ကျိုးပြက္ခဒိန်နှစ်အရ ၉၉၉၉ ခုနှစ်၊ စက်တင်ဘာလ ဖြစ်ပေသည်။
အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - သုခဘုံ
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
အထူးစွမ်းရည်များ - မဟာ အာကာသ စွမ်းရည်၊ ခန္ဓာကိုယ် ကာကွယ်ခြင်း စွမ်းရည်၊ ကပ်ဘေးစွမ်းရည်၊ ဓာတ်ကြီးငါးပါး စွမ်းရည်၊ ယင်ယန်စွမ်းရည်၊ အလင်းအမှောင် စွမ်းရည်၊ သံသရာ စွမ်းရည်၊ အစစ်အမှန် ပုံရိပ်ယောင်စွမ်းရည်၊ ကံကြမ္မာစွမ်းရည်၊ ဖျက်ဆီးခြင်းစွမ်းရည်၊ မဟာအာကာသဓားစွမ်းရည်၊ မဟာအဆုံးမဲ့ စွမ်းရည်၊ မဟာထောင်စုနှစ် စွမ်းရည်၊ မဟာကိုယ်ပွား စွမ်းရည်၊ မဟာ နတ်ဘုရားတံဆိပ် စွမ်းရည်၊ မြစိမ်းရောင်ဧ ကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း စွမ်းရည်၊ အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်းလက်သီး၊ ကြယ်တာရာ နတ်ဘုရား အသွင်ပြောင်းခြင်း၊ အဆုံးမဲ့တာအို အပြန်လမ်း လက်ချောင်း...
မွေးရာပါ ပါရမီ - အင်မော်တယ် (ဒုတိယအဆင့် တာအိုခန္ဓာကိုယ်)
ပိုင်ဆိုင်သည့်ပစ္စည်းများ - လူသားလမ်းစဉ်မှတ်တမ်း၊ အထွတ်အထိပ် အမိန့်တော်၊ သူတော်စင်နယ်မြေ တာအိုရင်ပြင်၊ နဂါးနှင့်ဖီးနစ် ကောင်းကင်နှလုံးသားခုတင်
[အင်မော်တယ်လက်နက် - လျှို့ဝှက်ဆန်းကြယ် အလင်းဓား၊ ကောင်းကင်စစ်သည်တော် ဓားမကြီး၊ ကောင်းကင်ငှက်မွှေးအင်္ကျီ၊ နတ်ဘုရားဝိညာဉ် နာရီစင်၊ ကြယ်စင်ခန်းမဆောင်နှင့် ကောင်းကင်သင်္ဘော]
[အင်မော်တယ်တစ်ပိုင်းလက်နက် - ပျံသန်းခြင်းငှက်မွှေးဓား၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း ပုံရိပ်ယောင် ဖျက်ဆီးမှု ဝင်္ကပါချပ်ပြား]
[အမြင့်ဆုံးအဆင့် တာအိုလက်နက် - စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ၊ တိုက်ခိုက်ရေး သစ်သားလူရုပ်]
[အဆင့်မြင့် တာအိုလက်နက် - အမှောင်ချောက်ကမ်းပါးဓား၊ ကျောက်စိမ်းဖြူ လက်အိတ်]
[အထူးစွမ်းရည် ပုတီးစေ့၊ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် (၇၂) ရွက်၊ အန္တိမအဆင့် ငါးမိနစ်စာ အတွေ့အကြုံကတ်]
အထောက်အပံ့ - အခြေခံ လေ့ကျင့်ရေးဇုန်
ကျန်းမင် အဆင့်တက်သွားပြီးနောက် သုံးရက် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လတ်တလောတွင် သူက ခေါင်မိုးထက်ရှိ ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း စနစ်မှတစ်ဆင့် သူ့ကိုယ်သူ ပြန်လည်စစ်ဆေးနေ၏။ ပြောင်းလဲမှုများမှာ သိပ်ပြီး သိသာထင်ရှားမှု မရှိလှပေ။
အချက်အလက်များတွင် ကြီးမားသော ပြောင်းလဲမှု မရှိသော်လည်း သူ စုဆောင်းထားခဲ့သော နှစ်ပေါင်း ငါးသောင်းစာ ကျင့်ကြံခြင်းစွမ်းအင်များ အားလုံးမှာ အဆင့်တက်ရန်အတွက် အကုန်အစင် သုံးစွဲပစ်လိုက်ရလေပြီ။
