နောက်တစ်နေ့ နံနက်ခင်းတွင် ကျန်းမင်တစ်ယောက် အရှေ့ဘက်ခြမ်းရှိ ရှုခင်းများကို ကြည့်ရင်း အထူးတလည် စိတ်ကြည်နူးနေလေပြီ။ သူက လတ်ဆတ်သော လေထုကို ရှူရှိုက်လိုက်ပြီးနောက် မြူခိုးများကို မှုတ်ထုတ်လိုက်၏။
"အစ်ကိုကျန်း... ကျေးဇူးပါပဲ။ မနေ့က စားသောက်ခဲ့ရတာတွေဆီကနေ အကျိုးကျေးဇူး မျိုးစုံကို ကျွန်မ စုပ်ယူနိုင်ခဲ့တယ်... နောက်ဆုံးတော့ အစွန်းရောက် ယင်တာအိုကို နားလည်သဘောပေါက်သွားပြီလေ... ဒါကြောင့် အင်မော်တယ် လမ်းစဉ်က ပိုပြီး ချောမွေ့လာလိမ့်မယ်လို့ ယုံကြည်တယ်" ရှီယောင်က သူ့အား အရိုအသေ ပေးလိုက်၏။
"ကိစ္စမရှိပါဘူး" ကျန်းမင်က ပြန်ဖြေရင်း ထိုစဉ် ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူက လှည့်ကာ မေးလိုက်၏။ "ရီယွဲ့ဂိုဏ်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ အများကြီးကို မှတ်တမ်းတင်ထားမယ်လို့ ငါယုံကြည်တယ်... ရှီယောင်... အရင်တုန်းက ငါတို့လောကကို အင်မော်တယ်တွေ ဆင်းသက်လာဖူးလား ဆိုတာ မင်းသိလား"
"ဂိုဏ်းထဲမှာတုန်းက စာအုပ်ပေါင်း ထောင်ချီ ဖတ်ခဲ့ဖူးတယ်... အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ ရှိတာကိုတော့ မှတ်မိပါရဲ့... ဒါပေမဲ့ သက်သေအထောက်အထား မရှိတဲ့ ဒဏ္ဍာရီပုံစံမျိုးတွေချည်းပဲ... ကြီးမြတ်တဲ့ မိစ္ဆာတွေ၊ နတ်ဆိုးတွေ အကြောင်းတောင် မှတ်တမ်းတင်ထားတာ ရှိတယ်... ဒါပေမဲ့ အကြမ်းဖျင်းလောက်ပဲလေ... ဒါကြောင့် အဲ့ဒီအရာတွေက ဘယ်လောက် ယုံကြည်ရမလဲ ဆိုတာတော့ ကျွန်မလည်း မသိဘူး" ရှီယောင်က ပြန်လည် စဉ်းစားရင်း ဖြေကြားလိုက်သည်။
ရှီယောင်၏ စကားပြောဆိုပုံမှာ အိမ်နီးနားချင်း အစ်မငယ် တစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့လှ၏။ ကျန်မင်အပေါ် ထားရှိသော သူမ၏ အကြည့်များမှာလည်း ပြောင်းလဲသွားခဲ့လေပြီ။ သူမက ကျန်မင်အား စပ်စုလိုစိတ်များ ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းမှာပင် လေးစားအားကျ နေမိသည်။ မည်သို့ပင်ဆိုစေ လောကကြီးတွင် မည်သူကများ ဧည့်သည်များအား အကြို အင်မော်တယ်အဆင့် နဂါးတစ်ကောင်၏ အသည်းဖြင့် တည်ခင်းဧည့်ခံနိုင်မည်နည်း။
ကျန်းမင် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။
"အနောက်ပိုင်းဒေသက ဖိုဂိုဏ်းနဲ့ ပတ်သက်ပြီး မင်းရဲ့ နားလည်မှုအရဆို သူတို့က ဒီလောက် အလွယ်တကူ ကျရှုံးသွားလိမ့်မယ်လို့ ထင်သလား... ငါသိထားသလောက်ဆို ဖိုဂိုဏ်းက ထက် အများကြီး ပိုအားကောင်းသင့်တာ... ချင်းယွင်ဂိုဏ်းက အင်အား အကြီးဆုံး ဆိုပေမဲ့ အရှေ့ပိုင်းဒေသမှာ သူတို့ တစ်ခုတည်းသော ဩဇာလွှမ်းမိုးမှု ရှိတာတော့ မဟုတ်ဘူး... ဆန့်ကျင်ဘက်အနေနဲ့ အနောက်ပိုင်းဒေသမှာဆို မဟာယာနဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်လေ"
