားပြီး အဘယ်ကြောင့်မှန်း မသိသော်လည်း စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိသည်။
ထိုအချိန်မှာပင် သူမရှေ့၌ တာအိုသန္ဓေသားလောင်း တစ်ခု ထွက်ပေါ်လာတော့၏။
"ဒါက..." ဇီလင်းလုံ အလန့်တကြား ထခုန်လိုက်ပြီး သူမ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ အထင်းသား။ "ဒါက ဟင်းလင်းပြင် တာအိုသန္ဓေသားလောင်း မဟုတ်လား... အသက်စွမ်းအင်တွေ အရမ်း ပြည့်နှက်နေတာပဲ... ပြီးတော့ ငါတို့ ဒေသက အရာလည်း မဟုတ်ဘူး... အစ်ကိုကြီး ဒါကို ဘယ်ကနေ ရလာတာလဲ..."
"ဘယ်လိုလဲ... သဘောကျလား..." ကျန်းမင်က မေးလိုက်သည်။
"ဒီထက် ကောင်းတာ မရှိတော့ဘူး..." ဇီလင်းလုံက တုံ့ပြန်လိုက်၏။ "ဒါပေမဲ့ အစ်ကိုကြီးပဲ ယူထားလိုက်ပါ..."
"အစ်ကို မလိုပါဘူး..." ကျန်းမင်က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။ "အစ်ကို့ရဲ့ ကျင့်ကြံခြင်း တာအိုက ဒီစကြဝဠာထဲက ကြီးမားတဲ့ စွမ်းအားတွေ အားလုံးကို ကိုယ့်ခန္ဓာကိုယ်ထဲ စုဆောင်းဖို့ပဲ... ကိုယ်ပွား မလိုပါဘူး..."
"တကယ်လား..."
"တကယ်ပါဆို..."
"ဒါဆို..."
"အင်း ညီမလေးပဲ ယူထားလိုက်ပါ... စိတ်မပူနဲ့... အစ်ကို့ ပစ္စည်းတွေ အကုန်လုံးက ညီမလေးအတွက်ချည်းပါပဲ..."
"ဂိုဏ်းတူအစ်ကိုက အကောင်းဆုံးပဲ... ညီမလေး အခုလေးတင် ဟင်းလင်းပြင် တာအိုကို သဘောပေါက်ပြီး ဟင်းလင်းပြင် တာအိုမျိုးစေ့ကို ဖန်တီးနိုင်ခဲ့တာ... အခုဆို ပြီးပြည့်စုံတဲ့ အာကာသ ကိုယ်ပွားတစ်ခု ဖန်တီးလို့ ရပြီပေါ့..." ဇီလင်းလုံက ပြောရင်း သူ့ ပါးကို နမ်းလိုက်သည်။
"အစ်ကို့ဆီမှာ နောက်ထပ် နည်းနည်း ကျန်သေးတယ်..."
ကျန်းမင် မျက်လုံးများ တောက်ပသွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ့ ရှေ့တွင် တာအိုသန္ဓေသားလောင်း ရှစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာများမှာ ယင်-ယန် တာအို၊ သေခြင်း-ရှင်ခြင်း၊ အလင်း-အမှောင်၊ ဓာတ်ကြီးငါးပါး၊ သံသရာနှင့် သူတော်စင်ခန္ဓာ တာအိုသန္ဓေသားလောင်းတို့ပင် ဖြစ်ပေသည်။
သူက ဇီလင်းလုံဘက်သို့ မျက်နှာကို တိုးပေးလိုက်သည်။ သူမမှာ အလွန် တုန်လှုပ်သွားသဖြင့် အချိန်အတော်ကြာသည် အထိ အသိမဝင်နိုင်ခဲ့ချေ။ သို့သော် သူမ၏ ဂိုဏ်းတူအစ်ကို ဘာလိုချင်နေမှန်း လျင်မြန်စွာ သဘောပေါက်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
သူမက ကျန်းမင်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ကြိမ်ကုလားထိုင်လေးဆီမှ ကျွီခနဲ မြည်သံလေး ထွက်ပေါ်လာခဲ့လေပြီ။
End
***