မျက်လုံးများကို မှိတ်လိုက်ပြီးနောက် သူ့ စိတ်အာရုံအား အသိစိတ်ပင်လယ်ထဲရှိ သုခဘုံ လေဟာနယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။ ထိုနေရာကား နှိုင်းယှဉ်၍မရအောင် ကျယ်ပြောလှပြီး အဆုံးမဲ့သော ကောင်းကင်နှင့် မြေကြီးတို့ ပေါင်းစပ်နေသည့် အစစ်အမှန် လောကတစ်ခုပင်။
ကောင်းကင်ယံတွင် နေမင်းတာအိုဖြင့် ပေါင်းစည်းထားသော တောက်ပသည့် နေမင်းတစ်စင်း ရှိနေပြီး ၎င်း၏ အလင်းတန်းများက မြေကြီးပေါ်ရှိ ခပ်သိမ်းသော အရာများကို နွေးထွေးစေသည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံထက်၌ တလက်လက် တောက်ပနေသော ကြယ်များလည်း ရှိနေ၏။ ၎င်းတို့ကို ကြယ်စင်တာအိုဖြင့် ဖန်တီးထားခြင်း ဖြစ်ပေသည်။
ထို့အပြင် အစွန်းရောက် ယင်တာအိုဖြင့် ဖန်တီးထားသည့် လမင်းတစ်စင်းလည်း ရှိနေပြီး ကောင်းကင်နှင့် မြေကြီးအနောက်တွင် ပုန်းကွယ်နေတတ်သည်။ လှည့်ပတ်မှု သံသရာအရ နေမင်းကြီး ဝင်သွားချိန်မှသာ လမင်းက ထွက်ပေါ်လာလေ့ရှိ၏။ ဤသည်မှာ အဆုံးမရှိ လည်ပတ်နေသော သံသရာတစ်ခု မဟုတ်ပါလား။
နေနှင့်လ အလှည့်ကျ ထွက်ပေါ်လာခြင်းဖြင့် အရာအားလုံးမှာ စည်းကမ်းတကျ ရှိနေတော့သည်။
မြေကြီးပေါ်တွင်မူ...
မြေကြီးတာအိုနှင့် ရွှေတာအိုတို့၏ ဆင့်ကဲပြောင်းလဲမှု အကျိုးဆက်ကြောင့် တောင်ကုန်းများ မြင့်တက်လာပြီး တောင်တန်းကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ မြစ်ချောင်းအင်းအိုင်များစွာ ရှိနေရုံသာမက ဟုန်းဟုန်းမြည်နေသော သမုဒ္ဒရာပြင်ကျယ်နှင့် တောင်တန်းများကို ဖုံးလွှမ်းထားသည့် ရေမတွက်နိုင်သော တောအုပ်များလည်း ရှိနေချေ၏။
ကျန်းမင်က ဤလောကရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သည်။ သူက အေးစက်သော လေပြေများ တိုက်ခတ်စေရန်၊ တောင်များနှင့် မြစ်များကို လှိုင်းထစေရန် ဖန်တီးနိုင်ရုံသာမက... ဓာတ်ကြီးငါးပါး၏ လည်ပတ်မှုနှင့် ဝင်စားခြင်း သံသရာကိုပင် စည်းမျဉ်းကျ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် အလင်းနှင့်အမှောင်၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့ကိုလည်း ခြယ်လှယ်နိုင်သေး၏။
စိတ်ကူးတစ်ခုဖြင့် သူက ပုံရိပ်ယောင် ခန္ဓာကိုယ်တစ်ခု ဖန်တီးကာ လောကထဲသို့ ဆင်းသက်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်လှသော ဤလောကကြီးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရုံသာမက အချင်းဝက် တစ်သန်းခန့် ကျယ်ဝန်းသော လောက၏ အဆုံးသတ်ဆီသို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားနိုင်သည်။