ရှီယောင်မှာ စဉ်းစားရင်း မျက်မှောင်ကြုတ်သွားကာ…
"အဲ့ဒါက ကျွန်မလည်း နားမလည်နိုင် ဖြစ်နေတာပဲ... မိစ္ဆာဂိုဏ်း ငါးဂိုဏ်းက အားကောင်းပေမဲ့ အရင်က ဖိနှိပ်ခံခဲ့ရဖူးတယ်... ဒါကြောင့် သူတို့ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရင်တောင် ကျွမ်းကျင်သူ ဘယ်နှယောက်လောက် ရှိနိုင်မှာလဲ... သူတို့က ရှေ့ထွက်ဖို့ မဝံ့ရဲခဲ့တဲ့အတွက် သေချာပေါက် ကျွမ်းကျင်သူ အရေအတွက် ကန့်သတ်ချက် ရှိမှာပဲ... တစ်ဖက်မှာလည်း အနောက်ပိုင်းဒေသက ဖိုဂိုဏ်းဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီ ကတည်းက တည်ရှိလာခဲ့တာ... သူတို့က မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို မယှဉ်နိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိသင့်တယ်... ဒါပေမဲ့ အရမ်း မြန်မြန်ဆန်ဆန်ပဲ ကျရှုံးသွားခဲ့တယ်... ဒါက သိသိသာသာကို အဓိပ္ပာယ်မရှိဘူး"
"တကယ်လို့များ..." ရှီယောင်၏ မျက်လုံးများအတွင်း ဉာဏ်ပညာ မီးတောက်များ တောက်ပသွားပြီး ဆက်ပြောလိုက်သည်။ "တကယ်လို့များ အနောက်ပိုင်းဒေသက ဖိုဂိုဏ်းမှာ တခြား အကြံအစည် ရှိနေတာဆိုရင်ကော"
"ဥပမာပြရရင်"
"ပြောရရင်တော့... မိစ္ဆာဂိုဏ်း ငါးဂိုဏ်းလုံးကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ အကြံအစည်မျိုးပေါ့... ပြီးတော့ သူတို့ရဲ့ တပည့်တွေ အနောက်ပိုင်းဒေသကနေ ထွက်လာပြီး တစ်လောကလုံးကို တရားဟောဖို့အတွက် ဒီကျရှုံးမှုကို အခွင့်အရေး တစ်ခုအနေနဲ့ အသုံးပြုချင်နေတာလားလို့ ကျွန်မ ခန့်မှန်းမိတယ်... ဘာပဲဖြစ်ဖြစ် အရင်က သူတို့ အနောက်ပိုင်းဒေသကနေ ထွက်လာဖို့ ကြိုးစားတိုင်း ချက်ချင်း တားဆီးခံခဲ့ရတယ် မဟုတ်လား... အခုတော့ သူတို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိသွားပြီလေ... သူတို့ ဒုက္ခရောက်နေချိန်မှာ ငါတို့သာ မောင်းထုတ်လိုက်ရင် အရမ်း ရက်စက်ရာ ကျသွားလိမ့်မယ်"
ကျန်းမင်က ရှီယောင်အား လက်မထောင်ပြကာ…"မင်းရဲ့ ဥပမာတွေက တကယ်ကို အဓိပ္ပာယ်ရှိတာပဲ"
တစ်ချိန်တည်းမှာပင် ရှီယောင်မှာ သူတော်စင် သမီးတော် တစ်ပါးအဖြစ် အမှန်တကယ် ထိုက်တန်ကြောင်း ကျန်မင် တိတ်တဆိတ် ချီးကျူးမိလိုက်သည်။ သူမက ကျင့်ကြံခြင်းပိုင်းတွင် ပါရမီ မြင့်မားရုံသာမက ဉာဏ်ပညာနှင့်လည်း ပြည့်စုံနေသည် မဟုတ်ပါလား။
"ကျွန်မက ခန့်မှန်းကြည့်ရုံ သက်သက်ပါ" ရှီယောင်က နှိမ့်ချစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်သည်။