ကျန်းမင်မှာ ဤလောက၏ အနန္တတန်ခိုးရှင် နတ်ဘုရားတစ်ပါးဟု ဆိုလျှင်လည်း မမှားပေ။
တစ်ခုတည်းသော အားနည်းချက်မှာ သက်ရှိများ မရှိသေးခြင်းသာ။
သူ့ မူလဝိညာဉ်ဖြင့် အသိစိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်ချိန်တွင် ကျန်းမင် အနေဖြင့် ထိုအသိစိတ်ပင်လယ်ထဲရှိ ပရဒိသုလောက၏ အရွယ်အစားမှာ သူနားလည်သဘောပေါက်ထားသော တာအိုများ၏ လွှမ်းမိုးမှု အောက်တွင် ရှိနေကြောင်း နားလည်သဘောပေါက်ထားသည်။
လောကကြီးကို အဆုံးစွန်ထိ ကြီးထွားလာစေရန် သူ့ ချီနစွမ်းအင်နှင့် ဝိညာဉ်အနှစ်သာရများထံမှ ကြီးမားသော ထောက်ပံ့မှု လိုအပ်ကြောင်းကိုလည်း ကောင်းကောင်း သိထား၏။
ထို့ကြောင့် နှစ်ပေါင်း ငါးသောင်းစာ ကျင့်ကြံခြင်း စွမ်းအင်များ အားလုံးကို ထိုထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်တော့သည်။ ပရဒိသု လေဟာနယ်ကို အကန့်အသတ်ထိ ဖွင့်လှစ်နိုင်ရန်အလို့ငှာ ဝိညာဉ်တောင်ထွတ်မှ အဆုံးမဲ့ ဝိညာဉ်အနှစ်သာရများကိုပင် ထုတ်ယူခဲ့ပြီး ယင်းတို့ကို နှစ်ပေါင်း ငါးသိန်းစာခန့်ရှိသော ကျင့်ကြံခြင်းစွမ်းအင်များ အဖြစ် ပြောင်းလဲပစ်ခဲ့ရသည်။
မူလက သုခဘုံဆိုသည်မှာ ပုံရိပ်ယောင်တစ်ခုသာ။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ချီစွမ်းအင်၏ ဆင့်ကဲပြောင်းလဲမှုနှင့် တာအိုများ၏ အနွယ်အပွားများသာ ဖြစ်သည် မဟုတ်လော။
သို့တိုင် ကျန်းမင်က အစစ်အမှန် ပုံရိပ်ယောင်တာအိုကို အထောက်အပံ့အဖြစ် လည်းကောင်း၊ ဟင်းလင်းပြင် တာအိုကို ကျောရိုးအဖြစ် လည်းကောင်း၊ ဓာတ်ကြီးငါးပါးတာအိုနှင့် ယင်ယန်တာအိုတို့ကို အုတ်မြစ်အဖြစ် လည်းကောင်း၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတာအို၊ ဝင်စားခြင်းတာအိုတို့ကို မောင်းနှင်အားအဖြစ် လည်းကောင်း၊ အလင်းနှင့်အမှောင်တာအိုကို အသွင်ပြောင်းလဲမှုအဖြစ် လည်းကောင်း၊ အချိန်တာအိုကို စည်းမျဉ်းစည်းကမ်းအဖြစ် လည်းကောင်း အသီးသီး အသုံးပြုခဲ့သည်။
ဤအရာများက သူ့ သုခဘုံကို အချိတ်အဆက်များ ဖြတ်တောက်ကာ ခေတ်ကာလများကို ကျော်လွန်ပြီး အစစ်အမှန် လေဟာနယ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားစေခဲ့သည်။ ထို့ကြောင့်ပင် သူ့ သုခဘုံမှာ ပြိုင်ဘက်ကင်း ထူးခြားနေခြင်းပင်။
သူ့ သုခဘုံမှာ ကိုယ်ပိုင် အသိစိတ်ဖြင့် ဆင့်ကဲပြောင်းလဲနိုင်ခြင်း၊ ကြီးထွားနိုင်ခြင်း၊ ချဲ့ထွင်နိုင်ခြင်းများ ရှိသည့်အပြင် အခြားသော ရေမတွက်နိုင်သည့် တာအိုများကိုပင် ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိလေသည်။ ဤအရာအားလုံးမှာ ၎င်းပိုင်ဆိုင်ထားသော ခိုင်မာသည့် အခြေခံ အုတ်မြစ်များကြောင့်သာ။