ကျန်းမင် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ ထိုအစား တောင်တန်းများ၏ အလွန်သို့ လှမ်းကြည့်ရင်း ဆိုလာ၏။ "ဒီကနေ မိုင်ရှစ်ရာလောက် အကွာမှာ ချောင်းမြောင်းနေတဲ့ အဘွားကြီး တစ်ယောက် ရှိတယ်... သူမက ဒီဘက်ကို တိတ်တဆိတ် လာချင်နေတဲ့ ပုံပဲ... တကယ်လို့ သူမက မင်းရဲ့ အသိဆိုရင် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိစေဖို့နဲ့ ဒီကို မလာဖို့ သေချာအောင် ပြောထား... ကျူးကျော်လာသူ မှန်သမျှ သေချာပေါက် အသတ်ခံရလိမ့်မယ်"
"အဲ့ဒါ ကျွန်မရဲ့ အစောင့်အရှောက်ပါ... သူမက ကျွန်မရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာ ဖြစ်မယ်... အခြေအနေကို ရှင်းပြဖို့ ကျွန်မ အခု သွားလိုက်ပါ့မယ်" ရှီယောင်က ပွင့်လင်းစွာပင် ရှင်းပြလာသည်။
ကျန်းမင်က သူမ အဘယ်ကြောင့် ပြန်မသွားသေးသနည်းဟု မေးချင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိန်းချုပ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမအား နှင်ထုတ်ရမည်ကို အားနာနေမိ၏။ သေချာသည်မှာ သူက သူမ၏ ခန္ဓာကိုယ်အား တပ်မက်နေခြင်းမျိုး လုံးဝ မဟုတ်ပေ။ သူတော်စင် သမီးတော် တစ်ပါး၏ ဆွဲဆောင်မှုရှိသော ကကွက်များကို အလွန်ဆုံး မြင်တွေ့ချင်ယုံ သက်သက်သာ ဖြစ်ချေသည်။
ရှီယောင်က ကျန်းမင်၏ စည်းကမ်းကို နားလည်သဖြင့် သူမ၏ အစောင့်အရှောက် ရှိရာသို့ ချက်ချင်း ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းမင်လည်း ဝိညာဉ်စိုက်ခင်းဆီသို့ ထွက်ခွာလာခဲ့၏။ ဇီလင်းလုံမှာ စိုက်ခင်းထဲတွင် ရှိနေပြီး ထိုသည်မှာ သူ ပေးအပ်ထားသော အခွင့်အာဏာပင်။
"အစ်ကိုကြီး... အစ်ကိုက တန်ဖိုးကြီး ဝိညာဉ်ဆေးပင်တွေနဲ့ ပြည့်နေတဲ့ ဒီလိုနေရာမျိုး ဖန်တီးထားလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး... အဲ့ဒီအထဲက အများစုကို ကျွန်မ အရင်က တစ်ခါမှတောင် မမြင်ဖူးဘူး... ဒီလို ပတ်ဝန်းကျင်မျိုးက မိုးကြိုးနတ်ဘုရားရဲ့ အင်မော်တယ် ရတနာတွေထက်တောင် အများကြီး သာလွန်နေသေးတယ်... ဒါပေမဲ့... ဒါပေမဲ့ သူတို့က ဘာလို့ ဒီလောက် မြန်မြန် ကြီးထွားနေကြတာလဲ... ဒါက လုံးဝကို ပုံမှန် မဟုတ်ဘူး"
ဇီလင်းလုံက လေထဲတွင် ခြေလှမ်းများ လှမ်းရင်း တောက်ပသော မျက်လုံးများဖြင့် ပြောလာသည်။
"အစ်ကိုက သူတို့ကို အဆ တစ်ထောင် ပိုမြန်မြန် ကြီးထွားစေနိုင်တဲ့ အထူးစွမ်းရည် တစ်ခုကို ကျင့်ကြံထားလို့လေ" ကျန်မင်က သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်၍ ဝိညာဉ်စမ်းရေတွင်းဘေးရှိ ဝိညာဉ်တောင်၏ အနီးသို့ ခေါ်ဆောင်သွားရင်း ဆက်ပြောလိုက်သည်။ "ဒီဝိညာဉ်တောင်ကနေ ဝိညာဉ်စွမ်းအင် အမြောက်အမြား ထောက်ပံ့မပေးဘူးဆိုရင် အဲ့ဒီအထူးစွမ်းရည်က လုံးဝ အလုပ်လုပ်မှာ မဟုတ်ဘူး"
"အဆ တစ်ထောင် ပိုမြန်မြန် ကြီးထွားလာတယ် ဟုတ်လား" ဇီလင်းလုံ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး တီးတိုး ရေရွတ်မိသည်။ သူမ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ အတိတ်ဘဝတွင်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အထူးစွမ်းရည်မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် အပင်များ၏ ကြီးထွားမှုကို မြှင့်တင်ခြင်းမှာ အချိန်ကို တိုက်ရိုက် ထိန်းချုပ်ခြင်းထက် များစွာ ပို ခက်ခဲသောကြောင့်ပင်။
"အင်း" ကျန်းမင် ခေါင်းညိတ်၍ သူ့စကားကို ထပ်မံ အတည်ပြုလိုက်သည်။ ထို့နောက် သူက... "ညီမလေး လိုအပ်တာ မှန်သမျှ ယူသုံးလို့ ရတယ်... အားတဲ့အချိန်ကျရင် သူတို့ကို ကူညီပြီး ဂရုစိုက်ပေးပါဦး"
"ရပါတယ် အစ်ကိုကြီးရဲ့... ယေဘုယျအားဖြင့် ဝိညာဉ်ပစ္စည်းတွေဆိုတာ အမြင့်ဆုံး တာအိုလှိုင်းဂယက်တွေ စုစည်းပြီး ကောင်းကင်နဲ့ မြေကြီးကနေ ပြုစုပျိုးထောင်ပေးရတာမျိုးလေ... အထူးသဖြင့် အဆင့်မြင့် ဝိညာဉ်ဆေးပင်တွေနဲ့ အထက်ဆိုရင် ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝတဲ့ တောင်ထွတ်တစ်ခုမှာတောင် ကြီးထွားဖို့ ပျက်ကွက်တတ်ကြတယ်... တကယ်လို့ သူတို့ ကြီးထွားလာနိုင်ရင်တောင် တခြား မျိုးစိတ်တွေကို ဖယ်ကြဉ်ထားတတ်တယ်... ဒါပေမဲ့ ဒီနေရာမှာတော့ မျိုးစိတ် အများအပြားက ကောင်းကောင်း ကြီးထွားနေကြတာပဲ... နတ်ဘုရား အလင်းတန်းတွေနဲ့ တာအိုလှိုင်းဂယက် မျိုးစုံ ရောယှက်နေတဲ့ ဒီနေရာကတော့ ဒီလောကမှာရှိတဲ့ တခြား ဘယ်နေရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ပြိုင်ဘက်ကင်း တော်ဝင်မြေတစ်ခု ဖြစ်နေပြီ ထင်တယ်" ဇီလင်းလုံက ကတိပေးရင်း ချီးကျူးလိုက်၏။
"ညီမလေးမှာ အရမ်းတော်တဲ့ အစ်ကိုကြီး တစ်ယောက် ရှိနေတာ မဟုတ်ပါလား" ကျန်မင်က ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။
"ဒါတော့ သေချာတာပေါ့... အစ်ကိုက ကျွန်မရဲ့ အမြင်အောက်မှာတင် ဒီအရာတွေ အားလုံးကို တကယ် ဖန်တီးနိုင်ခဲ့တာပဲ... ဒါနဲ့ စကားမစပ် အစ်ကို့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘာလဲဟင်" ဇီလင်းလုံက မေးလာသည်။
"မူလဝိညာဉ်အဆင့် အဆင့်" ကျန်းမင် ဖြေလိုက်၏။
"မူလဝိညာဉ်အဆင့်လား... အဲ့လောက်တောင် မြင့်တာလား... ဘုရားရေ... အစ်ကိုက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ... အစ်ကို ဖုံးကွယ်ထားတာတွေ အရမ်း များနေပြီနော်"
ဇီလင်းလုံ အံ့အားသင့်သွားရသည်။
"နှိမ့်ချထားတာပါ... နှိမ့်ချနေမှ ဖြစ်မှာပေါ့" ကျန်မင်က ဆိုသည်။