အကယ်၍သာ ချောမွေ့စွာ ကြီးထွားလာနိုင်ပါက အလွန်ကြီးမားသော အလားအလာများ ရှိသည့် လောကတစ်ခု၏ ပြီးပြည့်စုံသော မျိုးစေ့တစ်ခုနှင့် ညီမျှပေလိမ့်မည်။
'အနာဂတ်မှာ စကြဝဠာကြီး တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်မလား...' ကျန်းမင် တွေးတောနေမိသော်လည်း ထိုမေးခွန်းအတွက် အဖြေမရှိခဲ့ပေ။
မူလဝိညာဉ်နှင့် ပတ်သက်၍မူ ၎င်းမှာ သုခကမ္ဘာနှင့် ပေါင်းစပ်သွားပြီး စွမ်းအင်ဗဟိုချက်၊ သက်ရှိတို့၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့လေပြီ။
ကျန်းမင်လည်း စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်၏။
သူ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် လက်ဖဝါးပေါ်တွင် တွင်းနက်တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ငါ တကယ်ကို အရမ်း သန်မာလွန်းနေပြီ... အခု ငါက အဆင့်မတက်ခင်က ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်... ဒီ သာမန်လောကမှာ ဘယ်သူကများ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ... ဟူး... တကယ်ကို အထီးကျန်ဆန်တဲ့ ဘဝပဲ” ကျန်းမင်က နေမကောင်းသူ တစ်ယောက်လို ညည်းတွားလိုက်သည်။
သုခဘုံအဆင့်သို့ အဆင့်တက်ပြီးနောက် သူ့ တာအိုအမျိုးမျိုး ပေါင်းစပ်သွားကာ ဆင့်ကဲပြောင်းလဲမှု စတင်နေသည့် လောကတစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ့ ချီစွမ်းအင်များမှာ စိတ်ကူးယဉ်၍ပင် မရနိုင်သော အဆင့်တစ်ခုအထိ ထိုးတက်သွား၏။ သူ့ စိတ်ဆန္ဒနှင့် ခန္ဓာကိုယ်သည်ပင် အဆပေါင်းများစွာ တိုးတက်လာခဲ့လေပြီ။
ထိုစဉ် နူးညံ့သော မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာသည်။
“အစ်ကိုကြီး...”
အသံနှင့်အတူ ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုပုံရိပ်မှာ နေရာရွှေ့ပြောင်းလာခြင်းပင်။
အမှန်တကယ်တော့ ထိုပုံရိပ်မှာ ကျန်းမင်၏ ဂျူနီယာညီမလေး ဖြစ်ပြီး သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာကာ လည်ပင်းကို ဖက်တွယ်ထားတော့သည်။
“ငါတော့ အပြားပြား အဖိခံရတော့မှာပဲ” ကျန်းမင် ညည်းတွားလိုက်သည်။
“အစ်ကိုကြီးက အပြားပြား အဖိခံရတာတောင် မရိုးမသား ဖြစ်နေတုန်းပဲ” ဇီလင်းလုံက ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း ဆက်ပြောသည်။ “ကျွန်မ ဘယ်သူလဲ ဆိုတာ ခန့်မှန်းကြည့်ပါဦး”
သူမက ကျန်းမင်ကိုယ်ပေါ် လှဲလျောင်းရင်း ခေါင်းကို ညင်သာစွာ ခါရမ်းကာ နှုတ်ခမ်းဆူထား၏။ တစ်ချိန်တည်းမှာပင် သူမ၏ ဆံပင်ရှည်ကြီးများက သူ့မျက်နှာကို ညင်သာစွာ ပွတ်တိုက်သွားသဖြင့် ယားကျိကျိ ဖြစ်သွားရသည်။
“မင်းက ကောင်မလေး မဟုတ်လား” ကျန်းမင် ပြန်ဖြေလိုက်ပြီး သူ့မျက်လုံးများ တောက်ပသွားသည်။ “မင်းဆီမှာ ဟင်းလင်းပြင် တာအို ရှိနေတယ်... မင်းက သူမရဲ့ အာကာသ ကိုယ်ပွားလား”
ဇီလင်းလုံက လှုပ်ယမ်းရင်း... “မှန်ပါတယ်... ပင်မခန္ဓာကိုယ်က တခြား ကိုယ်ပွားတွေကို အမြန်ဆုံး ဖန်တီးနိုင်ဖို့ ကျင့်ကြံနေတုန်းပဲ... ကျွန်မတို့က ခန္ဓာကိုယ် နှစ်ခု ကွဲနေပေမဲ့ နှလုံးသား တစ်ခုတည်းကို မျှဝေခံစားကြတယ်လေ... ဒါကြောင့် အစ်ကိုကြီးက ကျွန်မတို့ကို လူတစ်ယောက်တည်း အဖြစ် မြင်လို့ရပါတယ်... ဒါပေမဲ့ ဒီခန္ဓာကိုယ်က ပင်မခန္ဓာကိုယ်နဲ့ နည်းနည်းတော့ ကွာတယ်... ဒါက ကျွန်မရဲ့ တကယ့် ရုပ်ထွက်ပဲ”
စကားဆုံးသည်နှင့် သူမက သုံးလက်မခန့် ပိုရှည်လာပြီး ပို၍ ပိန်သွယ်သွားသည်။ သူမက ပင်မခန္ဓာကိုယ်ထက် ပို၍ အေးစက်တည်ငြိမ်သော ပုံစံပေါက်နေသော်လည်း လခြမ်းကွေးလေးလို မှေးစင်းနေသော မျက်လုံးများနှင့် အပြုံးလေးမှာမူ ချိုမြိန်လှ၏။
“အစ်ကိုကြီး... ကျွန်မတို့ နှစ်ယောက်ထဲက ဘယ်သူက ပိုလှလဲ... ကျွန်မလား၊ ပင်မခန္ဓာကိုယ်လား”
“မင်းတို့နှစ်ယောက်က အတူတူပဲဆိုတော့ နှစ်ယောက်လုံး လှတာပေါ့”
“အစ်ကိုကြီးကလည်း... သေချာလေး ပြောပြလို့ မရဘူးလား”
“အင်း... တစ်ယောက်က လှပပြီးတော့ နောက်တစ်ယောက်က ဆွဲဆောင်မှု ရှိတယ်”
“ဟွန့်... အစ်ကိုကြီးက ကျွန်မကို ပြီးစလွယ် လုပ်နေတာပဲ... အစ်ကိုကြီး... ကျွန်မကို နာမည်အသစ် တစ်ခု ပေးပါလား”
“နာမည်လား... အဲ့ဒါက သီးခြား ကိုယ်ရည်ကိုယ်သွေး တစ်ခု ဖန်တီးလိုက်သလို ဖြစ်မသွားဘူးလား”
“စိတ်မပူပါနဲ့... အဲ့လိုဖြစ်သွားရင်တောင် ကျွန်မက ထာဝရ အစ်ကိုကြီးရဲ့ ဂျူနီယာညီမလေးပါပဲ”
သူတို့နှစ်ယောက်မှာ အီစီကလီ လုပ်နေကြသည်။
သို့သော် နာမည်ပေးရန် စဉ်းစားရမည်ဆိုသဖြင့် ကျန်းမင် ခေါင်းကိုက်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ သူ့ဂျူနီယာညီမလေး၏ ကိုယ်ပွားမှာ တစ်ခုထက်မက ရှိလာဦးမည် မဟုတ်ပါလား။
သူက အတွေးများကို ယာယီ ရပ်တန့်လိုက်ပြီး လူ့တာအို မှတ်တမ်းများကို ခေါ်ထုတ်လိုက်သည်။
အမည် - လင်းလုံ နံပါတ်တစ် (ဇီလင်းလုံ၏ အာကာသ ကိုယ်ပွား)
ဆက်ဆံရေး - ၉၈
ထိုသည်ကို မြင်ပြီးနောက် ကျန်းမင် ဆွံ့အသွားတော့သည်။
ထိုအချိန်မှာပင် သူ ခေါင်းမော့ကြည့်လိုက်ရာ ချန်ရိမင် လာနေသည်ကို တွေ့လိုက်ရ၏။
“ချန်ရိမင် ရောက်လာပြီ... ထတော့” စကားပြောရင်း သူက ဂျူနီယာညီမလေး၏ တင်းရင်းနေသော တင်ပါးကို ပုတ်လိုက်သည်။
“နောက်တစ်ချက်လောက် ထပ်ပုတ်ပါဦး”
ဖတ်... ဖတ်... ဖတ်...