"အစ်ကိုကြီး... ကျွန်မ အခုမှ တစ်ခု သတိရသွားတယ်... အနန္တဆေးလုံး စံအိမ်က သူတော်စင် သားတော်ကို သတ်ခဲ့တာ အစ်ကိုလား" ဇီလင်းလုံက စူးစမ်းလိုက်၏။
"အင်း... အစ်ကိုပဲ သတ်ခဲ့တာ... သူတို့ ဘယ်လို နောက်ခံ ရှိရှိ ဂရုမစိုက်ဘူး... အစ်ကို့ ညီမလေးကို အနိုင်ကျင့်တဲ့သူ မှန်သမျှ သေချာပေါက် သတ်ပစ်မယ်" ကျန်မင်က ဩဇာအပြည့်ဖြင့် ဖြေပေးသည်။
"အာ... အစ်ကိုက အကောင်းဆုံးပဲ... ဒါဆို ပိရွှေဂိုဏ်းရဲ့ ဒုက္ခတွေ နောက်ကွယ်က လူကလည်း အစ်ကိုပဲပေါ့"
"ဟုတ်တယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ရပ် နောက်ကွယ်မှာလည်း အစ်ကို ရှိနေတာပဲ... သူတို့က ငါတို့ဂိုဏ်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေလို့ ယင်မစိစ္ဆာ ဂိုဏ်းသားအများအပြားကို သတ်ပစ်ခဲ့တာ... အဲ့ဒါက အရှေ့ပိုင်းဒေသမှာ စစ်ပွဲတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ... ချင်းယွန်ဂိုဏ်းက အသုံးမကျလွန်းလို့ ခုခံနိုင်စွမ်းတောင် မရှိဘူးလေ... ဒါ့အပြင် လုံယွမ်၊ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ ယင်မိစ္ဆာဂိုဏ်းက အရမ်းကို မောက်မာလွန်းနေကြပြီ... ငါတို့ လူသားတွေကို အကျဉ်းချထားချင်နေတာ... ဟက်... ဒုက္ခကင်းပြီး စိတ်အေးချမ်းသာ ရှိဖို့အတွက် အဲ့ဒီကောင်တွေ အကုန်လုံးကို ငါသတ်ပစ်မယ်"
ကျန်းမင်က ဝန်ခံလိုက်သည်။
"အစ်ကိုကြီး... ယင်မိစ္ဆာဂိုဏ်း၊ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ လုံယွမ်က ကျွမ်းကျင်သူတွေ အကုန်လုံးကို သတ်ပစ်ခဲ့တာကကော အစ်ကိုပဲလား... ဒါပေမဲ့... ဒါပေမဲ့..."
ဇီလင်းလုံ လုံးဝ တွေဝေသွား၏။ ယုံကြည်ရန် ခဲယဉ်းလှသော်လည်း မနေ့က စားသောက်ခဲ့ရသည့် ညစာအား ပြန်တွေးမိချိန်တွင် မယုံ၍ မရတော့ပေ။
"ဒါပေမဲ့ အစ်ကိုက မူလဝိညာဉ် အဆင့်ပဲ ရှိသေးတာလေ" ဇီလင်းလုံက မနေနိုင်ဘဲ ရေရွတ်မိသည်။
ကျန်းမင် ပင့်သက်ရှိုက်လိုက်ကာ…"အဲ့ဒီ သုခဘုံ အဆင့်၊ အန္တိမ အဆင့်နဲ့ အကြိုအင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေ အကုန်လုံးက အမှိုက်တွေချည်းပဲ ဆိုတော့ အစ်ကိုလည်း သိပ်အားစိုက်စရာ မလိုဘဲ သတ်နိုင်ခဲ့တာပေါ့... ဘာတတ်နိုင်မှာလဲ... သူတို့ထဲက တစ်ယောက်မှ အစ်ကို့ ပြိုင်ဘက် မဟုတ်ဘူးလေ" ဇီလင်းလုံမှာ ဆွံ့အသွားရသည်။ သူမတွင် ဧကရီတစ်ပါး၏ မှတ်ဉာဏ်များ ရှိနေသော်ငြား ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိချေ။ အမှန်တကယ်တော့ ထိုသို့ လုပ်နိုင်ရန် အများကြီး လိုသေးသည်။
"အစ်ကိုကြီး... အစ်ကိုက ကြွားလုံးထုတ်နေတာပဲ"
ကျန်းမင် ကျယ်လောင်စွာ ရယ်မောကာ…
"ဒါကြောင့် ဒီလောကမှာ ငါတို့ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး... မင်းကို လာရန်စတဲ့သူ မှန်သမျှ သတ်ပစ်လိုက်ယုံပဲ"