“အစ်ကိုကြီးက နှစ်ချက်တောင် ပိုပုတ်လိုက်တယ်... နာတယ်” ဂျူနီယာညီမလေးက ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း မျက်တောင်လေး ပုတ်ခတ်ကာ... “အစ်ကိုကြီးက အရမ်းဆိုးတာပဲ”
“အဟမ်း... ထတော့”
“ဟီးဟီး”
ဇီလင်းလုံက လေထဲသို့ ပျံတက်သွားချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပင်မခန္ဓာကိုယ်၏ ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် သူမက အေးစက်ပြီး ခပ်တည်တည် ပုံစံဖြင့်သာ ရှိနေဆဲပင်။
ချန်ရိမင် ခေါင်မိုးပေါ်သို့ ဆင်းသက်လာသည်နှင့်... “လင်းလုံ... မင်း ကျင့်ကြံလို့ ပြီးသွားပြီပေါ့... မင်းနဲ့တွေ့ရတာ တကယ်ကို ခက်ခဲတာပဲ”
“မင်္ဂလာပါ အစ်ကိုကြီးချန်... ဒီကို အလောတကြီး လာရတဲ့ ကိစ္စများ ရှိလို့လား” ဇီလင်းလုံက ချန်ရိမင်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူမက လက်ဖက်ရည် တစ်အိုး ဖျော်ကာ ကျန်းမင်နှင့် ချန်ရိမင်တို့အတွက် ခွက်နှစ်ခွက် ငှဲ့ပေးပြီးနောက် တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“ရှိပါတယ်” ချန်ရိမင်က ကုလားထိုင်ပေါ် ထိုင်၍ ပတ်ပတ်လည်ကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင်တော့ပေ။ “အကြီးအကဲကျန်း... ဒီနေရာက ကျင့်ကြံဖို့ အခြေအနေ အကောင်းဆုံးပဲ... ဝိညာဉ်အနှစ်သာရတွေက အရမ်းကို ကြွယ်ဝနေတာ... အထူးဆန်းဆုံး ကိစ္စကတော့ ငါ အချိန်မရွေး ဉာဏ်အလင်းပွင့်သွားနိုင်တယ် ဆိုတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ရနေတာပဲ... ဒါကြောင့် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ... တောင်တက်လမ်းမှာဖြစ်ဖြစ်၊ တောင်ခြေမှာဖြစ်ဖြစ် ကျင့်ကြံဖို့ နေရာတစ်ခုလောက် တောင်းဆိုချင်လို့... စိတ်မပူပါနဲ့... မင်းတို့နှစ်ယောက်ကို ငါ မနှောင့်ယှက်ပါဘူး”
“အစ်ကိုကြီးချန်ရယ်... အားနာစရာ မလိုပါဘူး... ဒီနေရာက အကျယ်ကြီးပဲ... ကြိုက်တဲ့နေရာမှာ အိမ်ဆောက်လိုက်... ဒါပေမဲ့ ဦးလေးတော်ချန်က အစ်ကိုကြီးကို လာခွင့်ပြုပါ့မလား... ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက လောင်ယန်တောင်ထွတ်ရဲ့ အကြီးအကဲလေ... ဘယ်သူသိမှာလဲ... ကျောချမ်းစရာ အပြောခံရပြီး သစ္စာဖောက်လို့ အခေါ်ခံရနိုင်တယ်နော်”
ဂိုဏ်းအတွင်းရှိ ကျင့်ကြံခြင်း အခြေအနေများကို ကျန်းမင်က အခြားသူများထက် ပို၍ ရှင်းလင်းစွာ သိထားသည်။ သူက ချူယန်တောင်ထွတ်ရှိ ကျင့်ကြံခြင်း အခြေအနေကို ဖုံးကွယ်ထားခြင်း မရှိသောကြောင့် အခြားသူများ အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် ရောက်လာကြမည်မှန်း သိနေ၏။ အခြားသူများ၏ တောင်းဆိုချက်ကို သူ ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သော်လည်း ချန်ရိမင်မှာ သူပိုင်ဆိုင်သော မိတ်ဆွေ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ရာ မငြင်းဆန်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ တောင်တန်းဧရိယာမှာ အတော်လေး ကျယ်ဝန်းသည် မဟုတ်ပါလား။
ထို့အပြင် ယွီယောင်ပင်လျှင် တောင်ပေါ်၌ ကျင့်ကြံနေသေးသည်။
အမှန်တကယ်တော့ ဂိုဏ်းသားများ ကျင့်ကြံရန်အတွက် တောင်၏ တစ်စိတ်တစ်ပိုင်းကို သီးသန့် ဖယ်ထားပေးရန်ပင် သူ စဉ်းစားထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းထံမှ ရရှိခဲ့သော ကျေးဇူးများကို သူ ပြန်ဆပ်ရမည်ပေ။
ချန်ရိမင် ဝမ်းသာသွားသည်။ “ဒါဆိုလည်း ကောင်းတာပေါ့... ကျေးဇူးပဲ... အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ဂရုမစိုက်ပါဘူး... တကယ်လို့ ဒီမှာ ကျင့်ကြံနေတယ်ဆိုတာကို ဆရာသာ သိသွားရင် သဘောကျမယ် ထင်တယ်”
စကားစမြည် ပြောဆိုပြီးနောက်မှသာ အဓိက အကြောင်းအရာကို သူ ဆွဲထုတ်လာတော့သည်။
“ထိုက်ယန်တောင်ထွတ်ရဲ့ အကြီးအကဲ ရှီမင်ကွမ်ဟိုင် ပြန်ရောက်လာပြီ... သူ အပြင်မှာ ကံကောင်းမှု တစ်ခုခု ကြုံခဲ့ရလို့ သန္ဓေတည်ဝိညာဉ် အဆင့်ကို ရောက်သွားပြီ ထင်တယ်... သူ ပြန်ရောက်လာပြီးနောက် ကြီးကျယ်တဲ့ အောင်ပွဲခံ အခမ်းအနား တစ်ခု လုပ်ခဲ့ပေမဲ့ ချူယန်တောင်ထွတ်က ကိုယ်စားလှယ် မလာလို့ သူ မပျော်မရွှင် ဖြစ်နေတယ်... ဂိုဏ်းက လင်းလုံကို ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ကန့်သတ်ချက်မရှိ သုံးစွဲခွင့် ပေးထားတာရယ်၊ ဂိုဏ်းချုပ်နေရာကို ဆက်ခံဖို့ ပထမဆုံး ရွေးချယ်ခံရသူ ဖြစ်နေတာရယ်ကို သိသွားတဲ့ အခါကျတော့ သူ အရမ်း ဒေါသထွက်သွားတာ... ငါကြားရတဲ့ ကောလာဟလတွေအရ သူ မကြာခင် မင်းတို့ကို ပြဿနာ လာရှာလောက်တယ်”
“ငါတို့ကို ပြဿနာလာရှာမယ်...” ကျန်းမင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူက ဂျူနီယာညီမလေးဘက် လှည့်ကာ မေးခွန်ထုတ်၏။ “ကောင်မလေး... အဲ့ဒါကို ဖြေရှင်းဖို့ မင်းမှာ ဘာအစီအစဉ် ရှိလဲ”
“အစ်ကိုကြီး... သူ ကျွန်မတို့ကို လာမနှောင့်ယှက်ရအောင် အခုပဲ သွားပြီး ရိုက်သတ်လိုက်ရင်ကော ဘယ်လိုလဲ” ဇီလင်းလုံက အကြံပြုလာသည်။
ဇီလင်းလုံ၏ အကြံပြုချက်ကို ကြားလျှင် ချန်ရိမင် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ သူက လက်ဖက်ရည်ခွက်ကို တိတ်တဆိတ် မတင်၍ သောက်လိုက်၏။ ဇီလင်းလုံက သူ့အား လေးစားသော်ငြား သူမကို လုံးဝ ရန်စ၍မရသလို၊ ရန်လည်း မစရဲကြောင်း ကောင်းကောင်း သိထားသည်။
ဇီလင်းလုံနှင့် အချိန်အကြာကြီး ပတ်သက်ခဲ့ပြီးနောက် သူမက ကျန်းမင် စကားကိုသာ နားထောင်ပြီး သူမ၏ ဆရာရင်းဖြစ်သူ ဂူဟိုင်ကိုပင် နာခံမည် မဟုတ်ကြောင်း ပို၍ နားလည်လာခဲ့လေပြီ။