"ကျွန်မရဲ့ ဖီးနစ် သွေးကြောနိုးထလာတုန်းက မွေးရာပါ ပါရမီကို အများကြီး တိုးတက်စေတဲ့ အမွေအနှစ် တစ်ခု ရခဲ့တယ်... အဲ့ဒါနဲ့ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြန်မြန် တိုးတက်အောင် ကြိုးစားပြီး အစ်ကိုရယ်၊ ချူယန်တောင်ထွတ်ရယ်၊ ဂိုဏ်းကိုရယ် ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တာ... တကယ်တမ်း ကျွန်မကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့သူက အစ်ကို ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ" ဇီလင်းလုံက ကျန်မင်၏ လက်ကို သူမ ရင်ဘတ်ထက် တင်းကျပ်စွာ ဖက်တွယ်၍ ဆက်ပြောလိုက်သည်။ "အစ်ကိုကြီး... ကျွန်မ မသိအောင် ကျွန်မအတွက် ဒီလောက် အများကြီး လုပ်ပေးထားလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
"ညီမလေးရယ်... မင်းကလွဲပြီး အစ်ကိုက ဘယ်သူ့ကို ကာကွယ်ပေးရမှာလဲ... ဘာပဲဖြစ်ဖြစ် မင်းက အစ်ကို ကိုယ်တိုင် ချေးသင်၊ သေးသင်ပြီး ကြီးပြင်းအောင် ပြုစုပျိုးထောင်လာခဲ့တဲ့ ကောင်မလေးပဲဟာကို" ကျန်မင်က ပြုံးဖြီးဖြီးဖြင့် မှတ်ချက်ပေးသည်။
ဇီလင်းလုံက ခွန်းတုံ့ပြန်ကာ…
"အစ်ကိုကြီး... ကျွန်မက ကလေး မဟုတ်တော့ဘူးနော်"
"ကောင်းပါပြီကွာ... အစ်ကို့ ညီမလေးက အရွယ်ရောက်နေပါပြီ"
တစ်ချိန်တည်းမှာပင် သူက လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူလိုက်ရာ ဇီလင်းလုံနှင့် ဆက်ဆံရေး တန်ဖိုးမှာ (၉၈) ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုကဲ့သို့သော တန်ဖိုးမှာ ဇီလင်းလုံ အနေဖြင့် သူ့အတွက်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ်ပင် စတေးခံဖို့ ဆန္ဒရှိနေကြောင်း ညွှန်ပြနေသဖြင့် သူ့စိတ်ထဲ အလွန် ကျေနပ်သွားရသည်။
[လက်ရှိ အခြေအနေ - 'ဘုရားရေ... အစ်ကိုကြီးက အရမ်း အံ့ဩဖို့ ကောင်းတာပဲ... ဒီလောက် မြန်မြန် တိုးတက်လာအောင် သူ ဘယ်လို အင်မော်တယ် အခွင့်အရေးမျိုး ရထားတာပါလိမ့်... သူ့ရဲ့ လျှို့ဝှက်ချက်ကို မျှဝေပေးဖို့ ဆန္ဒရှိတဲ့ တကယ့်ကို ကောင်းမွန်တဲ့ အစ်ကိုကြီးပဲ... နောင်ကျရင် သူ့ကို ကာကွယ်ပေးနိုင်တဲ့သူ ဖြစ်လာအောင် ငါ ကျင့်ကြံရာမှာ ပိုပြီး ကြိုးစားရမယ်']
ထိုသို့ဖြင့် သူတို့နှစ်ဦး ခြံဝင်းထဲသို့ ပြန်လာခဲ့ကြသည်။
ရှီယောင်မှာ အစောကတည်းက ပြန်ရောက်နှင့်နေလေပြီ။ သူမ၏ အစောင့်အရှောက်ကို မိုင်တစ်ထောင် အကွာသို့ သွားရောက် ကျင့်ကြံရန်နှင့် သူမ၏ သတင်းပို့သူ အဖြစ်သာ နေရန် တောင်းဆိုခဲ့ကြောင်း ပြောပြလာ၏။ လက်ရှိတွင် ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ထက် များစွာ အားနည်းခြင်း မရှိတော့သည့် အပြင် အဆင့်တက်သွားသည်နှင့် ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်မည် ဖြစ်သောကြောင့် ကာကွယ်မှု မလိုတော့ကြောင်း သူမ၏ အစောင့်အရှောက်အား အကြောင်းပြခဲ့သည်။