“ဘာပဲဖြစ်ဖြစ် သူက နာမည်ခံ အစ်ကိုကြီးပဲလေ... တကယ်လို့ မင်း သူ့ကို တိုက်ရိုက် သွားရိုက်သတ်လိုက်ရင် ဂိုဏ်းချုပ်ကို မလေးစားရာ ကျသွားလိမ့်မယ်... သူ့ကို အခွင့်အရေး တစ်ကြိမ် ပေးလိုက်ကြတာပေါ့... သူလုပ်တဲ့ ကိစ္စက သည်းခံနိုင်တဲ့ အနေအထားမျိုး ဆိုရင်တော့ မေ့ထားလိုက်ကြမယ်... မဟုတ်ရင်တော့ အဲ့ဒီအချိန်ကျမှ သူ့ကို အပြစ်ပေးလို့ ရပါတယ်လေ” ကျန်းမင်က ဖြေသည်။
စကား အနည်းငယ်မျှဖြင့် ကျန်းမင်က နာမည်ခံ အစ်ကိုကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိုက်ခြင်းပင်။
ချန်ရိမင်လည်း သူ့ အဓိက သတင်းစကားကို ပါးပြီးနောက် ပျံသန်း ထွက်ခွာသွားသည်။ သူက တောင်ပေါ်ကို ပတ်ပတ်လည် လိုက်ကြည့်ပြီး တောင်နောက်ဘက် ထောင့်ရှိ ကျောက်တုံးအိမ်ငယ်လေးကို တစ်ချက် လှမ်းကြည့်ကာ ကျောက်ကမ်းပါး၏ အခြားတစ်ဖက်ဆီသို့ ဦးတည်သွားတော့သည်။
ထိုနေရာမှာ ပို၍ ခေါင်သော နေရာတစ်ခု ဖြစ်ပြီး သူ့အတွက် နေရာတစ်ခုကို ဖန်တီးလိုက်လေပြီ။
“ဒါက တကယ်ကို ကောင်းတဲ့ နေရာပဲ... ဟိုနှစ်ယောက်နဲ့လည်း ဝေးတယ်... ပြီးတော့ ကျောက်ကမ်းပါးဘေးမှာ ထိုင်ပြီး ရှုခင်းတွေကိုလည်း ကြည့်လို့ရတယ်” ချန်ရိမင်က သူရွေးချယ်ထားသော နေရာကို အတော်လေး ကျေနပ်သွား၏။
ထို့နောက် အစီအစဉ်အချို့ ပြုလုပ်ရန် သတင်းစကား အချို့ ပေးပို့လိုက်သည်။
တောင်ပေါ်တွင် အလွန် တိတ်ဆိတ်နေဆဲပင်။ ကျန်းမင်ရော ဂျူနီယာညီမလေးပါ ရှီမင်ကွမ်ဟိုင်၏ အကြံအစည်များကို လုံးဝ ဂရုစိုက်မနေကြချေ။
ဆယ်ရက်ကြာပြီးနောက်။
“အစ်ကိုကြီး...” အခြား ဂျူနီယာညီမလေး တစ်ယောက် ပျံသန်းလာပြီး သူ့လက်ထဲ ခုန်ဝင်ကာ လည်ပင်းကို ဖက်တွယ်၍ သူ့ရှေ့တွင် တွဲလောင်း ခိုနေတော့သည်။
ဤဇီလင်းလုံမှာ လက်မအနည်းငယ် ပိုပုပြီး ဝိုင်းစက်သော မျက်နှာလေး ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှ ဓာတ်ကြီးငါးပါး အလင်းတန်းများ ဖြာထွက်နေစဉ် သူမ၏ အပြုံးလေးမှာ ပို၍ ချိုမြိန်နေသယောင်ပင်။
“ဓာတ်ကြီးငါးပါး... ဖယ်စမ်း... ငါ့အစ်ကိုကြီးကို လာမဖက်နဲ့”
“အာကာသ... နင် သူနဲ့ အတူနေလာတာ ဆယ်ရက်တောင် ကျော်နေပြီလေ... အခုကစပြီး သူက ငါ့အပိုင်ပဲ”
“မဖယ်ရင် နင့်ကို ထိုးကြိတ်မှာနော်”
“နင့်ကို ငါက ကြောက်နေမယ် ထင်နေလား”
အခြား ဂျူနီယာညီမလေး တစ်ယောက် ရောက်ရှိလာမှုကြောင့် အံ့အားသင့်နေသော ကျန်းမင်မှာ သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ချက်ချင်း တောင့်တင်းသွားရသည်။
“သရုပ်ဆောင်တာ ရပ်ပြီး ဒီကိုသာ လာခဲ့ကြစမ်းပါ” ကျန်းမင်က လက်နှစ်ဖက်ကို ဆန့်တန်းရင်း ပြောလိုက်တော့သည်။
End
***