"ရှီယောင်... နင်က ဒီမှာ ရေရှည် နေဖို့ အစီအစဉ် ရှိတာလား... ငါ့ဆရာက အမြဲတမ်း မရှိတတ်တော့ ငါနဲ့ အစ်ကိုကြီး နှစ်ယောက်တည်း ချူယန်တောင်ထွတ်ပေါ်မှာ နေကြတာ... ဒါကြောင့် နင်ဒီမှာ အကြာကြီး နေမယ်ဆိုရင် နင့်ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်လာမှာ စိုးရိမ်မိတယ်" ဇီလင်းလုံက ပြုံးရင်း ဆိုလိုက်သည်။
ရှီယောင်က ဇီလင်းလုံ၏ လက်ကို ဖက်တွယ်ကာ… "လင်းလုံ... ငါ့အကြောင်း အတင်းအဖျင်း ပြောရဲတဲ့သူ မှန်သမျှကို ငါသတ်ပစ်မယ်... နင်က ငါ့ကို မောင်းထုတ်ချင်နေတာတော့ မဟုတ်ပါဘူးနော်... မိုးကြိုးနတ်ဘုရားရဲ့ အင်မော်တယ် ရတနာနယ်မြေထဲမှာ အတူတူ ဖြတ်သန်းခဲ့ကြလို့ ငါတို့က သေတူရှင်ဘက် သူငယ်ချင်းတွေလို ဖြစ်နေပြီလေ... ဒါ့အပြင် နင်က သဘောကောင်းမှန်း ငါသိပါတယ်... နင်ငါ့ကို မောင်းထုတ်မှာ မဟုတ်ဘူး... နာမည်ဂုဏ်သတင်း အတွက်တော့ စိတ်မပူပါနဲ့... ငါလည်း အဲ့ဒါကို ဂရုမစိုက်ပါဘူး... ငါနင့်ကို အစ်မလို့ ခေါ်ရင်ကော ဘယ်လိုလဲ"
ရှီယောင်၏ စကားများကို ကြားလျှင် ဘေးရှိ ကျန်းမင် တစ်ယောက် သီးလုနီးပါး ဖြစ်သွားရသည်။
ထိုအချိန်တွင် ဇီလင်းလုံမှာ လန့်ဖြန့်သွားပြီး ဆွံ့အသွား၏။ သူမ မနေနိုင်ဘဲ ရှီယောင်ထံသို့ အသံလှိုင်းဖြင့် စကားပါးလိုက်တော့သည်။ "နင်က သူတော်စင် သမီးတော်လေ... ဘာလို့ ဖိနှိပ်ခံနေရတဲ့ ချွေးမ တစ်ယောက်လို ပြောနေရတာလဲ... ရှင်းရှင်းပဲ ပြောမယ်... ငါ့အစ်ကိုကြီးကို မမြူဆွယ်ဖို့ သေချာအောင် လုပ်ထားနော်"
ရှီယောင် ပြုံးလိုက်ပြီး အသံလှိုင်းမှတစ်ဆင့် ပြန်ေပြာသည်။ "ဟက်... ငါက ကိုယ်လုပ်တော် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး... စိတ်မပူပါနဲ့... ငါက ဒီမှာ ဘာနှောင့်ယှက်မှုမှ မရှိဘဲ တိတ်တဆိတ် ကျင့်ကြံချင်ယုံ သက်သက်ပါ... ဒါ့အပြင် ငါဒီမှာ ရှိနေတဲ့အတွက် နင်တို့ အားလုံးကို ပြဿနာတွေကနေ ကယ်တင်ပေးနိုင်သလို အပြင်ဘက်က သတင်းတချို့ကိုလည်း ယူဆောင်လာပေးနိုင်တယ်လေ"
ထိုကဲ့သို့ မိန်းကလေး နှစ်ယောက်မှာ အချင်းချင်း တီးတိုး စကားဆိုနေကြသည်။
တောင်ထွတ်ကြီးမှာလည်း ၎င်း၏ ငြိမ်းချမ်းမှုကို ပြန်လည် ရရှိသွားခဲ့လေပြီ။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်တောင် တစ်ခတ်အတွင်းမှာပင် တစ်နှစ်ခန့် ကုန်ဆုံးသွားခဲ့၏။
ထိုနေ့ကား ငြိမ်းချမ်းမှုများ ကျိုးပျက်သွားသည့် နေ့တစ်နေ့ပင်...
End
***